.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, February 28, 2010

Saved 36 lives



ဒီနေ့ စင်္ကာပူမှာ ၁၂ ကြိမ်မြောက် သွေးလှူဖြစ်ခဲ့တယ်။ ငယ်သူငယ်ချင်းနဲ့ အလုပ်တူကြတဲ့ မြန်မာပြည်က လူငယ်တွေကိုလည်း သွေးလှူဖို့အတွက် တခါတည်း ခေါ်သွားလိုက်တယ်။ သွေးလှူရှင်အသစ် လေးယောက် ခေါ်လာတာ နှစ်ယောက် လှူခွင့်ရခဲ့တယ်။ တစ်ယောက်က ကြွက်သားတွေကြီးပြီး သွေးကြောပျောက်နေလို့ မလှူခဲ့ရဘူး။ နောက်တစ်ယောက်က ဟေမိုဂလိုဗင် အားနည်းလို့ မလှူရပြန်ဘူး။

သွေးလှူပြီးတော့ ပင်နီဇူလား သွားပြီး လေယာဉ်လက်မှတ် ဝယ်လိုက်တယ်။ အဲဒီလက်မှတ်က မြန်မာပြည်ကို အလည်ပြန်တာ ဖြစ်နိုင်သလို အပြီးပြန်တာလည်း ဖြစ်သွားနိုင်တယ်။ လက်မှတ်ဝယ်ပြီး အထွက် နုချောကြီး ရီနိုမာန်နဲ့တောင် တွေ့ခဲ့သေးတယ်။ မာမီကွမ်း(ခင်ဦးမေ) စီပုံးထဲက နာမည်ကျော် ဒန့်သလွန်သီးမင်းသား မဟူရာကောင်မို ညွှန်းတဲ့ ဖိနပ်ဆိုင်တွေဘက်လည်း ရောက်ခဲ့ပြန်တယ်။ သူညွှန်းတဲ့ ဆိုင်မှာ ဖိနပ်ပုံစံတွေက ဂေါ်လွန်းအားကြီးလို့ မဝယ်ဖြစ်ခဲ့ဘူး။ အဲဒီဆိုင်ဘေးနားက ဆိုင်မှာပဲ ဝယ်ဖြစ်ခဲ့တယ်။ အဲဒီဖိနပ်ကို အီတလီက လုပ်တယ်လို့ ရေးထားတာပဲ။

စ ရေးလိုက်တာက သွေးလှူတဲ့ မှတ်တမ်းလေးပါ။ ဒါပေမယ့် အဲဒီနေ့က ဖြစ်ရပ်လေးတွေပါ အမှတ်တရလေး ချရေးမိသွားတယ်။ စိတ်တော့မရှိပါနဲ့။ မျောက်နှစ်မှာ မမွေးပေမယ့် မျောက်စိတ်လိုပဲ ဟိုရောက်ဒီရောက်ပါပဲဗျာ။

Friday, February 26, 2010

Unlucky Week

ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာသလား မှတ်ရအောင် ကံမကောင်း အကြောင်းမလှ ဖြစ်နေတာ ဒီတစ်ပတ်လုံး ဆက်တိုက်ဆိုသလိုပဲ။ ကံဆိုးထီး ဖြစ်နေလို့ပဲ ခံသာလေသလား ပိုပြီးဆိုးသွားလေသလား ဝေခွဲရခက်လှတယ်။ အကြည်ဓါတ်လေး ပျယ်နေတော့ စာတောင် မရေးဖြစ်ဘူး။ ပုံတွေပဲ လိမ့်တင်နေမိတယ်။

ရွှေပြည်ကြီးက ပြန်လာတဲ့နေ့မှာပဲ လူကြုံမှာလိုက်တဲ့ အရက်ပုလင်း မေ့ကျန်ခဲ့တယ်။ ကားနောက်ဖုံး ဖွင့်ပြီး ပစ္စည်းတွေ တင်တုန်းက လေဆိပ်မှာ လာကြိုတဲ့ ညီမ၀မ်းကွဲက အရက်ပုလင်းကို လက်မှာ ကိုင်ထားတယ်။ ကားပေါ်ရောက်တော့ ကားနောက်ခန်းခုံအောက်မှာ ထားလိုက်တယ်။ အိမ်ရောက်လို့ ကားပေါ်က ဆင်းတဲ့အခါ ပစ္စည်းတွေ ချတဲ့အခါ အရက်ပုလင်းကို မေ့သွားရှာတယ်။ ကားခကိုလည်း ငွေသားနဲ့ ရှင်းတာဆိုတော့ ကားနံပါတ်လည်း မသိလိုက်ဘူး။ အဲဒီတော့ လူကြုံမှာလိုက်တဲ့ အရက်ပုလင်း အိမ် မပါလာတော့ဘူးပေါ့။

အလုပ်စတက်တဲ့ ၂ ရက်မြောက်နေ့ ညနေပိုင်းမှာ အလုပ်ကိစ္စတစ်ခု အမှားအယွင်း ရှိခဲ့တဲ့အတွက် ဂျီအမ်က ခေါ်ဆူတယ်။ မပြီးသေးတဲ့ အလုပ်အချို့တွေပါ တစ်နွယ်ငင် တစ်စင်ပါပြီး ပေါ်လာပြန်တယ်။ ကိုယ်မှားလို့ ခေါ်ဆူခံရရင် ကျေနပ်ပေမယ့် ကိုယ်က အမြင်မတော်လွန်းလို့ ဝင်ကူပေးခဲ့တဲ့ တခြားအလုပ်ရဲ့အမှားအတွက် ခေါ်ဆူခံရတော့ အလုပ်ပေါ်မှာ စေတနာပျက်သွားတာ အမှန်ပါပဲ။ မပြီးတဲ့ အလုပ်တွေကလည်း ကိုယ်နဲ့လည်း မဆိုင်ဘူး။ အဲဒီလို ကျန်နေတဲ့ အလုပ်တွေကို အစောကြီးကတည်း အထက်လူကြီးတွေကို တင်ပြခဲ့ပြီးသား။ ဟိုလူမအား ဒီလူမအားနဲ့ မလုပ်ဖြစ်ပဲ ပစ်ထားတာ နှစ်ပေါက်နေပြီ။ အဲဒီအလုပ်တွေကို တောက်လျှောက် အပင်ပန်းခံပြီး လုပ်ပေးခဲ့တဲ့ ငထွား ကြားကနေ ခါးနာလိုက်ရတယ်။

တခြားအဖွဲ့တွေက လူ ၃ ယောက်မှ ပရောဂျက် ၁ ခု ကိုင်ထားရတာ။ ကိုယ်တွေအဖွဲ့က လူ ၃ ယောက်နဲ့ ပရောဂျက် ၃၀ ကို တာဝန်ယူထားရတယ်။ အလုပ်နဲ့ အချိန်က မမျှတော့ဘူး။ အဲဒီတော့ နေ့ရော ညပါ အလုပ် လုပ်နေရတယ်။ မပြီးလည်း ပစ်ထားလိုက် နောက်နေ့ လုပ်လည်း ရတာပဲကွယ် ဆိုပေမယ့် အလုပ် မပြီးရင် မနေတတ်တဲ့ ကိုယ့်ရဲ့စိတ်ကိုပဲ အပြစ်တင်ရမယ် ထင်တယ်။ အိပ်ရေးပျက်တဲ့ ညက များလာပြီ။ စိတ်နဲ့ ကိုယ်နဲ့ မကပ်တော့ဘူး။ အရင်လိုလည်း မပျော်တော့ဘူး။ စိတ်ထဲမှာ မရွှင်ဘူးဖြစ်နေတယ်။ လခလည်း မတိုးဘူး။

ရုံးက အပြန် ရထားစီးတော့ ရထားက လူများတယ်။ တစ်ဘူတာပဲ စီးရတာဆိုတော့ အချိန်ပေး မစောင့်ချင်ဘူး။ လူများလည်း ကပ်သတ်ပြီး စီးလိုက်တယ်။ လူများတော့ ထွက်လာတဲ့လူ ကုန်အောင် စောင့်ပြီးမှ နောက်ဆုံးမှ ဝင်တယ်။ တခြားသူကို ဦးစားပေးတဲ့ အကျင့်ကြောင့် အများအားဖြင့် တစ်ယောက်စာအတွက် နေရာ မကျန်ဘူး။ ဒီတွဲမှာ မရရင် အခြားတွဲဘက်ကို လှမ်းကြည့်ပြီး နေရာလွတ်ရင် ဝင်လိုက်တယ်။ အဲဒီနေ့က နေရာလွတ်ကို တခြားတွဲမှာ တွေ့တာနဲ့ အပြေးတပိုင်း သွားလိုက်တယ်။ တံခါးပိတ်မယ်ဆိုတဲ့ အသံကို နားထဲမှာ လုံးဝ မကြားမိဘူး။ ကိုယ်လည်း အဝင် တံခါးလည်း အပိတ်... မညှပ်ရုံလေး တမယ်ပဲ။ စလုံးမှာ နေခဲ့တဲ့တလျှောက် တစ်ခါမှ အဲဒီလို မဖြစ်ခဲ့ဘူး။ ဒီတစ်ခေါက်က ပထမဆုံးအကြိမ်ပဲ။ ရင်ထဲမှာ တလှပ်လှပ်ပေါ့။

ရထားတံခါးမှာ မညှပ်ခံရပဲ အိမ်ကို ဘူတာကနေ လမ်းလျှောက်ပြန်လာတော့ မိုးလေးက အုံနေတယ်။ ထီထိုးရင် ကောင်းမယ် ဆိုပြီး ထီဆိုင်ကို သွားကြည့်တော့လည်း တန်းစီနေတဲ့ လူတန်းကြီးက တမျှော်တခေါ်ကြီး။ လုပ်စရာ အလုပ်လည်း ရှိနေတော့ အိမ်ကိုပဲ ခပ်သွက်သွက်လေး လျှောက်လာခဲ့တယ်။ ပတ်ဝန်းကျင် တစ်ခုလုံး အုံဆိုင်းမှုံမှိုင်းနေသလို လေကလည်း တဖြူးဖြူးပေါ့။ လေတိုက်နေတော့ ခေါင်းပေါ်က ဆံပင်တွေကလည်း ဖွဲလန်ကြဲပဲ။ ခေါင်းတောင် အေးတယ်။ ခေါင်းအေးနေတဲ့အချိန် ခေါင်းပေါ်ကို ပူကနဲ နွေးကနဲ ဖြစ်သွားတယ်။ လေတိုက်လို့ ဆံပင်တွေကို လှမ်းဖိလိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတော့ လက်မှာ ပြန်ကပ်ပြီး ပါလာတာ သစ်စေ့တွေနဲ့ ညိုညစ်ညစ် အရည်တွေ။ ကံဆိုးချင်တော့ လက်ဖဝါးမှာလည်း ငှက်ချေး၊ ခေါင်းပေါ်မှာလည်း ငှက်ချေး၊ အိမ်ကိုလည်း မရောက်သေး။ ဒါနဲ့ပဲ အိမ်ကို အမြန်လျှောက်ပြီး ရေချိုးခန်းထဲ တန်းဝင်လိုက်ရတယ်။

အခုတော့ ကံဆိုးမှုတွေက တောက်လျှောက်ပါပဲ။ ကံဆိုးပြီးရင် ကံကောင်းမယ်လို့ မျှော်လင့်မိတာပဲလေ။

Friday, February 19, 2010

Visiting to HHHP

အလည်တခေါက် ရောက်ခဲ့တဲ့ သုခရိပ်မြုံဂေဟာမှာ အမှတ်တရ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံလေးတွေပါ။ တကူးတက လိုက်ပို့ပေးတဲ့ နှစ်ချို့ကော်ဖီတစ်ခွက်ထဲက မိုးလှိုင်ညကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါရစေ။


သုခရိပ်မြုံဂေဟာ ခြံဝင်းတံခါးလေးမှာ ရေးထားတာက HHHP တဲ့။


ဦးစီးဦးဆောင်ပြုနေတဲ့သူတစ်ဦးကတော့ စာရေးဆရာမ သန်းမြင့်အောင်။


အနီးကပ်ကြီးကြပ်နေတဲ့ ဂေဟာမှုးက ဒေါ်အေးအေးမြင့်။


ကလေးတွေအတွက် အိုဗာတင်းနဲ့ မုန့်တွေပါ ဝယ်သွားခဲ့တယ်။


သုခရိပ်မြုံက အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုလျှက်...

မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားတဲ့ ကလေးသူငယ်များ အခွင့်အရေး ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်ကို သုခရိပ်မြုံဂေဟာက တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုး ဖြည့်ဆည်းပေးနေတာကို ဂေဟာကနေ အပြန်လမ်း ကားပေါ်မှာ ဖြတ်ခနဲ တွေးမိခဲ့လိုက်သေးတယ်။

ကလေးသူငယ်များအခွင့်အရေး ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်
အပိုဒ် ၆ အရ.. ကလေးတိုင်း အသက်ရှင် ရပ်တည်ခွင့် ရှိသည်။ အသက်ရှင် ရပ်တည်ခွင့်ရှိအောင် နိုင်ငံအစိုးရများ၊ မိဘများ၊ အုပ်ထိန်းသူများက ဆောင်ရွက်ပေးရမည်။
အပိုဒ် ၂၀ အရ... မိသားစုရင်းခြာများက ပြုစုစောင့်ရှောက်မှု မပေးနိုင်သော ကလေးများအား ၄င်းတို့၏ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ဘာသာစကားကို လေးစားမှုရှိသည့် ပုဂ္ဂိုလ်များက ကောင်းမွန်စွာ ပြုစု စောင့်ရှောက်ရပါမည်။
အပိုဒ် ၂၄ အရ... ကလေးများအနေဖြင့် အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်ရှိပြီး ရေကောင်းရေသန့်နှင့် အာဟာရရှိသော အစားအစာများ စားသောက်ခွင့်နှင့် သန့်ရှင်းသော ပတ်ဝန်းကျင်တွင် နေထိုင်ခွင့် ရှိပါသည်။

Wednesday, February 17, 2010

Walk with me



အေးအတူပူအမျှ အတူတကွ
ဖြတ်သန်းရမယ့် ဘဝခရီးလမ်းမှာ
တွဲလက်များ ခိုင်မြဲစေချင်...

Monday, February 15, 2010

Happy CNY



ကျားကြောက်လို့ ရှင်ကြီးကိုး
ရှင်ကြီး ကျားထက်ဆိုး မဖြစ်ချင်လို့
ပိုနေမြဲ ကျားနေမြဲဖြစ်နေတာ
အတော့်ကို ကြာလှပါပြီလေ
ဒီနှစ်ကူး ကျားနှစ်သစ်မှာတော့
ကျားကျားလျားလျား ရှိနိုင်ကြပါစေ...

မှတ်ချက်။ ကျားကျားယားယားကနေ ကျားကျားလျားလျား ဆိုပြီး စာလုံးပေါင်း ပြန်ပြင်ထားပါတယ်။

Saturday, February 13, 2010

13 Feb 2010



ဒီနေ့ဟာ ဗိုလ်ချုပ်မွေးနေ့ပါ။
သမိုင်းသေအောင် အလုပ်ခံရပေမယ့်
အမြဲရှင်သန်နေတဲ့ ဗိုလ်ချုပ်ရဲ့မွေးနေ့ကို
ရေအိုင်ထဲက ဖားသူငယ်လိုမျိုး
ခေတ်မီဖွံ့ဖြိုး တိုးတက်နေတဲ့
ဖာနိုင်ငံက ကျွန်တော်တစ်ယောက်
နှမြောတမ်းတ အမှတ်ရနေပါတယ်။

Monday, February 8, 2010

China Town @ SG - 2









နှစ်ကူးရက်မတိုင်ခင် အလည်တခေါက်သွားခဲ့တဲ့ တရုတ်တန်းမြင်ကွင်းများ...

Saturday, February 6, 2010

China Town @ SG - 1









နှစ်ကူးမတိုင်ခင် အလည်သွားခဲ့တဲ့ တရုတ်တန်း

Tuesday, February 2, 2010

May you know...

ချစ်သူသိစေ

ပန်းပွင့်ရှိမှ ရနံ့ရတာမဟုတ်ဘူး
ဖူးသည့်တစ်ငုံ ထုံသည့်တစ်ပွင့်
နမ်းခွင့်တစ်ရှိုက် ရခိုက်မှာ
ထာဝရ အမြဲတည်
နှလုံးသားမှာ စွဲမြဲစွာထုံရစ်
ဆွတ်ပျံ့နေ ချစ်သူသိစေ...

တွေ့ခွင့်ရမှ မင်းမျက်နှာလဝန်း
ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့်
မင်းမရှိလည်း စွဲမြဲစွာ
ဘယ်လောက်ဝေးနေ
မော့ကြည့်ရင် မိုးကောင်ကင်လိုရှိ
တွေ့လို့နေ ချစ်သူသိစေ...

ဘယ်လောက်ဝေးဝေး ဘယ်မှာဖြစ်ဖြစ်
တွဲနှောင်ရစ်ငင် အိပ်မက်မှာအစဉ်မြဲရှိ
နေရာချင်းလွဲလွဲ ဒေသချင်းကွဲကွဲ
မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ...

ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး
စီးဆင်းတဲ့စိမ့်စမ်းရေ ကျေးငှက်တို့တီးတိုးသံ
ချိုစွာကြားရင် မင်းစကားသံစွဲမြဲစွာကျန်ရစ်
ကြားလို့နေ ချစ်သူသိစေ...

တေးဆိုက ကိုတိုးကြီးလို့ ခေါ်ကြတဲ့ ခင်မောင်တိုးပါ။ တေးရေးဆရာက နိုင်မင်းပါ။ သူက မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ကဗျာတွေကို သီချင်းအဖြစ် ပြန်လည်မွေးဖွားခဲ့တာပါ။ သီချင်းခေါင်းစဉ်က ချစ်သူသိစေ... တဲ့။ ကဗျာကနေ တဆင့် ပေါက်ဖွားလာတဲ့ သီချင်းပဲ ဖြစ်လို့လား မသိဘူး... စာသားတွေက သိမ်မွေ့နူးညံ့ပါတယ်။ နူးညံ့တာမှ အတော်လေးကို နူးညံ့လွန်းတာပါ။ အဲဒီသီချင်းစာသားတွေက ရင်ထဲက အခုလတ်တလော ခံစားချက်တွေနဲ့ ထပ်တူညီနေတယ်။ စကားလုံးတွေနဲ့ ဖွင့်ဟပြောရင်တောင် အဲဒီလောက်ထိ ကောင်းအောင် ပြောနိုင်မယ်လို့ မထင်ဘူး။ အဲဒီတော့ ဒီသီချင်းလေးထဲက စာသားတွေနဲ့ပဲ ရင်ထဲက ခံစားချက်တွေကို ကိုယ်စားပြုလိုက်ပါမယ်။

အဲဒီသီချင်းကို နားထောင်ဖြစ်တာ ကြာပါပြီ။ ဒါပေမယ့် အခုတလောမှ စာသားတွေကို ပိုပြီး ထိရှခံစားမိတယ်။ လမ်းတလျှောက်က ပန်းပွင့်လေးတွေကို မကြည့်ပဲ မြင်မိရင်လည်း သတိရတယ်။ လဝန်းကြီးကို အမှတ်မထင် မော့ကြည့်မိရင်လည်း လွမ်းမိတယ်။ ဆက်ရက်တွေ ခုန်ဆွခုန်ဆွနဲ့ ပိကျိပိကျိ အသံပေးနေတာတွေကိုလည်း အရင်ကလိုမျိုး မျက်စိမနောက်ပဲ ချစ်မိနေတယ်။ အလုပ်တွေပိပြီး အိပ်ရေးပျက်ပေမယ့် အိပ်မက်တွေလည်း လှနေပြန်တယ်။ ဘယ်လိုပင် နေရာဒေသတွေ ဝေးကွာနေပါစေ... အချိန်တွေ ကွဲလွဲနေပါစေ... ရင်ထဲမှာတော့ နှလုံးသားချင်း နီးနေတယ်လို့ ခံစားနေရတယ်။ တကယ်ပါ... ဒါတွေကို ချစ်သူ သိရင် ကျေနပ်ပါပြီလေ။

ဒါမျိုးဆန်ဆန် အင်္ဂလိပ်လို ရေးထားတာလေးတစ်ခု တွေ့မိလို့ အမှတ်တရ သိမ်းထားလိုက်ပါအုံးမယ်။
Love is missing someone whenever you're apart,
but somehow feeling warm inside because you're close in heart.
~Kay Knudsen


Update: မသက်ဝေ ပြောသလိုမျိုး ချစ်သူသိစေပဲ ဖြစ်မယ်လို့ ယူဆမိတဲ့အတွက် ပြင်ဆင်လိုက်ပါတယ်။