.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, August 31, 2009

Dear Yesterday - 12

မနေ့က မနက်ပိုင်းမှာ ၁၀ နာရီထိုးခါနီးမှ အိပ်ယာနိုးတယ်။ မိုးဖွဲဖွဲလေး ရွာနေတာနဲ့ အိပ်ကောင်းနေတာပေါ့။ သူငယ်ချင်း ရောက်နေတာနဲ့ တစ်ညလုံး နီးပါး စကားပြောနေလို့ အိပ်ရာဝင် နောက်ကျခဲ့တာလည်းပါမယ်။ မနက်ပိုင်းမှာ ရွှန်းမီဆီကို သနပ်ခါးတုံးနဲ့ ကျောက်ပျဉ် သွားပို့ပေးဖို့ ရှိနေပေမယ့် မိုးက တဖွဲဖွဲ ရွာနေတာနဲ့ အပြင်ထွက်ဖို့ကို တွန့်နေမိတယ်။ သူငယ်ချင်းဆီကိုလည်း ရန်ကုန်က ဖုန်းလာနေတော့ သူ့ကိုစောင့်ရင်း အပြင်မထွက်ဖြစ်ဘူး။ နေ့လည် ၁၂ နာရီထိုးခါနီးမှ အိမ်ပြင်ထွက်တယ်။

ရွှန်းမီကလည်း သူ့ဆီကို ထွက်လာရင် ဖုန်းခေါ်ပါဆိုပဲ။ ကျွန်တော့်နေတဲ့ နေရာကနေ သူနေတဲ့ နေရာနားက ဘူတာရောက်တဲ့အထိ စုစုပေါင်း နာရီဝက်လောက် သွားရတယ်။ အိမ်က စထွက်လာကတည်းက ဆက်တိုက် ခေါ်လိုက်ရတဲ့ဖုန်း ကိုင်မယ့်သူကို မရှိရှာဘူး။ သီချင်းပဲ နားထောင်နေရတယ်။ သူ့နေတဲ့ နေရာနားက ဘူတာကို ရောက်နေတာတောင် ဖုန်းမကိုင်ဘူး။ နောက်ဆုံးမှာတော့ ရောက်ရှိနေကြာင်း မတ်ဆေ့ခ်ျ ပို့လိုက်ရတယ်။ အဲဒီတော့မှ ဖုန်းပြန်ခေါ်တယ်။ မီးဖိုချောင်ထဲ ရောက်နေလို့ဆိုပဲ။ အဲဒါနဲ့ ဘူတာထဲမှာပဲ စောင့်နေလိုက်တယ်။ တအောင့်လောက်ကြာတော့ ရွှန်းမီ ရောက်လာတာနဲ့ ပေးစရာတွေကို ပေးပြီး ပြန်လာခဲ့လိုက်တယ်။

အိမ်လာလည်တဲ့ သူငယ်ချင်းက မျက်မှန်ကိုင်း နည်းနည်းချောင်နေလို့ ပြင်ချင်တယ်ဆိုတာနဲ့ မျက်မှန်ဆိုင်ရှိတဲ့ ရှော့ပင်းမောလ်ဘက်ကို ထွက်လာခဲ့လိုက်တယ်။ မျက်မှန်ဆိုင်နား မရောက်ခင် လက်စွပ်တွေ ဆွဲကြိုးတွေ ရောင်းတဲ့ ရတနာဆိုင်တွေရှေ့က ဖြတ်လျှောက်မိတော့ ဘာရယ်မဟုတ်ဘူး လေ့လာချင်စိတ်တွေ တဖွားဖွား ပေါ်နေတယ်။ လာရင်းကိစ္စက မျက်မှန်ကိစ္စဆိုတော့ မျက်မှန်ဆိုင်ပဲ အရင်ဝင်လိုက်တယ်။ မျက်မှန်ဆိုင်ကနေ ထွက်တော့ အောက်ခံဘောင်းဘီနဲ့ ခြေအိတ်ရှည်တွေ သွားဝယ်ဖြစ်သေးတယ်။ ချက်ပလက်ကားလေးတွေ ပြထားလို့ သူငယ်ချင်းနဲ့ ငေးကြသေးတယ်။ ကားဈေးတွေက ၃ သောင်းကျော်ကနေ ၈ သောင်းကျော်အထိ အစားစားပဲ။

ဟိုဟိုဒီဒီ ငေးရင်းနဲ့ မထူးပါဘူးကွာဆိုပြီး လက်ဝတ်ရတနာဆိုင်ထဲကို ၀င်ငမ်းလိုက်တယ်။ လက်စွပ်လေးတွေ ငမ်းရင်းနဲ့ အရောင်းစာရေးမတွေပါ အဆစ်ယူပြီး ငမ်းလိုက်တာပေါ့။ လက်စွပ်လေးတွေက ကြည့်တော့တာ ဘာမှမဟုတ်တာ ဈေးကတော့ မနည်းဘူး။ မြန်မာငွေနဲ့ တွက်ရင် ၁၅ သိန်း ပတ်ဝန်းကျင်ပဲ။ ဒီဇိုင်းတွေကတော့ အတော်လှတယ်။ ဘယ်ဟာကို ရွေးလို့ ရွေးရမှန်းတောင် မသိဘူး။ ရွှေဖြူ ရွှေဝါ ကြိုက်သလို ရွေးလို့ရတယ်။ ဈေးကတော့ အတူတူပဲ။ လိုချင်တဲ့ ဒီဇိုင်းပုံစံနဲ့ ရွှေအမျိုးအစား အဆင်သင့် မရှိသေးလို့ မှာချင်ရင်တော့ သုံးလ ကြိုမှာရတယ် ဆိုပဲ။ အရောင်းစာရေးမတွေက သေသေချာချာ ရှင်းပြတဲ့အတွက် မသိတဲ့ဟာတွေ အတော်လေး သိလိုက်ရတယ်။ နောက်ဆုံးတော့လည်း လှလှလေး ပြုံးပြပြီး ပြန်လာခဲ့တယ်။

ညနေစောင်း ၄ နာရီမှာတော့ စီတီးဟောလ်ဘက်ကို ရောက်ဖြစ်ခဲ့သေးတယ်။ သူငယ်ချင်းနဲ့ အတူပါလာတဲ့ ညီငယ်တစ်ယောက်က မြစ်ကြီးနားကို ငွေလွှဲဖို့အတွက်ပါ။ သွားရတာ ဝေးလွန်းလို့ အထွေအထူး လုပ်စရာ မရှိရင် အဲဒီနေရာကို သိပ်မရောက်ဖြစ်ပါဘူး။ ကျွန်တော်လည်း ညီတစ်ယောက် ကျောင်းလျှောက်ဖို့အတွက် ဘဏ်စာရင်းပြထားတဲ့ စာရွက် ရန်ကုန်က ပို့လိုက်တာ သွားယူဖို့ရှိတာနဲ့ လိုက်သွားဖြစ်ခဲ့တယ်။ ငွေဈေးက အတော်လေး ကျနေတယ်။ အမြင့်ဆုံးကို ၁ ဒေါ်လာကို ၇၇၂ ကျပ်ပဲ ပေးတယ်။ တချို့ဆိုင်တွေက ၇၇၀ ကျပ်ပဲ ပေးတယ်။ ငွေလွှဲစရာရှိတာတွေ လွှဲပြီးတော့ ဖုန်းကဒ်၊ သပြေပန်းတစ်ခက်နဲ့ ရှောက်သီးတစ်လုံး ၀ယ်ပြီး ပြန်လာခဲ့လိုက်တယ်။ သူငယ်ချင်းကတော့ တောင်ကြီးမောက်မယ်နဲ့ ယမ်ယမ်ချဉ်စပ်တွေ ၀ယ်သွားတယ်။

မနက်ကတည်းက တဖွဲဖွဲရွာနေတဲ့ မိုးစက်ပွင့်တွေက ညနေစောင်းတဲ့အထိ တိမ်ညိုတွေပြိုပြီး ရွာနေတုန်းပဲ။ အဲဒီလိုပဲ မနက်ကတည်းက တမြေ့မြေ့ လွမ်းနေတဲ့ အလွမ်းတွေက ညအိပ်ရာဝင်တဲ့အထိ တသိမ့်သိမ့်ပါပဲ။

အလွမ်းမိုးတွေ ရွာစွေခဲ့တဲ့ မနေ့ကပေါ့...

Friday, August 28, 2009

More than 22

နှစ်ဆယ့်နှစ်ထက် ပိုများတယ်လို့ ဖတ်မိကြမလားပဲ။ တကယ်တော့ နှစ်ဆယ့်နှစ် မဟုတ်ပါဘူး။ တူးတူးပါ။ မိဆိုး သီချင်းကိုဆိုတဲ့ အဆိုတော်တော့ မဟုတ်ပါဘူး။ ပိုများတယ်ဆိုတာကလည်း သာသွားတယ်ပေါ့။ အားလုံးကို ပြန်ချုပ်လိုက်ရင် အဖြေကတော့ တူးတူးသာပါ။

အဲဒီ တူးတူးသာဆိုတာ စာရေးဆရာမပေါက်စ ဆိုပဲ။ ပေါက်စဆိုတာ ဗလသိပ်မကြီးဘူးလို့ ပြောချင်တာပါ။ သေချာတာကတော့ သူရေးခဲ့တာတွေကို တစ်ခါမှ မဖတ်ခဲ့မိပါဘူး။ မဖတ်မိတာလည်း သိပ်ပြီးမဆန်းလှပါဘူး။ ကျွန်တော်က မဂ္ဂဇင်းတွေမှ မဖတ်တာ။ သူက မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာ ရေးတာဆိုပဲလေ။ ဂျာနယ်ကလည်း နိုင်ငံတကာအကြောင်းတွေပါတဲ့ဂျာနယ်တွေနဲ့ ဘောလုံးဂျာနယ်တွေလောက်ပဲ ဖတ်ဖြစ်တာ။ ကုမုဒြာတော့ ဖတ်ဖြစ်တယ်။ တခါတလေ ဈေးကြီးကြီးပေးရတဲ့ မြန်မာတိုင်းမ်ကို ၀ယ်ဖတ်ဖြစ်တယ်။

အမှတ်မထင် ဘ၀မှာ သူနဲ့ သိကျွမ်းခွင့်ရလိုက်တယ်။ တခြားကလောင်နဲ့ ရေးတဲ့ စာတွေကို သဘောကျမိလို့ အဲဒါကို သိတဲ့သူအချို့က မိတ်ဆက်ပေးခဲ့တယ်။ ထုံးစံအတိုင်း တည့်လှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူလည်း ငပေ ကျွန်တော်လည်း ငတေ ဆိုတော့ အဆင်တော့ ပြေနေတာပဲ။ သူက ငပေဆိုတဲ့ အဆင့်ထက် ပိုမြင့်သွားတာက ငပေါဂေဟာကြီးမှာ ငပေါနာယကပါ လုပ်လိုက်သေးတယ်။ ကျွန်တော့်ကိုတောင် သူတို့လို မပေါတတ်လို့ သနားမိတယ် ဆိုပဲ။

အရင်တုန်းကတော့ သူ့အလုပ်မှာ နည်းနည်းအားနေပုံပဲ။ အမြဲတမ်း စိမ်းနေတတ်တယ်။ အဲဒီအချိန်တုန်းက စကားတွေ ပြောဖြစ်တယ်။ ဟိုရောက် ဒီရောက်ပါပဲ။ ငြင်းလိုက် ခုန်လိုက် ကိုက်ကြတာပေါ့။ သူ စင်္ကာပူကို လာလည်တုန်းကလည်း တွေ့ဖြစ်လိုက်သေးတယ်။ မုန့်လိုက်ကျွေးပါဆိုလို့သာ သွားကျွေးရတာ သူ့ကိုလည်း မမြင်ဖူးဘူး။ သူကလည်း ကျွန်တော့်ကို မမြင်ဖူးဘူး။ ညစာကျွေးတော့လည်း ကုန်အောင် မစားနိုင်ဘူး။ ပိုနေတာတွေ အများကြီး။ ပြောတော့ လေတစ်လုံး မိုးတစ်လုံးနဲ့ တမုန်းဆွဲမယ် စားမယ် သောက်မယ်ဆိုပြီး တကယ်တမ်းကျတော့ ချိုမိုင်မိုင် ကပြသွားတယ်။

အဲဒီနောက်ပိုင်းတော့ မအားရှာတော့ဘူး။ နီနေတာ များတယ်။ ကျွန်တော်ကလည်း စိမ်းနေတတ်တဲ့သူတွေ နီနေရင် သိပ်ပြီး အာလူး မပေးချင်ဘူး။ သူတို့ တကယ်ကို အလုပ်တွေများပြီး မအားရှာဘူးလို့ပဲ မြင်မိလို့ မနှောင့်ယှက်တော့ဘူး။ သူ့ဘလော့မှာလည်း စာ သိပ်မရေးတော့ဘူး။ သူ့ရဲ့ တခြားကလောင်ခွဲကိုလည်း သိပ်မမြင်ရတော့ဘူး။ ဂီတာပဲ တီးနေသလား။ ကက်ဆက်ကို စောင်ကြမ်းကြီးအုပ်ပြီး သီချင်းပဲ သွင်းနေသလား။ ဘာတွေ ရှုပ်ပြီး ဘာတွေ လုပ်နေလဲတော့ သူပဲ သိမှာပါ။ ကျွန်တော်လည်း မမေးပါဘူး။

သူ့ဘလော့မှာ ၂၀၀၈တုန်းက တင်ထားတဲ့ အမှတ်တရရက်စွဲများ-၂ကို ဖတ်ပြီးတော့ “ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ... နာသည်ဖြစ်စေ အိုသည်ဖြစ်စေ... တယောက်ကိုတယောက် သေတပန်သက်တဆုံး ချစ်ခင်ပါမည်ဟု ကတိပြုပါသည်” ဆိုတဲ့ ခရစ်ယာန်ဘာသာဝင်တွေ မင်္ဂလာဆောင်တဲ့အချိန်မှာ အပြန်အလှန် ဂတိက၀တ်ပြုတဲ့ စာသားလေးကို သဘောကျကြောင်း ပြောမိသေးတယ်။ ကျွန်တော် မင်္ဂလာဆောင်တဲ့အခါ အဲဒီလိုမျိုးလေး လုပ်လို့ရသလားဆိုတာ မေးဖြစ်ခဲ့တယ်။ ကျွန်တော်ကတော့ ခရစ်ယာန် မဟုတ်ပါဘူး။

ဒီနေ့က သူ့မွေးနေ့ပါ။ ရှေ့ရက်တုန်းက သူ့အစ်ကို ကိုနောင်ကြီးရဲ့ မွေးနေ့ဆိုပဲ။ သူ့မွေးနေ့အတွက် အထူးစပါယ်ရှယ် ဒီစာကို တကူးတက ရေးလိုက်တာတော့ မဟုတ်ပါဘူး။ သူက ဘာမို့လို့ မွေးနေ့အတွက် အမှတ်တရ ပို့စ်ရေးတင်ရသလဲ မေးချင်နေတဲ့သူတွေရှိခဲ့ရင် အဖြေကတော့ ကျွန်တော်ဇူလိုင် လုပ်ချင်တာကို လုပ်တတ်ပါတယ်။ သူကတော့ ဘာမှမဟုတ်ပါဘူး။ အဖြေက ရှင်းပါတယ်နော်။

မတူးတူးသာရေ... မွေးနေ့အမှတ်တရလေး ဆုတောင်းပေးလိုက်ပါတယ်။
အေးအတူ ပူအမျှ... မိသားစုဘ၀လေးမှာ ပျော်ရွှင်ကြည်နူး ပေါတောတော နေနိုင်ပါစေဗျာ။

Wednesday, August 26, 2009

It's your love

It's your love

Dancing in the dark middle of the night
Taking your heart and holding it tight
Emotional touch touching my skin
And asking you to do what you've been doing all over again

Oh it's a beautiful thing don't think I can keep it all in
I just gotta let you know what it is that won't let me go

It's your love
It just does something to me
It sends a shock right through me
I can't get enough
And if you wonder
About the spell I'm under
Oh it's your love

Better than I was, more than I am
And all of this happened by taking your hand
And who I am now is who I wanted to be
And now that we're together,
I'm stronger than ever
I'm happy and free

Oh it's a beautiful thing,
Don't think I can keep it all in
If you asked me why I've changed,
All I gotta do is say your sweet name

It's your love
It just does something to me
It sends a shock right through me
I can't get enough
And if you wonder
About the spell I'm under
Oh, it's your love

Oh it's a beautiful thing,
Don't think I can keep it all in
I just gotta let you know what it is that won't let me go

It's your love
It just does something to me
It sends a shock right through me
I can't get enough
And if you wonder
About the spell I'm under,
Oh it's your love
It's your love, it's your love, it's your love

အခုတလော နားထောင်ဖြစ်နေတဲ့ သီချင်းလေးပေါ့။ မူရင်းအဆိုတော်က Tim McGraw ပါ။ ၁၉၉၇ မှာ ထုတ်ဝေခဲ့တဲ့ Everywhere ဆိုတဲ့ Album အထဲမှာ ပါတဲ့ သီချင်းတစ်ပုဒ်ပေါ့။ အဲဒီသီချင်းနဲ့ပဲ Country Music Award တွေ ဆွတ်ခူးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဂျာမန်အဆိုတော် Gil Ofarim ပြန်ဆိုထားတာကို ပိုသဘောကျမိတယ်။ နားထောင်ရတာ ပိုပြီး အဆင်ပြေတယ်။

သူငယ်ချင်းတစ်ယောက်က ချစ်သူရေးရာနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို အကြံပေးဖူးတယ်။ မြန်မာပြည်မှာ နေနေသေးတဲ့ အဝေးရောက်ချစ်သူမျိုးကို ထားနေမယ့်အစား စင်္ကာပူက တစ်ယောက်ယောက်ကို ကြိုက်လိုက် ချစ်လိုက်ရင် ပိုပြီး အဆင်မပြေဘူးလားတဲ့။ သူကတော့ စေတနာနဲ့ အကြံပေးတာပါ။ သူတွက်ပြတာတွေကို နားလည်ပါတယ်။ ဒါပေမယ့် ပြောရတာလည်း ခက်သား။ ချစ်တယ်ဆိုတာ ဈေးတွက် တွက်လို့ရတာမျိုးမှ မဟုတ်တာ။

ဘယ်သူတွေ ဘာပဲပြောပါစေ... မှန်တာပဲ ဒို့လုပ်နေသည်... ဆိုပြီး မြန်မာ့ရုပ်မြင်သံကြားမှာ လွှင့်ခဲ့ဖူးတဲ့ သီချင်းထဲက စာသားတွေကို ကော်ပီယူပြီး မပြောချင်ပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုက အတော်လေးကို ပြောင်းလဲပစ်နေတယ် ဆိုတာပါပဲ။ အနေအထိုင် အပြုအမူ အရာရာပေါ့။ အဲဒါတွေကို ဘယ်သူမှ မယုံလည်း အေးဆေးပါပဲ။ တစ်ယောက်သောသူ သိရင် ကျေနပ်ပါတယ်လေ။

Monday, August 24, 2009

The man in the box



တကယ်တော့ ငါဟာ လူတော့ လူ... သို့ပေမယ့်
ရင်မှာ နာကျည်းစရာတွေ များလွန်းနေတဲ့
အလွမ်းဒဏ်ရာများနဲ့လူ...
ဒါဆို ငြိမ်းချမ်းမှုတွေ ဝေးနေတဲ့
စည်းဘောင်အတွင်းက ရုပ်ဝတ္ထုမဟုတ်တဲ့
လူသားတစ်ယောက်ပေါ့...
ဒါကို တခြားသူ သိဖို့ လိုသလားဟေ့...

Friday, August 21, 2009

Dancing Lady

ပန်းတွေဟာ ချစ်မေတ္တာကို ဖော်ကျူးတဲ့နေရာမှာ စစ်မှန်တဲ့ ဘာသာစကားတွေတဲ့...
အကျည်းတန်... မှန်ကြိုက်ဆိုသလိုမျိုး ကျွန်တော်လည်း ပန်းတွေကို ချစ်ပါတယ်။ ပန်းတွေကို မြတ်နိုးတတ်တဲ့ ကျွန်တော့်ကို ချစ်မေတ္တာ ဖော်ကျူးတဲ့ ဘာသာပန်းစကားတွေ ပိုင်နိုင်လောက်တယ်ဆိုပြီး ချစ်မှုရေးရာမှာ ကျွမ်းကျင်တယ်လို့ ထင်သွားကြရင် အဲဒီအမြင်ကို ချက်ချင်းပြင်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

ကျွန်တော့်ဘ၀ရဲ့ ဥယျာဉ်ထဲမှာ ပန်းတွေ အများကြီး အချိန်ရာသီအလိုက် ဖူးပွင့်ခဲ့တယ်။ တချို့ပန်းလေးတွေက အတော်လှတယ်။ ဒါပေမယ့် ရနံ့မမွှေးဘူး။ တချို့ပန်းတွေက သိပ်မလှဘူး။ ဒါပေမယ့် ရနံ့သင်းကြိုင်တယ်။ တချို့ပန်းတွေက ဖွင့်ထွားလှတယ်။ တချို့ပန်းတွေက သေးသွယ်လှတယ်။ တချို့ပန်းတွေက ပင်ယံခေါင်ထိပ် မြင့်မြင့်စွင့်စွင့်မှာ ပွင့်ဖူးကြတယ်။ တချို့ပန်းတွေက မြေလွှာနဲ့ကပ်ပြီး သိမ်သိမ်မွေ့မွေ့ ဖူးပွင့်ကြတယ်။

တကယ်တော့ ကျွန်တော်ဟာ ဥယျာဉ်မှူးတစ်ယောက်လို ပန်းလေးတွေကို ပင်ယံထက်မှာ ကြွကြွရွရွလေး ပွင့်ဖူးနေဖို့ မခြွေရက်ခဲ့သူပါ။ အဲဒါကြောင့် သူငယ်ချင်း ကျားကြီးတွေက ပြောကြပါတယ်။ စောက်အ... တဲ့။ မင်းမခူးလည်း တခြားသူတွေ ခူးမှာပဲတဲ့။ တခြားသူတွေ ခူးကာမှ ခူးရောလေ။ ကိုယ်မှ မခူးရက်ခဲ့တာ။ လှသွေးကြွယ်ချိန်မှာ လှလှလေး ဖူးပွင့်နေစေချင်တယ်။ မပန်ခင်မှာ ခြွေရက်တဲ့သူတွေထဲမှာ မပါခဲ့တော့လည်း ဒီဘ၀ ဒီမျှ ရှိပါစေတော့။

ဒီဘ၀ ဒီမျှနဲ့ ရှိပါစေတော့လို့ နှလုံးသွင်းထားပြီးနေကာမှ ချစ်ဒုက္ခက ဖန်လာပြန်တယ်။ နွေခေါင်ခေါင်မှာ ပွင့်နေတဲ့ နှင်းပန်းဖြူဖြူအပေါ် ဇူလိုင်မိုးတွေ ရွာသွန်းမိခဲ့တယ်။ ကျောင်းတော်ကြီးက သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်ကို ဓါတ်ပုံရိုက်ပေးမယ်ဆိုပြီး မွေးရပ်မြေကို ခြေချမိခဲ့တယ်။ မင်္ဂလာဆောင် မရောက်ခင်မှာ ရန်ကုန်က သူငယ်ချင်းတွေနဲ့ ၄ ယောက်သား ကျိုက်ထီးရိုးဘုရား သွားဖူးလိုက်သေးတယ်။ ကျိုက်ထီးရိုးက ပြန်ရောက်ပြီးပြီးချင်း နောက်တစ်ရက်မနက်မှာ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်။ အဲဒီနေ့က ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စုနေ့ပေါ့။ ဘုရားသွားတုန်းက ခြေလျင်တက်ခဲ့တာဆိုတော့ လူလည်း အတော့်ကိုနွမ်းဖတ်နေပြီ။ မသွားတော့ဘူးကွာလို့တောင် အဲဒီတုန်းက စဉ်းစားမိတယ်။ မရောက်ရောက်အောင် သွားဖြစ်ခဲ့တာကိုက ကံအကြောင်းပဲလားပေါ့။

မင်္ဂလာဆောင်က အလုံထဲက အနောက်ပန်းခြံ မင်္ဂလာခန်းမမှာ။ ကင်မရာအိတ်ကို လွယ်ပြီး ၀င်သွားလိုက်တာ ခန်းမ၀င်ပေါက်ဝမှာတင် အသက်ရှုဖို့ မေ့သွားတယ်။ အဖြူရောင် ပန်းတစ်ပွင့် လှလှလေး ဖူးပွင့်နေတယ်။ အဖြူရောင်လေးကို ခရမ်းရောင်နဲ့ အနားသတ်ထားတော့ ယဉ်ယဉ်လေးနဲ့ လှနေတယ်။ နှင်းပန်းလေးက လက်ဖွဲ့ပစ္စည်းတွေကို လက်ခံ မှတ်တမ်းယူပေးနေတယ်။ ခက်တာက ဘာလက်ဖွဲ့ပစ္စည်းမှ မပါလာတော့ နှင်းပန်းအနား ကပ်ခွင့် မသာခဲ့ဘူး။ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေရဲ့ မင်္ဂလာဆောင် ပွဲတွေကို လက်ဖွဲ့မပေးပဲ တက်ခဲ့တာလည်း မနည်းပါဘူး။ လက်ဖွဲ့ မယူလာမိတာကိုပဲ ဒီတစ်ခါမှာ နောင်တ ရချင်ချင်ပဲ။

ပွဲတစ်ပွဲလုံး အစအဆုံး ကင်မရာ လက်စမ်းခွင့်ရထားတာ ဆိုတော့လည်း အပီအပြင် လက်စမ်းနေလိုက်တယ်။ လူကသာ ပွဲထဲမှာ စိတ်ကတော့ ခန်းမအပြင်က စားပွဲခုံနားမှာပါ။ သတ္တိကလည်း ရှိတယ်ဆိုတော့ ပန်းတစ်ပွင့်ရဲ့ အနားကပ်ဖို့ တွန့်နေတယ်။ စိတ်ထဲမှာ ပျားတစ်ကောင်သာ ဖြစ်ချင်လိုက်ပါဘိ။ ကြိုက်မရှက် ငိုက်မရှက် ဆိုပေမယ့် ကြိုက်တာထက် အများကြီးပိုတဲ့အချစ်နဲ့ ချစ်မိတော့လည်း ရှက်ပါသေးတယ်။ သတို့သမီးဖြစ်တဲ့ သူငယ်ချင်းရဲ့ မိဘတွေနဲ့ ရင်းနှီးလွန်းတော့လည်း ပွင့်ပွင့်လင်းလင်းပဲ သွားပြောလိုက်ပါတယ်။ ဦးရေ... ကျွန်တော်တော့ အဲဒီကောင်မလေးကို ချစ်မိသွားပြီ။ ဦး ကျွန်တော့်အတွက် တောင်းပေးပါလား ဆိုပဲ...။ ဒါမျိုးကျတော့ မရှက်ဘူးလား မသိဘူးနော်။ တကယ်ပဲ အရှက်ကို မရှိဘူး။

ဒီလိုနဲ့ပဲ သိလိုက်ရတာက သတို့သားရဲ့ ညီမတ၀မ်းကွဲဖြစ်နေတယ်။ ယောက်ဖကြီးကလည်း ကူညီသလို သူငယ်ချင်းကလည်း ပံ့ပိုးပေးပါတယ်။ မင်္ဂလာပွဲပြီးတဲ့နောက် ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်ဘက် ဟန်းနီးမွန်းခရီး ထွက်နေတာတောင် ဟိုကနေ ဖုန်းလှမ်းဆက်ပြီး အားပေးအားမြှောက် လုပ်ပေးကြတယ်။ လိုအပ်တဲ့ သတင်း အချက်အလက်တွေ ဖလှယ်ပေးတယ်။ ကုန်ကုန်ပြောရရင်တော့ အောင်သွယ်ပေးကြတယ်ပေါ့နော်။

ရွှေဖူးစာနတ်ကလည်း ရေးမှ ရေးတတ်ပါပေတယ်။ စင်္ကာပူနဲ့ ရန်ကုန်ကြား ဘောနပ်စ်တွေ ချိတ်ဆက်ရတယ်။ ဧပြီနှင်းပန်းက ဇူလိုင်မိုးစက်တွေကို လက်ခံပါမလားပေါ့ဆိုပြီး တိုးတိတ် စိုးထိတ်နေခဲ့ရတယ်။ မြန်မာဆန်တဲ့ တရုတ်မလေးဆိုတာ ကျွန်တော့်အတွက်တော့ နတ်သမီးတစ်ပါးပါပဲ။ အခုခေတ်မှာ တကယ့်ကို ရှာမှ ရှားတဲ့ နှင်းပန်းဖြူလေးပါ။ မျက်နှာလေးက ရိုးရှင်းပါတယ်။ အရိုးအဆစ်တွေက သွယ်လျပါတယ်။ အရပ်အမောင်း မြင့်မားပါတယ်။ အနေအထိုင် ကျစ်လစ်ပါတယ်။ အပြုံးလေးက ချိုမြိန်လှပါတယ်။ အမြဲသုံးတဲ့ စကားက မသိဘူး မရှိဘူး။ မေးလိုက်ရင် ပြန်ဖြေတာက ဘာမှ မဟုတ်ပါဘူးဆိုပဲ။ ဒီလိုနဲ့ပဲ နှင်းပန်းဖြူလေးတစ်ပွင့် ကျွန်တော့် နှလုံးအိမ်ထဲမှာ စိုးမိုးနေရာယူသွားတယ်။

အခုတော့... နှင်းပန်းဆိုတာ ကျွန်တော်ရဲ့အိပ်မက်ထဲမှာ လှလှပပ ကခုန်နေတဲ့ မိန်းမပျိုလေးတစ်ဦးပေါ့ဗျာ။




မှတ်ချက်...
ရွာသားလေးက စခဲ့တဲ့ ဇာတ်လမ်းပါ။ သူကတော့ ချစ်ပြုံးနှင်းဆီတဲ့။ ရှိခဲ့ဖူးတဲ့ ရည်းစားအရေအတွက်လား အိမ်ထောင်သက်လား မသိပါဘူး။ အဲဒီ အထိမ်းအမှတ်အနေနဲ့ အယောက် ၃၀ တိတိကို ရေးခိုင်းတဲ့အထဲမှာ ကျွန်တော်ဇူလိုင် ပါသွားလို့ ကျွန်တော့်ရင်ထဲက နှင်းပန်းဖြူကို ရေးမိပါတယ်။ ကျွန်တော်ကတော့ Dancing Lady ပါ။

ထုံးစံအတိုင်း ဆက်လက်ပြီး လက်ဆင့်ကမ်းချင်တာကတော့ အိမ်...မှာရှိတဲ့ မူစလင်ပန်းပါပဲ ခင်ဗျာ။

ကျွန်တော်ကတော့ ရင်ထဲက မေတ္တာမိုးစက်တွေအောက်မှာ နှင်းပန်းဖြူတစ်ပွင့်တည်းရှိနေလို့ တစ်ယောက်တည်းပဲ လက်ဆင့်ကမ်းပါတယ်။ ရွာသားလေးလိုမျိုး အယောက် ၃၀ မရှိခဲ့ပါဘူး ခင်ဗျာ။

Wednesday, August 19, 2009

Hand in hand

တွဲလက်များ

တွဲလက်နှစ်ဖက်မှာ
ယုံကြည်မှုတွေ စီးဆင်းနေတယ်
ခိုင်မြဲမှုတွေ ရှင်သန်နေတယ်

လက်နှစ်ဖက်ခိုင်ခိုင်တွဲလို့
ဘ၀လမ်းဆုံးတဲ့ထိ
တူတူတွဲလျှောက်မယ်

ချစ်သူ...
မင်းလက်တွေသာ ခိုင်မြဲပါစေ
အောင်မြင်တဲ့အနာဂတ်ကို
ရောက်အောင်သွားမယ်….

ရေးသားသူ ကြယ်ဖြူစင်

အသည်းအသန် လိုချင်တဲ့ စာသားတချို့ကို လိုက်ရှာနေတဲ့အချိန် အဲဒီကဗျာလေးကို မတော်တဆ ဖတ်မိရင်း ရင်ခုန်သံ ထပ်တူညီတာနဲ့ ပိုင်ရှင်ဆီက ခွင့်ပြုချက် တောင်းပြီး ချော်လဲရောထိုင်လိုက်ပါတယ် ခင်ဗျာ။

တစ်ယောက်သောသူကို နှစ်နှစ်ကာကာ ပြောပြချင်နေတဲ့စကားတွေက အဲဒီအတိုင်းပဲလေ။

Tuesday, August 18, 2009

Yangon Airport



ငိုနေတာလား ပြုံးနေမှာလား
ဝမ်းနည်းရမှာလား ၀မ်းသာရမှာလား
ရန်ကုန်လေဆိပ် အ၀င်အထွက်
ခံစားချက်တွေကတော့ ထွေပြား
ပျော်ရာမှာမနေ တော်ရာမှာနေတဲ့
အဝေးရောက် မြန်ပြည်ဖွား

Sunday, August 16, 2009

Mouse in the heart



ကလေးတစ်ယောက် အိပ်ပျော်နေသလိုမျိုး
အပြစ်ကင်းတဲ့ အဖြူရောင်နှလုံးသားထဲ
မုန်တိုင်းဝင်သလို ကြွက်ဝင်နေတယ်။

Friday, August 14, 2009

Mother home

"အားလုံးထက် နွေးထွေးလုံခြုံတဲ့နေရာဟာ အမေ့အိမ်ပဲလို့...
သိလိုက်ရတဲ့အချိန်ကျတော့ ကျွန်တော်ဟာ ဟိုးအဝေးကြီးကို ရောက်နေပြီလေ"

အမေ့အိမ်သီချင်းထဲမှာ ကိုငှက်ကြီး ပြောသွားတာလေးကို သတိတရ ရှိမိတယ်ဗျာ။




ကိုငှက်ကြီးရေ...
အမေ့အိမ်ကို ရောက်နေပေမယ့် အမေ့အိမ်ကို လွမ်းမိနေတယ်ဗျာ။
၁၄.၈.၂၀၀၉

Image Credit: http://www.htooeainthin.com/

Wednesday, August 12, 2009

Malaria parasites



ငှက်ဖျားပိုးဟာ သွေးနီဥတွေကို မာတောင့်သွားစေနိုင်တဲ့အတွက် သွေးကြောထဲကို သွေးနီဥတွေ ဖြတ်သန်း စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ကင်ဆာကတော့ ပြောင်းပြန်ပါပဲ။ ကင်ဆာဆဲလ်တွေဟာ ပျော့ပြောင်းလွန်းတဲ့အတွက် တခြားတစ်ရှုးတွေဆီကို ကူးစက်ပျံ့နှံ့ဖို့အတွက် အလွန်လွယ်ကူတာကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အဲဒီတွေ့ရှိမှုကို စင်္ကာပူအမျိုးသားတက္ကသိုလ်နဲ့ မန်ဆာချူးဆတ် နည်းပညာတက္ကသိုလ်က သိပ္ပံပညာရှင်တွေ ပူးပေါင်း လေ့လာတဲ့ သုတေသနလုပ်ငန်းကနေ ရှာဖွေတွေ့ရှိခဲ့တာပါ။

သွေးနီဥတွေရဲ့ အချင်းဟာ ၈ မိုက်ခရိုမီတာပဲ ရှိပါတယ်။ ဆံခြည်မျှင်ရဲ့ ဆယ်ပုံတစ်ပုံစာလေးပေါ့။ ဒါပေမယ့် ဦးနှောက်ထဲမှာ ရှိတဲ့ သွေးကြောလေးတွေဟာ ၂ မိုက်ခရိုမီတာပဲ ရှိပါတယ်။ ဒါကြောင့် သွေးနီဥတွေဟာ အဲဒီလို ဆံခြည်မျှဉ်သွေးကြောလို သွေးကြောသေးသေးလေးတွေမှာ ဖြတ်သန်းနိုင်ဖို့အတွက် အ၀ိုင်းကနေ ရှည်မျှောမျှောလေးတွေ ဖြစ်အောင် ပုံစံပြောင်း ဆွဲဆန့်လေ့ရှိပါတယ်။ လိုရာနေရာကို ဖြတ်သန်းပြီးတဲ့နောက် သွေးကြောအကျယ်တွေထဲကို ပြန်ရောက်တဲ့အခါ မူလအ၀ိုင်းပုံစံကို ပြန်ပြောင်းလေ့ရှိပါတယ်။

ငှက်ဖျားရောဂါပိုး သွေးကြောထဲကို ရောက်သွားတဲ့အခါမှာ ငှက်ဖျားပိုးက သွေးနီဥတွေကို မာတောင့် စေးကပ်သွားအောင် ပြောင်းပစ်လိုက်တဲ့အတွက် ငှက်ဖျားပိုး ကူးခံထားရတဲ့ အခြားသွေးနီဥတွေနဲ့ ပေါင်းစပ်မိပြီး သွေးအစုအခဲတွေ ဖြစ်ကုန်ပါတယ်။ အဲဒီလို သွေးနီဥ အစုအခဲတွေ ဖြစ်ကုန်တဲ့အခါ ပုံစံပြောင်း ဆွဲဆန့်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် ငှက်ဖျားပိုးရှိနေတဲ့ သွေးနီဥတွေဟာ ဆံခြည်မျှင် သွေးကြောလေးတွေထဲနေ ဖြတ်သန်းပြီး အခြားသွေးကြောတွေဆီကို စီးဆင်းနိုင်ခြင်း မရှိတော့ပါဘူး။ သွေးဖြတ်သန်း စီးဆင်းမှု မရှိတဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေဟာ လိုအပ်တဲ့ အောက်ဆီဂျင်ဓါတ် မရရှိတော့ပါဘူး။ ဒါကြောင့် သတိလစ် မေ့မြောတာတွေ ဖြစ်နိုင်ပါတယ်။

ကင်ဆာဆဲလ်တွေကတော့ သွေးနီဥတွေလို မဟုတ်ပါဘူး။ ကင်ဆာဆဲလ်တွေဟာ ပိုပြီး ပျော့ပြောင်းပါတယ်။ အလွန်သေးတဲ့ ဆံခြည်မျှင် သွေးကြောတွေထဲကို ကျုံ့ဝင်နိုင်ပါတယ်။ မူလပုံစံ ပြန်မယူခင် အချိန်လေးမှာတင် ခန္ဓာကိုယ်အတွင်း နေရာဝေးဝေးကို ကူးလူး သွားလာနိုင်တာကို တွေ့ရှိရပါတယ်။

Monday, August 10, 2009

In joy & In sorrow

အေးအတူ ပူအမျှ...

အေးအတူ ပူအမျှ တို့ဘ၀လေးမှာ
သာယာစိုပြေ ချမ်းမြေ့တစ်လှည့်နဲ့

ပူပင်ဆူလောင် ပွက်ပွက်ညံခြင်းရယ်
သွားတစ်လှည့် လာတစ်လှည့်နဲ့
ခဏခဏ ကြုံမှာပဲမို့
စိတ်မညစ်နဲ့လေ အားပေးရင်းပေါ့
အေးအတူ ပူအမျှ တို့ဘ၀လေးရယ်
အေးအတူ ပူအမျှ တို့ဘ၀လေးရယ်

အေးအတူ ပူအမျှပေါ့ကွယ်...

ပူပင်စရာတွေ ထားရစ်ခဲ့ကွယ်
မစဉ်းစားနဲ့တော့လေ
ရင်မှာခိုဝင် နားစက်ရင်းနဲ့
ချွေးသိပ်ဖြေပါဦး
ကံကြမ္မာဆိုတာ မမြင်နိုင်ဘူးကွယ့်
မမြင်နိုင်တာ အမှန်ပဲကွယ်...

တွေ့ကြုံလာသမျှ တို့ဘ၀ထဲမှာ
ပျော်စရာဆိုရင် မင်းအနားတိုးလို့
ပူပင်စရာဆို ဖုံးဖိကွယ်ထားမယ်
ပြုံးတစ်လှည့် ရယ်တစ်လှည့်နဲ့
အမြဲတမ်း ကြုံစေတော့လို့
အရိပ်တစ်ခုကဲ့သို့ နောက်ကလိုက်ကာ
အေးအတူ ပူအမျှ တို့ဘ၀လေးရယ်
အေးအတူ ပူအမျှ တို့ဘ၀လေးရယ်
အေးအတူ ပူအမျှပေါ့ကွယ်...


တေးရေးက အဉ္ဇလီမောင်မောင်ပါ။ အတော်ကို တော်တဲ့ တေးရေးဆရာတစ်ဦးပေါ့။ တေးဆိုက ကိုတိုးကြီးလို့ ခေါ်တဲ့ ခင်မောင်တိုးပါ။ ကျွန်တော် ကြိုက်တတ်တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းအေးအေးလေးတွေ အများကြီး ဆိုထားတဲ့ အဆိုတော်ပေါ့။ ထူးအိမ်သင်ကို ကြိုက်သလို ခင်မောင်တိုးလည်း ကြိုက်တယ်။

သီချင်းစာသားတွေက တကယ့်အနှစ်တွေပါပဲ။ “ဆင်းရဲသည်ဖြစ်စေ... ချမ်းသာသည်ဖြစ်စေ... နာသည်ဖြစ်စေ... အိုသည်ဖြစ်စေ... တစ်ယောက်ကိုတစ်ယောက် သေတပန်သက်တဆုံး ချစ်ခင်ပါမည်ဟု ကတိပြုပါသည်” ဆိုပြီး ခရစ်ယာန်ဘာသာဝင်တွေ လက်ထပ်ထိမ်းမြားတဲ့အခါမှာ မင်္ဂလာမောင်နှံတွေ အပြန်အလှန် ဂတိက၀တ်ပြုကြတဲ့ စာသားလေးနဲ့ ဒီသီချင်းလေးနဲ့ အဓိပ္ပါယ် ခပ်ဆင်ဆင်လေးပါပဲ။

သီချင်းက ဘ၀ရဲ့ အတက်အကျ အလှည့်အပြောင်းတွေကို စိတ်အညစ်မခံပဲ အတူလက်တွဲ ရင်ဆိုင် ကျော်လွှားကြဖို့ တွန်းအားပေးနေတယ်။ လောကမှာ ပူပင်စရာတွေ စိတ်ညစ်စရာတွေ အများကြီး ရှိပေမယ့် အဲဒါတွေကို တွေးတောနေရရင် ဘ၀ဆိုတာ နေပျော်မှာတောင် မဟုတ်တော့ဘူး။ ရှေ့ရေးကို မျှော်တွေးပြီး ရင်လေးရတာ မတန်လှပါဘူး။ ဒါကြောင့် တခါတလေ အဲဒါတွေကို မေ့ထားလိုက်ရတာလည်း အေးချမ်းပါတယ်။ ချစ်ရတဲ့သူကို ပြုံးပျော်နေစေချင်တာ အမှန်ပါပဲ။ ပူပင်စရာတွေကို ဖုံးဖိဝှက်ထားမိတာလည်း သဘာဝပါပဲ။ ဘာပဲဖြစ်ဖြစ် ဘ၀ကို အေးအတူ ပူအမျှ ပြုံးတစ်လှည့် ရယ်တစ်လှည့် ဖြတ်သန်းနိုင်ကြဖို့ပဲ ရည်သန်မိတယ်။

ကဲ... အေးအတူ ပူအမျှပေါ့နော်...


Credit: Pinkgold for sharing Mp3.

Saturday, August 8, 2009

I fly because



အတောင်ပံတစ်စုံသာ ရှိရင်
အာကာပြင်လွှာပေါ်မှာ နေကြမလား
ငွေဇင်ယော်တွေလို လေမှာပျံကာဝဲမလား
ကမ္ဘာပေါ်မှာ အချစ်ရဆုံး မိန်းမနှစ်ယောက်ဆီ ပြန်မလား

Friday, August 7, 2009

8-8-2009

မနက်ဖြန်က ၈ ရက် ၈ လ ၂၀၀၉ ပေါ့။ ၇ ရက် ၇ လမှာ မွေးတဲ့ ကျွန်တော့်အဖို့ ရက်နဲ့လနဲ့ တူတဲ့ အခိုက်အတန့်တွေကို ဘာရယ် မဟုတ် စိတ်ဝင်စားမိတယ်။ ဒါပေမယ့် အထွေအထူးတော့ မရှိပါဘူး။

၈ ရက် ၈ လမှာ ပီကင်းအိုလံပစ်ပွဲကြီး ကျင်းပခဲ့တယ်။ လူအင်အား အများကြီးသုံးပြီး ဖွင့်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပသွားခဲ့တယ်။ ဖွင့်ပွဲမှာ ကလေးမလေးတစ်ယောက် သီချင်းဆိုတာမှာ မူရင်းအဆိုရှင်က ရုပ်မလှလို့ဆိုပြီး လှတဲ့ကလေးမနဲ့ လူစားထိုးထားတဲ့အကြောင်း ဟိုအသံ ဒီအသံတွေ ထွက်ခဲ့သေးတယ်။ ဖွင့်ပွဲတုန်းက သုံးခဲ့တဲ့ ပစ္စည်းတွေကို လေလံတင် ရောင်းစားခဲ့တာ အတော်လေး ရလိုက်တယ် ဆိုပဲ။

၈ ရက် ၈ လမှာ ကျွန်တော့်ဦးလေး ဆုံးပါးခဲ့တယ်။ ဘ၀ကို ရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းသွားတဲ့ ဦးလေးကို ကျန်ခဲ့တဲ့ သားသမီးတွေက ဘယ်လို မြင်လဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်ကတော့ သူ့ဘ၀လေးကို အားကျမိတယ်။ လောဘနည်းတယ်လို့ပဲ မြင်မိတယ်။ အသည်းရောင်ဘီပိုးနဲ့ပဲ လောကကြီးကနေ စောစော ထွက်ခွာသွားခဲ့တယ်။ တရုတ်ထုံးစံအတိုင်း အုတ်ဂူတောင် မထားခိုင်းပါဘူး။ အလောင်းကို မီးရှို့ပြီး အရိုးပြာကို မြစ်ထဲ မျှောခိုင်းခဲ့တယ်။

၈ ရက် ၈ လမှာ ကျွန်တော်နဲ့ တစုံတရာ ပတ်သက်မှုရှိခဲ့တဲ့ မောင်နှမ နှစ်ယောက် မွေးခဲ့တယ်။ ၁ နှစ်စီပဲ ခြားတယ်။ အစ်မကတော့ အေးဆေးပါပဲ။ အစ်မတချို့နဲ့ ပတ်သက်ပြီး အိမ်ကို အရွဲ့တိုက်နေတဲ့ မောင်ကတော့ အတော်ကို ပေတေနေပါပြီ။ ဆေးလည်း ချတယ်လို့ ကြားနေရတယ်။ ဆေးလိပ်နဲ့ ကွမ်းလည်း မကင်းဘူး။ ညဘက်ဆို အရက်ဆိုင်တောင် ထိုင်နေပြီ ဆိုပဲ။ သူတို့မိဘတွေက အိုကြီးအိုမဖြစ်နေပြီ။

၈ ရက် ၈ လမှာ ကဗျာဆရာမိုးလှိုင်ည မွေးခဲ့တယ်။ မိုးသည်းညကို မိုးလှိုင်ညလို့ သုံးထားတဲ့ သူ့ကလောင်ကို အတော်လေး သဘောကျမိတယ်။ သူ့ကို ရင်းနှီးတဲ့သူတွေက မင်းသားကြီးလို့လည်း ခေါ်ကြတယ်။ စာရေးတဲ့ ကြွက်ကလေးလို့လဲ ဂဏန်းမဆုဝေက ခေါ်ထားသေးတယ်။ အသားမဖြူပေမယ့် စိတ်နှလုံး ဖြူစင်ရှာပါတယ်။ ကော်ဖီခွက်ထဲက မြို့ပျက်တွေကို ဇွတ်မျိုချထားလို့ သူလည်း မကြာခင် ဗိုက်ပူလာတော့မယ်။

ဒီလိုပဲ ၈ ရက် ၈ လမှာ...
သက်ပြင်းတွေချပြီး အသက်တွေလည်း ကြီးရပြန်ပြီပေါ့။

Wednesday, August 5, 2009

At this moment

အခုတလော

တွေးနေမိတာက

အတ္တဟိတနဲ့ပရဟိတ မျှနိုင်ဖို့အတွက်...

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

ထော်လော်ကန့်လန့် ဂွကျကျပြောလွန်းလို လူမုန်းများနေပြီ...

ကျန်းမာရေး
ခါတော်မှီရောဂါတွေနဲ့ ချစ်သူလေး သနားမိအောင် ဖျားဖြစ်လိုက်တယ်...

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ဦးသုခရဲ့ အမေ
ဂျူးရဲ့ သူ မင်းကို ဘယ်တော့မှ
ဂျူးရဲ့ စောင့်နေမယ်လို့ မပြောလိုက်ဘူး
ဒေါက်တာသန်းထွန်းရဲ့ ငါပြောချင်သမျှ ငါ့အကြောင်း...

ရောက်နေဖြစ်တာက
သောက်ခွက်စာအုပ်နဲ့ ဘလော့တွေ...

ရေးဖြစ်နေတာက
ကိုယ်ရေးကိုယ်တာ ခံစားမှု အလွမ်းအဆွေး...

နားထောင်ဖြစ်နေတာက
အေးအတူပူအမျှ...

ရွတ်နေမိတဲ့ကဗျာက
အီးအီး ဘယ်သူပေါက် မောင်ပေါက်...

ဖြစ်ချင်နေတာက
လယ်ယာပြန်စားရေး အိမ်ဦးနတ်...

စားဖြစ်နေတတ်တာက
နောက်တစ်နေ့မှာ ချီးဖြစ်မယ့်အရာတွေ...

သနားနေမိတာက
ချစ်တတ်လွန်းတဲ့ အဖြူရောင် နှလုံးသားကို...

လွမ်းနေမိတာက
အဖြူရောင်ပန်းလေး လီလီပေါ့...

မေ့လျော့ပစ်နေမိတာက
သက်စေ့ထားခဲ့တဲ့ ရည်းစားဟောင်းတွေ...

ခါးသက်နေမိတာက
နောက်ကျောကို ဓါးနဲ့ထိုးတဲ့လူတွေရဲ့ စကားချိုချိုတွေ...

တမ်းတနေမိတာက
အပူအပင်ကင်းတဲ့ အရင်လို ဘ၀မျိုး...

ကြိတ်ပြီးချီးကျူးနေမိတာက
ကိုယ်ကျိုးမငဲ့ပဲ နှစ်ရှည် ပေးဆပ်နေတဲ့သူတွေ...

ကြိတ်ပြီးအထင်သေးနေမိတာက
ချစ်တီးခေါင်းသန်းရှာပြီး ကျေးဇူးမေ့တတ်တဲ့သူတွေ...

ဆန္ဒမရှိတဲ့နေရာ
အလုပ်ပြီးတော့ နောက်အလုပ် သေမှပြီးမယ့် အလုပ်...

ဆန္ဒရှိနေတဲ့ကိစ္စ
မြန်မာနိုင်ငံထဲမှာ သွေးလှူရှင်လူငယ်စခန်းတစ်ခု...

မုန်းတီးနေမိတာက
ဆီမပါ သဲကြမ်းကြီးတွေနဲ့ မြန်မာပြည်သားသွေးချင်းတွေ...

ချစ်နေတာက
အနားမှာ အမြဲတမ်း ရှိနေစေချင်တဲ့ တစ်ယောက်သောသူ...

စိတ်ပျက်နေမိတာက
ဝေးမြေခြားက ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဇော်ယောင်ဘ၀...

စွဲလန်းနေမိတာက
သနပ်ခါးနဲ့ ရွှေလည်တိုင်...

လိုအပ်နေတာက
မကူညီချင်နေပါ... မနှောင့်ယှက်ပါနဲ့... ခွင့်ပြုချက်လေးတစ်ခုပါပဲ...

တောင်းနေမိတဲ့ဆု
မြန်မာပြည်သားအနေနဲ့ ၀ဋ်ရှိရင်လည်း ဒီဘ၀ ဒီမျှနဲ့ ကျေလိုပါတယ်...

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
လွမ်းတယ် ပိုပြီးလွမ်းတယ် လွမ်းပြီးရင်းလွမ်းနေတယ်...

ဝန်ခံချင်တာက
စိတ်ထဲရှိသလို ဟော့ဟော့ဒိုင်းဒိုင်း ပြောတတ်ပေမယ့် အကြောင်းမဲ့ မယုတ်မာတတ်ဘူး...
ခံယူချက်နဲ့ မကိုက်ညီလို့ မလုပ်ဘူးဆိုရင် ဖင်ကို ယပ်လာခပ်ပေးတောင် မလုပ်ဘူး...
အရာရာကို ထိရှခံစားလွယ်သလို အငြိုးတွေနဲ့ လက်စားချေ တုံ့ပြန်တတ်တယ်...

ဂျီဟိုဒ်-မနော်ဟရီက စ ရေးခိုင်းပါတယ်။ ရှင်ဘုရင် တစ်ခါထွက် ပဲကြီးတစ်လှေချက်... ဆိုသလိုမျိုး ရေးဖို့ကို ပြင်တုန်းဆင်တုန်းမှာ မမသီရိက ထပ်ဆင့် ရေးခိုင်းပြန်ပါတယ်။ အဲဒီလိုနဲ့ ကျွန်တော်ဇူလိုင် ခုတလောတွေကို ရေးမိပါတယ် ခင်ဗျာ။

ကဲ.. လက်ဆင့်ကမ်းဖို့အတွက် Tag ပါပြီ။
လယ်မစိုက်ဖို့ အတန်တန်ဆုံးမရဲ့သားနဲ့ လယ်စိုက်နေတဲ့ မခင်မင်းဇော်
အားကျမခံ ယူလိုက်တော့လေလို့ ပြောနေတဲ့ အကြွေးရှင် မေကဆုန်
ပါဝါရိန်းဂျားဖြစ်ပြီးမှ လယ်ပြန်စိုက်နေတဲ့ ကြွားခင်စိန် မနှင်းဆီနီ

Monday, August 3, 2009

Mouse love Rice

When that day I hear your voice
I have some special feeling
Let me always think I don't wanna forget you
I remember at the day
You are always on my mind
Eventhough I just can think about you
If the day in the future
This love will becoming true
I've never change my mind that I will love you forever
I don't care how fool it is
I will let my dream come true
I will tell you something I wanna let you know, I let you know

I love you, loving you, as the mouse love the rice
Even every day has storm, I will always by your side
I miss you, missing you
I don't care how hard it is
I just want you be happy
Everything, I do it for you

အဲဒီသီချင်းလေးကို တရုတ်လို ကြားဖူးတာတော့ ကြာလှပါပြီ။ ဒါပေမယ့် အင်္ဂလိပ်လိုတော့ နားမထောင်ဖူးဘူး။ တရုတ်စာမဖတ်တတ်ပေမယ့် တရုတ်အသံထွက်တွေကိုတော့ လိုက်ရွတ်ကြည့်ဖူးတယ်။ တခြားဘာသာတွေနဲ့ ဆိုထားတာတွေလည်း ရှိတယ်။ အတော်လေးကို ကျော်ကြားတဲ့ သီချင်းလေး တစ်ပုဒ်ပါပဲ။ အခုတလောမှာ အဲဒီသီချင်းကို ခံစားချက်တွေနဲ့ စည်းချက်ညီညီ ဓါတ်ကျနေတယ်။

Lǎoshǔ ài dàmǐ

wǒ tīng jiàn nǐ de shēng yīn
yǒu zhǒng tè bié de gǎn jué
ràng wǒ bù duàn xiǎng
bù gǎn zài wàng jì nǐ
wǒ jì de yǒu yī gè rén
yǒng yuǎn liú zài wǒ xīn zhōng
nǎ pà zhǐ néng gòu zhè yang de xiǎng nǐ
rú guǒ zhēn de yǒu yī tiān
ài qíng lǐ xiǎng huì shí xiàn
Wǒ huì jiā bèi nǔ lì hǎo hǎo duì nǐ
yǒng yuǎn bù gǎi biàn
bù guǎn lù yǒu duō me yuǎn
yī dìng huì ràng tā shí xiàn
wǒ huì qīng qīng zài nǐ ěr biān
duì nǐ shuō, duì nǐ shuō

wǒ ài nǐ, ài zhe nǐ
jiù xiàng lǎo shǔ ài dà mǐ
bù guǎn yǒu duō shǎo fēng yǔ
wǒ dōu huì yī rán péi zhe nǐ
wǒ xiǎng nǐ, xiǎng zhe nǐ
bù guǎn yǒu duō me de kǔ
zhǐ yào néng ràng nǐ kāi xīn
wǒ shén me dōu yuàn yì
zhè yang ài nǐ

Sunday, August 2, 2009

I miss you!



I'm not ashamed to tell the world

I miss you.........