.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, August 31, 2008

The Human Race 10K

တရုတ်ပြည်ကို ပြန်ရတော့မယ့် ရုံးက တစ်ယောက်ကို မြို့ထဲမှာ အမှတ်တရ ဓါတ်ပုံလိုက်ရိုက်ပေးရင်း The Human Race 10K အပြေးပြိုင်ပွဲနဲ့ ဆုံတွေ့မိတာပါပဲ။ လက်ထဲမှာလည်း ကင်မရာက အဆင်သင့်ရှိနေတာနဲ့ ၀ါသနာအလျှောက် ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။ Nike က အဓိကစပွန်ဆာပေး ကျင်းပတဲ့ပွဲမှာ ပြိုင်ပွဲဝင် လူဦးရေက ၁ သောင်း (10K)ပါ။ ပြိုင်ပွဲ ပြေးလမ်းကြောင်း အရှည်က ၁၀ ကီလိုမီတာ (10K) ပါပဲ။ အဲဒါကြောင့် ပြိုင်ပွဲကို 10K လို့ ခေါင်းစဉ်တပ်ထားတာ ထင်ပါတယ်။



အနီရောင်တီရှပ်တွေနဲ့ ပြေးထွက်လာတဲ့ လူတန်းရှည်ကြီးက ပုရွက်ဆိတ်အုံကို ဒုတ်နဲ့ ထိုးဆွလိုက်လို့ ထွက်လာတဲ့ ပုရွတ်နီကောင်တွေလို ရဲရဲတောက်နေတာပါပဲ။ ပြိုင်ပွဲမှာ လူကြီးလူငယ် အသက်အရွယ် အစုံအလင်ပါသလို အဖြူကောင်တွေလည်း ၀င်ပြေးတာကို တွေ့ရပါတယ်။ လက်မောင်းမှာ iPodလေးတွေ ပတ်ပြီး သီချင်းနားထောင်ရင်း ပြေးနေတဲ့ လူတွေ ရှိသလို အားကစား လေ့ကျင့်သလို မှန်မှန်လေး ပြေးနေတဲ့ လူတွေလည်း ရှိပါတယ်။ မောလွန်းလို့ မျက်နှာလေးတွေ နီရဲနေတဲ့ တရုတ်မလေးတွေကိုလည်း တွေ့ရမှာပါ။



တာလွှတ်တာကတော့ Esplanade Bridge ဖြစ်ပြီး ပန်းဝင်ရမယ့်နေရာကတော့ The Padang ဆိုတဲ့ နေရာပါ။ ၁၀ ကီလိုမီတာ လမ်းကြောင်းတစ်လျှောက်မှာ Entertainment Zone တွေ လုပ်ပေးထားပါတယ်။ အဲဒီနေရာမှာ စကာင်္ပူက ဟစ်ဟော့ အဆိုတော်တွေ သီဆို ဖြေဖျော်ပါတယ်။ အဆိုတော်တွေ သီချင်းဆိုရင် စင်ရှေ့မှာ အားပေးနေတဲ့ လူငယ်တွေလည်း ရှိပါတယ်။ အများစုကတော့ မလေးလူမျိုး ကောင်မလေးတွေပါ။ ကြည့်ရတာ အထက်တန်းကျောင်းသူတွေ ဖြစ်မယ် ထင်ပါတယ်။ ဒီဂျေသမားတွေကလည်း လက်စွမ်းပြပါတယ်။ သူတို့ရဲ့ ဒီဂျေတီးလုံးတွေက အတော်လေး မြူးကြွပါတယ်။ စင်ရှေ့မှာ ဘရိတ်ဒန့် ကနေတဲ့ လူငယ်တွေရဲ့ မမောနိုင် မပန်းနိုင် အပြိုင်အဆိုင် ကပြဖျော်ဖြေမှုကလည်း အားကျဖွယ်ရာပါပဲ။



Saturday, August 30, 2008

Family Day


ရုံးက Family Day ကို ဒီတစ်ခေါက် Singapore Flyer မှာ လုပ်ပါတယ်။ ရှေ့နှစ်တုန်းကတော့ ဆန်တိုစာမှာ လုပ်ခဲ့တာပါ။ အဲဒါနဲ့ ကျွန်တော်လည်း စင်္ကာပူမှာ ချားရဟတ်စီးဖို့အရေး စာရင်းပေးထားတာပေါ့။ အခုစာမှာ ရဟတ်ဆိုတဲ့စာလုံးကို အသေအချာ ထည့်ရေးထားပါတယ်။ မတော်တဆဖြစ်စေ တမင်တကာဖြစ်စေ ချားစီးတယ်လို့ ဖတ်မိရင်တော့ အမြင်တွေ ကြည်လင်ဖို့ လိုနေပါပြီ။ မြန်မာ့ရုပ်မြင်သံကြားက ခဏခဏ လွှင့်လို့ ကြားနေရတတ်တဲ့ အဆိုးမြင်ဝါဒီများကို ဆန့်ကျင်ကြလို့ တကူးတက မအော်ချင်ပါဘူး။

စာရင်းပေးထားတဲ့သူတွေ တကယ်လိုက်ဖြစ် မဖြစ်ကို အီးမေးလ်နဲ့ အသေအချာ ပြန်မေးတာ ၃ ခါ တိတိပါပဲ။ မလိုက်ဖြစ်ရင် ပြန်အကြောင်းကြား ခိုင်းပါတယ်။ လိုက်မယ်လို့ ပြောပြီး မလာခဲ့ရင် ဒဏ်ငွေ ဒေါ်လာ ၁၀၀ တိတိ ဆောင်ရမယ် ဆိုတာတောင် ကြေညာချက် ထုတ်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဟတ်ဖိုးကို ရုံးက အကုန်အကျခံလို့ပါ။ ရဟတ်စီးခက တစ်ယောက်ကို ဒေါ်လာ ၃၀ နီးပါးရှိပါတယ်။ နောက် ပျော်ပွဲရွှင်ပွဲတွေ နေ့လည်စာ၊ လက်ဖက်ရည် ကော်ဖီ စတာတွေ ပါသေးတယ်။ ကံစမ်းမဲတွေလည်း ဖောက်ကြပါတယ်။ အဲဒါနဲ့ မသွားဖြစ်ရင် ဒဏ်ငွေဒေါ်လာ ၁၀၀ ဆောင်ရမှာဆိုတော့ မရောက် ရောက်အောင် သွားလိုက်ပါတော့တယ်။ နဂိုကလည်း သွားချင်တာဆိုတော့ ချော်လဲရောထိုင်ပေါ့ဗျာ။
ဒီတစ်ခေါက်က Singapore Flyer ဖြစ်လို့ ရုံးလုံးကျွတ်နီးပါး လိုက်တဲ့အတွက် ပိုက်ဆံကလည်း သောက်သောက်လဲ ကုန်ကျမှာပါ။ အဲဒီပွဲကို မိသားစုတွေပါ ခေါ်လို့ရတော့ တချို့တွေများ ဂေါပဏီတပ်ကြီး ချီတက်လာသလား မှတ်ရတယ်။ သားသမီးတင်မက မြေးတွေပါ ခေါ်လာကြပုံပဲ။ ဖွေးဖွေးလှုပ်ဆိုတာထက် မဲမဲကို လှုပ်နေတာပဲ ပြောရမယ် ထင်တယ်။ တရုတ်တွေက သားသမီး ယူတာ နည်းသလို အများကြီး ခေါ်လာတာကို မတွေ့ရပါဘူး။ ကုလားမိသားစုတွေ ခေါ်လာကြတဲ့ ကလေးတွေများ... မနည်းမနောပဲ။ လက်ပံပင် ဇရက်ကျသလိုပဲ စီစီကို ညံနေတာပဲဗျာ။
ရုံးက ကားစီစဉ်ပေးထားလို့ Singapore Flyer ကို နေ့လည် ၂ နာရီ မထိုးခင်မှာ ရောက်ပါတယ်။ ပြီးတော့ လက်မှတ်အတွက် အပေါ်မှာ တန်းစီရပြန်တယ်။ ရုံးက လူတွေပဲ တန်းစီရတာပါ။ ခန့်မှန်းခြေ အယောက် ၅၀၀ လောက် လာကြပါတယ်။ လက်မှတ်မှာ ရဟတ်စီးရမယ့် အချိန်ကို ဖော်ပြထားပါတယ်။ ကျွန်တော်တို့က ၃ နာရီခွဲမှာ စီးရမှာပါ။ လက်မှတ်မှာ Bar Code လည်း ပါပါတယ်။ ၀င်ပေါက်မှာ လေယာဉ်ကွင်းမှာ စစ်သလို ကိုယ်မှာ သယ်လာသမျှ အီလက်ထရောနစ် ပစ္စည်းတွေကို စစ်ပါတယ်။ ပြီးတော့ Bar Code ဖတ်တဲ့ စက်မှာ လက်မှတ်ကို တင်မှ တံခါးဖွင့်ပါတယ်။ ရဟတ်ပေါ် မတက်ခင်မှာ ရဟတ်အခန်းလို ပုံစံတူ လုပ်ထားတဲ့ နေရာမှာ အဖွဲ့လိုက် ဓါတ်ပုံ ရိုက်လို့ရပါတယ်။
ရဟတ်က လုံးဝ ရပ်ထားတယ်ဆိုတာ မရှိပါဘူး။ ဖြေးဖြေးလေး လည်နေတဲ့အတွက် ရဟတ်အပေါ် တက်တဲ့အခါမှာလည်း ပလတ်ဖောင်းကနေ ခုန်တက်ရပါတယ်။ အဲဒီ ပလတ်ဖောင်းက ၃ ထပ် အမြင့်မှာရှိပြီး မတော်တဆ ပြုတ်ကျရင် ဟိုးအောက်ခြေအထိ ပြုတ်မကျရအောင် ပိုက်ကွန်ကြီး ခံပေးထားပါတယ်။ သတ်မှတ် အရေအတွက်အတိုင်း လူအားလုံး တက်ပြီးရင်တော့ ၀န်ထမ်းတွေက အပြင်ကနေ တံခါးပိတ်ပေးပါတယ်။ ရဟတ်တစ်ခန်းမှာ ပျဉ်းမျှ လူဦးရေ ၁၈ ယောက် ၀င်လို့ရပါတယ်။ တချို့ကျတော့လည်း ကိုယ့်အဖွဲ့နဲ့ ကိုယ်... ၁၀ ယောက်လောက်ပဲ ၀င်တာရှိပါတယ်။ ကျွန်တော်တို့က ရုံးက လူတွေမဟုတ်တဲ့ တခြားအဖွဲ့တွေနဲ့ ရောပြီး တက်လိုက်ရတဲ့အတွက် မသိတဲ့လူတွေက အများသား။ ကိုယ်နဲ့ သိတာဆိုလို့ ရုံးက ၅ ယောက်ပဲ ပါတယ်။ တရုတ်ပြည်က နှစ်ယောက်... ဖိလစ်ပိုင် တစ်ယောက်.. မလေးရှား နှစ်ယောက်နဲ့ ကျွန်တော်ပေါ့။
ရဟတ် တစ်ပတ်လည်ဖို့အတွက် မိနစ် ၃၀ ကြာပါတယ်။ ဒါကြောင့် တစ်မိနစ်ကို တစ်ဒေါ်လာ တန်ပါတယ်။ ဒါကြောင့် ရဟတ်ထဲမှာ အမှတ်တရ ဓါတ်ပုံကြီးပဲ ရိုက်နေမယ့်အစား ဘေးပတ်ဝန်းကျင်က ရှုခင်းတွေကိုလည်း ကြည့်ရှုခံစားပါလို့ တိုက်တွန်းချင်ပါတယ်။ အဲဒီကနေ ကြည့်ရင် F1 ပြိုင်ကား ပြေးလမ်းကြောင်းကိုလည်း မြင်ရသလို မိုးမျှော်တိုက်ကြီးတွေကိုလည်း အပေါ်စီးကနေ ကြည့်ခွင့်ရပါတယ်။ အဲဒီလိုပဲ ပင်လယ်ထဲက ကျွန်းတွေကိုလည်း မြင်ရပါတယ်။ အင်ဒိုနီးရှားက ဘန်တမ်ကျွန်းကိုလည်း မြင်ရပါတယ်။ National Day လုပ်တဲ့နေရာကိုလည်း အပေါ်စီးကနေ မြင်ခွင့်ရပါတယ်။

တဖြည်းဖြည်းနဲ့ အောက်ကို ပြန်ဆင်းလာတဲ့အချိန်မှာ မိုးသည်းသည်းမဲမဲ ရွာပါတော့တယ်။ အဲဒါနဲ့ ဘေးပတ်ဝန်းကျင် ရှုခင်းတွေကို ကြည့်ဖို့ မလွယ်တော့ပါဘူး။ ဒါပေမယ့် မိုးစက်တွေ ကမ္ဘာမြေကို အပြိုင်အဆိုင် ခုန်ချနေတာကို အပေါ်စီးကနေ ကြည့်ခွင့်ရတဲ့ အခိုက်အတန့်လေးကလဲ အမှတ်တရပါပဲ။ မိုးစက်လေးတွေ အတန်းလိုက် အတန်းလိုက်ကြီး ပုလဲ ပုတီးကုန်းတွေလို့ သွယ်တန်း ရွာချနေတာကို အလွမ်းဓါတ်ခံလေးနဲ့ မြင်တွေ့ခွင့်ရလိုက်တာပေါ့ဗျာ။

ရဟတ် အဆင်းမှာလည်း အတက်တုန်းကလိုပဲ ခုန်ချရပါတယ်။ သတ်မှတ်ထားတဲ့ နေရာ ရောက်တာနဲ့ တံခါးဖွင့်ပေးပြီး ၀န်ထမ်းတွေက ခုန်ချဖို့ ဆော်သြော်ပါတယ်။ အတက်က မိုးမရွာတဲ့အတွက် ကိစ္စ မရှိပေမယ့် အဆင်းမှာ မိုးသည်းနေတာကြောင့် ခြေချော်မကျဖို့ မနည်း သတိထားရပါတယ်။ ထွက်ပေါက်မှာ အမှတ်တရ ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ကြီး ရှိပါတယ်။ အဲဒီနေရာမှာ အုပ်စုလိုက်ရိုက်ခဲ့တဲ့ ဓါတ်ပုံကို လိုချင်ရင် ရွေးယူရပါတယ်။ မူရင်းပုံက ၁၅ ဒေါ်လာပါ။ ကော်ပီတစ်ပုံကို ၁၀ ဒေါ်လာပေးရပါတယ်။ ကျွန်တော်တို့ အဖွဲ့ကတော့ စုစုပေါင်း ၆ ပုံလောက် ယူကြပါတယ်။ ဈေးကြီးပေမယ့် အမှတ်တရပေါ့ဗျာ။

ပြီးတော့ ရုံးက ငှားထားတဲ့နေရာကို ပြန်သွားပြီး ကံစမ်းမဲ ဖောက်တာကို ထိုင်စောင့်ရင်း ရုံးက လူတွေနဲ့ အာလူးဖုတ် လေသေနတ်ပစ်ကြတာပေါ့။ ဟိုအကြောင်း ဒီအကြောင်းတွေ စုံစီနဖာ ပြောရင်း ရုံးချုပ်က တရုတ်မလေးတွေကို ငေးရင်းပေါ့။ ဒီနေရာမှာ ငေးတယ်ဆိုတာနဲ့ ငမ်းတယ်... ဆိုတာ မတူဘူးဆိုတာ ထည့်မပြောတော့ပါဘူးနော်။ ကံစမ်းမဲကတော့ ထုံးစံအတိုင်း မပေါက်ပါဘူး။ ဒါနဲ့ပဲ ရုံးက စီစဉ်ပေးတဲ့ ကားနဲ့ City Hall MRT ကို ရောက်ပါတယ်။ ဒီလိုနဲ့ပဲ ရုံးက လူတွေနဲ့အတူ ရထားစီးပြီး အိမ်ပြန်ခဲ့ပါတော့တယ်။

Wednesday, August 27, 2008

Dear Yesterday - 7

မနေ့က အိပ်ရာထတာ နည်းနည်းလေး စောလို့ ရုံးကို စောစော သွားလိုက်တယ်။ အခုဆို ရထားက မိနစ် ၂၀ လောက်ပဲ စီးရတော့တယ်။ အရင် အိမ်တုန်းက မိနစ် ၄၀ လောက် စီးရတယ်။ ကားစီးရတာကတော့ မိနစ် ၂၀ ပါပဲ။ ခရီးစဉ် အစအဆုံးဆိုရင် မိနစ် ၄၀ လောက်ပဲ ကြာပါတော့တယ်။ ဒါပေမယ့် ကားက တခါတလေ စောင့်ရတာ နည်းနည်းကြာတယ်။ ကားလွတ်သွားရင် အနည်းဆုံး ၁၅ မိနစ်လောက် ထပ်စောင့်ပဲ။

အိပ်ရာထ စောတော့ ရုံးအသွားမှာ ရုံးက ၀န်ထမ်းအချို့ကို တွေ့ရတာပေါ့။ အများအားဖြင့် ကျွန်တော်က ရုံးကို နောက်ကျမှ ရောက်လေ့ရှိတော့ တော်ရုံတန်ရုံ ဘယ်သူနဲ့မှ မဆုံဖြစ်ဘူးလေ။ ဒါနဲ့ပဲ ကားပေါ်မှာ ရုံးက တစ်ယောက်နဲ့ စကားစမြည် ပြောဖြစ်ကြတယ်။ စင်္ကာပူမှာ လူမျိုးရေး မခွဲခြားဘူး ဆိုပေမယ့် မသိမသာရော သိသိသာသာရော လူမျိုးရေး ခွဲခြားမှုတွေ ဘက်လိုက်မှုတွေ ရှိတယ်ဆိုတာတွေပေါ့။ ရုံးတွေမှာ တရုတ်တွေက တရုတ်အချင်းချင်းကို ဦးစားပေးပါတယ်။ ကုလားတွေက ကုလားအချင်းချင်းကို မျက်နှာသာ ပေးပါတယ်။ အလုပ်မှာ မန်နေဂျာက ကုလားဆို သူ့အောက်က ကုလားတွေ အနေအစား သက်သာပါတယ်။ မန်နေဂျာက တရုတ်ဆို သူ့လက်အောက်က တရုတ်တွေ မျက်နှာသာ ပေးခံရပါတယ်။ လခတိုးတာလည်း အဲဒီလိုပဲပေါ့။ လခတိုးဖို့ဆိုတာ မန်နေဂျာရဲ့ ထောက်ခံ တင်ပြမှုက အများကြီး အရေးပါတယ်လေ။

ကျွန်တော်တို့လား... ကျွန်တော်တို့က ရွှေမြန်မာတွေ ဆိုတော့ မျက်နှာသာပေးခံရတဲ့ အထဲမပါသလို အနှိမ်ခံ အရစ်ခံရတဲ့ အထဲလဲမပါဘူး။ အလုပ်မှာက မြန်မာကလည်း သိပ်မရှိပါဘူး။ ကျွန်တော် အပါအ၀င် စုစုပေါင်းမှ ၄ ယောက်တည်း။ အဲဒီ ၄ ယောက်ကလည်း ဌာနတွေ မတူကြပါဘူး။ ရုံးလည်း မတူကြပါဘူး။ တချို့က ခရီးထွက်နေရတာ များတယ်။ မြန်မာ ၄ ယောက်ဆိုပေမယ့် ၃ ယောက်က မြန်မာပြည်ပေါက် တရုတ်တွေ ဆိုတော့ တရုတ်တွေနဲ့တော့ အနေနီးပါတယ်။ အဲဒီတော့ တရုတ်မန်နေဂျာ အောက်မှာရှိတဲ့ မြန်မာတွေအဖို့ တခါတရံ မျက်နှာသာ ပေးခံရပါတယ်။ ကုလားမန်နေဂျာ အောက်မှာရှိတဲ့ သူတွေအဖို့ ထူးထူးခြားခြား မျက်နှာသာ မပေးခံရပေမယ့် ပြည်ကြီးက လာတဲ့ တရုတ်တွေလောက် အရစ်မခံရပါဘူး။

အခုတလော တနင်္ဂနွေတွေမှာ မနားရပဲ အလုပ်တွေ လုပ်နေရတော့ ရုံးက Credit Leave ပြန်ပေးကြောင်း အီးမေးလ် ၀င်နေတာ HR System ထဲဝင်ပြီး စစ်ကြည့်မိတယ်။ ဒီနှစ်အတွင်းမှာ Credit Leave က စုစုပေါင်း ၅ ရက် ရှိသွားပါပြီ။ ဒီ ၂ လအတွင်းမှာ ၄ ရက်လောက် ရပါတယ်။ ခက်တာက Credit Leave က ၃ လအတွင်းမှာ သုံးရပါတယ်။ ၃ လကျော်သွားရင် ပယ်ဖျက်ခံရပါတယ်။ Annual Leave ကတော့ ၈ ရက်လောက် ကျန်သေးတယ်။ ဒါကိုတော့ မသုံးသေးပဲ စုထားလိုက်အုံးမယ်။ ဒီဇင်ဘာလကုန်မှာ ဖွင့်မယ့် Youth Donor Camp ၀င်ဖို့အတွက် ချန်ထားလိုက်အုံးမယ်။ ဒီတစ်ခေါက် Camp က International Camp ဖြစ်မယ်လို့ ကြားထားတယ်။ စင်္ကာပူက အိမ်ရှင်အဖြစ် တာဝန်ယူပေးမယ် ဆိုပဲ။

နေ့လည်ပိုင်းမှာ စက်ထဲကို ဘယ်ကနေ ဘယ်လို Trojan ၀င်သွားလဲ မသိဘူး။ နဂိုကတည်းက ၀င်နေပြီး အဲဒီအချိန်ကျမှ ထွက်လာတာလားတော့ မသိဘူး။ သုံးနေတာက Blog နဲ့ Forum ပဲ ရှိတာ။ နောက်တစ်ခု အသွားအလာ များတာက Facebook ပါ။ အဲဒီ အကောင်က Desktop Wallpaper ကို ပုံပြောင်းသွားတယ်။ ပုံမှာက ဒီစက်ထဲမှာ Virus ရှိတယ်ပေါ့။ WinXp Anti-Virus ကို Install လုပ်ပါ ဆိုပြီး ရေးထားတယ်။ တအောင့်လောက် ကြာတော့ WinXp Anti-Virus ကို Install လုပ်ဖို့ Window တစ်ခု တက်လာတယ်။ နှိပ်စရာ ခလုတ်က တစ်ခုတည်း ပေးထားတယ်။ ပိတ်စရာ ခလုတ်ကို မပေးထားဘူး။

သဘောပေါက်လိုက်ပြီ။ အဲဒီ ခလုတ် နှိပ်လိုက်ရင် သေပြီပဲ ဆိုတာကို။ Task Manager ကို ဖွင့်ပြီး အဲဒါတွေကို End Task လုပ်ပစ်လိုက်တယ်။ Process ထဲမှာလည်း ကိုယ်မသိတဲ့ Service တွေ Run နေတာကိုလည်း End Process လုပ်ရတာပေါ့။ ပြီးတော့ စက်ကို Restart လုပ်ကြည့်တယ်။ Desktop Wallpaper ကတော့ ပြန်ပြောင်းလို့ မရအောင် ဒင်းက လုပ်သွားတော့ တခြားပုံတစ်ပုံကို မရမက တင်ရတယ်။ Anti Virus တင်ထားတဲ့ ကြားက ဘယ်ကနေ ဘယ်လို ၀င်သွားမှန်း မသိဘူး။ Scan လုပ်ကြည့်တော့ တစ်ကောင် မိတယ်။ ဒါနဲ့ အဲဒီအကောင်ကို ရှင်းပစ်လိုက်တယ်။ ဒါပေမယ့် Internet Explorer တွေ အလုပ် ကောင်းကောင်း မလုပ်တော့ပါဘူး။ Firefox မှာလည်း Blog post တွေကို Publish လုပ်လို့ မရတော့ဘူး။

လုပ်စရာရှိတဲ့ ရုံးအလုပ်တွေကို ပြီးအောင် နည်းမျိုးစုံနဲ့ လုပ်ပြီး တစ်ညလုံး Data Backup လုပ်ပါတော့တယ်။ စက်က Format ချရတော့မှာဆိုတော့ ကူးစရာရှိတာ သိမ်းစရာရှိတာကို လုပ်ထားသင့်တယ်လေ။ Windows ပြန်တင်တာက ကိုယ့်ဘာသာကိုယ် တင်တက်ပေမယ့် ရုံးက စက်ဆိုတော့ Infrastructure ဌာနကပဲ အဓိက တာဝန်ယူရတာပါ။ သူတို့ ပြင်ပေးမှ ကိုယ့်စက်က ကောင်းမှာ မဟုတ်ပေမယ့် သူတို့ အလုပ်မရှိမှာ စိုးတာနဲ့ သူတို့ဆီကို အကျိုးအကြောင်း အီးမေးလ်ပို့လိုက်ပါတယ်။ အဲဒီလိုနဲ့ မိုးချုပ်ခဲ့ရပါတယ်ဗျာ။ မနေ့ကပေါ့...

Monday, August 25, 2008

The Royal Rich List

၂၀၀၈ ခုနှစ်ရဲ့ အချမ်းသာဆုံး တော်ဝင် လူတန်းစား စာရင်းလေးကို Forbes က ပြုစုထားတာလေး ရှိပါတယ်။ ဒါဟာ ဒုတိယအကြိမ် စာရင်းပြုစုခြင်းပါ။ ၂၀၀၇ ခုနှစ်တုန်းက တစ်ခါ အချမ်းသာဆုံး တော်ဝင် လူတန်းစား စာရင်းကို ထုတ်ပြန်ဖူးပါတယ်။ ကဲ... ၂၀၀၈ ခုနှစ် ရဲ့ စာရင်းလေးကို ကြည့်လိုက်ကြရအောင်ဗျာ။


1. King Bhumibol Adulyadej of Thailand, 80
US$ 35 b


2. Sheikh Khalifa bin Zayed Al Nahayan of Abu Dhabi, 60
US$ 23 b


3. King Abdullah bin Abdul Aziz of Saudi Arabia, 84
US$ 21 b


4. Sultan Haji Hassanal Bolkiah of Brunei, 62
US$ 20 b


5. Sheikh Mohammed bin Rashid of Dubai, 58
US$ 18 b


6. Prince Hans- Adam II of Liechtenstein, 63
US$ 5 b


7. Sheikh Hamad bin Khalifa Al Thani of Qatar, 56
US$ 2 b


8. King Mohammed VI of Morocco, 46
US$ 1.5 b


9. Prince Albert II of Monaco, 50
US$ 1.4 b


10. Sultan Qaboos bin Said of Oman, 67
US$ 1.1 b


11. The Aga Khan Prince Karim Al Hussein, 71
US$ 1 b


12. Queen Elizabeth II, 82
US$ 650 m


13. Sheikh Sabah Al-Ahmad Al-Jaber Al-Sabah of Kuwait, 79
US$ 500 m


14. Queen Beatrix Wilhelmina Armgard of the Netherlands, 70
US$ 300 m


15. King Mswati III of Swaziland, 40
US$ 200 m

အခု ၂၀၀၈ မှာ သက်တော် ၈၂ နှစ်၊ နန်းသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ထိုင်းဘုရင်ဟာ ရှေ့နှစ် အဆင့် နံပါတ် ၅ ကနေ ယခုနှစ် နံပါတ် ၁ နေရာကို ခုန်တက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ အခု ခန့်မှန်းချက်ဟာ မှန်ကန် တိကျမှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဘုရင်တစ်ဦးတည်း ပိုင်ဆိုင်မှု မဟုတ်ပဲ တော်ဝင်မိသားစု တစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုများကိုပါ ထည့်သွင်း တွက်ချက်ထားတယ်လို့ ပြောဆိုကြပါတယ်။ ဒါပေမယ့် ထိုင်းဘုရင်မင်းမြတ်ရဲ့ တစ်ဦးတည်း ပိုင်ဆိုင်မှု ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုသွားခြင်း မရှိကြပါဘူး။

ရေနံဈေးတွေ ခုန်တက်သွားတာနဲ့အတူ အဘူဒါဘီ ရေနံသူဌေးကတော့ နံပါတ် ၂ နေရာမှာ ချိတ်သွားပါတယ်။ သူဟာ လက်ရှိ ယူအေအီးနိုင်ငံရဲ့ သမ္မတပါပဲ။ နံပါတ် ၃ နေရာကိုတော့ ၂၀၀၅ မှာ ထီးနန်းဆက်ခံခဲ့တဲ့ ဆော်ဒီဘုရင်က ဆွတ်ခူးထားပါတယ်။ ယခင် နံပါတ် ၁ နေရာမှာ ရှိတဲ့ ဘရူနိုင်း ဘုရင် ဘိုလ်ကီးယားကတော့ အဆင့် ၄ ကို ရောက်သွားပါတယ်။ ရေနံ ထုတ်လုပ်မှုကို လျှော့ချလိုက်တဲ့အတွက် အခုလို အဆင့် ၄ ကို ရောက်သွားရတာပါ။ ဗြိတိန် အယ်လိဇဘတ် ဘုရင်မကြီးကတော့ နံပါတ် ၁၁ ကနေ နံပါတ် ၁၂ နေရာကို ရောက်သွားရှာပါတယ်။ ဘုရင်စနစ်ရှိသေးတဲ့ နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့စပိန်နိုင်ငံတို့တော့ အခု စာရင်းထဲကို တိုးလို့ မရသေးပါဘူး။

ဒါနဲ့ စကားမစပ်..... အခုစာရင်းက တော်ဝင်လူတန်းစား မင်းမျိုးမင်းနွယ်ရဲ့ ချမ်းသာမှုစာရင်းကြီး ဖြစ်နေလို့ပေါ့ဗျာ။ ကမ္ဘာ့အချမ်းသာဆုံး စာရင်းတွေ ထုတ်တဲ့အခါကျရင် ကျွန်တော်တို့ မြန်မာပြည်က ကျိကျိတက် မဟားတရား ချမ်းသာတဲ့ သူဌေးတွေလည်း နံပါတ် ၁ ကနေ ၁၀၀ အတွင်းမှာ ပါလောက်ပါရဲ့။ သြော်... သူတို့သာ တရားဝင် ကြေညာရဲရင်ပေါ့နော်။ အဟက်...

Saturday, August 23, 2008

Not above the law

ဒီကိစ္စကို ကြားနေရတာ ကြာပါပြီ။ မြန်မာဘလော့တွေမှာလည်း အဲဒါကို ဆွေးနွေးကြ ဝေဖန်အကြံပြု ရေးသားကြတာတွေကိုလည်း ဖတ်ရှုရပါတယ်။ စလုံးအစိုးရအနေနဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် တစ်စုံတစ်ရာ မပြပဲ သက်တမ်းတိုးမပေးတဲ့အတွက် မြန်မာအရေးလှုပ်ရှားသူတွေအနေနဲ့သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြသေးတယ်။ အခုတော့ စနေနေ့ထုတ် သတင်းစာမှာ ပြည်ထဲရေးဝန်ကြီးဌာနက ဖြေရှင်းချက် ပေးပါပြီ။ ထင်ထားတဲ့အတိုင်းပါပဲ။ စလုံးအစိုးရဘက်ကတော့ ထုံးစံအတိုင်း ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရမူကို ကိုင်စွဲပြီး ချေပသွားပါတယ်။ နောက်ဆုံးတော့လည်း ဒီဘူတာပဲ ဆိုက်ရတာပါပဲလေ။

Myanmar activists not above the law
(By Sue-Ann Chia)

They have persistently ignored police warning in the past year, says MHA

Some Myanmar nationals involved in political activism here believe that they are above Singapore laws, the Ministry of Home Affairs (MHA) said yesterday.

It said foreigners who works, study or live here must "respect the law and local sensitivities in Singapore".


"The police and Immigration and Checkpoints Authority (ICA) have no objection to members of the Myanmar community in Singapore pursuing their political activities so long as they abide by our laws," a ministry spokesman told The Straits Times.

"Indeed, the police have approved and facilitated many such activities conducted through lawful means."

His statement was in response to a group of Myanmar nationals who held a media conference yesterday, the second in three weeks, to press the Immigration and Checkpoints Authority to reveal why it did not renew the passes for six of them.

The spokesman singled out the Overseas Burmese Patriots (OBP) - a loose grouping of about 50 Myanmar nationals - and noted that it is one of a number of groups that organized activities to express their concerns about the situation in Myanmar.

But unlike other Myanmar groups "which have conducted their activities in a lawful manner, the OBP has chosen to do so in open and persistent defiance of our laws", the spokesman said,

There are about 30,000 Myanmar nationals living in Singapore.

MHA said OBP members have been investigated by the police for staging a number of illegal protests.

"The authorities have chosen to issue several of them with a warning for their offences instead of prosecution so as to give them a second chance. Regrettably, this leniency is not appreciated," it said.

Some individuals in the OBP "continue to maintain a position that suggests they see themselves being above the law which Singaporeans observe," it added.

Members not only ignored repeated police advice to act within Singapore's laws, but also ignored requests from government officials to meet to discuss the group's conduct.

At the press conference, OBP spokesman Myo Myint Maung confirmed that of the six whose passes were not renewed, five had taken part in a public protest last November.

The sixth person was in the vicinity of the protest in Orchard Road.

"We do have a suspicion that the rationale for the rejections might be because of the protests and our activities," he said.

The press conference was attended by political activists, bloggers and opposition party members.

Some of OBP's activities include what Mr Myo called a "peaceful protest" in Orchard Road during the Asean Summit last November, and the "Vote No" campaign to protest against Myanmar's new Constitution in April and May this year.

Since last month, at least six of the Myanmar nationals did not get their visas or permits renewed or extended by the ICA and Manpower Ministry.

The two agencies, in line with existing policy, did not give reasons.

At the press conference, Mr. Myo, 23, a business undergraduate, identified four of the six, saying one was a permanent resident here for eight years.

He insisted that all six had not committed any crimes, even though some were issued a stern warning by the police for their activities, which advocate political change in Myanmar.

To him, this meant the activities "were not unlawful enough to put us to court".

The ministry spokesman, in addressing this point, said: "The right of a foreign national to work or stay in Singapore is not a matter of entitlement or a right to be secured by political demand and public pressure."


Source: THE STRAITS TIMES
Saturday, August 23 2008, Page B7

Friday, August 22, 2008

Inconsideration

အလိုက်မသိခြင်းကို အင်္ဂလိပ်လို Inconsiderationလို့ ဘာသာပြန်လိုက်ရမလားပဲ။ Inconsiderate - (Adj) အနေနဲ့ကတော့ without due regard for the rights or feelings of others လို့ အနက်ဖွင့်ဆိုထားပါတယ်။ အလိုက်မသိဘူး ဆိုတာကတော့ အပျော့စားလေးပေါ့။ အပြင်းစားလေး ပြောရရင်တော့ အလိုက်ကန်းဆိုး မသိဘူးပေါ့ဗျာ။ ဒီထက် ရိုင်းရိုင်းပြောရင် သောက်တို့ စောက်တို့ပဲ ထည့်ပြောရတော့မယ်။

အဝေးမြေ နိုင်ငံရပ်ခြားမှာ ရွှေမြန်မာတွေ ကူညီရိုင်းပင်းမှု မရှိတော့ဘူးလားလို့... တချို့တလေ မေးတတ် ဆိုတတ်ကြပါတယ်။ မြန်မာပီပီ ကူညီလိုတဲ့စိတ်ကတော့ ရှိပါတယ်။ ဒါပေမယ့် အလိုက်မသိတဲ့ လူအချို့ကြောင့် ကူညီချင်စိတ်တွေ တဖြည်းဖြည်း ခေါင်းပါးသွားရပါတယ်။ တချို့ကျတော့လည်း ကူညီပေးလိုက်ရပေမယ့် ကျေးဇူးမတင် ဖင်လှန်ပြန် ဆိုတာမျိုးတွေလည်း ရှိကြပြန်ရော။ ကျေးဇူးရှိလို့ ကျေးစွပ်တယ်ဆိုတာ ဒါမျိုးပဲ နေမှာပါ။ တချို့လို့ ဆိုထားတဲ့အတွက် အားလုံးကို မရည်ရွယ်ကြောင်း သိသာစေလိုပါတယ်။

အခုရက်ပိုင်းအတွင်းမှာ အသိတစ်ယောက်က အလိုက်မသိတာတွေ လုပ်သွားလို့ အတော်လေး အချိန်ကုန် လူပန်းရပါတယ်။ အသိဆိုပေမယ့် ကိုယ်နဲ့ တိုက်ရိုက်သိတဲ့ အသိမဟုတ်ပဲ ဆင့်ပွါးဆင့်ပွါးကနေ တဆင့် သိရတဲ့ အသိမျိုးပါ။ ဇာတ်လမ်းအစက လူကြုံပစ္စည်းပါ။ ဟိုတလောက ဆုံးသွားတဲ့ ဦးလေးရဲ့ ရက်လည်အမှီ သူ့သမီး ရန်ကုန်ပြန်သွားသေးတယ်။ သူ ရန်ကုန်ကနေ စင်္ကာပူ ပြန်လာတော့ အဲဒီ အသိအတွက် လူကြုံတွေ ထည့်ပေးလိုက်တယ်။ အဲဒီအသိက ကျွန်တော့်ညီမနဲ့ လုံးဝ မသိပါဘူး။ ကျွန်တော်ကနေတဆင့် သိလို့ သူက ကြားကနေ သယ်လာပေးရတာမျိုးပါ။

အဲဒါနဲ့ တစ်နေ့ ရုံးဆင်းချိန်မှာ အဲဒီ လူကြုံတွေကို လာယူဖို့ ညီမဖြစ်သူ ဖုန်းဆက်တော့ သွားယူရတာပေါ့။ တော်ရုံတန်ရုံ အပြင်ထွက်လေ့ မရှိတဲ့ ကျွန်တော့်အဖို့တော့ တကူးတက အချိန်ပေးရတာပါပဲလေ။ အဲဒါနဲ့ အိမ်ကနေ နာရီဝက်ကျော်ကျော် ရထားစီးရတဲ့ ညီမရဲ့ အိမ်ကို သွား ပစ္စည်းတွေယူ... ပြီးတော့ ပစ္စည်းပိုင်ရှင်ကို ကျွန်တော်နေတဲ့ အိမ်နားက ဘူတာမှာ လာယူဖို့ ဖုန်းဆက် ချိန်းတာပေါ့။ ကျေးဇူးရှင်က အဲဒီ ဘူတာကို ဘယ်လို လာရမယ်မှန်း မသိလို့ သူနေတဲ့ အိမ်နားက ဘူတာကိုပဲ လာခဲ့ပါဆိုပဲ။ သူ့ဘူတာက ကျွန်တော် ညီမ အိမ်နဲ့ဆို တောင်မြောက် ဆန့်ကျင်ဘက်ပဲ။ ကျွန်တော့်အိမ်က အဲဒီကြားထဲမှာ ရောက်နေတယ်။ မထူးပါဘူး ရထားပေါ် ရောက်လက်စနဲ့ နောက်ထပ် ဆက်စီးသွားမယ်ဆိုပြီး သူ့ဘူတာ အရောက် လာခဲ့လိုက်တယ်။ အဲဒါနဲ့ ဘူတာအ၀မှာပဲ သူနဲ့တွေ့ပြီး သူ့ပစ္စည်းတွေ ပေးခဲ့လိုက်တယ်။ အဲဒါက ပထမအကြိမ် အလိုက်မသိပဲ လူကြုံသယ်လာတာကို လာပေးခိုင်းခြင်းပါပဲ။

ဒုတိယအကြိမ်က အဲဒီ ဘူတာမှာပဲ ဇာတ်လမ်း စ ပြန်ရော။ သူက ပြောပါတယ်။ သူ့ သူငယ်ချင်းအိမ်မှာ နေရတာ ၁၀ ရက်ကျော်နေပြီ ဖြစ်လို့ အားနာတဲ့အတွက် သူ အိမ်ပြောင်းချင်တယ်တဲ့။ သူ့အတွက် တစ်ယောက်စာ အခန်းလွတ် ငှားလို့ရအောင် ကူညီပေးပါတဲ့။ ဒီလကုန်အထိပဲ နေမှာပါ ကူညီပေးပါ ဆိုတာနဲ့ ရှာပေးပါမယ်ပေါ့။ အိမ်ရှာရတာလည်း လွယ်တာမှ မဟုတ်တာ။ သူငယ်ချင်းတွေ အသိတွေဆီကို ဖုန်းတွေ လှမ်းဆက်... အခန်းလွတ်လေးများ ရှိသလား မေးမြန်းရတာပေါ့။ ချက်ချင်း လက်ငင်းကြီးတော့ အကြောင်း မပြန်နိုင်ဘူးလေ။ အဲဒီမှာ ဂွကျတော့တာပဲ။ ကိုယ်တော်က ရုံးချိန်ကြီး ကျွန်တော့်ဟန်းဖုန်းကို ၅ ခါလောက် ခေါ်ပြီး အိမ်ခန်း မရသေးဘူးလားပဲ မေးပါလေရော။

နောက်ဆုံးတော့ သူများအိမ်ကို မမေးတော့ပဲ ကိုယ့်အိမ်မှာပဲ အဆင်ပြေအောင် လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်မှာလည်း အခန်းတစ်ခန်းမှာ ကောင်လေး တစ်ယောက်တည်း နေနေတာဆိုတော့ ၁၀ ရက်လောက်လေး နေဖို့အတွက် အဆင်ပြေနိုင်တယ်ပေါ့။ အဲဒါနဲ့ အိမ်က လူတွေကို တိုင်ပင်ပြီး အခန်းထဲမှာ လက်ရှိနေနေတဲ့ ကောင်လေးကို အကူအညီတောင်းပေါ့။ အဲဒါနဲ့ သူ့တစ်ယောက်စာ အဆင်ပြေသွားပါတယ်။ အဲဒါနဲ့ အခန်းမှာ နေလို့ရကြောင်း ဖုန်းဆက် အကြောင်းကြားပေးလိုက်တယ်။ သူကလည်း နောက်တစ်ရက် မနက်ပိုင်းမှာ ပြောင်းလဲမယ်လို့ အကြောင်းပြန်တာကြောင့် အိမ်မှာ ရှိနေမယ့် လူတွေကို မှာထားခဲ့ရတာပေါ့ဗျာ။

နောက်တစ်ရက် မနက်ပိုင်း ပြောင်းလာမယ်ဆိုပြီးတော့ နေ့လည်ကျော်တဲ့အထိ ပေါ်မလာသေးပါဘူး။ အိမ်က လူတွေလည်း အပြင်ထွက်စရာ ရှိတာတောင် မထွက်ပဲ မနက်ပိုင်းတစ်ချိန်လုံးကို အိမ်မှာပဲ စောင့်နေကြတယ်။ ကိုယ်တော်ချောက ညနေပိုင်းလောက်ကျမှ ပြောင်းလာတော့မယ် ဆိုပြီး ဖုန်းဆက်ပြန်ရော။ အိမ်မှာက အဲဒီအချိန် ဘယ်သူမှ မရှိတော့ဘူး။ အဲဒါနဲ့ အလုပ်လာရှာတဲ့ အစ်ကိုတစ်ယောက်ကို ဖုန်းဆက်ပြီး အိမ်ပြန်စောင့်ပေးဖို့ ပြောရတာပေါ့။ အဲဒီအစ်ကိုလည်း ၁ နာရီလောက် ရထားစီးရတဲ့ ခရီးကနေ အိမ်ကို ပြန်လာပေးပါတယ်။ ပြောင်းလာမယ့် အသိကိုလည်း အဲဒီ အစ်ကိုရဲ့ ဖုန်းနံပါတ်ကို ပေးထားလိုက်တယ်။ သူတို့ အချင်းချင်း ဆက်သွယ်လို့ရအောင်ပေါ့။ အဲဒီမှာ ကိုယ်တော်ချောက အဲဒီအစ်ကိုဖုန်းကို ဆက်ပြီး သူ နေရာ မသိလို့ သူ့ကို လာကြိုပါတဲ့။ အစ်ကိုကလည်း ကျွန်တော့်မျက်နှာနဲ့ သွားကြိုပေးရှာတယ်။ ဘယ်မှာ ကြိုရသလဲ ဆိုတာကို အိမ်နားက ဘူတာလားလို့ မထင်လိုက်ကြပါနဲ့။ သူနေတဲ့ ဘူတာအထိ အဝေးကြီး သွားပြီး ကြိုခိုင်းတာပါဗျာ။ ပစ္စည်းတွေပါ ၀ိုင်းသယ်ပေးရတယ်။ တကယ်ကို အလိုက်မသိတာပဲ။

အဲဒီလိုနဲ့ ကျွန်တော်တို့ အိမ်ကို ရောက်လာရော။ သူနေမယ့် အခန်းက ကောင်လေးလည်း အပြင်သွားနေတော့ အခန်းက သော့ခတ်သွားပါတယ်။ ဒါနဲ့ ပစ္စည်းတွေကို ကျွန်တော့်အခန်းမှာထား... သူကတော့ ဧည့်ခန်းမှာပဲ ခဏတဖြုတ် နားနေရတာပေါ့။ ကျွန်တော် ပြန်လာတော့ ကျွန်တော့်ကို ပြောပါတယ်။ သူ့ သူငယ်ချင်းက ဖုန်းဆက်တယ်တဲ့။ သူ အိမ်ပြောင်းသွားသလားပေါ့။ စိတ်မကောင်းဘူးပေါ့။ အရင် သူနေတဲ့ အခန်းခကို သူငယ်ချင်းက နောက်လအထိ ငှားပေးထားကြောင်း အခုမှ ပြောတယ်ဆိုပဲ။ အိမ်က တစ်ယောက်ကလည်း အခုညနေပိုင်း သဘောင်္တက်သွားလို့ ဟိုအိမ်မှာ တစ်ယောက်တည်းပဲ ရှိတော့လို့ အဖော်မဲ့နေကြောင်း စုံပလုံစိနေတာပဲ။ အဲဒါကြောင့် ဒီညတော့ ဟိုမှာပဲ ညစာစား ညအိပ်ပြီး အကျိုးအကြောင်း မေးကြည့်မယ် ဆိုပြီး ဘာတစ်ခုမှ ပြန်မယူပဲ ပြန်သွားပါလေရော။

ဒီနေ့ကျတော့ ဖုန်းဆက်ပါတယ်။ ညီလေး အခန်းခ ဘယ်လောက်ပေးရမလဲ... အစ်ကို မနေဖြစ်တော့ဘူးတဲ့။ အိမ်မှာ သူက တစ်ရက်မှ လာမနေရသေးတော့ ကျွန်တော်လည်း တောင်းမနေပါဘူး။ ရပါတယ် အစ်ကို မပေးပါနဲ့ပေါ့။ အင်း... အဲဒါဆို သူပစ္စည်းတွေ ပြန်လာသယ်မယ်တဲ့။ အိမ်မှာ လူရှိလားတဲ့။ ဟိုနေ့က ၀ိုင်းသယ်ပေးခဲ့တဲ့ အစ်ကိုက အိမ်မှာ ရှိနေတော့ အဲဒီအစ်ကို ရှိနေမယ်လို့ အကြောင်းပြန်လိုက်တယ်။ အဲဒါနဲ့ သူ အိမ်ကို ညနေပိုင်းလောက် ရောက်လာပြန်ရော။ အိမ်ပေါ်ကို တက်မလာပဲ အိမ်အောက်ကနေ အိမ်မှာရှိတဲ့ အစ်ကိုဆီ ဖုန်းဆက်ပါတယ်။ သူ့ အပေါ်တက်လာရမှာ မျက်နှာပူလို့ သူ့ပစ္စည်းတွေ အောက်ချပေးပါတဲ့။ သူ အောက်မှာပဲ စောင့်နေမယ်တဲ့။ မျက်နှာပြောင်တဲ့လူကတော့ အတော်လေးကို မျက်နှာပြောင်ပါတယ်။ အဲဒါနဲ့ ဟိုတစ်ယောက်လည်း ရွှေမြန်မာပီပီ ကူညီတဲ့စိတ်ရင်းလေး အခြေခံပြီး အခမဲ့ကူလီ ထမ်းပေးလိုက်ရပြန်တယ်။

ကဲ... အဲဒီ အထုပ်ရှုပ် ဇာတ်လမ်းကို အစအဆုံး ကူညီပေးလိုက်ရတဲ့ ကျွန်တော်တို့အဖို့ အချိန်ကုန် လူပန်းရတာ အသေအချာပဲ မဟုတ်လား ခင်ဗျာ။ ဒါကြောင့် ဒီလိုလူမျိုးတွေကို အလိုက်ကန်းဆိုး မသိဘူးလို့ပဲ ပြောရတော့မယ် ထင်ပါတယ်။ မြန်မာတွေ ကူညီတတ်ပါတယ်။ ဒါပေမယ့်... တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုပဲ။

Wednesday, August 20, 2008

20082008

မနက်စောစောထဖို့ စဉ်းစားထားပေမယ် မနေ့ညက အိပ်ရာဝင်တာ အတော်လေး နောက်ကျတာနဲ့ နှိုးစက် မြည်နေတာကို ပြန်ပိတ်ပြီး အိပ်လိုက်သေးတယ်။ သွားစရာ လာစရာတွေ ရှိတော့လည်း အိပ်ရာက မထမနေ ထရတော့မှာပဲလေ။ အိပ်ရာထတော့ အချိန်က မနက် ၉ နာရီ ထိုးနေပြီ။ ရေမိုးချိုး အ၀တ်အစား လဲပြီး ဘူတာကို ရောက်တော့ မနက် ၁၀ နာရီ။ မနက်စာတောင် မစားဖြစ်လိုက်ပါဘူး။

ဒီနေ့က အမြဲတမ်း အာပလာ ဖြစ်ဖို့ဆိုပြီး အိုင်စီအေကို သွားဖို့ ခွင့်ယူထားတာလေ။ အိပ်ရာစောစောထ စောစောတန်းစီ စောစောပြန်လည်း ရုံးတက်ဖြစ်မှာမှ မဟုတ်တာ။ မထူးပါဘူးဆိုပြီး နောက်ကျမှပဲ အိမ်က ထွက်ဖြစ်တော့တယ်။ အိုင်စီအေကို ရောက်တော့ မနက် ၁၁ နာရီကျော်ကျော်လေး။ မရောက်တာ နှစ်နဲ့ချီနေပြီဆိုတော့ စမ်းတ၀ါးဝါး သွားရတာပေါ့။ ၅ ထပ်ကို တက်ရမယ်ဆိုတာကို သူငယ်ချင်းတွေ ကြိုပြောထားလို့ စက်လှေခါးက တက်ရမလား ဓါတ်လှေခါးနဲ့ တက်ရမလား စဉ်းစားလိုက်ရသေးတယ်။ ဓါတ်လှေခါး တံခါးဖွင့်လာတာ တွေ့တာနဲ့ မထူးပါဘူးဆိုပြီး ဓါတ်လှေခါးထဲပဲ ၀င်လိုက်တယ်။ ၃ ထပ်မှာ လူအကုန် ဆင်းသွားပြီး ၅ ထပ်ကို တစ်ယောက်တည်း တက်လာခဲ့လိုက်တယ်။

အပေါ်ရောက်တော့ တိုကင်နံပါတ်ပေးတဲ့ ကောင်တာမှာ တန်းစီနေတဲ့ လူတန်းက မနည်းမနှောကြီးပါပဲ။ တိုကင် ထုတ်ပေးတဲ့ စက်ကြီး ၂ လုံးကလည်း ခန့်ခန့်ကြီး ဘေးနားမှာ။ အဲဒါနဲ့ အရင် တန်းမစီပဲ အဲဒီ စက်နှစ်လုံးကို သွားစပ်စုလိုက်သေးတယ်။ ကိုယ်လုပ်ရမယ့် အရာတွေက အဲဒီစက်နဲ့မဆိုင်တာနဲ့ တန်းစီတဲ့နေရာမှာ အနောက်ကနေ ၀င်ပြီး တန်းစီလိုက်တယ်။ တန်းစီတဲ့ လူတွေကတော့ လူမျိုးပေါင်းစုံပါပဲ။ တရုတ် ကုလား ဗမာ အင်ဒို ဖိလစ်ပိုင် အစုံတွေ့ရပါတယ်။ ဗမာ ထမီ ပုဆိုးနဲ့ အဖိုးအဖွားတွေ မြေးလေးကို ချီပြီး ဘေးနားမှာ ရပ်စောင့်နေတာလည်း တွေ့ရတယ်။ ကလေးတစ်ဘက်နဲ့ တန်းစီနေတဲ့ ကလေးအမေတွေလည်း ရှိပါတယ်။

တန်းစီနေတဲ့အထဲမှာ ကုလားတွေက အချိုးမပြေဆုံးပါပဲ။ အသားညိုတဲ့ ကုလားထက်စာရင် အသားမဲတဲ့ ကုလားတွေက နည်းနည်းအချိုးမပြေသလိုပါပဲ။ ကျွန်တော်ဆီမှာ အသားအရောင် ခွဲခြားတဲ့ စိတ်မရှိပေမယ့် မြင်မိတာလေးက အဲဒီလို ဖြစ်နေလို့ အခုလိုပဲ ပြောရတာပါ။ သိရသလောက် မြောက်ပိုင်းက ကုလားတွေက အသားဖြူပါတယ်။ တောင်ပိုင်းက ကုလားတွေကတော့ အတော်လေး အသားမဲကြပါတယ်။ အဲဒီ အသားမဲ ကုလားတွေပဲ တန်းစီနေတဲ့ကြားက ဟိုဝင်လိုက် ဒီထွက်လိုက်နဲ့ ကုလားသိုက် ကျားဝင်ကိုက်သလို ဂဏာကို မငြိမ်ကြပါဘူး။ တန်းစီထားတဲ့ကြားက အပြင်ထွက်သွားလိုက် ပြီးရင် သူ့နေရာကို အတင်းတိုး ပြန်ဝင်ပြီး တန်းစီလိုက်နဲ့ မျက်စိကို နောက်နေတာပါပဲ။ ခပ်လှမ်းလှမ်းမှာ မတ်တပ်ရပ်နေတဲ့ မိန်းမကိုလည်း ခဏခဏ မှာတမ်းတွေ ထွက်ချွေနေတာများ မသိရင် ရှေ့တန်းထွက်မှာကြနေတာပါပဲ။ တစ်လက်စတည်း သေတမ်းစာပါ ရေးပေးခဲ့လိုက် ပြီးရောဗျာ။

ကျွန်တော့်ရှေ့က ကုလားကျတော့ လျှောက်လွှာကို မတ်တပ်ရပ်ပြီး ဖြည့်နေတာ တွေ့ရသေးတယ်။ ဒီအထိ လာတန်းစီနေပြီးမှ လျှောက်လွှာလေးတောင် မဖြည့်နိုင်ရအောင် ဒင်းက အိပ်ရာကနေ ဖုတ်ဖတ်ခါပြီး ထလာတာလား။ ဖြည့်ထားတဲ့ လခတွေကတော့ လန်ပျံနေတာပဲ။ နောက်ဆုံးရတဲ့ လခက ရေးထားတာတော့ စလုံးဒေါ်လာ ၄၅၀၀ ဗျ။ အခုလက်ရှိ လခကတော့ ဒီထက် များမယ်ဆိုတာ မပြောလည်းပဲ သိနေတယ်။ သူများတကာတွေက ရှေ့တိုးသွားပြီ သူ့ကတော့ ရှေ့မတိုးနိုင်လောက်အောင် လျှောက်လွှာ ဖြည့်နေရတယ်။ နောက်မှာ တန်းစီနေတဲ့ လူတွေကိုမှ အားမနာဗျာ။

အဲဒီလိုနဲ့ ငယ်ငယ်တုန်းက သမ၀ါယမမှာ ဆန်ဆီပေးတုန်းက တန်းစီသလို တဖြည်းဖြည်း တစ်လှမ်းချင်း ရှေ့ကိုရွေ့ရင်း ကောင်တာနားကို ရောက်သွားပါရော။ ကျွန်တော် လျှောက်လွှာတင်ဖို့ တိုကင်လိုချင်လို့ ပြောတော့ မယ်တော်ကြီးက ကြိုတင် အပွိုင့်မန့် ယူထားလားတဲ့။ မယူထားဘူးဆိုတော့ ဒီနေ့အတွက် နေရာလွတ် မရှိတော့ဘူးတဲ့။ အဲဒါကြောင့် နောက်ရက်မှာ အပွိုင့်မန့် ယူပေးမယ်တဲ့။ ဘယ်နေ့လောက် ရမလဲ ဆိုတော့ စက်တင်ဘာ ၁၀ ရက်နေ့ ရမယ်တဲ့။ ဒီကြားထဲမှာ ရက်လုံးဝ မရှိတော့ဘူးလား မေးတော့ အကုန် ပြည့်နေပြီတဲ့။ အဲဒါဆိုလည်း နေပါစေတော့ ဟိုတလောက ကိုယ့်ဘာသာကိုယ် ၀င်ပြီး လက်ဆော့ထားတာ ရှိတော့ အဲဒီရက်ပဲ ပြန်လာလိုက်တော့မယ်လေ။ ကိုယ် လက်ဆော့ထားတဲ့ ရက်က စက်တင်ဘာလ ၅ ရက်ဆိုတော့ ဘာပဲဖြစ်ဖြစ် ၅ ရက် စောတာပေါ့။ အဲဒါနဲ့ အိုင်စီအေကနေ အရည်မရ အဖတ်မရ ဘာတစ်ခုမှ မရပဲ အချိန်ကုန် လူပန်းပြီး ပြန်လာခဲ့လိုက်တယ်။

မြို့ထဲက ပင်နီဇူလားပလာဇာကို မရောက်တာ ကြာတာနဲ့ အပြန်လမ်းမှာ ၀င်ဖြစ်လိုက်တယ်။ ရုံးဖွင့်ရက် ဖြစ်တာရယ်... ထမင်းစားချိန် မရောက်သေးတာရယ်... လူအတော်လေး ရှင်းပါတယ်။ ရုံးပိတ်ရက်တွေဆိုရင် သေချာတယ် အဲဒီနေရာကို လုံးဝ မ၀င်ဖြစ်လောက်ပါဘူး။ အဲဒီနေ့တွေမှာ လူက အတော်များတော့ စားသောက်ဆိုင်တွေ ထိုင်ရတာ အဆင်မပြေလှဘူး။ မနက်စာ မစားရသေးတာနဲ့ ၀င်းမေတ္တာမှာ နေ့လည်စာ ၀င်စားလိုက်တယ်။ ပုစွန်၊ ရုံးပတေသီး၊ ပဲပြုတ်နဲ့ သရက်ချဉ်သုပ် မှာလိုက်တယ်။ သရက်ချဉ်သုပ်နဲ့ ရုံးပတေသီးကတော့ ခံတွင်း သိပ်မတွေ့လှဘူး။ ဆိုင်မှာ နိုင်းနိုင်း မင်္ဂလာဆောင် အခွေ ဖွင့်ပြနေလို့ ထမင်းစားရင်း ငေးလိုက်သေးတယ်။ တီဗွီက မျက်နှာရှေ့တည့်တည့်မှာ မရှိတော့ ထမင်းစား မပျက်တာကိုပဲ ကျေးဇူးတင်ရမယ်။

ထမင်းစားပြီး အပြန်မှာ အိမ်မှာ စားဖို့အတွက် ဟိုဟိုဒီဒီ ၀ယ်အုံးမှဆိုပြီး ဆိုင်တွေထဲ ၀င်ကြည့်တာပေါ့။ ငပိရည်ကျို တစ်ပုလင်း၊ ဦးချိန်တီဆေး တစ်ပုလင်း၊ ပဲပြုတ် တစ်ထုပ် ၀ယ်ဖြစ်လိုက်တယ်။ အဲဒီဆိုင်မှာ စာအုပ်တွေလည်း ရောင်းတာနဲ့ ဟိုဟိုဒီဒီ စာအုပ်တွေ ကြည့်ဖြစ်ပြန်ရော။ အဲဒီစာအုပ်တွေထဲမှာ ကျွန်တော် ၂၀၀၀ ခုနှစ်ကတည်းက ရှာနေတဲ့ စာအုပ်တစ်အုပ် မထင်မှတ်ပဲ တွေ့လိုက်ရတယ်။ လယ်တွင်းသားစောချစ်ရဲ့ ရွှေမြင်းမိုရ်ပြိုမှာစိုးတယ် ဆိုတဲ့ စာအုပ်လေးပါ။ ရန်ကုန်မှာတုန်းက စာပေလောကကို ရောက်တိုင်း အဲဒီစာအုပ် ရှိမရှိ အမြဲ မေးနေကြပါ။ စာအုပ်က ပြန်မထုတ်တာ နှစ်အတော်ကြာနေပါပြီ။ အခုတွေ့တဲ့ စာအုပ်ကတော့ ၂၀၀၇ မှာ ထုတ်တဲ့ တတိယအကြိမ်မြောက် စာအုပ်ပါ။ ဘာပဲဖြစ်ဖြစ် အဲဒီစာအုပ် တစ်အုပ်တည်းနဲ့တင် ဒီနေ့အတွက် အပြင်ထွက် ရတာ တန်သွားပါပြီလေ။

အပြန်လမ်းမှာတော့ ဘဏ်တွေကို ခဏ၀င်ပြီး အိမ်လိပ်စာတွေ ပြောင်းပါတယ်။ နေ့လည်ခင်းပိုင်းဖြစ်နေတော့ ဘဏ်တွေက အတော်လေး လူရှင်းပါတယ်။ လူရှင်းနေလို့ တိုကင် မယူရဘူး ထင်ပြီး ကောင်တာတစ်ခုမှာ ၀င်ထိုင်တာ မရဘူးဗျာ။ မမလေးက တိုကင် ယူပါဆိုပဲ။ အဲဒါနဲ့ ရှက်ရှက်နဲ့ တိုကင် ထ ယူပြီး အဲဒီ ခုံမှာပဲ ပြန်ထိုင်ရတယ်။ လိပ်စာတွေ ပြောင်းဖို့ လျှောက်လွှာတွေ ဖြည့် လက်မှတ်ထိုး... ပြီးတော့ မမလေး လက်ထဲ ၀ကွက်အပ်။ မမလေးက နောက်ထပ် ၅ ရက်လောက် ကြာမယ်နော်လို့ အပြုံးလေးနဲ့ ပြောတာနဲ့ ပီတိတွေ ဖြာပြီး အိမ်ပြန်လာခဲ့ပါတော့တယ်။

ကဲ... သူများတကာတွေရဲ့ ၂၀- ၀၈- ၂၀၀၈ က ဘယ်လိုထူးခြားလဲ မထူးခြားလဲ မသိပါဘူး။ ကျွန်တော့်ရဲ့ ၂၀၀၈၂၀၀၈ ကတော့ ဒါပါပဲကွယ်။

Monday, August 18, 2008

The Chinese Valentine's Day

ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ကို လူသိများကြပါတယ်။ အနောက်တိုင်းမှာ ချစ်သူများနေ့ ရှိသလို တရုတ်မှာလည်း ချစ်သူများနေ့ ရှိပါတယ်။ တရုတ်ပြက္ခဒိန်အရ ၇ လ ၇ ရက်နေ့ဟာ ချစ်သူများနေ့ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၀၈ မှာတော့ သြဂုတ်လ ၇ ရက်နေ့ဟာ တရုတ်ချစ်သူများနေ့ပါ။ ၂၀၀၇ တုန်းကတော့ သြဂုတ်လ ၁၇ ရက်နေ့ပေါ။ အဲဒီတရုတ်ချစ်သူများနေ့နဲ့ ပါတ်သတ်တဲ့ နောက်ခံပုံပြင်လေးတွေထဲမှာ နွားကျောင်းသားလေးနဲ့ ယက္ကန်းသည်မလေး ပုံပြင်ဟာ လူသိများ ထင်ရှားပါတယ်။

ဟိုးရှေးရှေးတုန်းက အဖေအမေ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ သူ့ကို သူ့အကိုနဲ့ သူ့အကိုရဲ့ မိန်းမဖြစ်သူ မရီးတို့က ခေါ်ယူ ကျွေးမွေးထားပါတယ်။။ နွားတင်းကုပ်ထဲမှာပဲ နေရတဲ့ သူ့ကို လူတွေက နွားကျောင်းသားလေးလို့ ခေါ်ဝေါ်ကြပါတယ်။

တဖြည်းဖြည်း အရွယ်ရောက်လာပြီဖြစ်တဲ့ နွားကျောင်းသားလေးကို အမွေတွေ ခွဲပေးရမှာ မလိုလားတဲ့အတွက် မရီးဖြစ်သူက နွားကျောင်းသားလေးကို အိမ်မှာ မထားဖို့ လင်ယောကျာ်းကို ပူဆာပါတယ်။ မရီးဖြစ်သူက နွားကျောင်းသားလေး တချိန်ချိန်မှာ အမွေတွေ တောင်းရင် သူတို့အတွက် မကျန်မှာကို စိုးရိမ်နေပုံပါပဲ။ အဲဒါနဲ့ မိန်းမစကား နားထောင်ရတဲ့ အကိုဖြစ်သူကလည်း ညီငယ် နွားကျောင်းသားလေးကို ကျွဲတစ်ကောင်နဲ့ လှည်းအစုတ် တစ်စီးကို အမွေအဖြစ် ခွဲပေးပြီး အိမ်ကနေ နှင်ချလိုက်ပါတော့တယ်။

အဲဒါနဲ့ သနားစရာ နွားကျောင်းသားလေးဟာ သူ့ပစ္စည်းတွေကို ထုပ်ပိုး... လှည်းပေါ်တင်ပြီး ကျွဲကြီးနဲ့အတူ အိမ်ကနေ ထွက်ခွာခဲ့ရပါတယ်။ အဲဒီလိုနဲ့ တောင်ခြေတစ်ခုက မြေကွက်လပ်ကို ရှင်းလင်းပြီး ထွန်ယက်စိုက်ပျိုး အသက်မွေးဝမ်းကြောင်း ပြုရှာပါတယ်။

တစ်နေ့မှာ နွားကျောင်းသားလေးဟာ လယ်ထွန်ပြီး နေ့လည်ခင်းအချိန် တရေးတမော အိပ်စက် အနားယူနေပါတယ်။ အဲဒီအချိန်မှာ တစ်စုံတစ်ယောက်က နွားကျောင်းသားလေးရေ..... လို့ လှမ်းခေါ်သံကို ကြားလိုက်ရပါတယ်။ နွားကျောင်းသားလေး မျက်လုံးဖွင့်ကြည့်တော့လည်း ဘေးနားမှာ သူ့ကျွဲကြီးကလွဲလို့ ဘယ်သူမှ မရှိပါဘူး။ သေသေချာချာ ကြည့်တော့မှ ကျွဲကြီးက သူ့ကို စကားပြောနေတာဖြစ်နေတယ်။

ကျွဲကြီးက ပြောပါတယ်။ တကယ်တော့ ငါက မိုးကောင်းကင်က အပြာရောင်ကြယ် တစ်ခုပါ။ ငါ့အပြစ်တွေ ဆေးကြောဖို့အတွက် လူပြည်ကို ဆင်းလာရတာပါ။ အခုချိန်မှာတော့ မင်းအတွက် ဇနီးတစ်ယောက် ရှာပေးရမယ့် အချိန်ကို ရောက်နေပါပြီ။ အလွန်ကောင်းတဲ့ အခွင့်အရေးတစ်ခု မင်းအတွက် ရှိနေပြီ။ အဲဒါကို မင်း ဒီအချိန်မှာ လက်မလွှတ်သင့်ပါဘူး။ မနက်ဖြန်မှာ မင်း အရှေ့က တောင်ဆီကို သွားပါ။ သစ်တောတစ်ခု တွေ့ရင် အဲဒီ တောထဲကို ဆက်ဝင်သွားပါ။ တောထဲမှာ ရေကန်ကြီးတစ်ခု တွေ့ရလိမ့်မယ်။ မင်း... အဲဒီရေကန်ဘေးက သစ်ပင်တစ်ပင်ပေါ်ကို တက်ပြီး ပုန်းနေပါ။

အဲဒါနဲ့ နောက်တစ်နေ့ မနက်မှာ နွားကျောင်းသားလေးလည်း ကျွဲကြီး ပြောတဲ့အတိုင်း တောထဲဝင်ပြီး ရေကန်ကြီးဆီကို လာခဲ့ပါတယ်။ ရေကန်ဘေးနားရောက်တော့ အပင်အပေါ် တက်ကြည့်တာပေါ့။ ဘာတွေမြင်လိုက်ရသလဲ ဆိုတော့... ရေကန်ထဲမှာ နတ်သမီးလေးတွေ ရေချိုးနေတာကို မြင်လိုက်ရတာပေါ့။ အဲဒါနဲ့ အပင်ပေါ်က တိုးတိုးတိတ်တိတ် ပြန်ဆင်းလာပြီး ရေကန်ဘေးနားမှာ နတ်သမီးလေးတွေ ချွတ်ထားတဲ့ နတ်ဝတ်တန်စာတွေနား ကပ်လာခဲ့ပါတယ်။ သူ့ကို ကျွဲကြီး မှာထားတဲ့အတိုင်း အနီရောင်ဝတ်စုံ တစ်စုံကို ယူထားလိုက်ပါတယ်။ သူ့ဆီမှာ အနီရောင် ၀တ်စုံကို လာမေးတဲ့ နတ်သမီးလေးဟာ သူ့မိန်းမပဲလို့ သတ်မှတ်လိုက်ပါတယ်။

နတ်သမီးလေးတွေ ရေမိုးချိုး ဆော့ကစားလို့ ၀တဲ့အခါ နတ်ပြည်ကို ပြန်ဖို့ ပြင်ဆင်ကြပါတယ်။ အဲဒီအခါမှာ နတ်သမီးလေးတစ်ပါးမှာ နတ်ဝတ်တန်ဆာတွေ ပျောက်နေပါတယ်။ ကျန်တဲ့ နတ်သမီးလေးတွေလည်း ၀ိုင်းရှာပေးကြပေမယ့် မတွေ့ကြပါဘူး။ အဲဒါနဲ့ ကျန်တဲ့ နတ်သမီးတွေဟာ နတ်ပြည်ကို အ၀င် နောက်ကျမှာ စိုးတာနဲ့ မစောင့်တော့ပဲ မိုးကောင်ကင်ပေါ် ပြန်တက်သွားကြပါတယ်။

ကျန်ခဲ့တဲ့ နတ်သမီးလေးက ကောင်းကင်မယ်တော်ကြီးရဲ့ မြေးမလေးတစ်ဦးပါ။ နတ်ပြည်မှာ ယက္ကန်းယက်တဲ့ နတ်သမီးလေးပေါ့။ မိုးကောင်းကင်က တိမ်စိုင်တိမ်ခဲတွေက သူမရဲ့ လက်ရာတွေပေါ့။ နတ်ပြည်မှာ နေရတာ ပျင်းလွန်းလို့ဆိုပြီး ကောင်းကင်မယ်တော်ကြီး အိပ်မောကျတဲ့အချိန် လူ့ပြည်ကို ခိုးထွက်လာရင်း အခုလို အ၀တ်ပျောက်တဲ့ ဘ၀ကို ရောက်ရရှာတာပါ။ အဲဒီလိုနဲ့ပဲ နွားကျောင်းသားလေးနဲ့ နတ်သမီးလေးတို့ အကြင်လင်မယားတွေ ဖြစ်သွားကြပါလေရော။ နောက်တော့ ကလေးတွေပါ မွေးကြတာပေါ့။

လူ့ပြည်မှာ ၇ နှစ်လောက် ကြာတဲ့အခါ နတ်ပြည်မှာတော့ ၇ ရက် ရှိသွားပါပြီ။ အဲဒီအချိန်မှာ မယ်တော်ကြီးလည်း ယက္ကန်းသည် နတ်သမီးလေး ပျောက်နေတာကို သတိထားမိသွားပါတယ်။ နတ်ပြည်ကနေ လူ့ပြည်ကို နတ်ကြေးမုံကနေတဆင့် လှမ်းကြည့်လိုက်တော့ တောင်ခြေက လယ်တောအိမ်လေးမှာ သားသမီးတွေနဲ့ ပျော်ရွှင်နေတဲ့ နတ်သမီးလေးကို တွေ့သွားပါတယ်။ နွားကျောင်းသားလေး လယ်တောထဲမှာ လယ်ထွန်နေတုန်း နတ်ပြည်က မယ်တော်ကြီး ဆင်းလာပြီး နတ်သမီးလေးကို ပြန်ဖမ်းခေါ်သွားပါတော့တယ်။

ကလေးတွေက သူ့တို့အမေကို ဖမ်းခေါ်သွားတာ တွေ့တော့ လယ်ထွန်နေတဲ့ အဖေဆီကို ငိုယိုပြီး လာပြောကြတာပေါ့။ အဲဒါနဲ့ နွားကျောင်းသားလေးလည်း ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ နတ်သမီးလေးကို ဖမ်းခေါ်သွားတာ တွေ့လိုက်ရတာပေါ့။ အဲဒါနဲ့ သားနဲ့ သမီးကို တောင်းထဲထည့် ခေါ်ခဲ့ပြီး လိုက်ကြတာပေါ့။ ဒါပေမယ့် ဟိုက ကောင်းကင်ကနေ ပျံနေတာ ဆိုတော့ လိုက်လို့ မမှီဘူးဖြစ်နေတယ်။ အဲဒီအချိန်မှာ ကျွဲကြီးက သူ့ဦးချိုတွေကို လှေတစစင်းအဖြစ် ဖန်ဆင်းလိုက်ပြီး နွားကျောင်းသားလေးကို လှေပေါ်တက်ဖို့ လှမ်းပြောပါတယ်။ ကလေးတွေနဲ့အတူ လှေပေါ်တက်ပြီးတာနဲ့ချက်ချင်း လှေက မိုးကောင်းကင်ပေါ်ကို ပျံတက်သွားပါတယ်။

နွားကျောင်းသားလေး လှေနဲ့ လိုက်လာတာကို တွေ့လိုက်ရတဲ့ ကောင်းကင်မယ်တော်ကြီးက နတ်သမီးလေးနဲ့ နွားကျောင်းသားလေးတို့ ကြားမှာ ဧရာမ မြစ်ပြင်ကျယ်ကြီးကို ချက်ချင်း ဖန်ဆင်းလိုက်ပါတယ်။ လှေလေးက မြစ်ပြင်ကျယ်ကို ဖြတ်သန်းနိုင်ပေမယ့် မြစ်က ကြီးသထက် ကြီးကြီးလာပါတယ်။ ဒီလိုနဲ့ နွားကျောင်းသားလေး တစ်ယောက် မြစ်ပြင်ကျယ်ကို ဖြတ်ကျော်ဖို့ အခက်တွေ့နေရပါတယ်။

အဲဒီအချိန်မှာ မရေတွက်နိုင်လောက်အောင် များပြားတဲ့ ငှက်ကြားတွေ အုပ်စုဖွဲ့ ပျံသန်းလာကြပါတယ်။ ပြီးတော့ ကောင်းကင်ပေါ်က မြစ်ပြင်ကြယ်ကြီးပေါ်မှာ ငှက်တံတားတစ်ခုအဖြစ် ဖန်တီးကြပါတယ်။ အဲဒီ ငှက်တံတားပေါ်ကနေ နွားကျောင်းသားလေး ဖြတ်လာပြီး နတ်သမီးလေးနောက် လိုက်လာခွင့်ရလိုက်ပါတယ်။

နောက်ဆုံးတော့ ကောင်းကင်မယ်တော်ကြီးလည်း ချစ်သူနှစ်ဦးကို အလျှော့ပေး လိုက်လျောတဲ့အနေနဲ့ နှစ်စဉ် ၇ လ ၇ ရက် ရောက်တိုင်း ကောင်းကင်ဘုံမှာ ချစ်သူနှစ်ဦးကို ဆုံတွေ့ခွင့်ပေးပါတော့တယ်။

ကဲ... အဲဒါလေးကတော့ တရုတ်ချစ်သူများနေ့ နောက်ခံပုံပြင်လေးပါပဲကွယ်။

Saturday, August 16, 2008

Beijing Great Wheel

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂၀၀ ကျော်က တရုတ်လူမျိုးတွေ ကမ္ဘာမှာ ကြီးမားထင်ရှားလှတဲ့ မဟာတံတိုင်းကြီးကို တည်ဆောက်ခဲ့သလို အခုခေတ်မှာလည်း ပေကျင်းမြို့မှာ ကမ္ဘာ့အကြီးဆုံး ရဟတ်ကြီး (Beijing Great Wheel)ကို တည်ဆောက်နေကြပါပြီ။ ပေကျင်းမြို့ အရှေ့ဘက်ပိုင်းက မြေဧရိယာ ၃၂၀ ဟတ်တာဧက (ဧကပေါင်း ၇၉၀၀၀ ကျော်)ကျယ်ဝန်းတဲ့ Chaoyang Park ထဲမှာ တည်ဆောက်နေပါတယ်။ တည်ဆောက်တဲ့ ကုမ္ပဏီက စင်္ကာပူ ရဟတ်ကြီးကို တည်ဆောက်ခဲ့တဲ့ Great Wheel Cooperation ပါပဲ။
အခုဆောက်နေတဲ့ ပေကျင်းရဟတ်ကြီးက စင်္ကာပူ ရဟတ်ကြီးထက် ကြီးပါတယ်။ စင်္ကာပူ ရဟတ်ကြီးက ၁၆၅ မီတာ (၅၄၀ ပေ) မြင့်ပါတယ်။ ပေကျင်း ရဟတ်ကြီးက အမြင့် ၂၀၈ မီတာ (၆၈၀ ပေ) ရှိမှာပါ။ အချင်းက ၁၉၃ မီတာ ရှိမှာပါ။ Capsule အတွဲပေါင်း ၄၈ တွဲ ရှိမှာပါ။ တစ်တွဲမှာ လူ အယောက် ၄၀ ဆန့်ပါတယ်။ ဒါကြောင့် ရဟတ်တစ်ခုလုံးမှာ စုစုပေါင်း လူဦးရေ ၁၉၂၀ ယောက် ဆန့်ပါတယ်။ စီးနင်းခကိုတော့ လူတစ်ယောက်ကို ယွမ် ၁၀၀ လို့ အကြမ်းဖျင်း သတ်မှတ်ထားပေမယ့် အတည်မပြုရသေးပါဘူး။ ကောင်းကင်တခွင် တိမ်ကင်းစင်ပြီး နေသာတဲ့နေ့တွေမှာ အဲဒီ ပေကျင်းရဟတ်ကြီးပေါ်ကနေ လှမ်းမျှော်ကြည့်ရင် ပေကျင်းမြို့ မြောက်ဘက် တောင်တန်းတွေပေါ်က မဟာတံတိုင်းကြီးကို လှမ်းမြင်နိုင်မယ်လို့ ပြောကြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ပထမဦးဆုံး ရဟတ်ကြီးကို ၂၀၀၂ ခုနှစ်က ရှန်ဟိုင်းမြို့မှာ တည်ဆောက်ခဲ့ပါတယ်။ ရှန်ဟိုင်းရဟတ်ကြီးက အမြင့် ၁၀၈ မီတာ အချင်း ၉၈ မီတာ ရှိပါတယ်။ တင်ဆောင်နိုင်တဲ့ လူဦးရေကတော့ ၇၂၀ ယောက် ပါ။ ကုန်ကျစရိတ်က ယွမ်ငွေ ၂၄ မီလီယံပါ။ ရှန်ဟိုင်း ရဟတ်ကြီးကတော့ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ အများပြည်သူ ရုံးပိတ်ရက်တွေမှာဆို လက်မှတ်ဝယ်ဖို့ တန်းစီနေတဲ့ လူတန်းကြီး မီတာ ၂၀ အထိ ရှည်လျားပါတယ်။ အဲဒီလိုနဲ့ တရုတ်ပြည်က မြို့ကြီးတွေမှာ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက်ဆိုပြီး ရဟတ်ကြီးတွေ အပြိုင်အဆိုင် ဆောက်လုပ်ကြပါတော့တယ်။
အခုချိန်မှာတော့ တရုတ်ပြည်မှာ ရဟတ်ပေါင်း ၅ ခု တည်ဆောက်ပြီးပါပြီ။ ၃ ခုက တည်ဆောက်လျက် ရှိပါတယ်။ ၂၀၀၈ နှစ်ကုန်မှာ ဆောက်လုပ် ပြီးစီးတော့မှာပါ။ တချို့ ရဟတ်တွေကတော့ ဆောက်လုပ်ပြီးပေမယ့် မဖွင့်သေးပါဘူး။ ပေကျင်း ရဟတ်ကြီးကတော့ တရုတ်ပြည်ရဲ့ ၉ ခုမြောက် ရဟတ်ကြီးပါ။ ၂၀၀၉ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

Thursday, August 14, 2008

Man and Coat

လူနဲ့အင်္ကျီ

ကျွန်တော်ဟာ ငယ်ငယ်တုန်းက အဖြူရောင် အင်္ကျီလေးကို
တကယ်စိတ်စွဲနှစ်သက်စွာ အမြဲတမ်း ၀တ်တတ်တယ် (ဒီလိုနဲ့)
အချိန်တွေ ကုန်လွန်ခဲ့တော့ ကျွန်တော်လည်း အရွယ်ရောက်ပြီ
ဖြူစင်လှသော အင်္ကျီလေး ၀တ်ဖို့ရှက်လာတယ်

လူ ရယ် ခေါ်နိုင်တဲ့အခါ နာကျင်တတ်ပြီး စိတ်မှာ
ပြန်လည်လျှော်ဖွတ် မရတော့ဘူး ဘ၀က ညစ်ပတ်တယ်
အမှန်ကိုလည်း မမြင်နိုင်သေးတော့ ဒီအညစ်အကြေးတွေ စွန်းဆဲ
ဖြူစင်လှသော အင်္ကျီလေး မင်းအတွက် အားနာတယ်

အင်္ကျီဖြူဖြူလေးရယ် မင်းလောက် တို့ မသန့်စင်တယ်
စိတ်မှာ ဒီအညစ်အကြေးတွေ ဆေးကြောလိုက်ချင်တယ်
လိပ်ပြာမလုံချင်ဘူးကွယ် အဖြူရောင်မြင်ရင် ရင်မှာနာကျင်ခဲ့

တခါတရံ မြင်နိုင်လိမ့်မယ် အဖြူရောင် အင်္ကျီအောက်မှာ
နာကျင်ညစ်ထေး စွန်းပေသော ဘ၀တစ်ခု ရှိနေတယ်။



ကိုငှက်ကြီးရေ...
အခုတလော ကျွန်တော်တစ်ယောက်
အင်္ကျီဖြူလေးကို လွမ်းမိနေတယ်ဗျာ။
၁၄.၈.၂၀၀၈

Image Credit: http://www.htooeainthin.com/

Wednesday, August 13, 2008

My crab hole

ကျွန်တော်ရဲ့ ဂဏန်းတွင်းလေးပေါ့။ သိကြတဲ့အတိုင်း သွားစရာ လာစရာ များများစားစား မရှိတဲ့ ကျွန်တော်... အလုပ်နားတဲ့ရက်... အားတဲ့အချိန်တိုင်းမှာ တွင်းအောင်းနေလေ့ ရှိပါတယ်။

စင်္ကာပူကြက်ခြေနီရဲ့ သွေးလှူရှင် စုဆောင်းတဲ့ ပွဲတွေရှိရင် လုပ်အားပေးဖို့ ကျွန်တော် အပြင်ထွက်ပါတယ်။ ကျွန်တော်ကိုယ်တိုင် သွေးလှူစရာရှိရင် အပြင်ထွက်ပါတယ်။ သူငယ်ချင်းတွေ အသိတွေ သွေးလှူချင်ရင် သွေးဘဏ်ကို လိုက်ပို့ပေးပါတယ်။ သူငယ်ချင်း အရင်းကြီးတွေ စင်္ကာပူကို ပထမဦးဆုံးအကြိမ် ရောက်လာရင် လေဆိပ်သွားကြိုပါတယ်။ လေဆိပ်သွားကြိုရတာ အကြိမ်အရေအတွက် သိပ်မများပါဘူး။

ကျန်တဲ့အချိန်မှာတော့ ကျွန်တော့် ဂဏန်းတွင်းလေးထဲမှာပဲ ရှိနေတတ်ပါတယ်။ အပြင်ထွက်ရင် အသားမည်းမှာ စိုးလို့လား... နောက်ပြောင် မေးတဲ့လူတွေ ရှိသလို လူတောမတိုးတဲ့ကောင်လို့ စကားတင်းဆိုတဲ့လူတွေလည်း ရှိပါတယ်။ ဘယ်သူတွေ ဘာပြောပြော... ကျွန်တော့်ကတော့ မပြောင်းလဲပါဘူးခင်ဗျာ။

အဝေးရောက် သူငယ်ချင်းတွေက အိမ်အသစ်လေး ဘယ်လိုနေလဲ... သိချင်တယ်ဆိုလို့ ဓါတ်ပုံလေးတွေ ဖော်ပြလိုက်ပါရစေ။


အဲဒါလေးက အိမ်အ၀င် ဧည့်ခန်းလေးပေါ့။ ဧည့်သည်က မရှိသလောက်ပါပဲ။ ကျွန်တော်ပဲ အဲဒီမှာ ထိုင်ပြီး တီဗွီကြည့်နေတာ များပါတယ်။ သူများအိမ်ကို အရောက်အပေါက် နည်းသလို ကျွန်တော်အိမ်ကိုလည်း အလည်အပတ် ခေါ်တာ အလွန်တရာကို နည်းပါးပါတယ်။


ဒါကတော့ ကျွန်တော့်ရဲ့ နားခိုရာ အိပ်ခန်းလေးပါပဲ။ ကွန်ပျူတာ စားပွဲ၊ နှစ်ထပ်အိပ်ကုတင်နဲ့ နံရံကပ်ဗီရိုကြီးပဲ ရှိပါတယ်။ ပန်ကာကတော့ အဲယားကွန်း မဖွင့်တဲ့အချိန်မှာ သုံးဖို့ပေါ့။


ဒါလေးကတော့ ငါ့ဝမ်းပူဆာ မနေသာ ဆိုတဲ့အတိုင်း ချက်ပြုတ်ရတဲ့ မီးဖိုခန်းလေးပါ။ ကျွန်တော် ချက်တာက မရှိသလောက်ပါပဲ။ တခါတလေမှ သုံးဖြစ်တဲ့ မီးဖိုခန်းလေးပါ။

စင်္ကာပူမှာ အနေကြာနေပြီဖြစ်တဲ့ သူတွေအဖို့ ဒီလို အိမ်ခန်းတွေက ရိုးအိနေပြီ ဖြစ်ပေမယ့် မြန်မာပြည်က သူငယ်ချင်းတွေကတော့ အားကျနေမှာ အသေအချာပါပဲ။ ဒါကြောင့် ကြွားတယ်လို့တော့ မထင်ကြပါနဲ့။ ကျွန်တော်ပိုင်တဲ့အိမ်လည်း မဟုတ်တဲ့အတွက် ကြွားစရာလည်း မရှိပါဘူး ခင်ဗျာ။

Tuesday, August 12, 2008

Is it Sacrifice?

၂၀၀၈ သြဂုတ်လ ၁၀ ရက်နေ့ ကြေးမုံသတင်းစာမှာ ပါလိုက်တဲ့ သတင်းလေးတစ်ခုကို သူငယ်ချင်းတွေ ပြလို့ ဖတ်လိုက်ရပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၀၀၈ ခုနှစ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့် အမှာစကား ပြောကြားတဲ့ သတင်းလေးပေါ့။ အမှာစကား ပြောတာများ ဘာများ ထူးခြားနေလို့လဲ ဆိုရင် ထူးခြားပါတယ် ခင်ဗျာ။ သတင်းစာကတော့ အောက်မှာ ဖော်ပြထားပါတယ်။ ပုံကို ကလစ်ခေါက် အကြီးချဲ့ပြီး ဖတ်ကြည့်လိုက်ပါ။

Image Credit: Wise Guy

အမှာစကား ပြောကြားရတဲ့ နောက်ခံဖြစ်စဉ်က တကယ်ကို စိတ်ဝင်စားစရာပါပဲ။ နောက်ခံဖြစ်စဉ်က သြဂုတ်လ ၄ ရက်နေ့မှာ ကျွန်တော်တက်ခဲ့ဖူးတဲ့ ရန်ကုန် နည်းပညာတက္ကသိုလ်- လှိုင်သာယာ (အခု ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်)က ဒုတိယနှစ် ကျောင်းသူလေး မမြတ်ဆုမွန်တစ်ယောက် မနက် ၁၀ နာရီ ၄၅ မိနစ်မှာ မြွေကိုက်ခံရပါတယ်။ ကိုက်တဲ့ မြွေက မြွေဟောက်ပါ။

အဲဒါကို လှိုင်သာယာကနေ အင်းစိန်ဆေးရုံကို မြွေဆိပ်ဖြေဆေးထိုးဖို့ လွှဲလိုက်ပါတယ်။ အင်းစိန်ဆေးရုံကို ရောက်တဲ့အခါ အရေးပေါ်ခန်းတာဝန်ကျ ဆရာဝန်မလေးက လူနာကို လက်ခံယူပါတယ်။ ဆရာဝန်မလေးက ဆေးကုသဆောင် ပထမလက်ထောက်ဆရာဝန်ရဲ့ ကြိုတင်ညွှန်ကြားချက်အရ မြွေဆိပ်ဖြေဆေး မရှိတဲ့အတွက် ရန်ကုန်ဆေးရုံသစ်ကြီး(ဂျိုက်ကာ)သို့ ထပ်ဆင့် လွှဲပြောင်းပေးပါတယ်။ ရန်ကုန်ဆေးရုံသစ်ကြီး အရေးပေါ်ဌာန ဆရာဝန်က အဲဒီအချိန်မှာ ထမင်းစား သွားနေတဲ့အတွက် တာဝန်ကျ သူနာပြုဆရာမက ရန်ကုန်ဆေးရုံကြီးကို ဆက်လက် လွှဲပြောင်းပါတယ်။ အဲဒီလို လွှဲပြောင်းနေတဲ့အချိန် ရန်ကုန်ဆေးရုံကြီးကို အသွား လမ်းမှာပဲ လူနာ ဆုံးပါးသွားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက အထူးစစ်ဆေးမှုအဖွဲ့ ဖွဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပါတယ်။ ဆေးကုသဆောင် ပထမလက်ထောက်ဆရာဝန်က အရေးပေါ် တာဝန်ကျ ဆရာဝန်တွေကို မြွေဟောက်မြွေဆိပ်ဖြေဆေး ဆေးရုံမှာ ကုန်နေလို့ မြွေဟောက်ကိုက်ခံရတဲ့ လူနာတွေကို ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းဖို့ နှုတ်နဲ့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အဲဒီ ညွှန်ကြားချက်နဲ့ တာဝန်ကျဆရာဝန်က လူနာ လွှဲပြောင်းပေးခဲ့တာလည်း ကြာပါပြီ။ ဒါပေမယ့် အမှုစစ်ဆေးတဲ့အခါမှာ ဆေးမရှိဟူသော အကြောင်းပြချက် ပြလို့မရတဲ့အတွက် နှုတ်နဲ့ ညွန်ကြားထားတဲ့ ညွှန်ကြားချက် ပျက်ပြယ်သွားပြီး အရေးပေါ်ခန်းတာဝန်ကျ ဆရာဝန်ရဲ့ တာဝန်အရပ်ရပ်သာ ဖြစ်သွားပါတော့တယ်။

အဲဒီလိုနဲ့ အင်းစိန်ဆေးရုံ ဆေးရုံအုပ်ကြီးကို အငြိမ်းစားယူစေပါတယ်။ အင်းစိန်ဆေးရုံက အရေးပေါ်ခန်း တာဝန်ကျ ဆရာဝန်ကို အလုပ်မှ ထုတ်ပယ်ပစ်ပါတယ်။ ဆေးကုသဆောင်မှ ပထမလက်ထောက်ဆရာဝန်ကို ပြင်းထန်စွာ သတိပေးခဲ့ပါတယ်။

မြန်မာပြည်မှာ စက်မှု-၁ ကနေ မြွေဆိပ်ဖြေဆေး ၂ မျိုး ထုတ်လုပ်ပါတယ်။ မြွေပွေးနဲ့ မြွေဟောက် အဆိပ်ဖြေဆေးတွေပါ။ အင်းစိန် ဘီပီအိုင်က ထုတ်ပါတယ်။ အခုနောက်ပိုင်း ပြင်ဦးလွင်မှာ နောက်ထပ် စက်ရုံတစ်ရုံတည်ပြီး ဆေးတွေ ထုတ်လုပ်နေပါပြီ။ ဆေးတွေက မြင်းသွေးကနေ ထုတ်ယူရတာပါ။ ဆေးတွေ ထုတ်လုပ်ပြီးရင်လည်း ဒီအတိုင်း သိမ်းဆည်းထားလို့မရပါဘူး။ အအေးခန်းတွေမှာ သိုလှောင်ထားရပါတယ်။ မြွေဟောက်အဆိပ်ဖြေဆေးက မြွေပွေးအဆိပ်ဖြေဆေးနဲ့ ယှဉ်ရင် ထုတ်လုပ်မှု နည်းပါတယ်။

အစိုးရဆေးရုံတိုင်းမှာ မြွေဆိပ်ဖြေဆေး ၂-မျိုးရှိရမယ်လို့ ၀န်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြီးသားပါ။ သက်ဆိုင်ရာ ကျန်းမာရေး ဦးစီးမှုး တာဝန်ခံတွေအနေနဲ့ ဆေးရုံတွေမှာ မြွေဆိပ်ဖြေဆေး ကုန်နေရင် သွားရောက် ထုတ်ယူရမှာ ဖြစ်ပါတယ်။ ပြင်ပဆေးရုံတွေမှာ မြွေဆိပ်ဖြေဆေး မရှိဘူးလို့ သိထားရပေမယ့် တချို့သော ဆေးအရောင်းဆိုင်တွေမှာ ဖြေဆေး ၁ လုံးကို ၁ သောင်းကျပ် ပတ်ဝန်းကျင်နဲ့ ရောင်းချတာမျိုး ရှိပါတယ်။ မှောင်ခိုဈေးကွက်မှာ ၂ သောင်းအထိ ဈေးရှိတယ်လို့လဲ ပြောကြပါတယ်။ အဆိပ်ဖြေဆေးက ၁ ခါသုံးရင် ၁၀ လုံးလောက် ထိုးရတယ်လို့ ကြားသိထားရပါတယ်။

ကျွန်တော့်အသိ ဆရာဝန်တွေ ပြောပြချက်အရ... ဆေးရုံတွေကို လူနာတွေ ရောက်လာရင် အရင်ဦးဆုံး အရေးပေါ်ဌာနကို ရောက်ပါတယ်။ ရောဂါနဲ့ သင့်လျော်တဲ့ ကုသအဆောင်တွေကို အရေးပေါ် တာဝန်ကျ ဆရာဝန်က လွှဲပြောင်းပေးရပါတယ်။ မြွေကိုက်လူနာတွေကို ဆေးပညာဆောင်(Medicine Department)က တာဝန်ယူ ကုသလေ့ရှိပါတယ်။ မြွေဆိပ်ဖြေဆေးတွေကို ဆေးကုသဆောင်မှာပဲ ထိန်းသိမ်းထားရှိပါတယ်။ အရေးပေါ်ဌာနမှာ ဆေးသေတ္တာလေး တစ်လုံးရှိပါတယ်။ အဲဒီ သေတ္တာထဲမှာ အရေးပေါ်ဆေးတွေရယ်၊ အရေးပေါ်သုံးဖို့ အရာတွေရယ်၊ မြွေဟောက်၊ မြွေပွေး.. မြွေဆိပ်ဖြေဆေး ၂ မျိုး စလုံး ပါရပါတယ်။ အဲဒီ ဆေးသေတ္တာကို ပထမလက်ထောက် ဆရာဝန်က အချိန်မရွေး Surprise Check လုပ်ပါတယ်။ ဒီလို ဖမ်းစစ်လိုက်လို့ ဆေးမစုံရင်တာဝန်ကျ ဆရာဝန်တွေ အတော်လေးကို အဆူအဆဲ ခံရပါတယ်။

အဲဒီလို စနစ်တကျ တည်ရှိနေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အခုလို တာဝန်ကျ ဆရာဝန် ပေါက်စလေးက ဆေးသေတ္တာထဲမှာ မြွေဆိပ်ဖြေဆေး ရှိမရှိကို မသိပဲ မနေပါဘူး။ တာဝန်ခံ ဆရာဝန်အနေနဲ့ ဆေးရှိရဲ့သားနဲ့ ဆေးမရှိဘူးဆိုပြီး လူနာကို တခြားဆေးရုံကို လွှဲပြောင်းမှာ မဟုတ်ပါဘူး။ ဆရာဝန်ပဲလေ... လူနာတွေရဲ့ အသက်ကို မကယ်ချင်ပဲ မနေပါဘူး။

ဆေးရှိရက်နဲ့ မရှိပါဘူး ပြောပါတယ်လို့ စွပ်စွဲထားပေမယ့် တကယ်မရှိဘူးလား၊ ရှိသလား ဆိုတာကိုတော့ ကာယကံရှင်တွေနဲ့ အဲဒီဆေးရုံ အတွင်းပိုင်းက လူတွေလောက်သာ သေချာ သိမှာပါ။ တကယ်ပဲ မရှိခဲ့တာ ဆိုရင် ဘယ်သူ့မှာ အပြစ်ရှိလဲ။

လူနာက ကျောင်းမှာ မြွေကိုက်ခံရတယ်ဆိုရင် လှိုင်သာယာကျောင်းက ပါချုပ်မှာ အပြစ်ရှိတာလား။ ဒါမှမဟုတ် ကျောင်းသားရေးရာကို ကိုင်တွယ်ရတဲ့ မော်ကွန်းထိန်းမှာ အပြစ်ရှိတာလား။ တက္ကသိုလ်ကျောင်းကို တောကြီးမျက်မည်း ဂျောင်ဂလောင်ထဲ မြွေတောကင်းတောထဲမှာ သွားဖွင့်စေတဲ့ နည်းပညာဝန်ကြီးဌာနက တာဝန်ရှိလူကြီးတွေမှာ အပြစ်ရှိတာလား။

ဒါမှမဟုတ်... တောထဲမှာ ကျောင်းတက်တဲ့ ကျောင်းသား ကျောင်းသူတွေ ကြက်ပေါင်ရာဘာ လည်ရှည်ဖိနပ် မစီးလို့ပဲ အခုလို ဖြစ်ရတာလား။ လမ်းသွားရင် ထီးအရှည်တစ်ချောင်း ဆောင်ထားပြီး အောက်ကိုကြည့်လို့ ခြုံလေး မြက်လေးတွေ အသာတို့ထိပြီး မြွေကိုက်မခံရအောင် သွားရမှာလား။

အခုတော့ ဓါးစားခံ သားကောင် ဖြစ်လိုက်ရတာကတော့ အင်းစိန်ဆေးရုံက တာဝန်ကျ ဆရာဝန်မလေးပါပဲ။ သူက ၁၉၉၆မှာ ဆယ်တန်း အောင်တာပါ။ ဆေးတက္ကသိုလ်-၂ ကနေ ဘွဲ့ရခဲ့တဲ့ ရှမ်းမလေးတစ်ဦးပါ။ သဘောကောင်းတဲ့ ဆရာဝန်မလေး တစ်ဦးပါပဲ။

တကယ်လို့များ တာဝန်ကျ ဆရာဝန်မှာ ညှိနှိုင်းဆောင်ရွက်မှု အားနည်းလို့ အပြစ်ရှိတယ်ဆိုရင်လည်း... ၀န်ကြီးဌာန အပေါ်ဆုံးက တာဝန်ရှိလူကြီးအနေနဲ့ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော့်မှာလည်း တာဝန်ရှိပါတယ်.. လုပ်သင့်ပါတယ်။ အခုတော့ အနိမ့်ဆုံးလူ၊ အနိုင်ဆုံးလူ ကိုသာ အပြစ်ပုံချပြီး အလုပ်ကနေ ရပ်နားလိုက်သလို ဖြစ်နေပါတယ်။ ဆေးကျောင်းမှာ ၅-နှစ် စာသင်လာပြီး ၁-နှစ် အလုပ်သင်ဆင်းလာခဲ့တဲ့ ဆရာဝန် တစ်ယောက်ကို အညွှန့်ချိုးလိုက်သလို ဖြစ်သွားစေပါတယ်။ ဆမက နောက်ထပ် ၃ နှစ် ကြာရင် ပြန်လျှောက်လို့ ရတယ်ဆိုပေမယ့် သူ့ရဲ့ စိတ်အစဉ်မှာ အမည်းစက်ကြီးတစ်ခုလို ခံစားနေရမှာကိုတော့ မြင်နေမိပါတယ်။

သြော်... ဒါနဲ့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းလောက်မှာ ရွှေပြည်သာက မြွေဟောက်ကိုက်ခံရတဲ့ ကလေးမတစ်ဦးလည်း ရန်ကုန် ဆေးရုံကြီးကို လွှဲပြောင်းတာ လမ်းမှာပဲ ဆုံးပါးခဲ့ဘူးပါတယ်။ အဲဒီကလေးမ ဆေးရုံကို ရောက်တဲ့အချိန်က အတော်လေး နောက်ကျနေပါပြီ။ ဗမာဆေးဆရာနဲ့ မြွေဆိပ်ချပြီးမှ ဆေးရုံကို ရောက်လာခဲ့တာပါ။ အဲဒီတုန်းကတော့ ဘယ်လို စုံစမ်း အရေးယူခဲ့သလဲတော့ မသိပါဘူး။ သတင်းစာမှာလည်း မပါခဲ့ပါဘူး။

အခုတစ်ခေါက်ကျမှ သတင်းစာထဲမှာ ဘာဖြစ်လို့ ပါလာရသလဲပေါ့။ အပြစ်ပေး အရေးယူတာတွေကလည်း ပြတ်သားလှတယ်။ အတော်ကို ထူးဆန်းတယ်ပေါ့။ ဟုတ်မဟုတ်တော့ မသိပါဘူး။ ကြားထားတာလေးကတော့ မြွေကိုက်ခံရတဲ့ ကျောင်းသူလေးက ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲရဲ့ မြေးလေးနဲ့ အတန်းတူ ပါတယ်တဲ့။ တချို့ကတော့ သူငယ်ချင်းလို့ ပြောကြပါတယ်ခင်ဗျာ။

ဘာပဲဖြစ်ဖြစ်လေ...
ဆရာဝန်မလေးကတော့ မြေနိမ့်ရာ လှံစိုက်ခံလိုက်ရတာလား။ စတေးခံလိုက်ရတာလား။

Credit: my friends

Saturday, August 9, 2008

The Opening Ceremony

၂၀၀၈ ပေကျင်းအိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနားက ဓါတ်ပုံအချို့ကို မှတ်တမ်းသဘောလေး သိမ်းထားချင်လို့ ဒီပို့စ်ကို တင်ပါတယ်။ ပေကျင်းအိုလံပစ်နဲ့ ပါတ်သတ်ပြီး Blog မရေးရဘူးလို့ တရုတ်အစိုးရက ကြေညာချက် ထုတ်တယ် ဆိုတာလေးလည်း ကြားထားရပါတယ်။ အဲဒါက တကယ်ကို အဓိပ္ပါယ်မရှိ တရားမျှတမှု မရှိဘူးလို့ ယူဆပါတယ်။ နိုင်ငံရေး ဘာသာရေး လူမျိုးရေး အသွေးအရောင် မပါတဲ့ နေရာတွေမှာတော့ လွတ်လပ်စွာ ဖော်ပြရေးသားခွင့် ပြုသင့်တယ်လို့တော့ ရိုးရိုးသားသား မြင်မိပါတယ်။ အားကစားဆိုတာ နိုင်ငံရေးနဲ့အတူ ရောယှက် မထားသင့်ပါဘူးလေ။


Drummers are pictured during the Opening Ceremony


The Chinese national flag arrives


The Chinese flag is raised


Dancers perform on a scroll


Artists underneath movable boxes perform


Movable-type printing


Puppets appear in the Chinese opera performance


Lang Lang plays the piano


Acrobats create a Bird's Nest out of the human body


Movable columns at the art performance of the 'Beautiful Olympics'


A dancer performs during the Opening Ceremony


A bird's-eye view of the National Stadium


Olympic flag escorted into the National Stadium


Fireworks go off after the torch

Credit : The official website of the Beijing 2008 Olympic Games