.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, January 30, 2010

Thaipusam Festival

ဒီနေ့ သွေးဘဏ်မှာ ဟောပြောပွဲတစ်ခုရှိလို့ သွားခဲ့လိုက်တယ်။ အေအိုင်ဒီအက်စ်အကြောင်း ဟောပြောတာပါ။ ချစ်သူများနေ့မှာ ဝက်ဝံရုပ်လေး ရလိုက်ရုံလေးနဲ့ ချစ်သူကို ရှိသမျှအကုန် ပုံအောပြီး အလိုမလိုက်သင့်ကြောင်း ဟာသနှောပြီး ပြောသွားတာကို သဘောကျမိတယ်။ ဈေးပေါတဲ့ကွန်ဒုံးတွေက စိတ်မချရတဲ့အတွက် မသုံးဖို့ ဟောပြောသွားတဲ့သူကြောင့် ဈေးကြီးတဲ့ကွန်ဒုံးတွေ လက်ဆောင် ရခဲ့လိုက်တယ်။ လောလောဆယ် သုံးစရာ မရှိပေမယ့် ပုပ်သိုးမယ့်အရာမှ မဟုတ်တော့လည်း သိမ်းထားလိုက်ပါမယ်။

ညနေပိုင်းမှာ မူစတာဖာဘက်ကို ဆက်လက် ချီတက်ခဲ့တယ်။ သွားရတဲ့အကြောင်းက ဆေးကျောင်းတက်နေတဲ့ ညီဝမ်းကွဲနဲ့ တပည့်မအတွက် မူစတာဖာကုန်တိုက်မှာ ဆရာဝန်သုံးနားကျပ် သွားဝယ်ဖို့ပါ။ ဟိုရောက်တော့ ကုလားပွဲတော်တစ်ခုနဲ့ တိုးနေတယ်။ လူအုပ်ကြားထဲမှာ ညှပ်ပြီးပါသွားတာ မူစတာဖာကုန်တိုက်ကို မရောက်ပဲ ကုလားဘုရားကျောင်းကို ရောက်သွားတယ်။ အဲဒီတော့လည်း ပါလာတဲ့ ကင်မရာကို မသုံးပဲ ထားလိုက်ရင် ငွေဖြုံးရာရောက်မှာ စိုးတာနဲ့ ဓါတ်ပုံတွေ ရိုက်ဖြစ်လိုက်တယ်။


အပ်တွေ ချိတ်တွေ ကိုယ်မှာချိတ် ပါးမှာလည်း တိုးလျှိုပေါက်...


အိုးလေးတွေ တွဲလောင်းချိတ်... သူကျတော့ ပုံစံတစ်မျိုးပဲ...


အပီအပြင် အားရပါးရ တီးလိုက်မယ်ကွယ်...


မြန်မာရှင်ပြုမှာဆို ကွမ်းတောင်ကိုင်လိုမျိုးဖြစ်မယ်...


ကုလားပြည်မှာလည်း ကိုကြီးကျော် ရှိနေလား...


ဒေလီ-ပီကင်း ချစ်ကြည်ရေး...

Thursday, January 28, 2010

Recent life style

အခုတလော ရုံးမှာ အတော်ကို အလုပ်များပါတယ်။ အရင်က များတာထက် ပိုပြီး များလာတယ်။ တာဝန်တွေကို ခွဲဝေပေးလိုက်ပါ ဆိုလို့ ခွဲဝေပေးကာမှ အလုပ်က ပိုပြီးများလာတယ်။ နောက်ပိုင်းမှာတော့ တချို့အလုပ်တွေကို လုပ်စရာ မလိုလောက်တော့ဘူးလို့ မျှော်လင့်ရတာပါပဲ။ အဲဒါတွေ မလုပ်ရလို့ အားသွားမယ်တော့ မထင်ပါဘူး။ တခြား အလုပ်တွေကို လုပ်ရတော့မယ့် သဘောတွေကို မြင်နေရပါတယ်။

အလုပ်များတော့ ညဘက် မအိပ်ရတဲ့ ရက်တွေလည်း များလာတယ်။ မနိုင်ဝန် ဖြစ်လာတော့ အချိန်ပိုရှိရှိသမျှ အလုပ်ပဲ လုပ်နေရတယ်။ အရင်တုန်းက ညဘက် အလုပ် လုပ်ရရင် နောက်နေ့ ရုံးမသွားတော့ဘူး။ အိမ်ကနေပဲ လုပ်တယ်။ အခုများမှာတော့ ရုံး မသွားလို့ကို မဖြစ်လို့ ရုံးသွားနေရတယ်။ အဲဒီတော့ အိပ်ရေးပျက်တဲ့ဒဏ် လိမ့်ကာခံပေါ့။ အသက်တိုမယ့်ကိန်းပဲ။ ကြာတော့လည်း မျက်ကွင်းလေးတွေ ညိုလို့။

မျက်ကွင်းလေးတွေ ညိုလို့ သနားကမားရုပ်လေးများ ဖြစ်နေမလားဆိုပြီး ကရုဏာထား မထင်ကြပါနဲ့လေ။ မထားစဖူး ထားထားတဲ့ ဆံပင်ကလည်း အတော့်ကိုရှည်နေပြီ။ ဆီမလိမ်း ခေါင်းမဖြီး ဘိုသီဖတ်သီပုံစံနဲ့ ရုံးသွားတဲ့ ရက်တွေလည်း မနည်းတော့ဘူး။ စတိုင်အသစ် ပြောင်းလိုက်တာလားလို့တောင် မေးကြတယ်။ မုတ်ဆိတ်မွေးကလည်း မရိတ်ပဲ ထားတာ လနဲ့ချီ ကြာလှပြီ။ မုတ်ဆိတ်ကို လက်နဲ့တောင် ဆုပ်ကိုင်လို့ရတယ်။ အခုဆို နှုတ်ခမ်းမွေးတောင် မရိတ်တော့ဘူး။ ငုတ်စိလေးတွေ ရှည်လာတဲ့အထိ ထားလိုက်အုံးမယ်။ အဲဒီတော့ အားလုံး ခြုံငုံကြည့်ရင် လူကြမ်းရုပ်တော့ ထွက်နေပါပြီ။

လူကြမ်းက လူကြမ်းရုပ် ထွက်တာ ဘာများဆန်းလို့လဲ လူကြမ်းရယ်... ဆိုရင် ဟုတ်တယ် ဘာမှ မဆန်းပါဘူး။ လူကြမ်းဖြစ်ခဲ့တာ ကြာလှပါပြီပဲလေ။ ဓါးခုတ်ရာ လက်ဝင်လျှိုခဲ့တဲ့ ဇာတ်လမ်းရဲ့ ရလာဒ်က လူကြမ်းဘွဲ့ပေါ့။ ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ... ဖြစ်စေချင်တဲ့ မေတ္တာရှင်က သဘောထား ပြည့်ဝကြောင်း ပြဖို့ ဇာတ်ရှိန် အတိုးအလျှော့ လုပ်တော့လည်း လူကြမ်းမှာတော့ ရှဉ့်လိုလျှောက်ကြည့်မိရင်း ပျားတုပ်ခံရတာပဲ အဖတ်တင်လိုက်တယ်။ ပျားတုပ်တော့လည်း ထုံးတို့ရပြန်ပြီ။ ထုံးတို့ထားတာကို မြင်တော့ ပျားတုပ်ခံခဲ့ရတာ အမှတ်ရစေတာပေါ့။

အခုချိန်ထိ ရွှေပွဲလာပရိသတ်ကတော့ အုတ်နီခဲကျိုးတွေ ပြောင်းဖူးရိုးတွေ ပစ်မပေးသေးပါဘူး။ အကယ်လို့များ အုတ်နီခဲကျိုးတွေ ပေးရင်လည်း လမ်းခင်းပစ်ဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ အဲဒီလို လမ်းခင်းပေးတဲ့ ကုသိုလ်နဲ့ ဦးမာဃတောင် သိကြားမင်း ဖြစ်သွားသေးတာပဲလေ။ ပြောင်းဖူးရိုးတွေ ပစ်ပေးရင်လည်း ဝမ်းပိတ်ဆေး ဖော်ပစ်လိုက်မှာပါ။ ဆေးဆရာကြီး ဇီဝကလိုမျိုး ထင်ရှားကျော်ကြားလာမှာ မဟုတ်ပေမယ့် ဇူလိုင်ဂွတော့ ဖြစ်လောက်ပါတယ်။ လူချစ်များအောင် မနေပြန်ဘူးဆိုလာရင် ဖြေစရာအဖြေက အဆင်သင့်ပါပဲ။ ချစ်သူက သူ့မှတစ်ပါး အခြားသူတွေ မချစ်ရဆိုလို့ တခြားသူတွေရဲ့ အချစ်တွေ မဝင်လာရလေအောင် ရည်ရွယ်ပြီး မုန်းဆေးဖော်နေတာပါ။ အထူးသဖြင့် မိန်းမတွေ အမြင်ကတ် မုန်းလောက်အောင် နေတတ်ပါတယ်။

ဘာမဆိုင် ညာမဆိုင် လောလောဆယ်မှာ အယ်လ်လွန်းဝါရဲ့ သီချင်းထဲက စာသားတစ်ခုကို သဘောကျမိလို့ ကူးထားလိုက်အုံးမယ်။ ခံစားချက်နဲ့ တိုက်ဆိုင်မှု ရှိတာလည်း ပါပါတယ်။

ဘဝကို အိပ်မက်လုပ်ပြီး
မနက်ဖြန် ရောက်ချင်နေသူ
လပြာည အရိပ်ခို
အခုထိ အိပ်မပျော်ဘူး...

အင်း... တောင်စဉ်ရေမရတော့ ရေးပြန်ပြီ။ ဖတ်ချင်တဲ့သူတွေ ဖတ်သွားကြပါ။

Sunday, January 24, 2010

True heart

အစမ်းသပ်ခံ အသည်းနှလုံး

နွေနေပူမှာ ဖြတ်ကျော်လာဖူးမှ
ဆောင်းနှင်းကလေးများအား ပိုမြတ်နိုးမယ်
ပန်းပွင့်များခင်း ကိုယ့်ရင်ခွင်လမ်းအဝေး
မင်း ရောက်ရှိခိုက်
မညီမညာ ခယောင်းခင်းလမ်းတွေမှာ
အဆင်ပြေသလား
ကိုယ်တိုင်စမ်းလျှောက်ကြည့်တော့
မင်း သိပြီနော်...

အစမ်းသပ်ခံ အသည်းနှလုံး
သဘောထားအကြီးဆုံး
အားလုံးနဲ့ နှိုင်းယှဉ်
တို့ကတော့ မရှုံး
အစမ်းသပ်ခံ အသည်းနှလုံး
မင်း စိတ်ကြိုက်သုံး
အကောင်းဆုံးထက် ကောင်းမှ
မင်း ချစ်လိုက်အုံး...

အဖြူရောင်ဆိုတာ
အမည်းရောင်တွေကြားထဲ
ရောနှောထားမှ ကြည်လင်ပိုထင်ရှားမယ်
တစ်လောကလုံးနဲ့
ကိုယ်တစ်ယောက်တည်းလား
ဘဝနဲ့ရင်းလို့
မင်းကို ပြိုင်ချစ်ရဲသူ ရှိနိုင်မလား
မထင်ပါဘူး
မယုံရင် မင်းစမ်းကြည့်ပေါ့
မတားမြစ်ပါဘူး...

အစမ်းသပ်ခံ အသည်းနှလုံး
သဘောထားအကြီးဆုံး
အားလုံးနဲ့ နှိုင်းယှဉ်
တို့ကတော့ မရှုံး
အစမ်းသပ်ခံ အသည်းနှလုံး
မင်း စိတ်ကြိုက်သုံး
အကောင်းဆုံးထက် ကောင်းမှ
မင်း ချစ်လိုက်အုံး...

တေးရေးက မင်းချစ်သူပါ။ တေးဆိုက ဇော်ဝင်းထွဋ်ပါ။ အချစ်များ သူ့ဆီမှာ... သီချင်းကို နားထောင်ရင်း အဲဒီစီးရီးထဲမှာပါတဲ့ အစမ်းသပ်ခံ အသည်းနှလုံးဘက်ကို ရောက်သွားတယ်။ သီချင်းစာသားတွေကို ကြိုက်လို့ ခဏခဏ ဆိုငြီးမိနေတယ်။ နွေနေပူမှာ ဖြတ်ကျော်လာဖူးမှ ဆောင်းနှင်းကလေးများအား ပိုမြတ်နိုးမယ်... ဆိုတာကို အတော်လေး ကြိုက်မိတယ်။ နွေရာသီရဲ့ အပူဒဏ်ကို ကြုံလာတဲ့အခါမျိုးမှာ ဆောင်းရာသီက နှင်းမှုန်ဖွဲဖွဲလေးတွေကို ပြန်လည်တမ်းတ တန်ဖိုးထားမိမယ်။ နီးလွန်းရင် မမြင်... ဆိုသလိုမျိုး ကိုယ့်အနားမှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားခဲ့တဲ့သူတွေ အဲဒီအရာတွေနဲ့ ဝေးနေတဲ့အခါမျိုးမှာ နောင်တတွေနဲ့အတူ လွမ်းဆွေးနေမှာကို မြင်ယောင်မိတယ်။

အခုတလော ဘာဖြစ်နေလို့ ညာဖြစ်နေလို့ ဒီသီချင်းကို ကြိုက်ရသလဲဆိုရင်... အထွေအထူး အထူးတလည် မှတ်ချက်ပေးစရာ မရှိပါဘူး။ အစမ်းသပ်ခံတဲ့ အသည်းနှလုံးရှိကြောင်း ကြော်ငြာဝင်တာလည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲရှိလို့ ချစ်ချစ်ကို စည်းရုံးရေး ဆင်းတာလည်း မဟုတ်ရပါဘူး။ အားလုံး အဆင်ပြေ အိုခေပါတယ်။ ဒါကြောင့် စုံစမ်းမေးမြန်းခြင်း သည်းခံပါ... လို့ပဲ ရေးလိုက်ပါမယ်။ ကျုပ်တို့က စုံစမ်းတာတော့ မဟုတ်ပါဘူး။ စပ်စုချင်တာပါလို့ ပြောလာမယ်ဆိုရင် စပ်စုတာလည်း မကြိုက်ကြောင်း တစ်ခါတည်း ပြောခဲ့ပါမယ်။

Thursday, January 21, 2010

Proboscis Monkey



အစာချေဖို့ အခက်ပွေ
နှာပွမျောက်မျိုး ဗိုက်ပူငတေ
မာန်ထောင်ကာ ရန်စ
တဏှာကျွန် ငပွ
စင်ပေါ်က မထ
ဖင်ပေါ်မှ လှ
ဝဲခြောက်တွေ ဗရပွ
ဖားခရု နှာပွ...

Saturday, January 16, 2010

Good morning

ငယ်ငယ်တုန်းက ကြော်ငြာတွေ လာရင် ကြည့်ဖြစ်တယ်။ အဲဒီတုန်းက မြန်မာ့ရုပ်သံက ပြတဲ့အစီအစဉ်တွေက ပျင်းဖို့ အလွန်ကောင်းတယ်။ သီချင်းတွေ လာရင်လည်း ပုံတုံးကြီးတွေ။ အရောင်တွေကလည်း မှိန်တိန်တိန်။ ကြော်ငြာတွေကမှ ကြည့်လို့ ပိုကောင်းနေတယ်။ ရိုက်ထားတာလည်း စွဲဆောင်မှု ရှိတယ်။ Good Morning ပေါင်မုန့် ကြော်ငြာဆိုရင် ထက်ထက်မိုးဦးနဲ့ တွဲပြီး မှတ်မိနေတယ်။ အဲဒီခေတ်အခါက အဲဒီပေါင်မုန့်က ဈေးကြီးတယ်လို့ ပြောလို့ရတယ်။ ဆိုင်မှာ ရောင်းမကုန်လို့ ရက်လွန်နေတဲ့ ပေါင်မုန့်ဆိုရင်လည်း သူတို့က အသစ်နဲ့ ပြန်လဲပေးသေးတယ်။ အဲဒီတော့ ဆိုင်တွေက အဲဒီပေါင်မုန့်ကို ဈေးကြီးပေမယ့် ရောင်းကြတယ်။ ကြော်ငြာအားကောင်းတော့ ရောင်းအားလည်း ကောင်းပြန်တယ်။

နောက်ပိုင်းမှာ နန္ဒာလှိုင်ရဲ့ ကြော်ငြာတွေ ပေါ်လာတယ်။ အဲဒီထဲက ကြော်ငြာတစ်ခုကို ကလေးဘ၀တုန်းက အတော်လေးကို နားမလည်ခဲ့တာပါ။ ကြော်ငြာထဲမှာ ပေါင်မုန့်လိုမျိုး အထုပ်လေးကို ပြထားပြီး နွေမိုးဆောင်း ဘယ်လိုပြောင်းပြောင်း အချိန်တိုင်းမှာ အန်းလီပါ... ဆိုပြီး နန္ဒာလှိုင်က ပြောသွားတယ်။ ကလေးပီပီ မြင်မိထင်မိတာက အဲဒါလည်း ပေါင်မုန့်ကြော်ငြာပဲပေါ့။ ဒါကြောင့် မုန့်ဆိုင်ကိုရောက်ရင် အဲဒီအန်းလီကို တကူးတက ရှာကြည့်သေးတယ်။ ဒါပေမယ့် မုန့်တွေထားတဲ့ နေရာမှာ အန်းလီကို ဘယ်တော့မှ မတွေ့ပါဘူး။

အိမ်က အမေကို မေးကြည့်တော့လည်း ရေရေရာရာ မဖြေဘူး။ စားစရာ မဟုတ်ဘူးလို့ပဲ ဖြေတယ်။ စားစရာ မဟုတ်ရင် ဘာလဲ မေးတော့ အဖြေက ဟိုလိုလို ဒီလိုလိုပဲ။ မွေးထားတာကလည်း သားယောကျာ်းတွေပဲ သုံးယောက်။ သမီးမိန်းခလေး လုံးဝမပါ။ ဒီလိုပဲ ကေသီပန် ဆေးကြော်ငြာလည်း ယောင်ဝါးဝါးနဲ့ နားမလည်။ ရွှေမှုန့်စားလို့ လှတာမဟုတ်ဘူး။ ကေသီပန် သောက်လို့ လှတာပါ ဆိုပဲ။ သွေးပုပ်ချဆေး ဆိုတော့ သွေးပုပ်တွေ မရှိတော့ရင် ကောင်းတာပေါ့။ အဲဒီကေသီပန် ၀ယ်သောက်လို့ ရမလားတောင် အဒေါ်ကို မေးကြည့်ခဲ့သေးတယ်။ ခေါင်းလှမ်းခေါက်လို့ ရှောင်လင်ကွန်ဖူး သုံးလိုက်ရသေးတယ်။ မရှောင်ရင် ထိပ်ဖူးတော့မှာလေ။ အီဗာနဲ့ဆို ကိုယ့်ကိုကိုယ် အမြဲယုံကြည်မှု ရှိတယ်လေ... ဆိုပြီး မကြားတကြား လှမ်းစတာလည်း ကြားဖူးခဲ့တယ်။ စာမေးပွဲမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိအောင် အီဗာဝယ်ဆောင်ရမလို ဖြစ်နေပြီ။

ကျောင်းမှာတော့ အတန်းကြီးသမားတွေ သူတို့အချင်းချင်း စ နောက်နေကြတာ ကြားဖူးတယ်။ အဲဒီမှာ ရာသီလာတယ်ဆိုတာ ကြားဖူးလာတယ်။ သေသေချာချာတော့ မသိဘူး။ အဲဒါက ရှက်စရာကောင်းလို့ပဲ မိန်းခလေးတွေကို မထိတထိ စနောက်နေတာလား။ အဲဒီအကြောင်းအရာက မြန်မာတစ်ယောက်အနေနဲ့ဆိုရင် ရှက်တာရယ် ပြောရမှာ အားနာတာရယ်နဲ့ပဲ လူရှေ့သူရှေ့မှာ ချမပြ၀ံ့တဲ့ စာတစ်ခု ဖြစ်နေတယ်။ နားနဲ့မနာ ဖဝါးနဲ့နာပါ ဆိုသလိုပဲ မသိလို့လည်းမဖြစ် ပြောပြဖို့လည်း ခက်။ ဒါပေမယ့် ပြောဖို့တော့ လိုအပ်နေတယ်။ ယောကျာ်းလေးတွေ အနေနဲ့လည်း အဲဒီကိစ္စကို သိထားသင့်ပါတယ်။ အဲဒါမှပဲ ဒါဟာဖြစ်ရိုးဖြစ်စဉ် သဘာဝဆိုတာ သိလာပြီး မစသင့် မနောက်သင့်တဲ့ဟာဆိုတာ နားလည်လာနိုင်မှာပါ။ အခုချိန်မှာတော့ ကျွန်တော်ဇူလိုင် ကေသီပန် သောက်ဖို့ မလိုမှန်း သိသွားပါပြီ။ ယုံကြည်မှုတည်ဆောက်ဖို့ အီဗာလည်း မဆောင်ထားပါဘူး။ အန်းလီပေါင်မုန့်လည်း မရှာတော့ပါဘူး။ အခုတော့ ကျွန်တော် သိပါပြီလေ။

ကျွန်တော်သိထားသလောက် ပြန်ပြောဝေမျှရမယ်ဆိုရင်... အင်္ဂလိပ်လို Period ဆိုတာ မြန်မာလို ဘာသာပြန်ရရင် ရာသီသွေးပေါ့။ မိန်းကလေးများ အပျိုဖော်ဝင်စမှာ စပြီး မိန်းမကိုယ်လမ်းကြောင်းကနေ သွေးဆင်းပါတယ်။ ပထမဆုံးတစ်ခါမှ မကြားဘူး မမြင်ဘူးတဲ့ ကလေးမတစ်ယောက်အတွက်တော့ အင်မတန်မှ လန့်စရာကောင်းတဲ့ အဖြစ်အပျက်ပါ။ ဘာမှန်းမသိပဲ ဆီးသွားသလို ခံစားရပြီး သွေးတွေ ဆင်းလာတာကို မြင်လိုက်ရတဲ့အခါမှာ သွေးပျက်သွားနိုင်ပါတယ်။ အဲဒီတော့မှ လူကြီးမိဘများကိုပြော... လူကြီးမိဘများက တော်သလို လျော်သလိုပြောပြီး ဖြေရှင်းလိုက်ရပါတယ်။ တိုင်ပင်စရာ ပြောပြစရာ အမေ အဒေါ်မရှိတဲ့ ကလေးမများအတွက်ကတော့ အတော်လေးခက်ပါလိမ့်မယ်။ အဲဒီအခါကျတော့လည်း ကျောင်းက အတန်းဖော် မိန်းကလေးတွေကိုပဲ မေးရမလား။ ဆရာမတွေကိုပဲ ချဉ်းကပ်ရမလား။ ဒွိဟတွေ ဖြစ်ကုန်တယ်။

Period လို့အလွယ်ခေါ်ကြသလို Menstruation လို့လည်း ခေါ်လေ့ရှိကြတယ်။ ပထမဆုံးလာတဲ့ အချိန်မှာ သိပ်တော့မများလေ့ ရှိတယ်။ ပထမဆုံးရက်မှာ နည်းနည်းစလာ။ ဒုတိယနဲ့ တတိယရက်က များများလာ။ လေးရက်နောက်ပိုင်းကနေ စပြီးနည်းသွားတတ်တယ်။ ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက်နဲ့လည်း မတူဘူး။ တချို့က နည်းနည်းသုံးရက် တစ်ချို့ကများများ ခုနစ်ရက်။ တစ်ချို့ကလည်း လစဉ် လာတယ်။ တစ်ချို့ကလည်း မမှန်ချေဘူး။ မမှန်တဲ့ ကလေးများကတော့ ခက်တယ်။ ပြက္ခဒိန်မှာ မှတ်ထားဖို့အကျင့်ကို မွေးမြူခိုင်းရမယ်။ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုလာမယ် ဆိုတာ မသိတော့ အဲဒီရက်ပိုင်းတွေမှာ သွားလာစရာရှိခဲ့ရင် ကြိုတင်ပြင်ဆင် ဆောင်သွားဖို့ သတိရှိကြရတယ်။ အဆင်သင့် ဆောင်ထားတာ မရှိရင်လဲ အတန်းထဲမှာ နီးစပ်ရာကို လှည့်မေးလိုက်ရင် တစ်ယောက်ယောက်မှာတော့ ရှိတတ်ပါတယ်။

တစ်ခါတစ်လေလည်း လာနေကျ ရာသီက ပျောက်သွားတတ်တယ်။ ဘယ်လိုအခြေအနေမျိုးမှာလဲဆိုတော့ (၁) မတရားဝလာတဲ့အခါ ( ၂) လေ့ကျင့်ခန်းလုပ်တာ များသွားတဲ့အခါ (၃) ကိုယ်ဝန်ရှိတဲ့အခါတွေပေါ့။ တိတိပပ အကြောင်းရှာမရတဲ့ အဖြစ်တွေလည်း ရှိနိုင်တယ်။ နားမလည်တဲ့အဆုံးတော့ နားလည်တဲ့ဆရာဝန်နဲ့ ပြဖို့ပါပဲ။ လာနေကျက မလာပဲ ပျောက်သွားရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

တစ်ချို့ မိန်းကလေးတွေ များသောအားဖြင့် ရာသီလာတဲ့အခါ ဝမ်းဗိုက်သားပြင်မှာ ကိုက်ခဲမှုဝေဒနာကို ခံစားကြရတယ်။ Dysmenorrhoea လို့ခေါ်ပါတယ်။ သားအိမ်မှာရှိတဲ့ ကြွက်သားတွေရဲ့ လှူပ်ရှားမှု (contracting)ကြောင့် ဆုပ်ဆွဲသလိုမျိုး(Cramp) ကို ခံစားရတယ်။ အတော်ကို ခံစားနာကျင်ရပါတယ်။ အဲဒီအချိန်မှာ အကိုက်အခဲသက်သာစေနိုင်တဲ့ ဆေးမျိုးကို သောက်ပေးရင်တော့ သက်သာမှူရစေပါတယ်။ ဆေးသောက်ဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြပါ။ တစ်ချို့တွေက ပြင်းပြတဲ့ နာကျင်မှူဖြစ်ပြီး တစ်ချို့တွေကတော့ ခံနိုင်တဲ့ အနေအထားလောက်ပဲ နာကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူကြတဲ့ သဘောပါပဲ။ အဲဒီကိစ္စက အသက် ၂၅ကျော်ရင်ဖြစ်စေ အိမ်ထောင်ကျပြီးရင်ဖြစ်စေ တဖြည်းဖြည်းနဲ့ သက်သာလာတတ်ပါတယ်။

တစ်ချို့သော မိန်းကလေးတွေက ရာသီမလာခင် တစ်ပါတ်ဝန်းကျင်လောက်မှာ Pre-Menstrual Syndrome (PMS)ဆိုတဲ့ ခံစားမှုမျိုးဖြစ်တတ်ပါတယ်။ ဘာတွေဖြစ်တတ်သလဲဆိုတော့ ခေါင်းကိုက်မယ်။ အထိမခံ ရွှေပန်းကန် ထိလွယ်ရှလွယ်တဲ့ စိတ်ခံစားမှုမျိုးရှိမယ်။ စိတ်ညစ်သလိုလိုဖြစ်မယ်။ စိတ်အပြောင်းအလဲ မြန်ဆန်မယ်။ Moody ခေါ်တာပေါ့။ စိတ်ကို တည်ငြိမ်အောင် လုပ်ရတာလည်း ခက်မယ်။ ပင်ပန်းလွယ် မောလွယ်မယ်။ အလုပ်တစ်ခုခု လုပ်ရင်လည်း ပိုပြီး အားစိုက်သုံးရသလို ခံစားရမယ်။ ဗိုက်ကြီး ပူနေသလိုလည်း ခံစားရနိုင်တယ်။ အစားအစာကို ပိုစားချင်သလိုမျိုး ခံစားချက်လည်း ရှိနိုင်တယ်။ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ တစ်မျိုးမျိုးလည်း ဖြစ်နိုင်သေးတယ်။ လုပ်ရည်ကိုင်ရည်တွေလည်း ကျလာသလိုမျိုး ကိုယ့်ဘာသာ ထင်တတ်တယ်။ ခါးကိုက်သလိုလို ဘာလိုလို အိပ်လို့မရသလိုလို ဘာလိုလို Tension တွေ တက်လာသလို ဖြစ်တတ်တယ်။

အဲဒီအခါမှာ ဒါမျိုးလေးတွေ လုပ်ပေးရင် သက်သာတတ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ စားပါ။ လေ့ကျင့်ခန်းလေး လုပ်ပေးဖို့။ အိပ်ရေးဝအောင် အိပ်ဖို့ လိုမယ်။ ဆေးဝါးအကူအညီယူတာ၊ ယောဂကျင့်တာ အနှိပ်ခံတာ၊ ရေကူးတာ ဂီတအကဘက်ကို ခြေဦးလှည့်တာမျိုးတွေ လုပ်ကြည့်ပေါ့။ Vitamins B6, B1, B-complex, C, Calciumနဲ့ iron ဓါတ်ပါတဲ့အစားအသောက်တွေကို ပိုစားပေးသင့်တယ်။ ဆေးလိပ် မသောက်တတ်ရင် ကောင်းပါတယ်။ ဆေးလိပ် သောက်တတ်တဲ့သူတွေက အဲဒီအချိန်မှာ ဆေးလိပ်သောက်တာ လျှော့သင့်ပါတယ်။ အဲဒါနဲ့မှ သက်သာမှု မရရင်တော့ ဆရာဝန်နဲ့ပြဖို့ ဆုံးဖြတ်လိုက်ပါ။

Tampons and pads တွေ၊ Sanitary napkinsတွေကတော့ ရာသီလာတဲ့အခါမှာ သုံးတဲ့ အမျိုးသမီး အသုံးအဆောင် ပစ္စည်းတစ်မျိုးပါပဲ။ ဟိုခေတ်ဟိုအခါ အစစအရာရာ ရှားပါးလွန်းတဲ့ အချိန်တုံးကတော့ အဝတ်စတွေကို ဖြတ်ဖြတ်ပြီးသုံးရတယ်။ ပြီးတဲ့အခါ ပြန်လျှော်ဖွတ်ကြတယ်။ အခုလို ရွေးချယ်စရာများလာတဲ့ အချိန်မှာတော့ အထုပ်ကလေးတွေကို အဆင်သင့် ဝယ်သုံးရုံပါပဲ။ အဲဒါမျိုးလေးတွေက အတွင်းခံဘောင်းဘီနဲ့ အဆင်ပြေအောင်ထားပြီး စီးဆင်းလာတဲ့ ရာသီသွေးကို စုပ်ထားဖို့ စီမံထားနိုင်တဲ့ ပစ္စည်းလေးတွေပါပဲ။ ဝယ်တဲ့အခါမှာဆိုရင်လည်း ကိုယ့်ရဲ့အနေအထားနဲ့ လိုက်ဖက်ညီမယ့် အရာမျိုးလေးတွေကို ဝယ်ရပါတယ်။ ရာသီသွေးလာတာ နည်းတဲ့သူများကတော့ ခပ်ပါးပါးကိုဝယ်ပြီး များတဲ့သူကတော့ Heavy ဆိုတဲ့ Pad ကို ဝယ်ရမှာပါ။ ညဘက်အတွက်ကိုတော့ နည်းနည်းရှည်တာ ဝယ်ရမှာဖြစ်ပြီး နေ့လည်ဘက်ကတော့ ပုံမှန် အရွယ်အစားကို ဝယ်ရမှာပါ။

အဲဒီ Pad ကို တစ်နေ့ကို သုံးခါ အကြမ်းဖျင်း လဲပေးရပါမယ်။ ရေချိုးပြီးတဲ့အခါ လဲတာ အသင့်တော်ဆုံးပါပဲ။ ရေချိုးတဲ့အခါမှာ ဆိုရင်လည်း မိန်းမကိုယ်ဝန်းကျင်ကို သေချာဆေးကြောပြီးကာမှ Pad ကို သုံးရပါမယ်။ တစ်ချို့သော ရာသီလာများသူတွေက အဲဒီမိန်းမကိုယ်လမ်းကြောင်းထဲမှာပါ သွေးခဲတွေ ကျန်နေတတ်ပါတယ်။ ဒါကြောင့် ရေချိုးတဲ့အချိန်မှာ မိန်းမကိုယ်ဝန်းကျင်ကိုသာမက မိန်းမကိုယ်ထဲကိုပါ (မရိုမသေ) လက်နှိုက်ပြီး ရှင်းလင်းဆေးကြောပေးရပါမယ်။ အတွင်းပိုင်းကိုပါ ရေနဲ့သေချာဆေးကြောပြီး သန့်ရှင်းစွာထားရပါတယ်။

အဲဒီ Pad ကို မလဲပဲထားရင် ကိုယ်ခန္ဓာကနေ အနံဆိုးတွေ ထွက်ပြီး ဘေးလူ မခံစားနိုင်အောင် ဖြစ်ပါလိမ့်မယ်။ အဲဒီ Pad ကို လွင့်ပစ်ရင်လည်း ဒီအတိုင်း လူမြင်သူမြင် မပစ်သင့်ပါဘူး။ အင်မတန်မှ အော့အော့ဖြစ်သလို ကျန်းမာရေးရှုဒေါင့်အရလည်း မသင့်တော်ပါဘူး။ သတင်းစာလိုမျိုး စက္ကူတစ်ခုခုနဲ့ သေသေချာချာပတ်ပြီးမှ ပစ်သင့်ပါတယ။် ပစ်တဲ့အခါမှာလည်း လမ်းပေါ်မဟုတ်ပဲ အမှိုက်ပုံးထဲကို သေချာပစ်ရပါမယ်။ ဘယ်တော့မှ အိမ်သာအိုးထဲကို မပစ်ပါနဲ့။ အိမ်သာ ရေဆင်းလမ်းကြောင်းကို ပိတ်ဆို့သွားပါလိမ့်မယ်။ အဲဒီ Pad တွေကို ရေဖျောဖို့လည်း မစဉ်းစားပါနဲ့။ လုံးဝ မဖြစ်နိုင်ပါ။

တစ်ချို့ကလည်း Tampons ဆိုတာ သုံးလေ့ရှိကြတယ်။ အဲဒါက ဘယ်လိုမျိုးလဲဆိုတော့ ရှည်ရှည်မျောမျော အစကလေးကို မိန်းမကိုယ်ကြားထဲ ထည့်ထားလိုက်တာပါပဲ။ စီးဆင်းလာတဲ့ ရာသီသွေးကို အဲဒီဟာလေးက စုပ်ထားပေးပါလိမ့်မယ်။ ရာသီသွေးဆင်းတာ နည်းတတ်တဲ့သူအတွက်ပဲ ကောင်းပါမယ်။ ရာသီသွေး များများလာတတ်တဲ့ သူအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ တချို့ကတော့ အဲဒါကို သုံးရမှာ မကြိုက်လို့ မသုံးကြပါဘူး။

အားကစားလည်း ရာသီလာချိန်မှာ လုပ်နိုင်ပါတယ်။ ရေကူးတာမျိုးလည်း လုပ်လို့ရပေမဲ့ အခုခေတ်မှာ HIVလို ကူးစက်ရောဂါတွေကို ကြောက်နေရတဲ့ အချိန်မှာတော့ ရာသီလာချိန်မှာ လူအများရှိနေတဲ့ ရေကူန်းကန်ထဲကို မဆင်းသင့်ဘူးလို့ မြင်မိတာပါပဲ။ HIV မရှိပါဘူးလို့ သေချာနေပေမယ့်လည်း အသည်းရောင် အသားဝါ အေပိုး ဘီပိုး စီပိုးတွေ၊ ဘာမှန်းမသိနိုင်သေးတဲ့ ရောဂါတွေက သွေးတွေထဲမှာ ရှိနေတာဆိုတော့ ရေကူးကန်ထဲဆင်းပြီး အများသူငါကို ဖြန့်ဝေပေးနေသလို ဖြစ်သွားမလို့ တွေးမိနေတယ်။ ကိုယ်တွေက အကြောက်လွန်နေတာလည်း ဖြစ်ပါလိမ့်မယ်။

~~~
အချက်အလက်တွေကို ဒီနေရာက မှီငြမ်းပါတယ်။ ကိုယ်တွေ့လုံးဝမရှိပေမယ့် တတ်သိနားလည်တဲ့ ဆရာဝန်တွေဆီက မေးမြန်းလေ့လာထားတဲ့ အချက်တွေနဲ့ စိတ်ကူးထဲက အတွေး ဟိုတစ်စ ဒီတစ်စတွေကို ပေါင်းစပ်ရေးပါတယ်။

Saturday, January 9, 2010

Paper tiger



ဘယ်သူတွေ ဘာပဲပြောပြော မှန်တာပဲ ဒို့လုပ်နေသည်... အတော်လေးကို ဆိုလို့ကောင်းတဲ့ သီချင်းစာသားပါ။ အဲဒီသီချင်းက ပေါ်လစီသီချင်းဖြစ်ပေမယ့် စာသားအချို့ကို သဘောကျမိတာ ၀န်ခံပါတယ်။ ဒါပေမယ့် အဲဒီလို ဆိုနေတဲ့လူရဲ့ လုပ်ရပ်အပေါ်မှာတော့ အဲဒီစာသားအတွက် လိပ်ပြာလုံဖို့တော့ လိုလိမ့်မယ်။ တိုင်းပြည်အကျိုး မျှော်ကိုးပြီး တကယ်ကို အလုပ် လုပ်နေတဲ့သူတွေ လောကမှာ ရှိပါတယ်။ အဲဒီလိုပဲ အကျိုးမရှိတာတွေကို ဇွတ်တရွတ်လုပ်နေပြီး မှန်တာပဲ ဒို့လုပ်နေတာ... ဘယ်သူ့မှ ဂရုမစိုက်ပါဘူး ဆိုတဲ့သူတွေလည်း ရှိတယ်။ လေကြီးလေကျယ်တွေ အော်ပြီး အသံတာအောင်တဲ့ သင်္ကြန်အမြောက်လို အမြီးမြောက်လိုက် အီးပေါက်လိုက် ဝေလေလေကောင်တွေလည်း ရှိပြန်တယ်။ အဲဒီလိုလူမျိုးတွေက အဲဒီသီချင်းစာသားကို လက်ကိုင်ပြုနေရင် အတော်ရွံဖို့ ကောင်းသွားတယ်။

အွန်လိုင်းလောကမှာ ဖိုရမ်ဆိုတာကြီးနဲ့ အရင်ဦးဆုံး တွေ့ထိမိတယ်။ တမ်းတမ်းစွဲ မခွဲမခွါ နေဖြစ်ခဲ့တယ်။ နေ့စဉ် မပြတ် အင်တာနက် မသုံးနိုင်တဲ့ ဘ၀မှာတောင် တစ်ပါတ်တစ်ခါလောက် ဆုံဖြစ်အောင် ကြိုးစားခဲ့တယ်။ အကြောင်းအရာမျိုးစုံကို ဆွေးနွေးကြ ငြင်းခုန်ကြပေါ့။ တချို့တွေက စာရေး အရမ်းကောင်းတယ်။ ရှုထောင့် မျိုးစုံကနေ ဝေဖန်တတ်တယ်။ တချို့ကျတော့ အရာရာကို အကောင်းဆုံး ဖြစ်စေချင်ကြတယ်။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ဆိုတာကို ဘေးအသာချိတ်ထားပြီး ဒါမှ ဒါပဲလို့ တဇွတ်ထိုး ရေးကြတယ်။ တကယ်မှ မလုပ်ရပဲ စကားလုံးတွေ စာအနေနဲ့ကတော့ အဲဒီလိုမျိုး ရေးနိုင်တာပဲဆိုတာကို အတော်တုံးအတဲ့ ကျွန်တော်မျိုးငပွ သိခဲ့ရတာက အတော်လေးကို နောက်ကျလွန်းပါတယ်။ အဲဒီလူတွေကို အသားလွတ် အထင်ကြီးတဲ့ စိတ်တွေ၊ လေးစားတဲ့ စိတ်တွေ၊ အားကိုးတဲ့ စိတ်တွေ ရှိခဲ့မိပေမယ့် ဖွတ်ထွက်မှ တောင်ပို့မှန်း သိခဲ့ရတာပေါ့။ ဒီလိုနဲ့ မိအေးတော့ နှစ်ခါ အနာမခံနိုင်လို့ မသက်သာ ခပ်ခွါခွါနေခဲ့လိုက်တယ်။

မှတ်မိပါသေးတယ်။ မြန်မာပြည်မှာ နာဂစ်ဝင်တော့ တိုင်းပြည်ကို ချစ်တတ်လွန်းတဲ့ မောင်မင်းကြီးသားတွေကို ကယ်ဆယ်ရေးတွေ ထူထောင်ရေးတွေမှာ ၀ိုင်းကူလုပ်ဖို့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ခေါ်ပါတယ်။ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ သကောင့်သားတွေ အပင်ပန်းအဆင်းရဲဒဏ်မခံနိုင် ခြင်ကိုက်မခံနိုင်မှာဖြစ်လို့ ဆင်ဖမ်းဖို့ ကျားဖမ်းဖို့ နေနေသာသာ လက်နာမှာစိုးပြီး ခြင်တောင် မရိုက်တော့ပါဘူး။ ပြည့်စုံလှတဲ့ အိမ်မှာပဲ ခြင်ထောင်ချပြီး ကျမ်းကြီးကျမ်းခိုင်တွေ ကိုင်ပြီး စာဖတ်နေကြတယ်။ အချိန်တန်လို့ အရာရာ နေသားတကျ ဖြစ်တဲ့အချိန်ကျရင် ဖတ်ထားတဲ့ ကျမ်းကြီးကျမ်းခိုင်တွေကနေ ထုတ်နှုတ်ထားတဲ့ စကားလုံးကြီးကြီးတွေကို ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားပဲ အာပေါင်အာရင်းသန်သန် လူကြားထဲမှာ ပြောနေအုံးမှာ အသေအချာပေါ့။

မြန်မာပြည်အတွင်း အဖွဲ့အစည်းတွေက တာဝန်ရှိလူကြီးမင်းတွေလည်း တာဝန်ယူထားတဲ့ ရာထူးနဲ့တန်အောင် စဉ်းစားဆင်ခြင် တွေးတောကြပါအုံး။ အဖြစ်လေးပဲ ပြီးပြီးရော လုပ်နေမယ်ဆိုရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးဆိုတာကို သိနေရဲ့သားနဲ့ ဘာဖြစ်လို့ မိုက်တွင်းနက်နေကြသလဲ။ ဖွဲ့လိုက်ကြတဲ့ ကော်မတီတွေ အဖွဲ့တွေ မိုးဦးကျ မှိုတွေလိုပဲ ဟိုနားပေါ်လာလိုက် ဒီနားပေါ်လာလိုက်။ အဲဒီ ကော်မတီတွေ အဖွဲ့တွေမှာ ပါနေတဲ့ လူတွေက ဘယ်နှယောက်များ တကယ် အလုပ်လုပ်ကြသလဲ။ ကော်မတီ ဖွဲ့ပါဆိုလို့ ဖွဲ့လိုက်တယ်။ စိတ်ဝင်စားမှု မရှိတဲ့သူက အများသား။ ဘာလုပ်ရမှန်း မသိပဲ ကော်မတီဝင် ဖြစ်နေတဲ့သူလည်း ရှိသေးတယ်။

အလုပ်မလုပ်တဲ့သူ၊ မလုပ်ချင်တဲ့သူတွေကို နေရာပေးထားပြီး တကယ်ကိုလုပ်နိုင်တဲ့သူတွေ လုပ်ပိုင်ခွင့်မရှိလို့ ဘေးထွက်ထိုင်နေရတာမျိုးက အဖွဲ့အတွက် နစ်နာလှပါတယ်။ တကယ်လုပ်နိုင်တဲ့သူတွေကို နေရာပေးမယ် ဆိုရင်လည်း နဂိုလူဟောင်းတွေကို ကန်ထုတ်ပစ်ရမယ်။ အတူတွဲလုပ်ဖို့ကျတော့လည်း သဟဇာတ မဖြစ်ပြန်။ အဲဒီတော့ ရန်သူအသစ် တိုးလာတာပေါ့။ စဖွဲ့ကတည်းက တကယ်လုပ်နိုင်တဲ့သူတွေနဲ့ သေသေချာချာ ဖွဲ့ခဲ့ရင် ဘာဖြစ်သွားမှာမို့လို့လဲ။ သူတို့ကိုယ်တိုင်က စက္ကူကျားပဲ ဖြစ်ချင်ရင်တော့ မပြောတတ်တော့ဘူး။

ဘယ်သူတွေ ဘာပဲပြောပြော မှန်တာပဲ ဒို့လုပ်နေသည် ဆိုတော့လည်း...
ကျွန်တော် မြင်မိ အပြစ်ရှိ...
ကျွန်တော် တွေးမိ အပြစ်ရှိ...
ကျွန်တော် ပြောမိ အပြစ်ရှိ...
ကျွန်တော် ရေးမိ အပြစ်ရှိ...

အင်း... အဲဒီ စက္ကူကျား ထကိုက်ရင်တော့ သေရာပါ ဖြစ်တော့မှာပဲ။ ကြောက်တောင် ကြောက်လာပြီဗျာ။

Monday, January 4, 2010

The giant cage



ဝါးလုံးခေါင်းထဲ လသာနေရင်တော့
ရွှေလှောင်အိမ်ဟာ နေပျော်စရာပေါ့
ကောင်းကင်ပြာကြီးနဲ့ ထိတွေ့နိုင်ဖို့
လွတ်လွတ်လပ်လပ် ပျံသန်းနိုင်စေချင်...

Sunday, January 3, 2010

Excess baggage

ဒီနေ့ ချန်ဂီကို ရောက်တယ်။ စကာင်္ပူမှာ တစ်လနီးပါး နေသွားခဲ့တဲ့ ၀မ်းကွဲညီမကို လိုက်ပို့တာပါ။ အသွားအပြန် လေယာဉ်လက်မှတ်က ရန်ကုန်က ၀ယ်လာတာ။ လက်မှတ် ရဖို့ခက်တဲ့ ကာလမှာ လာတာဖြစ်လို့ ရက်ရဖို့ပဲ အဓိက ဦးစားပေး မှာခဲ့မိတော့ သယ်လို့ရတဲ့ အလေးချိန် ကီလိုကို ပြောဖို့ မေ့သွားတယ်။ စလုံးကို လာတုန်းက ၁၇ ကီလိုပဲ ပါလာတော့ အထွေအထူး မရှိခဲ့ဘူး။ အခုပြန်တဲ့အခါမှာ ၃၆ ကီလို ဖြစ်နေတော့ ကိစ္စရှိသွားရော။ အဘွားအတွက် ငှက်သိုက်ဗူးတွေ၊ ဒီမှာ ၀ယ်ထားတဲ့ အ၀တ်အစား တချို့ရယ်၊ ကိုစိုးထက်မှာတဲ့ စာအုပ်ရယ်။ ဖုန်းဘက္ထရီ နှစ်လုံးပါတယ်။ လက်ဆောင်ပစ္စည်းတွေနဲ့ချောကလက်တချို့ ပါတယ်။

ကောင်တာမှာ လက်မှတ်ကို ပြတဲ့အခါမှ လက်မှတ်မှာ ရေးထားတဲ့ ကီလိုက ၂၀ ပဲဖြစ်နေတယ်။ အဲဒီတော့ ၁၆ ကီလိုတောင် ပိုနေပြီပေါ့။ ၁ ကီလိုကို စင်္ကာပူဒေါ်လာ ၁၀ ဆိုတော့ ဆောင်ရမှာက ၁၆၀ ဒေါ်လာတောင် ဖြစ်နေပြီ။ ပစ္စည်းတွေ လျှော့ပြီး ပြန်ချိန်ဖို့ အကြံပေးတာနဲ့ ပစ္စည်းတွေကို ပြန်ယူပြီး နောက်ပြန်ဆုတ်ခဲ့တယ်။ ဒီမှာနေတဲ့ ညီမ၀မ်းကွဲက ပစ္စည်းသိပ်မပါတဲ့ တခြားခရီးသည်တွေနဲ့ ရောပြီး ချိန်ဖို့ အကြံပေးတယ်။ အဲဒါမျိုးကို လုပ်ဖို့တော့ စိတ်မ၀င်စားဘူး။ ပိုနေတဲ့ ကီလိုအတွက် ပိုက်ဆံပေးရတာက ပေးလိုက်ပြီးရင် ကိစ္စအေးရော။ ဟိုဟာကျတော့ သူတပါးကို အားနာနေရမယ်။ ကျေးဇူးလည်း တင်နေရမယ်။

အဲဒါနဲ့ အထုပ်သေးသေး နှစ်ထုပ်ပဲပါတဲ့ ခရီးသည်အမျိုးသမီးကို သူတို့ မေးကြည့်ကြတယ်။ သူတို့ရှေ့မှာ တန်းစီနေတဲ့ တစ်ယောက်ပေါ့။ ဟိုက ယဉ်ယဉ်ကျေးကျေးပဲ ငြင်းလိုက်ပါတယ်။ သူလည်း ကီလို ၂၀ ပဲ ရတာတဲ့။ ပြုံးပြလိုက်ရတာပဲ အဖတ်တင်တယ်။ ကိုယ်ကတော့ ခပ်ဝေးဝေးမှာ ရပ်နေတော့ သူတို့ပဲ ပြုံးပြရတာပါ။ မလိုအပ်ပဲ သူများဆီက အကူအညီ တောင်းရမှာကို စိတ်ကုန်တာ အမှန်ပဲ။ အဲဒါနဲ့ ပိုသမျှ အခွန်ဆောင်မယ်ကွာ ဆိုပြီး ကောင်တာထဲ ၀င်လိုက်တယ်။

ကောင်တာဝန်ထမ်းက အသစ်လို့ ထင်မိတယ်။ အသက်ငယ်ငယ် ကောင်လေးပဲ။ မလေးလူမျိုးပါ။ သူက ချိန်ဖို့ပစ္စည်းတွေလည်း အပြင်ထိ ထွက်လာပြီး ၀ိုင်းကူမပေးတယ်။ သူ့ဘောင်းဘီက ခါးပတ်ကြိုးတောင် အထုပ် မရင်း ပြတ်သွားရှာတယ်။ ပြန်မယ့်ညီမက အသက် ၁၈ နှစ် မပြည့်သေးလို့ သူက စိုးရိမ်နေသေးတယ်။ ကွင်းထဲဝင်ဖို့ လေယာဉ်မယ်တစ်ယောက် အဖော်အဖြစ် ထည့်ပေးရမလားတဲ့။ နောက်ပြီး မိန်းခလေးတွေပဲ ရှိတဲ့ ထိုင်ခုံအတန်းကို ရွေးပေးရှာတယ်။ အဲဒီလိုနဲ့ ပိုက်ဆံ တပြားမှ မပေးရပဲ အဆင်ပြေသွားပါတယ်။

ညီမကိစ္စကို ရေးရင်း ကိုယ်ပြန်တုန်းက ကိစ္စကို သတိရမိတယ်။ စလုံးကနေ ရန်ကုန်ကို သုံးခေါက် ပြန်ပြီးပြီ။ ၂၀၀၈ နာဂစ် မ၀င်ခင်မှာ တစ်ခါပြန်တယ်။ ၂၀၀၉ မှာ နှစ်ခါပြန်တယ်။ အဲဒီ သုံးခေါက်ထဲက တစ်ခေါက်မှာ အကူအညီ အတောင်းခံရတယ်။ အမျိုးသားတစ်ယောက်က သူ့ချစ်ချစ်မှာ သယ်စရာ အထုပ်တွေ များနေလို့ ကူသယ်ပေးပါလားတဲ့။ သူ့လက်ထဲမှာတော့ အိတ်နှစ်အိတ်ပဲ ကိုင်ထားတယ်။ သူ့ဘေးက ကောင်မလေးရဲ့ လက်ထဲမှာ ခရီးဆောင်အိတ်နှစ်လုံး တွေ့တယ်။ တခြားနေရာမှာများ အထုပ်တွေ ချထားသလားလို့ ဖြည့်ပြီး တွေးလိုက်သေးတယ်။

လေယာဉ်ပေါ် အတက်မှာ တစ်ယောက်ကို ၂ ထုပ်ထက်ပိုပြီး လက်ဆွဲ သယ်ခွင့်မရှိဘူးလေ။ ကိုယ့်မှာလည်း သယ်စရာက အိတ်တစ်လုံးပဲပါတော့... ရပါတယ် သယ်ပေးပါမယ်လို့ ဖြေလိုက်တယ်။ အဲဒါနဲ့ အိတ်နှစ်အိတ် လက်ထဲ လာထည့်သွားပါလေရော။ ကိတ်မုန့်တွေပါ။ ၀န်ကျယ်ပေမယ့် သိပ်တော့ မလေးပါဘူး။ ဒီလိုနဲ့ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်ပြီး ကွင်းထဲ ၀င်လာခဲ့လိုက်တယ်။ သူတို့က ကောင်တာမှ တန်းစီနေတုန်းပဲ။ လေယာဉ်ပေါ် တက်ဖို့ မခေါ်သေးတော့ အထဲမှာ စောင့်နေခဲ့တယ်။ လေယာဉ် မထွက်ခင်မှာ မရွှေချောက ပေါ်လာပါတယ်။ ဘာအထုပ်မှ မပါဘူး။ လက်ထဲမှာ ပိုက်ဆံအိတ်ပဲ ကိုင်ထားတယ်။ အဲဒါဆို သေချာသွားပြီ။ သူ့မှာ ခရီးဆောင်အိတ်နှစ်လုံးပဲ ပါလာတဲ့ သဘောပေါ့။

ဘာဖြစ်လို့များ သူများတကာကို အကူအညီတောင်းပြီး ကိတ်မုန့်အိတ်တွေကို သယ်ခိုင်းရသလဲ ဆိုတာ စဉ်းစားရခက်လှတယ်။ လူပေါ်ကျော့ လုပ်ချင်တာလား။ ကိတ်မုန့်အိတ်နှစ်လုံးနဲ့ ကွင်းထဲမှာ လမ်းအဝေးကြီး လျှောက်ရမယ့် ချစ်သူတစ်ယောက် ပင်ပန်းမှာကို မကြည့်ရက်လို့ အခမဲ့ရတဲ့ တရုတ်ကူလီကို ငှားတာလား။ စိတ်ထဲမှာတော့ အကြည်ဓါတ်လေး ပျောက်သွားတယ်။ ဂျိုများထွက်လာသလား အမြီးများပေါက်နေသလား ဘို့များရှိနေသလား ပြန်ဆန်းစစ်ရတယ်။ ဥပဒေနဲ့ မလွတ်ကင်းတာတွေ မဟုတ်လို့ တော်သေးတာပေါ့။ ဒီက စပြီး နောက်ဆိုရင် အထုပ်ကူသယ်ဖို့ စိတ်မ၀င်စားတော့တာ အမှန်ပါပဲ။ ခဲမှန်ဖူးသွားပြီ။

မကူညီရင် မကူညီတဲ့သူကို အပြစ်မြင်တယ်။ မကူညီတဲ့သူရဲ့ နောက်ကွယ်မှာ ရှိခဲ့တဲ့ ဇာတ်လမ်းတွေကိုတော့ လူတိုင်းက မသိနိုင်ဘူးလေ။ စေတနာဟာ လူတိုင်းနဲ့ မထိုက်တန်ပါဘူး။ ဒါကြောင့် ကျွန်တော့်ကို မကူညီလည်း စိတ်မဆိုးပါဘူး။ မကူညီနိုင်ရင် မကူညီနိုင်ဘူးလို့ပဲ ဒဲ့ဒိုးပြောချလိုက်တာ အကောင်းဆုံးပါပဲ။ ပွင့်လင်းမှုက နည်းနည်းတော့ ခါးသီးပါတယ်။ ဒါပေမယ့် အဲဒီခါးသီးမှုကို ကျွန်တော် တကယ် တန်ဖိုးထားပါတယ်။

Saturday, January 2, 2010

Little yellow bird



ခဲမှန်ဖူးတဲ့ စာသူငယ်လေးအလား
အရာရာကို မယုံရဲပဲ
၂၀၁၀ နှစ်သစ်မှာ
ဟိုဟိုဒီဒီ ကြည့်နေဆဲပါ။