.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, December 31, 2010

2010 Summary

၂၀၁၀ ခုနှစ်ကတော့ ဒီနေ့ နောက်ဆုံးပါပဲ။ မနက်ဖြန်ဆို ၂၀၁၁ ဆိုတဲ့ နှစ်သစ်ကို ရောက်ပါပြီ။ စားပွဲပေါ်က ပြက္ခဒိန်တောင် အသစ်လဲလိုက်ပြီ။ ဘာလိုလိုနဲ့ ရက်ကနေ လကိုပြောင်း၊ လကနေ နှစ်ကိုပြောင်း၊ ဥတုရာသီ အလီလီပြောင်းပြီး ဘဝခရီးကြီး နှင်နေခဲ့တာ အတော်တောင် ကြာညောင်းခဲ့ပြီပဲ။ အခုချိန်မှာ ဖြတ်သန်းခဲ့သမျှ နှစ်တွေကို ပြန်ပြောင်း တွေးကြည့်ရင် မှုန်ရီဝေဝိုးတဝါး ဖြစ်နေပြီ။ ဒါကြောင့်လည်း ဒီနှစ် ၂၀၁၀ ခုနှစ်မှာ ကြုံဆုံခဲ့တာလေးတွေကို အကျဉ်းချုံးလေး ရေးမှတ်ထားပါအုံးမယ်။


ထိပ်စည်း
ဒီနှစ်ကတော့ အသက်ရဲ့ လက်ရှိထိပ်စည်း နောက်ဆုံးပါပဲ။ နောက်နှစ်ဆိုရင် ထိပ်စီးအသစ် ပြောင်းသွားပြီ။ ငယ်ရွယ်နုပျိုတဲ့ ထိပ်စည်းကို ထားခဲ့ရတော့မယ်။ ရင့်ကျက်တဲ့ ထိပ်စည်းကို ပြောင်းယူရတော့မယ်။ ဒါပေမယ့် ကိုယ့်ဘာသာ ကိုယ်သိတာက အဆင်သင့် မဖြစ်သေးဘူးပဲ။ ထိပ်စည်းပြောင်းသလို အမူအကျင့် စိတ်ဓါတ် ထိန်းချုပ်နိုင်မှုတွေ ပြောင်းနိုင်ရင် သိပ်ကောင်းမှာပဲ။ ထိပ်စည်းနဲ့အတူ မွေးမိခင်ရဲ့ မွေးကျေးဇူးတွေလည်း အစဉ်အမြဲ အောင့်မေ့လျက်ပါ။


အချိုးအကွေ့
ဒီနှစ်မှာ ဘဝရဲ့ အချိုးအကွေ့တွေ ရှိခဲ့တယ်။ လူပျိုလူလွတ်ဘဝကနေ အိမ်ထောင်သည်ဘဝကို ဘယ်သူကမှ အတင်းအကြပ် မတိုက်တွန်းရပဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် ကျေကျေနပ်နပ်ကြီး ခံယူလိုက်တယ်။ ခံယူချင်တာ ကြာလှပါပြီ မဟုတ်လားလို့ မကျီစားလိုက်ပါနဲ့။ အချိုးအကွေ့တစ်ခုကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရတာ လွယ်တာမှ မဟုတ်တာလေ။ အစစ အရာရာ ပြင်ဆင်ထားနိုင်မှ တော်ကာကြမယ်။ နှင်းတောင်ကြာပွင့်ကို ဆွတ်ခူးယူနိုင်ဖို့ ဆိုတာ တော်ရုံ အတွင်းအားနဲ့ ရနိုင်တာမျိုးမှ မဟုတ်တာလေဗျာ။


မင်္ဂလာဆောင်
ဒီနှစ်ထဲမှာ မင်္ဂလာဆောင် အတော်များတာ သတိထားမိတယ်။ နှစ်စမှာ ဈေးဦးဖောက်သူကတော့ ကျွန်တော် ကိုယ်တိုင်ပေါ့။ အဲဒီနောက်ပိုင်း အသိအကျွမ်း အဆွေအမျိုးတွေထဲက ဆောင်လိုက်ကြတာ စီကာရီကာပဲ။ အမေရိကားက အစ်ကိုဝမ်းကွဲက မေလမှာ ရန်ကုန်ပြန်လာပြီး မင်္ဂလာဆောင်တယ်။ ရန်ကုန်က ညီမဝမ်းကွဲက နိုဝင်ဘာမှာ ဆောင်ပြီး အမေရိကားကို သွားဖို့ ပြင်နေတယ်။ အွန်လိုင်းကမ္ဘာမှာ သိကျွမ်းခဲ့တဲ့ သူငယ်ချင်း ၂ ယောက်ကလည်း နိုဝင်ဘာမှာ ဆောင်ကြပြန်တယ်။ ငယ်ပေါင်း သူငယ်ချင်းက ဒီဇင်ဘာမှာ ဆောင်သလို ဗိသုကာမေဂျာက သူငယ်ချင်းကလည်း ဒီဇင်ဘာမှာပဲ ဆောင်တယ်။ စကာင်္ပူက နာမည်ကြီး ဓါတ်ပုံဆရာ ဘလော့ဂါလည်း ဒီဇင်ဘာမှာ ရန်ကုန်ပြန်ပြီး ဆောင်သွားတာ သူ့ဘလော့ဂ်မှာ ဓါတ်ပုံတွေနဲ့ ဖတ်လိုက်ရတယ်။


အလုပ်အကိုင်
လက်ရှိအလုပ်မှာ ၄ နှစ်ရှိတော့မယ်။ စင်္ကာပူမှာ ပထမဦးဆုံး လုပ်ခဲ့တဲ့ အလုပ်ဖြစ်သလို အခုအချိန်ထိလည်း ဆက်လုပ်နေတုန်းပဲ။ ဒီနှစ် မေလတုန်းက လခတိုးပေးခဲ့တယ်။ ဒေါ်လာ ၃၀၀ လောက် လခတိုးပေးတော့ မဆိုးလှဘူးပေါ့။ ဒါပေမယ့် တချို့သူတွေက ရာထူးတွေပါ တိုးကုန်တယ်။ ရာထူးတိုးသင့် တိုးထိုက်တဲ့သူတွေ ရာထူးတိုးကုန်တာ ကျေနပ်ပါတယ်။ တချို့တွေက ဘာမှ မလုပ်ပဲနဲ့ကို ရာထူးတိုးကုန်တယ်။ ဘယ်လိုဖြစ်ပြီး ကိုယ့်ကျမှ ကျန်ခဲ့ရတာလဲပေါ့... ဆိုပြီး စီနီယာမန်နေဂျာကို သွားပြောတယ်။ ထုံးစံအတိုင်း ဟိုအကြောင်းပြ ဒီအကြောင်းပြပေါ့။ စိတ်နာနာနဲ့ ဌာနပြောင်းလိုက်တာ GM က ရာထူးတစ်ဆင့် အစမ်းခန့် တိုးပေးလိုက်တယ်။ အစမ်းခန့် ကာလက ဒီနေ့ နောက်ဆုံးပဲ။ မနက်ဖြန်မှာ တရားဝင် ရာထူးတိုးသွားပြီလို့ GM က မနေ့တုန်းက ခေါ်ပြောတယ်။ အလုပ်မှာက ရာထူးတိုးရင် လခပါ ထပ်တိုးတယ် ခင်ဗျ။


လေယာဉ်ပျံ
ဘဝတလျှောက်လုံးမှာ ဒီနှစ်က လေယာဉ် အများဆုံး စီးခဲ့တဲ့ နှစ်ပါပဲ။ ရန်ကုန်ကို ၃ ခေါက် တိတိ ပြန်ခဲ့တယ်။ ပထမတခေါက်က စေ့စပ်ပွဲအတွက်၊ ဒုတိယတခေါက်က မင်္ဂလာပွဲအတွက်၊ တတိယတခေါက်က သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို တက်ဖို့အတွက် လေယာဉ်ပျံကို ၆ ခါတိတိ စီးခဲ့တယ်။ ထိုင်းကို အလုပ်ကိစ္စအတွက် ၂ ခါ သွားခဲ့ရတယ်။ အဲဒီလိုပဲ မလေးရှားကိုလည်း အလုပ်ကိစ္စအတွက် သြဂုတ်လမှာ သွားခဲ့ရတယ်။ ဒါကြောင့် ဒီနှစ်အတွင်းမှာ စုစုပေါင်း လေယာဉ်ပျံ ၁၂ ခါ စီးခဲ့ရတယ်။ မကြာခဏ ခရီးထွက်ရတဲ့ အလုပ်မျိုးတွေမှာ လုပ်နေတဲ့ သူတွေအတွက်တော့ ဒါလေးများလို့ ပြောမှာပါ။ ကျွန်တော့်အတွက်ကတော့ အတော်လေးကို များတဲ့ အရေအတွက်ပါပဲ။


ဂုဏ်ပြုဆု
ဒီနှစ်မှာ စင်္ကာပူကြက်ခြေနီရဲ့ လက်အောက်မှာ ဖွဲ့စည်းထားတဲ့ Youth Donor Club ဆိုတဲ့ အဖွဲ့အစည်းက Founding Member အဖြစ် ဂုဏ်ပြုပါတယ်။ သွေးလှူရှင် စုဆောင်းတဲ့ လုပ်ငန်းတွေမှာ ၂၀၀၇ က စပြီး ၂၀၁၀ အထိ တောက်လျှောက် ကူညီ လုပ်အားပေးတဲ့အတွက် အသိအမှတ်ပြု ဂုဏ်ပြုခံရတယ်လို့ မှတ်ယူမိပါတယ်။ သွေးလှူတာကလည်း ၁၅ ကြိမ် ရှိသွားပြီ ဖြစ်လို့ စင်္ကာပူကြက်ခြေနီက ချီးမြှင့်တဲ့ ဂုဏ်ပြုတံဆိပ် ၂ ခုလည်း လက်ခံ ရရှိထားပါသေးတယ်။ စကာင်္ပူမှာ စုပေါင်းသွေးလှူပွဲလည်း ၃ ပွဲ လုပ်ဖြစ်ပါသေးတယ်။ အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်ပါတယ်။ မြန်မာပြည်မှာလည်း စုပေါင်းသွေးလှူပွဲ ၃ ပွဲ လုပ်ဖြစ်ပါတယ်။ ငွေကုန် လူပန်းဖြစ်ရပေမယ့် ကျေနပ် အားရမှုတော့ သိပ်မရှိလှပါဘူး။ အတားအဆီးတွေက များနေသေးတယ်။


ဆောင်းပါးရှင်
ဇူလိုင်အိပ်မက်ဘလော့ဂ်ပေါ်မှာ ရေးတင်ထားတဲ့ ကျန်းမာရေး ပညာပေးဆောင်းပါးတွေကို The Voice ဂျာနယ်မှာ ဆောင်းပါးအဖြစ် ဖော်ပြခံရလို့ ဆောင်းပါးရှင်တစ်ယောက် ဖြစ်ခွင့်ရလိုက်တယ်။ ကလောင်ကိုတော့ ကိုဇူလိုင်လို့ပဲ ပေးလိုက်ပါတယ်။ စာမူခလည်း ချီးမြှင့်ခံရလို့ ရသမျှပိုက်ဆံကို မွေးသမိခင်ထံ ဝကွက်အပ်ပြီး ကန့်တော့လိုက်တယ်။ ပညာပေးဆောင်းပါး ၄ စောင် ဖော်ပြခံရတဲ့အထဲမှာ "အရာရာ မင်းပါ မေ..." ဆိုတဲ့ ဘရာဇီယာဆောင်းပါးက အမျိုးအဆွေတွေကြားထဲမှာ အတော်လေးကို နာမည်ကြီးသွားတယ်။ အဲဒီလိုမျိုးတွေ ရေးရဲမယ်လို့ မထင်ထားဘူးတဲ့။ ဘလော့ဂ်မှာ ရေးတင်ထားတဲ့ စာတွေ သူတို့တတွေ လာ မဖတ်နိုင်တာကိုပဲ ကံကောင်းလှပါပြီ။


ပရဟိတ
၂၀၁၀ ခုနှစ်မှာ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းအတွက် စင်္ကာပူနိုင်ငံက အလှူရှင်တွေ အာရုဏ်ဆွမ်း နေ့ဆွမ်း လှူချင်တဲ့အခါမျိုးမှာ အလှူငွေတွေကို ကောက်ခံပေးခဲ့တယ်။ တကယ်တော့ အလှူငွေ လက်ခံပေးပြီး ရန်ကုန်ကို လွှဲပေးတာလေးပဲ လုပ်တာပါ။ လှူဒါန်းချင်တဲ့ အလှူရက် ရနိုင် မရနိုင် ဆိုတာမျိုးကတော့ မဝါတို့က အကြံပေးတာပေါ့။ အခုလာမယ့် ၂၀၁၁ ခုနှစ်အတွက်တော့ ကိုဖိုးစိန်ကို ပခုံးပြောင်း တာဝန်လွှဲပေးခဲ့ပါတယ်။ အွန်လိုင်းကမ္ဘာက သူငယ်ချင်းတွေရဲ့ စုပေါင်းလှူဒါန်းမှုနဲ့ ၂၀၁၀ နှစ်ကုန်ပိုင်းလေးမှာ HIV/AIDS လူနာတွေကို အာဟာရဒါန ပြုခဲ့ပါတယ်။ ပိုလျှံနေတဲ့ နေရာတွေကို လှူဒါန်းတာထက် လိုအပ်နေတဲ့ နေရာတွေကို ရှာဖွေပြီး လှူဒါန်းရတာ အကျိုးရှိပြီး စိတ်ဘဝင်မှာ ပီတိဖြစ်စေပါတယ်။



မကြာခင်ကာလမှာ အချိုးအကွေ့တွေ ရှိခဲ့တဲ့ ၂၀၁၀ ခုနှစ်ဆိုတာကို ထားရစ်ခဲ့ရတော့မှာပါ။ ရှေ့ဆက်ရမယ့် နှစ်သစ်မှာ အလုပ်တွေ များနေမယ်ဆိုတာ ကြိုမြင်နေပါတယ်။ ခရီးတွေလည်း ထွက်ရအုံးမယ်။ ဘလော့ဂ်လည်း အရင်ကလောက် ရေးဖြစ်မယ် မထင်ပါဘူး။ ၂၀၁၁ နှစ်သစ်မှာ ဖြစ်ချင်လှတဲ့ ဆန္ဒတစ်ခုကတော့ ရေသာခို အချောင်လိုက် ဝေလေလေတွေကို အမုန်းမဖက်ပဲ အပြုံးစစ်စစ်နဲ့ ညှိနှိုင်း ရင်ဆိုင် ပြောဆို ဆက်ဆံနိုင်ပါစေ...

Image Credit: Mood Weather Report - Facebook

Monday, December 27, 2010

Brown Shrike



Photo credit: Romy Ocon, www.pbase.com/liquidstone

ကောက်လျင်ငှက်

ဆောင်းဦးကြိုလို့ သူရောက်လာ
ကောက်လျင်ငှက်ငယ်ပါ။
အရုဏ်လာတော့ သူအော်ဟစ်
အသံ ကျစ်-ကျစ်-ကျစ်။
ကျစ်ကျစ်အော်သံ တညံညံ
ဟိုကိုင်းသည်ကိုင်း ပျံ။
နှံကောင်ကိုဖမ်း လိပ်ပြာဖမ်း
ပုစဉ်း မလွတ်တမ်း။
ဖမ်းရင်းစားရင်း နွေပေါက်သော်
ဇာတိ မြောက်ကို မျှော်။
တောင်လေပေါ်တော့ ပြန်ကာသွား
ဧည့်သည် ဝေးရပ်သား။

(ရှုမဝ။ ဇန်နဝါရီ၊ ၁၉၈၂)


ကောက်ယင်ငှက် ဟု ဖတ်ပါ။

မှတ်ချက်။ မင်းသုဝဏ်ရဲ့ လူကလေးတို့ရဲ့ မိတ်ဆွေ ငှက်ကလေးတွေ... ကဗျာစာအုပ်မှ ကူးယူဖော်ပြတာပါ။ အဲဒီစာအုပ်မှာ ကဗျာတွေက ဖတ်လို့ ကောင်းသလို ငှက်ပုံလေးတွေလည်း အရောင်စုံ ထည့်ပေးထားပါတယ်။

Friday, December 24, 2010

Woodpecker


Photo Credit: http://sdakotabirds.com

ခေါက်ရှာငှက်

ပန်းပြောက်ဝတ်လုံ ကိုယ်လုံးခြုံ
ဗုံတောင်သမား ငှက်မင်းသား
ခြေနဲ့ကုပ်လို့ နှုတ်နဲ့စား
စကားရှေးက ဝှက်ကြတယ်
သိရင် ပြောပါကွယ်။

နီ နက် ဝါ ရွှေ ရောင်စုံဝေ
ခြေနဲ့ကုပ်လျက် သစ်ပင်တက်
ချွန်နှုတ်သီးနဲ့ တီးခေါက်နှက်
ပိုးထွက်လာတော့ သူစားတယ်
ခေါက်ရှာငှက်ပါကွယ်။

ခေါက်ရှာ ပျံတော့ ဘယ်လိုပျံ
နိမ့်တုံ မြင့်တုံ ပျံ။
လောကဓံနဲ့ တူသဘော
လူကြီးသူမ ပြောတယ်လေး။

(ရှုမဝ။ ဖေဖော်ဝါရီ၊ ၁၉၈၂)


မှတ်ချက်။ မင်းသုဝဏ်ရဲ့ လူကလေးတို့ရဲ့ မိတ်ဆွေ ငှက်ကလေးတွေ... ကဗျာစာအုပ်မှ ကူးယူဖော်ပြတာပါ။ အဲဒီစာအုပ်မှာ ကဗျာတွေက ဖတ်လို့ ကောင်းသလို ငှက်ပုံလေးတွေလည်း အရောင်စုံ ထည့်ပေးထားပါတယ်။

Tuesday, December 21, 2010

Coppersmith


Photo Credit: www.photos-of-the-year.com


ပန်းထိမ်ဖိုငှက်

နဖူးနီရဲ နှုတ်သီးမည်း
သစ်ခေါင်းထဲက ပြူထွက်လာ။

အတောင်ကိုယ်မွေး စိမ်းဝါသွေး
နီနီတွေးတွေး ခြေထောက်ပါ
တုံတုံ တုံတုံ တစ်နေ့လုံး
နေပူတုန်းလည်း တူခေါက်တာ။

ဘာငှက်လည်းကွယ် သိရင်ပြောကြ
သရက်တောက သတ္တဝါ။

သိပါတယ်ကွယ် တို့ခြံဝိုင်းက
သရက်ကိုင်းမှာ တစ်ကောင်ပါ။

ငှက်ပန်းထိမ်ဖို သူ့သံကြားက
တို့များအိပ်ငိုက် မိတော့တာ။
ငှက်ပါ ငှက်ပါ။

(ရှုမဝ။ ဖေဖော်ဝါရီ၊ ၁၉၈၂)


မှတ်ချက်။ မင်းသုဝဏ်ရဲ့ လူကလေးတို့ရဲ့ မိတ်ဆွေ ငှက်ကလေးတွေ... ကဗျာစာအုပ်မှ ကူးယူဖော်ပြတာပါ။ အဲဒီစာအုပ်မှာ ကဗျာတွေက ဖတ်လို့ ကောင်းသလို ငှက်ပုံလေးတွေလည်း အရောင်စုံ ထည့်ပေးထားပါတယ်။

Tuesday, December 14, 2010

Donation to HAPCS of NLD


နယ်က လာတဲ့ လူနာတွေက ကြက်ဆီထမင်း စားဖူးချင်တယ်ဆိုလို့ ဗူး ၁၂၀ ဝယ်လိုက်တယ်...


မီးဖိုချောင်အတွက် ကြက်သွန်နီ၊ ကုလားပဲနဲ့ အိုင်အိုဒင်းဆားလည်း လှူဖြစ်တယ်...


ထမင်းချက်ဖို့ ဆန် ၂ အိတ်နဲ့ ဟင်းချက်ဖို့ ဆီ ၂၀ ပိဿာလည်း ပါတာပေါ့...


လမ်းမသိမှာ စိုးလို့ ကိုယ်တိုင် လာကြိုပြီး ဝိုင်းကူကြတဲ့ ဂေဟာက လုပ်အားပေးတွေ...


အားဆေး ဗူး ၂၀ အပါအဝင် လှူဒါန်းမှုအစုစုကို မဖြူဖြူသင်းဆီ လွှဲပြောင်းလှူဒါန်းခဲ့ပါတယ်...


အဆောင်နေရာ အခက်အခဲကြောင့် တချို့ဧည့်သည်တွေက အပြင်မှာပဲ အိပ်ကြရတယ်...


ဆရာကြီးဦးဝင်းတင် လှူဒါန်းထားတဲ့ မြေကွက်မှာ အဆောင်တခုခု ဆောက်နိုင်ရင် ကောင်းမယ်...

ရေအတွက်ကတော့ ပူစရာ မလိုဘူး ဆိုပေမယ့် နွေရာသီရောက်ရင် လောက်ငှနိုင်မလား...

မဖြူဖြူသင်း ဦးဆောင်နေတဲ့ HIV/AIDS Prevention and Care Section ကို အလှူအတွက် တခါတခေါက် ရောက်ဖြစ်ခဲ့တယ်။ တောင်ဒဂုံမှာ ဖွင့်လှစ်ထားတဲ့ ဂေဟာမှာ လူနာ ၁၀၀ ကျော်လောက် လက်ခံထားတယ်။ ပျဉ်ခင်း ထရံကာ နှစ်ထပ်ဆောင်ထဲမှာ လူနာတွေ အများကြီးပေါ့။ ပျဉ်ထောင်အိမ်လေးထဲမှာလည်း လူနာတွေ ရှိသေးတယ်။ နေရာ မဆန့်လို့ အပြင်မှာ ထွက်အိပ်တဲ့ ဧည့်သည်တွေလည်း ရှိတယ်။ မိုးတွင်းဆိုရင်တော့ ဒုက္ခရောက်မယ်။

ဘေးမှာတော့ မြေကွက်လပ်ကြီးရှိတယ်။ အဲဒီမြေကွက်က ဆရာကြီးဦးဝင်းတင် လှူထားတာတဲ့။ အဲဒီမြေမှာ အဆောင်တခုခု ဆောက်ပေးနိုင်ရင် လူနာတွေအတွက် ပိုကောင်းမလားပဲ။ လှူချင်တန်းချင်တဲ့ အလှူရှင် ရှိလာရင် ဆက်သွယ်ပေးလိုက်ကြပါလို့ တောင်းဆိုချင်ပါတယ်။

Wednesday, December 8, 2010

Donation to Waibargi Hospital










စေတနာရှင် သူငယ်ချင်းများရဲ့ စုပေါင်းလှူဒါန်းမှုကြောင့် ၂၀၁၀ ခု ဒီဇင်ဘာလ ၇ ရက်နေ့မှာ
မြောက်ဥက္ကလာပ ဝေဘာဂီကူးစက်ဆေးရုံက HIVပိုး ကူးစက်ခံထားရတဲ့ လူနာ အယောက် ၁၀၀ အတွက်
ဒန်ပေါက်ထမင်းနဲ့ မိုင်လိုဗူးတွေကို နေ့လည်စာအဖြစ် လှူဒါန်းဖြစ်ခဲ့ပါတယ်။

Sunday, December 5, 2010

Youth Donor Camp 2010



ခရစ်စမတ်ပိတ်ရက်မှာ အချိန်လေးများ ပေးနိုင်ရင် စင်္ကာပူကြက်ခြေနီက ဖွင့်လှစ်တဲ့ Youth Donor Camp 2010 ကို လာခဲ့ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ အသက် ၁၆ နှစ်ကနေ အသက် ၃၀ နှစ်ကြား မည်သူမဆို တက်ရောက်နိုင်ပါတယ်။ စင်္ကာပူမှာ နေတဲ့သူဆိုရင်တော့ ဒေါ်လာ ၂၀ ဝင်ကြေးပေးရပါမယ်။ အဲဒီ ဒေါ်လာ ၂၀ က မနက်စာ၊ နေ့လည်စာ၊ ညစာအတွက်ပါ အပြီးအစီး စရိတ်ငြိမ်းပါ။ သွေးလှူတာနဲ့ပတ်သက်တဲ့ အမြင်တွေ ဖလှယ်ကြမယ်။ အကောင်းဆုံး နည်းလမ်းတွေကို ရှာဖွေ ဆွေးနွေးကြမယ်။

ဝင်ခွင့်လျှောက်လွှာကို ဒီနေရာမှာ ယူနိုင်ပါတယ်။ အဲဒီလျှောက်လွှာကို ဖြည့်ပြီးရင် Ms Chin Li Peng, lipeng.chin@redcross.org.sg ဆီကို မေးလ်ပို့လိုက်ပါ ခင်ဗျာ။

Wednesday, December 1, 2010

What is your pledge?


"Stop AIDS. Keep the Promise."

ကဲ... ကျွန်တော်တို့ ဘာတွေ လုပ်ခဲ့ပြီးပြီလဲ။
လုပ်ပါမယ် လို့ပြောခဲ့ ဆိုခဲ့တာတွေ လုပ်ဖြစ်ခဲ့လား။
ပေးထားခဲ့တဲ့ ကတိတွေ တည်ခဲ့ကြသလား။
ရှေ့ဆက်ပြီး ဘာတွေဆက်လုပ်ကြမလဲ။
၂၀၁၀ မှာ ပြန်လည် ဆန်းစစ်ကြည်ကြပါအုံး။

၂၀၁၀ အထိ ကျွန်တော် ဘာတွေ လုပ်ခဲ့လဲ...
ပြည့်တန်ဆာလောကမှာ ကွန်ဒုံတွေ အခမဲ့ ဝေခဲ့ဖူးတယ်။
ကုန်ကားမောင်းတဲ့ ကားဆရာတွေကို ကွန်ဒုံတွေ အခမဲ့ ဝေခဲ့ဖူးတယ်။
ARV ဆေးလိုတဲ့သူတွေကို သဇင်ဆေးခန်းနဲ့ ချိတ်ဆက်ပေးခဲ့ဖူးတယ်။
မျိုးဆက်ပွါး ကျန်းမာရေးပညာပေးတွေ ဟောပြောခဲ့ဖူးတယ်။
သုခရိပ်မြုံဂေဟာက ကလေးတွေကို နေ့လည်စာတွေ ကျွေးခဲ့ဖူးတယ်။
သုခရိပ်မြုံဂေဟာက ကလေးတွေကို ကစားစရာအရုပ်တွေ ဝယ်ပေးခဲ့ဖူးတယ်။
သုခရိပ်မြုံဂေဟာက ကလေးတွေအတွက် ဒါန်းတစ်စင်း လှူဒါန်းဖြစ်အောင် စီစဉ်ဖူးတယ်။
လောလောဆယ် ဝေဘာဂီကူးစက်ဆေးရုံမှာ HIV လူနာတွေကို နေ့လည်စာ ကျွေးဖို့ စီစဉ်နေတယ်။

ကဲ... သူငယ်ချင်းတို့ရော... ဘာတွေ လုပ်ခဲ့ပြီးပြီလဲ။
ဘာတွေ ဆက်လုပ်ကြအုံးမလဲ...


World AIDS Day - 2010

Sunday, November 28, 2010

Saved 45 lives



နိုဝင်ဘာလ ၂၈ ရက်နေ့- စင်္ကာပူသွေးဘဏ်မှာ ၁၅ ကြိမ်မြောက် သွေးလှူဖြစ်ခဲ့တယ်။

Thursday, November 25, 2010

Let’s serve humanity

စမ်ဘာဝမ်းပန်းခြံထဲမှာ စတုဒိတာကျွေးတဲ့နေ့က စလုံးက ဘလော့ဂါတချို့နဲ့ ဆုံဖြစ်လိုက်တယ်။ တချို့က ကြုံဖူးဆုံဖူး မြင်ဖူးပြီးသား သူတွေပါ။ တချို့ကတော့ တခါမှကို အကြောင်းမတိုက်ဆိုင်လို့ မကြုံမဆုံဖြစ်ခဲ့တဲ့ သူတွေပေါ့။ အဲဒီနိဗ္ဗာန်ဈေးမှာ သူတို့တွေက စတုဒိတာ အလှူလုပ်နေကြတာပါ။

အကြောင်းတိုင်ဆိုင်လို့ အလှူကိစ္စတွေ ပြောကြရင်း ရန်ကုန်မှာ အလှူတစ်ခုလုပ်ဖို့ ပြောဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာလည်း ဘလော့ဂါတွေ ဦးဆောင်ပြီး အလှူအတန်းတွေ လုပ်ခဲ့ကြပါတယ်။ ဒီနှစ်မှာ အဲဒါမျိုး အလှူတွေ ဆက်လုပ်ဖို့အတွက် ဆွေးနွေးဖြစ်ခဲ့တယ်။

အလှူလုပ်မယ့် အစီအစဉ်ကတော့ ရှင်းရှင်းလေးပါ။ တိုတောင်းလှတဲ့ လူ့ဘဝမှာ ကံအကြောင်းမလှရှာတဲ့ ရောဂါသည်တွေကို နေ့လည်စာကျွေးဖို့ အစီအစဉ်ပါပဲ။ မြို့ရန်ကုန်က ဝေဘာဂီကူးစက်ဆေးရုံမှာ HIV ပိုး သယ်ဆောင်ထားတဲ့ ဝေဒနာရှင်တွေကို နေ့လည်စာ ဒန်ပေါက်ကျွေးဖို့ စဉ်းစားမိထားတယ်။ အစစ အရာရာ ဈေးကြီးနေတဲ့ ခေတ်ကြီးမှာ ချို့တဲ့ဆင်းရဲရှာတဲ့ သူတို့တတွေကို အစားကောင်း အသောက်ကောင်းလေး ကျွေးမွေးချင်မိတယ်။ အဲဒီဆေးရုံမှာ ဝေဒနာရှင် အယောက် ၉၀ ကျော် ရှိတယ်လို့ စုံစမ်းသိရှိထားပါတယ်။ အဲဒီအစီအစဉ်လေးကို သူတို့တွေနဲ့ တိုင်ပင်ကြည့်တော့ စိတ်ဝင်စားတယ် ဆိုတာနဲ့ အကောင်ထည်ဖော် ရှေ့ဆက်ဖို့ ကြိုးပမ်းတာပါ။

ဒန်ပေါက် ၁ ပွဲကို မြန်မာငွေ နှစ်ထောင်ကျပ်နဲ့ တွက်ကြည့်ရင် ဒန်ပေါက်ပွဲ ၁၀၀ အတွက် မြန်မာငွေ ၂ သိန်း ကုန်ကျပါမယ်။ ဒန်ပေါက်ဆိုင်က လိုက်မပို့ပေးတဲ့အတွက် ဆေးရုံကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ကားငှားပြီး သယ်ရပါမယ်။ အဲဒီအတွက် လမ်းစရိတ်လည်း လိုပါမယ်။ အလှူငွေ စုတာ အဆင်ပြေခဲ့ရင် အအေးတိုက်ဖို့ပါ စီစဉ်ချင်ပါတယ်။ အလှူရက်ကိုတော့ ဒီဇင်ဘာ လဆန်းပိုင်းလောက်မှာ လုပ်ဖြစ်မှာဖြစ်လို့ ဒီဇင်ဘာလ ၃ ရက်နေ့ နောက်ဆုံးထားပြီး ဒီနေ့ကစပြီး အလှူငွေ ကောက်ပါမယ် ခင်ဗျာ။

လောလောဆယ် အလှူအတွက် တာဝန်ယူ ကောက်ခံပေးမယ့်သူတွေကတော့...

ကိုမိုးကုတ်သား bobohan25@gmail.com
ကိုဖိုးစိန် phoesein@gmail.com
ကိုဇူလိုင် julydream0707@gmail.com

မေတ္တာငတ်နေတဲ့သူတွေကို တတ်နိုင်သလောက်လေး မေတ္တာလက်တွေနဲ့ ကမ်းပြီး ဖေးမကူညီကြပါစို့...

Updated Donor List...

မချစ်ကြည်အေး = ၅၀ ဒေါ်လာ
မမြူးမြူး = ၃၀ ဒေါ်လာ
မတင်ဇာမော် = ၅၀ ဒေါ်လာ
မဘုတ်ဆုံ = ၅၀ ဒေါ်လာ
မရီတာ = ၃၀ ဒေါ်လာ
မလင်းလင်း = ၂၀ ဒေါ်လာ
မအေးဇာနွယ် = ၅၀ ဒေါ်လာ
မဝေဝေ = ၂၀ ဒေါ်လာ
မချယ်ရီ = ၆၀ ဒေါ်လာ
ကိုကိုမောင် = ၅၀ ဒေါ်လာ
ကိုစိုင်းခမ်းထွန်း = ၁၀ ဒေါ်လာ
ကိုကျော်ဇင်ဦး = ၇၀ ဒေါ်လာ
ကိုလူသစ် = ၅၀ ဒေါ်လာ
ကိုဇေယျာ = ၂၀ ဒေါ်လာ

Sunday, November 21, 2010

The Donation Medallion


Blood Donation Milestones


Medallion for the 5th Donation


Medallion for the 10th Donation

စင်္ကာပူမှာ သွေးလှူခဲ့တာ ၁၄ ကြိမ် ရှိခဲ့ပြီးပါပြီ။ ဒီတစ်ခေါက် လှူရင်တော့ ၁၅ ကြိမ်ပေါ့။ အရင်တုန်းကတော့ ၂၅ ကြိမ်မြောက် သွေးလှူပြီးရင် စင်္ကာပူကြက်ခြေနီက ကြေးတံဆိပ် ချီးမြှင့်ပါတယ်။ ဒါပေမယ့် ဒီနှစ်က စပြီး ၅ ကြိမ်မြောက်နဲ့ ၁၀ ကြိမ်မြောက် သွေးလှူထားပြီးတဲ့သူတွေကိုလည်း အမှတ်တရ ဂုဏ်ပြုတံဆိပ်တွေ ပေးအပ် ချီးမြှင့်ဖို့ စီစဉ်နေတယ်ဆိုတာ ကြားသိထားခဲ့ပေမယ့် ဆုတံဆိပ်တွေ ပေးတာကို တစ်ခါမှ မကြုံခဲ့ဖူးပါဘူး။ ၅ ကြိမ်မြောက်နဲ ၁၀ ကြိမ်မြောက် သွေးလှူဒါန်းမှုအတွက် အမှတ်တရ ဂုဏ်ပြုတံဆိပ်တွေကို လာယူဖို့အတွက် ရှေ့အပတ်ထဲမှာ စင်္ကာပူကြက်ခြေနီက SMS ပို့တာနဲ့ သွေးဘဏ်မှာ သွားယူခဲ့ပါတယ်။ သွေးလှူရှင်တွေရဲ့ အရေးပါမှုကို တုန့်ပြန် အသိအမှတ်ပြုပေးတဲ့အတွက် နှစ်ထပ်ကွမ်း ပီတိဖြစ်မိပါတယ်။

ကျန်းမာရေး ကောင်းမွန်နေသရွေ့၊ သွေးလှူဖို့ အရည်အချင်း ပြည့်မိနေသရွေ့ ပုံမှန်သွေးလှူဒါန်းသွားဖို့ ဆုံးဖြတ်ထားတဲ့ ကျွန်တော်အတွက် အားသစ်တစ်ခု ဖြစ်စေခဲ့တာ အမှန်ပါပဲခင်ဗျာ။

Saturday, November 13, 2010

Day full of emotions

ဒီနေ့ ပျော်ပါတယ်။ အကယ်ဒမီပေးပွဲလည်း မဟုတ်၊ စာမေးပွဲ အောင်စာရင်းလည်း မဟုတ်... မင်္ဂလာရှိတဲ့ သတင်းတစ်ခုကြောင့် ဘယ်လိုမှန်း မသိအောင် ရင်လှိုက်သည်းလှိုက် ပျော်နေမိတယ်။ တကူးတက မျှော်လင့်စောင့်စားနေတာမျိုး မဟုတ်ပေမယ့် သတင်းတွေ ဟိုနားတစ်စ ဒီနားတစ်စ ကြားရဖတ်ရတော့ အမှန်ဖြစ်ပါစေ ဆိုတဲ့ ဆန္ဒတွေ မသိစိတ်ထဲကနေ ရုန်းထွက်နေတယ်။ တကယ်ကို လွတ်လာပြီဆိုတာ ကြားရ ဖတ်ရတော့ တကယ်ကို ပျော်မိပါတယ်။

တကယ်ဆို ကျွန်တော့် သူ့ရဲ့ Fan တစ်ယောက် မဟုတ်ပါ။ Facebook မှာ သူ့ရဲ့ Fan Page ရှိနေတာ ကြာပါပြီ။ သူငယ်ချင်းတွေကလည်း Invite လုပ်ကြပါတယ်။ နိုင်ငံပိုင်သတင်းစာကို နှစ်ပေါင်းများစွာ ဖတ်ခဲ့တဲ့ ကျွန်တော့်အတွက် သူဟာ မြန်မာပြည် လွတ်လပ်ရေးဖခင်ကြီးရဲ့မျိုးဆက် သမီးရတနာတစ်ဦး၊ တိုင်းတပါးသား လူမျိုးခြားနဲ့ အိမ်ထောင်ပြုထားသူတစ်ဦး၊ ပြည်ပမှာ နှစ်ပေါင်းများစွာ နေထိုင်ပြီး ရွှေပြည်တော်ဝင်ခဲ့သူတစ်ဦး။ လူထဲကလူလိုမျိုး သာမန်လူတစ်ယောက်ထက် ပိုပြီး သူ့အပေါ်မှာ အထူးအကဲ စိတ်မဝင်စားမိပါဘူး။

ဒါပေမယ့် မြန်မာပြည်သူတွေအတွက် နှစ်ပေါင်းများစွာများစွာ အကျယ်ချုပ်ဘဝနဲ့ နေခဲ့ရတဲ့ သူ့ရဲ့ဇွဲသတ္တိနဲ့ စွန့်လွှတ်အနစ်ခံမှုကို လေးစားအားကျ ချစ်ခင်မြတ်နိုး ကျေးဇူးတင်မိတယ်။ ကိုယ့်ကောင်းကျိုးအတွက်ပဲ လုပ်နေတဲ့သူဆိုရင်တော့ ဇွဲရှိတာကို အားကျပေမယ့် လေးစားမိမှာ မဟုတ်လောက်ဘူး။ ကိုယ့်အတွက် မဟုတ်ပဲ အများအတွက် စွန့်လွှတ် အနစ်နာခံ ဇွဲရှိတာမျိုးကိုတော့ လေးစားမိပါတယ်။

လှောင်အိမ်ထဲက ငြိမ်းချမ်းရေး ချိုးဖြူငှက်လေးလို ၁ လ ၂ လမျိုး မဟုတ်ပဲ လပေါင်းများစွာ နှစ်ပေါင်းများစွာ လွတ်လပ်မှုကနေ ကင်းဝေးနေရတဲ့ ဘဝဆိုတာ ကျော်ဖြတ် ရင်ဆိုင်နိုင်ဖို့ တကယ်တော့ မလွယ်လှပါဘူး။ ရှင်းလင်းပြတ်သားတဲ့ ခံယူချက်တွေ ရည်မှန်းချက်တွေ ရှိနေတဲ့ လူမျိုးမှသာ ဆူးအပြည့်ခင်းတဲ့ ကန္တာရလမ်းမှာ မယိမ်းမယိုင် မတွန့်မဆုတ် လျှောက်လှမ်းနိုင်မှာပါ။ သူဟာ သာမန်ဘဝထဲက သာမန်လူ မဟုတ်ဘူးဆိုတာကို အလုပ်နဲ့ သက်သေပြခဲ့ပါပြီ။

လွတ်မြောက်လာတဲ့ သတင်းနဲ့အတူ ခံစားမိတဲ့ အတွေးလေးက... ရှေ့မတိုးသာ နောက်မဆုတ်သာ မလှုပ်နိုင် မရှားနိုင်ဖြစ်နေတဲ့ မြန်မာပြည်အရေးကို စိတ်ပျက်နေတဲ့ ရွှေပြည်သူ ရွှေပြည်သားတွေအဖို့ မျှော်လင့်ချက် ရောင်နီတွေ ထွန်းလင်းလာလေပြီလားပေါ့။ ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုကို မျှော်လင့်နေမိပေမယ့် စိတ်ပျက်ဖွယ် ရွေးကောက်ပွဲသတင်းတွေကို ကြားနေဖတ်နေရတဲ့ ကျွန်တော့်အတွက်တော့ အခုသတင်းလေးက ရောင်နီဦးတစ်ခုပါပဲလေ။

Saturday, November 6, 2010

Food in TH

ထိုင်းမှာ အလုပ်ကိစ္စအတွက် တစ်လနီးပါးလောက် နေလိုက်ရတယ်။ အလုပ်တာဝန်နဲ့ လာရတာဆိုတော့ မိုးလင်းမိုးချုပ် အလုပ်ထဲမှာ တကုပ်ကုပ်ပေါ့။ မနက်မိုးလင်းလို့ မနက်စာ စားပြီးရင် ရုံးက လာကြိုတဲ့ကားနဲ့ ရုံးကိုလာ၊ နေ့လည်စာကိုတော့ ရုံးက အဆင်ပြေသလို ဝယ်ပေးတဲ့ ထမင်းကြော်၊ ခေါက်ဆွဲကြော် စားပေါ့။ ညစာကိုတော့ ရုံးပြန်ချိန်စောရင် စောသလို အနားတဝိုက်က ကုန်တိုက်ကြီးမှာ သွားစား၊ ရုံးပြန်နောက်ကျရင် ဟိုတယ်ကနေပဲ မှာစား၊ ဒီလိုနဲ့ သံသရာ လည်သွားလိုက်တယ်။ ရုံးပြန်ချိန် စောတယ်ဆိုတာ ည ၈ နာရီလောက်ကို ပြောတာပါ။ အများအားဖြင့်တော့ ဟိုတယ်ကို ည ၁၀ နာရီလောက်မှ ရောက်တတ်လို့ ဟိုတယ်ကပဲ မှာစားရတာ များတယ်။



ပထမဦးဆုံးနေ့က ရုံးပြန် နောက်ကျတယ်။ ဗွေဆော်ဦး ဆိုတဲ့အတိုင်း ည ၁၀ နာရီကျော်မှ ဟိုတယ်ကို ရောက်တယ်။ အနားတဝိုက်မှာ စားသောက်ဆိုင်တွေကလည်း ရှားတယ်။ ဘာသာစကား အခက်အခဲကလည်း ရှိတယ်။ သီချင်းဆိုဖို့ ဆိုင်တွေတော့ ရှိပေမယ့် သီချင်းမှ မဆိုတတ်တာ ကျွန်တော့်အတွက် မထူးပါဘူးလေ။ အဲဒီတော့ ဟိုတယ်မှာပဲ စားတော့မယ်ဆိုပြီး မှာလိုက်တယ်။ ကျွန်တော် ကြိုက်တဲ့ သဘောင်္သီးထောင်းပေါ့။ မြင်ဖူးနေကြ စားနေကြ သဘောင်္သီးထောင်းနဲ့ မတူတာက ခုတ်ထစ်ထားတဲ့ ဂဏန်းတစ်ကောင် ပါလာတာပဲ။ မှာလိုက်တာက သဘောင်္သီးထောင်းပါပဲ။ ဘယ်နဲ့ ဒီဂဏန်းက ပါလာရတာတုန်း။ ပုံစံကလည်း ချက်ထားပြုတ်ထားတဲ့ ပုံစံနဲ့ မတူဘူး။ မဲမဲကြီးဆိုတော့ အစိမ်းကြီးလားပေါ့။ အဲဒါနဲ့ အပိုင်းပိုင်း ခုတ်ထစ်ထားတဲ့ ဂဏန်းသားတွေကို ဘေးဖယ်ပြီး စားလိုက်တယ်။ ဒါပေမယ့် အတော့်ကို စပ်လွန်းလို့ အကုန် မစားနိုင်လိုက်ဘူး။


ရုံးပြန်စောတဲ့ ရက်ဆိုရင် အနားက ကုန်တိုက်ကြီးမှာ ညစာ သွားစားတယ်။ အစပိုင်းကတော့ ဂျပန်ဆိုင်မှာ စားဖြစ်တယ်။ ဂျပန် ထမင်းဟင်းတွေ ဆိုပါတော့။ နောက်ပိုင်းတော့ ထိုင်းဆိုင်မှာ ထိုင်ဖြစ်တယ်။ ထိုင်းဆိုင်မှာဆို တုံယန်းဟင်းရည်နဲ့ ခေါက်ဆွဲပြုတ် စားဖြစ်တယ်။ ကြက်သားဖတ်တွေ ပါသလို ကြက်အရေခွံတွေလည်း ပါတယ်။ ချဉ်ပြုံးပြုံး ဟင်းရည်က အတော် သောက်လို့ ကောင်းတယ်။ ကြက်အရေခွံတွေ ဖယ်စားရတာပဲ အလုပ်ရှုပ်တာ။ အဲဒီဆိုင်မှာ အဲဒီတုံယန်းခေါက်ဆွဲပြုတ်အပြင် ထမင်းဖြူ တစ်လုံးနဲ့ သဘောင်္သီးထောင်းလည်း မှာစားဖြစ်တယ်။ ဂဏန်း မထည့်ဖို့တော့ မှာလိုက်ရတာပေါ့။


နောက်ပိုင်းရက်တွေမှာတော့ ညတိုင်း နောက်ကျပါတယ်။ ဟိုတယ်ရောက်ပြီဆို ည ၁၀ နာရီခွဲကျော်နေပြီ။ ဟိုတယ်နားက ဆိုင်တွေကလည်း ၉ နာရီလောက်ဆို အကုန် ပိတ်သွားပြီ။ ဟိုတယ်ကနေ ခပ်ဝေးဝေးကို လမ်းလျှောက်ရင်တော့ ညဈေးတစ်ခုတော့ ရှိတယ်။ အဲဒီဘက်မှာ လမ်းဘေးဆိုင်တွေ အစီစီ အရီရီပဲ။ ဆောင်းဝင်လာလို့ပဲလား မသိဘူး။ ညဘက်ဆို လမ်းပေါ်မှာ လေတဝူးဝူးနဲ့ အတော်လေးကို ချမ်းတယ်။ အနွေးထည်ကလည်း မယူသွားမိတော့ ချမ်းတဲ့ဒဏ်ကို အတော်လေး ခံရတယ်။ အဲဒီတော့ ညဈေးဘက်ကို တကူးတက မသွားဖြစ်ဘူး။ ပင်ပန်းတဲ့အရှိန်နဲ့ မသွားချင် မလာချင်လည်း ပါတာပေါ့။ ဒီလိုနဲ့ပဲ ဟိုတယ်မှာပဲ မှာစားဖြစ်တယ်။ ဂဏန်းသားနဲ့ ထမင်းကြော်ကို မှာစားဖြစ်တာ များတယ်။ ထမင်းလည်း သိပ်မများဘူး။ ဂဏန်းသားကလည်း ချိုတယ်။ ပူပူနွေးနွေးဆိုတော့ စားလို့လည်း ကောင်းတယ်။ ဟိုတယ်မှာ စားတာ မကောင်းတာ တစ်ခုကတော့ ဈေးကြီးတာပါပဲ။ ညစာ စားတိုင်း ကင်မရာ မယူသွားဖြစ်တော့ တချို့ပုံတွေ မရိုက်ထားမိဘူး။ တခါတလေ ကင်မရာ ပါသွားတဲ့အခါ မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံလေးတွေပဲ အမှတ်တရ တင်ထားလိုက်ပါတယ်။

ဒီလိုနဲ့ပဲ ဟိုတယ်နဲ့ အနားတ၀ိုက်မှာ ဖြစ်သလိုလေး စားနေရတဲ့ ခြောက်ကပ်ကပ် ဘဝကို ၁ လနီးပါး ဖြတ်သန်းပြီးနောက် ကျွန်းပိစိမှာ ဟမ်ဘာဂါ ပြန်စားနေပါပြီလေ။

Tuesday, November 2, 2010

Why aren't we rich?

မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက -

မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမ္ဘာမှာအချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။

သန်း - ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

သန်း - အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။ နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။

မေတ္တာရှင် - မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -

၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။

ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။

အချိန်တန်ဖိုးမသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။

ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။

ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။

မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက်ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီ မောင်းနေရတာလို့ ထင်သွားတာပေါ့။

သန်း - အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘာအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

သန်း - တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။

~~~

၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြထားသော မေတ္တာရှင် (ရွှေပြည်သာ)၏ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ - ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ အကျိုးအပြစ်ကို ဆင်ခြင် ပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး မဖတ်မိသေးတဲ့သူများအတွက် ဝေမျှလိုက်တာပါ။

Wednesday, October 27, 2010

Angel of Love



An angel can fly directly into the heart of the matter.

Thursday, October 21, 2010

Change...

ပြောင်းလဲမှုဆိုတာကို တွန့်ဆုတ်တတ်တာ လူ့သဘောသဘာဝပါပဲ။ ကောင်းသော ပြောင်းလဲခြင်းဖြစ်စေ... မကောင်းသော ပြောင်းလဲခြင်းဖြစ်စေ... ရုတ်တရက် လက်မခံတတ်ကြဘူး။ ရုံးမှာ စားပွဲခုံ ပြောင်းထိုင်ခိုင်းရင် စိတ်ထဲမှာ ဘဝင်မကျလှဘူး။ ငယ်ငယ်တုန်းက ခြောက်လပတ် စာမေးပွဲအပြီးမှာ ဘီအခန်းကနေ အေအခန်းကို ပြောင်းရမယ် ဆိုတော့လည်း စိတ်ထဲမှာ စနိုးစနောင့်နဲ့။ ပိုကောင်းတဲ့နေရာကို ပို့ပေးတာ ဆိုပေမယ့်လည်း အသားကျနေတဲ့ လက်ရှိနေရာကနေ ပြောင်းသွားရမှာကို မလိုလားဘူး။

ဘာလိုလိုနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အလံလည်း ပြောင်းလဲသွားရှာပြီ။ ဒီနေ့ ညနေ ၃ နာရီခွဲမှာ အလံအသစ် ပြောင်းတင်တယ်တဲ့။ ရန်ကုန်မှာ မရှိပေမယ့်လည်း သတင်းတွေ ဖတ်ပြီး သိလိုက်ရတာပေါ့။ ကောင်းသောလား မကောင်းသောလား... ဘယ်လိုပုံစံ ပြောင်းလဲခြင်းမျိုးဆိုတာ ဝေခွဲမတတ်သေးဘူး။ ၂၀၀၈ အခြေခံဥပဒေအရ ပြဌာန်းထားတဲ့ အလံသစ်က အစိုးရအသစ် တက်လာမှ အသက်ဝင်မယ် ထင်ထားတာ။ အခုတော့လည်း ဘယ်ဆီနေမှန်း မသိတဲ့ အစိုးရ မဖွဲ့ရသေးခင် အလံအသစ်က နေရာရသွားရှာတယ်။ ဥပဒေအထက် ဘယ်သူမှ မရှိရဘူး ဆိုတာ ကြားဖူးနေတဲ့ လူတစ်ယောက်အဖို့ တဒင်္ဂမှာ အတွေးတွေ ဖျပ်ဖျပ်လူးသွားတယ်။ အလံက ဥပဒေအထက်မှာလား၊ ဘာလား ညာလားပေါ့။

မဆလခေတ်က နိုင်ငံတော်အလံ... အခုတော့ အိမ်နိမ့်စံဘဝ သက်ဆင်းသွားရပြီ။ ၁၉၇၄ ကနေ ၂၀၁၀ အထိ ၃၆ နှစ်စာ သက်တမ်းရှိလိုက်ရတယ်။ ဆိုရှယ်လစ် အငွေ့အသက်တွေ ပါတဲ့အလံလို့ ပြောကြ ဆိုကြပေမယ့် တသက်လုံး မြင်တွေ့ခဲ့ရတဲ့အလံကို သံယောဇဉ်ရှိမိတာ အမှန်ပါပဲ။ ထိုင်ဝမ်အလံနဲ့ ဆင်တူတယ်လို့ ပြောကြ ဆိုကြပေမယ့် အခုအလံအသစ်ကလည်း တခြားနိုင်ငံက အလံတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ ကင်မရွန်းတို့၊ အီသီးယိုးပီးယားတို့၊ ဂါနာတို့နဲ့ ခပ်ဆင်ဆင်လေးတွေ။ အပေါ်အောက် အရောင်ကွဲတာတို့... အလျားလိုက် ဒေါင်လိုက် မတူတာတို့ပဲ ရှိတယ်။

ကောင်းတဲ့ဘက်က လှည့်တွေးရင်တော့ လွတ်လပ်ရေးရဖို့ တိုက်ပွဲဝင်ကြိုးပမ်းခဲ့တဲ့ ခေတ်ကာလ (၁၉၄၃) ပတ်ဝန်းကျင်က အလံနဲ့တော့ အတော်လေး တူပါတယ်။ အလည်ခေါင်မှာ ကဒေါင်းနဲ့ ကြယ်ဖြူပဲ ကွာသွားတယ်။ ရှမ်းပြည်နယ် အလံနဲ့လည်း တူတယ်။ ရှမ်းအလံက အလည်မှာ စက်ဝိုင်းအဖြူ (လဝန်းကြီး)၊ အခုအလံက ကြယ်ဖြူ။ ကျန်တဲ့ အရောင်တွေ အစီအစဉ်တွေ အကုန်တူတယ်။ အလျားလိုက်လည်း တူတယ်။

မဆလခေတ်က အလံရဲ့ အဓိပ္ပါယ်ကို မူလတန်းတုန်းက သင်လို့ ကျက်ခဲ့မှတ်ခဲ့ရသေးတယ်။ အနီရောင်က ရဲရင့်တည်ကြည်ခြင်း၊ အပြာရောင်က ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုတယ်။ စပါးနှံက တောင်သူလယ်သမား၊ စက်သွားဆိပ်က အလုပ်သမား၊ အရွယ်တူ ကြယ်ဖြူ ၁၄ လုံးက တိုင်းနဲ့ပြည်နယ် ၁၄ ခုအတွက်လို့ မှတ်မိနေသေးတယ်။ နေပြည်တော် ဆိုတာ စတည်ထောင်တုန်းက တိုင်းနဲ့ပြည်နယ် ၁၅ ခု ဖြစ်သွားရှာပြီလို့ တွေးမိခဲ့တယ်။ တိုင်းတစ်တိုင်းတိုးလို့ ကြယ်ဖြူ နောက်တစ်လုံးများ တိုးလေမလားပေါ့။ အခုတော့ အကုန် ပြောင်းသွားရှာတယ်။

အခု အလံအသစ်မှာပါတဲ့ အဝါရောင်က ဘာသာ၊ သာသနာနဲ့ ပညာတိုးတက်ခြင်း၊ အစိမ်းရောင်က စပါးဆန်ရေ၊ ကျွဲနွား အထွေထွေပေါများခြင်း၊ အနီရောင်က ရဲရင့်သော စိတ်ဓာတ်ခွန်အားတဲ့။ အဖြူရောင်ကြယ်က ပြည်ထောင်စုကို ကိုယ်စားပြုတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတုန်းက ကြေငြာခဲ့တယ် ဆိုတာကို ဧရာဝတီမှာ ဖတ်လိုက်ရတယ်။ အခြေခံ ဥပဒေ ရေးဆွဲတုန်းက ဘာတွေ ဘယ်လို ကြေငြာခဲ့မှန်း တကယ်ကို မသိခဲ့တာပါ။ အဲဒါတွေ ပြရင် စီဒီခွေထိုးကြည့်ကြတယ်။ ဒါမှမဟုတ် တခြားလိုင်း ပြောင်းကြည့်တယ်။ အဲဒီလောက်ထိ လူထုက စိတ်ဝင်စားကြတာပါ။

ကျွန်တော့်ဘဝရဲ့ နှစ်ပေါင်း ၂၀ ကျော် တွေ့နေမြင်နေ ရင်းနှီးခဲ့တဲ့ အလံ... အခုတော့ မရှိရှာတော့ဘူး။ လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားမှာ လွှင့်တင်တဲ့ အလံ၊ ပြည်ထောင်စုနေ့မှာ လက်ဆင့်ကမ်း သယ်တဲ့အလံ၊ အာဇာနည်နေ့မှာ တိုင်ဝက်လျှောချထားတဲ့ အလံ ဒီနေ့ ၂၀၁၀ အောက်တိုဘာ ၂၁ ရက်နေ့မှာ နိဂုံးချုပ်သွားရှာပြီ။ လူတိုင်းနီးပါးဆီက မကြိုက်ကြောင်း သဘောမကျကြောင်း အသံလေးတွေ... ရေထဲမှာ လေပူစီဖောင်း ပွက်သလိုမျိုး ပလုံ ပလုံ ဆိုပြီး ဟိုနားတကွက် ဒီနားတကွက် ထွက်လာနေကြတယ်။ အားလုံးရဲ့ ခံစားချက်တွေကို နားလည်သလို ရင်ထဲမှာလည်း မကောင်းလှဘူး။

လက်ရှိအချိန်မှာမှ လူ့လောကကို စတင်ဝင်ရောက်လာမယ် မြန်မာပြည်သားတွေ အသစ်လေးတွေကတော့ အလံအသစ်ကို အေးအေးဆေးဆေးပဲ ဖြစ်နေမှာပါ။ တချိန်ချိန်မှာ အဲဒီအလံအသစ်ကို တခြားအလံအသစ်နဲ့ အစားထိုးတဲ့အခါ အဲဒီလူငယ်တွေလည်း အသံတွေ ထွက်လာမှာ မြင်ယောင်နေမိရင်း... စိတ်မကောင်းခြင်း များစွာနဲ့ အသံတိတ် နှုတ်ဆိတ်နေလိုက်ပါမယ်။

Wednesday, October 13, 2010

Bye Bye... SG



ခဏတဖြုတ်လေး ဆိုပေမယ့်
အတော်ကြာမယ့် ခရီးလေးပါ။

Thursday, October 7, 2010

By the way - 03

ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီနေ့ ရုံးမှာ အမျိုးသမီးညီလာခံ ကျင်းပတယ်။ အဲဒါက ညောင်နှစ်ပင်မှာ လုပ်တဲ့ အမျိုးသားညီလာခံ မဟုတ်ဘူးနော်။ ကျွန်တော့်ရုံးမှာ အမျိုးသမီးဆိုတာ ခပ်ရှားရှားပါ။ ရှေ့နှစ်တုန်းက ရုံးမှာ အမျိုးသမီးဆိုလို ၇ ယောက် ၈ ယောက် ပတ်ဝန်းကျင်လောက်ပဲ ရှိတယ်။ ရုံးမှာက အမျိုးသားတွေပဲ များတာပါ။ ဒီတစ်ခါကျမှ အစည်းအဝေးခန်းထဲကနေ တစုတဝေးတည်း ထွက်လာတဲ့ အမျိုးသမီးတွေကို မြင်လိုက်တော့ အမျိုးသမီးထုအင်အား မနည်းမနောပါလား ဆိုတာ အမှတ်မထင်လေး သတိထားမိတယ်။ ညီလာခံ ခေါ်တဲ့ အကြောင်းအရာကိုတော့ မဟာအမျိုးသမီးနေ့ ကျင်းပဖို့လို့ မထင်လိုက်ပါနဲ့။ ရုံးက အမျိုးသမီးသုံးအိမ်သာ ညစ်ပတ်လွန်းလို့ GM က ခေါ်ပြီး ဆုံးမသြဝါဒပေးတာလို့ တိုးတိုးတိတ်တိတ် သတင်းထွက်လာတယ်။ သြော်... သူတို့တွေလည်း ကိုယ့်ပစ္စည်း ကိုယ်တာဝန် မယူပဲ ညစ်ပတ်တာပဲနော်။

ဘာရယ်တော့ မဟုတ်ဘူး။ မနေ့က အခြားဌာနတစ်ခုက Senior Manager မမတစ်ယောက် အလုပ်ကနေ ရုတ်တရက် ထွက်သွားတယ်။ အလုပ်ထွက်မယ် ဆိုတဲ့ သတင်း လုံးဝမထွက်လာပဲ အလုပ်ကနေ ဆိုင်းမဆင့် ဘုံမဆင့် ထွက်သွားတော့ ကျွန်တော်လည်း အံ့သြမိပါတယ်။ သူတို့ ဌာနတွင်း နှုတ်ဆက်တဲ့အနေနဲ့ ကျင်းပတဲ့ နေ့လည်စာ ထမင်းဝိုင်းလေးမှာ ကြေကွဲဝမ်းနည်းနေတဲ့ သနားစရာ မျက်နှာပေးလေးနဲ့ နှုတ်ဆက်စကားတွေ ပြောသွားခဲ့တယ်တဲ့။ ဌာနတွင်း တိုးတီးစကားတွေအရတော့ အလုပ်ထွက်တာ မဟုတ်လောက်ဘူး။ အလုပ် အဖြုတ်ခံရတာ ဖြစ်မယ်တဲ့။ အဲဒီဘွားတော်ကတော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ် အော်ခဲ့တာ ကြာလှပါပြီ။ နောက်ဆုံးတော့လည်း ခြင်ပဲ ရိုက်နိုင်တယ်။ တော်တာကတော့ တော်ပါတယ်။ ဘာတွေ တော်မှန်း မသိတာပဲ ခက်နေတာ။ သူ့ကြောင့်ပဲ ကုမ္ပဏီခမျာ အမြတ်ထွက်သင့်သလောက် အမြတ်မရဘူး။ မကုန်သင့်တာတွေနဲ့ ငွေတွေ သောက်သောက်လဲ ကုန်နေရတယ်။ ဒီအပတ်တွင်းမှာ လုပ်တဲ့ Management Meeting အပြီးမှာ ဘွားတော် အလုပ်ထွက်တယ် ဆိုတော့ စဉ်းစားစရာပါပဲ။ အခုတော့ အဲဒီအခန်းကြီး လွတ်နေပါပြီလေ။

ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီလအလည်မှာ ခရီးထွက်ရပါအုံးမယ်။ တခြားနိုင်ငံမှာ အလုပ်ကိစ္စတစ်ခုနဲ့ ၁ လကျော်ကျော် သွားနေရမှာပါ။ ရှေ့သုံးနှစ်မှာတုန်းက အလုပ်ကိစ္စနဲ့ နိုင်ငံရပ်ခြားကို သွားရတာမျိုး လုံးဝကို မရှိခဲ့ဘူး။ ဒီနှစ်ကျမှပဲ တောက်လျှောက်ကို ခရီးသွားနေရတယ်။ ၃ ရက်သွားလိုက် ၅ ရက်သွားလိုက်နဲ့။ အခုတခေါက်တော့ ၁ လကျော်ကျော် နေရမယ်။ သူများတကာတွေကတော့ ပြည်ပခရီးထွက်ရတာ ထမင်းစား ရေသောက်ပါပဲ။ အိတ်လေးဆွဲပြီး လေဆိပ် ဆင်းလိုက်ရုံပဲ။ ဗီဇာမှ မလိုတာ။ ကျွန်တော်လို ခေတ်မှီဖွံ့ဖြိုး တိုးတက်တဲ့ ရွှေပြည်ကြီးက လာတဲ့ သူတွေအဖို့တော့ ဘယ်ကိုသွားသွား ဗီဇာ လျှောက်ရပါတယ်။ ရက်ရှည် ခရီးသွားရတာ ဝမ်းကိုက်သလို မအီမလည်ပါပဲ။ အဲဒီကာလမှာ သုံးသမျှကို ရုံးက ပြန်ထုတ်ပေးပေမယ့် ကိုယ်က အရင်စိုက်ထားရပါတယ်။ တော်သေးတာက ဟိုတယ်ခကို မစိုက်ရတာပါပဲ။ မဟုတ်ရင် ဘိုင်ပြတ်မယ့် ကိန်းပဲ။

ဘာရယ်တော့ မဟုတ်ပါဘူး။ အလုပ်တွေက တကယ်များလာပါပြီ။ အရင်က များတယ် ဆိုတာထက် အခု ပိုများပါတယ်။ အလုပ်များတယ် ဆိုတာမှာ ကိုယ်တိုင် လုပ်နေရတာ များလာတာတွေ ပါသလို သူများတကာ လုပ်ထားတဲ့ဟာတွေကို လိုက်စစ်ရတဲ့ အလုပ်တွေပါ အပို ပါလာတယ်။ သတ်မှတ်ကာလအတွင်း ပြီးရမယ် ဆိုတာတွေကြောင့်လည်း ပြက္ခဒိန်ကိုတောင် ရဲရဲ မကြည့်ရဲတော့ဘူး။ တာဝန်ယူရတာလည်း ပိုကြီးလာတယ်။ တာဝန်တွေနဲ့ လုပ်ပိုင်ခွင့်တွေသာ ကြီးလာတာ တရားဝင်ရာထူးကတော့ မကြီးသေးဘူး။ ဒါကြောင့် ကိုယ့်ထက် ရာထူးကြီးတဲ့ လူတွေကို အုပ်ချုပ်ကိုင်တွယ်ရတာ အခက်အခဲရှိတာတော့ ဧကံအမှန်ပါပဲ။ အချိန်တစ်ခုကိုတော့ စောင့်ရအုံးမှာပေါ့။ လောလောဆယ်တော့ လူမလေး ခွေးမခန့် ဘဝမှာ ရေတိမ်မနစ်ရအောင် နှာခေါင်းလေး ဖော်ပြီး လေးဘက်ထောက် သွားနေရတယ်။

Sunday, October 3, 2010

Life is great



လူ့ဘဝဆိုတာမှာ နေတတ်ရင်
အေးချမ်းပါတယ်...

Saturday, September 25, 2010

The Lantern Festival



တရုတ်တွေရဲ့ ရိုးရာမီးပုံးပွဲတော်ကို တရုတ်ပြက္ခဒိန်အရ ရှစ်လပိုင်း ၁၅ ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ စက်တင်ဘာလအကုန်နဲ့ အောက်တိုဘာလဆန်းပိုင်း အကြားမှာပေါ့။ အဲဒီပွဲတော်ကို လမုန့်ပွဲတော်လို့လည်း ခေါ်ကြပါတယ်။

အဲဒီပွဲတော်ရဲ့ ဒဏ္ဍာရီနောက်ခံ ပုံပြင်လေးကိုတော့ ဒီပို့စ်မှာ ရေးခဲ့ဖူးပါတယ်။ လမုန့်ပုံပြင်လေးကိုလည်း ဒီနေရာမှာ ရေးတင်ခဲ့ဖူးပါတယ်။

တရုတ်ပြည်နဲ့ ထိုင်ဝမ်မှာတော့ အစိုးရရုံးပိတ်ရက်တွေပေါ့။ စင်္ကာပူကျွန်းပိစိမှာတော့ ရုံးမပိတ်ပါဘူး။ ဒါပေမယ့် တရုတ်တန်းမှာတော့ မီးပုံးလေးတွေ လမ်းတလျှောက် ထွန်းထားပေးပါတယ်။ မီးပုံးလေးတွေကို စီစီရီရီ တွေ့ရတော့ သီတင်းကျွတ်ပွဲတော်ကိုတောင် သတိရမိပါတယ်။ စင်္ကာပူလောက် မလှပေမယ့် ကြည်နူးဖို့တော့ ကောင်းတာတော့ အမှန်ပဲလေ။ ဗျောက်အိုးသံလည်း လွမ်းမိတယ်။

စင်္ကာပူ တရုတ်တန်းက ရထားဘူတာအဝမှာတော့ နိုင်ငံမျိုးစုံက ပြိုင်ပွဲဝင်ထားတဲ့ မီးပုံးအမျိုးစုံကို ချိတ်ဆွဲ ထွန်းညှိပေးထားတယ်။ အီဂျစ်၊ ဗီယက်နမ်က မီးပုံးတွေ ပါသလို မြန်မာမီးပုံးတွေလည်း ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်တဲ့ ရွှေမြန်မာတွေ အချိန်မရလို့ပဲလား မသိဘူး။ မြန်မာမီးပုံးဒီဇိုင်းက ရိုးရိုးရှင်းရှင်းပဲ တွေ့ရတယ်။ ပြောမယ့်သာ ပြောတာပါ။ မြန်မာ့ရိုးရာ မီးပုံးဆိုတာ ဘယ်လိုမျိုးမှန်းကို သေချာ မသိသေးဘူး။ ရန်ကုန်မှာ ထွန်းနေတဲ့ မီးပုံးတွေကတော့ ဒီဇိုင်းမျိုးစုံပဲလေ။ အဝိုင်း လေးထောင့် ပုံစံမျိုးစုံ မြင်ဖူးတယ်။

မီးပုံးတွေ အရောင်စုံ ပြိုင်တူ ထွန်းညှိထားတာ မြင်မိတော့ ပျော်မိတယ်။ မီးပုံးတွေလိုမျိုး လူတွေလည်း ကိုယ်စီ တာဝန် ကျေပွန်ရင် ကောင်းမှာပဲလို့လည်း အတွေးဝင်မိတယ်။ လင်းတဲ့ မီးပုံးက လင်း... မှိတ်နေတဲ့ မီးပုံးက မှိတ် ဆိုရင် ကြည့်ရတာ ဟာတာတာ ဖြစ်နေတယ်။ မပြည့်စုံဘူးလို့ မြင်မိတယ်။ အလုပ်ကို စိတ်စေတနာ အပြည့်နဲ့ အချိန်ရရင် ရသလို ကြိုးစားလုပ်တဲ့သူက လုပ်နေပြီး ရေသာခိုနေတဲ့သူက အချောင်လိုက်နေရင် မတရားဘူးပေါ့။ လင်းနေတဲ့ မီးပုံးတွေကို မှိတ်နေတဲ့ မီးပုံးလေးတွေက ရှက်စိတ်တွေနဲ့ အားနာမိမလားတော့ မသိဘူး။ ဒါပေမယ့် လူတွေကတော့ အရှက်မရှိ ခပ်တည်တည်ပါပဲ။ အတ္တတွေ ကိုင်စွဲရင်း ကိုယ်ကျိုးအတွက် ကြည့်တာ များလွန်းလှတယ်။

တလက်စတည်း တွေးမိတာက မိုးခါးရေတွေ သောက်နိုင်ဖို့ ကြိုးစားယူရအုံးမယ်။ လင်းနေရမယ့် မီးပုံးတွေ မီးမှိတ်နေလည်း ခပ်တည်တည် နေတတ်ဖို့ သင်ယူရအုံးမယ်။ အတော့်လေးကို မလွယ်တာပါပဲ။

Wednesday, September 22, 2010

YGH Ward 12 Bed 12

ရန်ကုန်ဆေးရုံကြီး အဆောင် ၁၂ ခုတင်နံပါတ် ၁၂
ဆက်လင်း Tuesday, September 14, 2010 ဆောင်းပါး

“လူနာရှင်ဘယ်မှာလဲ၊ လူနာရှင်”

အသက် အစိတ်ဝန်းကျင် တာဝန်ကျ ဆရာဝန်မလေး တဦးရဲ့ ကျယ်ကျယ် လောင်လောင် အော်လိုက်သံ ဖြစ်ပြီး သူ့ရဲ့အော်သံမှာ ဒေါသသံကလည်း ရောပါနေတယ်။

ရန်ကုန်ဆေးရုံကြီးရဲ့ အဆောင် ၁၂၊ ခုတင်နံပါတ် ၁၂ ပေါ်မှာ နှာခေါင်းမှာရော လက်မှာပါ ပိုက်တန်းလန်းနဲ့ အသက် ၅၀ အရွယ် စကားပြန် မပြောနိုင်တဲ့ အမျိုးသားလူနာ တဦး ရှိနေပါတယ်။

~~~~

ဧရာဝတီသတင်းဆိုဒ်က ဆောင်းပါးလေးပါ... ရန်ကုန်ဆေးရုံကြီးမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ခြယ်မှုန်း ရေးသားထားပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ ပြဿနာရဲ့ အရင်းအမြစ်က ဘာလဲဆိုတာတော့ အတော်များများ သိကြပါတယ်။ စနစ်ကြောင့် နစ်နေရတဲ့ ဘဝတွေ များစွာ များစွာ ရှိနေဆဲပါ။ ရှိလတ္တံပါ။

သွေးလှူတဲ့ ပရဟိတအလုပ်တွေနဲ့ ရန်ကုန်မြို့က ဆေးရုံတွေကို မကြာခဏ ရောက်ဖူးတဲ့ ကျွန်တော့်အဖို့ မြင်တွေ့နေကြ မြင်ကွင်းလေးတွေပါပဲ။ ဆောင်းပါးရှင်က ရှုထောင့်တစ်ခုကနေ ရေးသားသလို ကျွန်တော် သိမြင်ထားတဲ့ ရှုထောင့်တွေကလည်း တမျိုးတဘာသာပါပဲ။ ခဏတဖြုတ် ရောက်ဖူးတဲ့သူနဲ့ နေ့စဉ်နီးပါး လစဉ်ရက်ဆက် ရောက်ဖူးတဲ့သူတွေရဲ့ အတွေ့အကြုံကလည်း ကွာခြားနိုင်ပါတယ်။

ဆေးရုံကို မကြာခဏ နေ့စဉ်လိုလို ရောက်ရှိတဲ့သူတွေအထဲမှာ ဆရာဝန်တွေ သူနာပြုတွေ အများဆုံးပေါ့။ အဲဒီဆောင်းပါးအပေါ်မှာ သူတို့ရဲ့ အမြင်တွေ ခံစားချက်တွေကလည်း ကွဲပြားနိုင်ပါတယ်။ ဖိုရမ်တခုမှာ သိကျွမ်းဖူးတဲ့ ဆရာဝန်တစ်ယောက်ရဲ့ Facebookမှာ ရေးသားထားတဲ့... ပြောချင်လွန်းလို့ ပြောပါရစေ..။ ငြင်းကြရော့ တမုန်း.. ဆိုတဲ့ ပို့စ်လေးက ရှုထောင့်တမျိုး ဖြစ်နေပြန်တယ်။ အဲဒီ မတူကွဲပြားတဲ့ ရှုထောင့်ကိုလည်း အသိမိတ်ဆွေ စာဖတ်သူတွေ သိရှိစေချင်သလို ကျွန်တော်လည်း သိမ်းထားချင်လို့ မူရင်းရေးသားသူရဲ့ ခွင့်ပြုချက်ကို ရယူပြီး ကျွန်တော့်ဘလော့ပေါ်မှာ ပြန်တင်လိုက်ပါရစေ။ ဆားချက်တာတော့ မဟုတ်ပါဘူးခင်ဗျာ။

~~~~~

ပြောချင်လွန်းလို့ ပြောပါရစေ..။ ငြင်းကြရော့ တမုန်း..။

၁။ ဆေးရုံတွင် ဆရာဝန်ခ ပေးရန်မလို..။ ကျန်အခြားအဆင့်များသည် ဆေးကုသသော ဆရာဝန်နှင့် မသက်ဆိုင်။ ဆေးရုံအုပ်ချုပ်ရေးနှင့်သာ ဆိုင်သည်။ အပေါက်စောင့် ပိုက်ဆံတောင်းခြင်းသည် ကုသရေးနှင့် မပါတ်သက်။ သူနာပြုဟိန်းဟောက်ခြင်းသည် သက်ဆိုင်ရာ သူနာပြုအုပ်နှင့်သာ သက်ဆိုင်သည်။ ဆရာဝန်များသည် သူနာပြုကို အုပ်ချုပ်သူများ မဟုတ်ပါ။

၂။ ဆေးရုံတွင် ဆေးမရှိပါ။ ထို့ကြောင့် ကိုယ့်ဘာသာကိုယ် ဆေးဝယ်ရပါမည်။ စရိတ်မျှပေးစနစ်ကို အကြောင်းကြောင်းကြောင့် ဆက်လက် အကောင်အထည်မဖေါ်တော့သည်မှာ ကြာလှပါပြီ။ ဆိုင်းဘုတ်ကို ကြည့်ပြောမည်ဆိုလျှင်... ကွမ်းမထွေးရ၊ ဆေးလိပ်မသောက်ရ၊ မဆူပါနှင့် ဆိုသော ဆိုင်းဘုတ်များကိုလည်း လိုက်နာသင့်ပါသည်။

၃။ ဆရာဝန်သည် လူဖြစ်သည်။ ဝန်ဆောင်မှုပေးသော လူမျှသာဖြစ်သည်။ ဆေးရုံ (အစိုးရဆေးရုံတွင်သာ) အလွန်နည်းပါးသော ဝင်ငွေဖြင့် အလွန်ကြီးလေးသော ဝန်ဆောင်မှု (လူ့အသက်နှင့် ပါတ်သက်သည်) ကို ထမ်းဆောင်နေသူများသာ ဖြစ်သည်။ ကိုယ်ပိုင်လူမှုဘဝ၏ အရေးကြီးသော အစိတ်အပိုင်းများကို ရံဖန်ရံခါ ပစ်ပယ်ထားရသော ဘဝအရည်အသွေးနိမ့်ကျ သူများလည်း ဖြစ်သည်။

၎။ ဆေးရုံတွင် လာရောက်လှူဒါန်းသူများသည် စေတနာသုံးတန်ပြဌာန်း၍ လာရောက်လှူဒါန်းသူ အလွန်နည်းပါးပါသည်။ အဓိက အထောက်အပံ့ပေးသူများမှာ ဆေးကုမ္ပဏီများ ဖြစ်ပြီး ကြော်ငြာခွင့်မရလျှင် မလှူတတ်ပါ။ ထိုရောအခါ.. လိုက်လျောညီထွေ ဖြစ်စေရန် လူနာများအတွက် ခဏတာ ဆေးရရှိစေရေးအတွက် အောင့်ခါနမ်းတတ်ကြရပါသည်။

၅။ ဆေးရုံတိုင်းသည် ဝန်နှင့်အား မမျှပါ။ ၂၅ ခုတင်ဆန့်ဆေးရုံတွင် လူနာ ၁၀၀ ခန့် ရှိနေတတ်ပါသည်။ သို့သော် ၂၅ခုတင်ဆန့် ဆေးရုံအတွက် ခန့်အပ်ထားသော လူပမာဏမှာမူ လူနာ ၂၅ ယောက်ကိုသာ နိုင်နိုင်နင်းနင်း ကုသပေးနိုင်မည် ဖြစ်သည်။

၆။ စေတနာသည် လူတိုင်းနှင့် တန်ပါသည်။ လူတိုင်း စေတနာကို လက်မခံတတ်ပါ။ ရောဂါသည်ကို စိတ်မချ၍ လာစောင့်သော လူနာစောင့်ကို ကိုယ်ချင်းစာပါသည်။ လူနာစောင့်များကရော.. ဝန်နှင့်အားမမျှသော သာမန်ဆရာဝန်လေးများ အပေါ်တွင် ကိုယ်ချင်းစာပါ၏လော...။

၇။ လူတော်တော်များများသည် တော်ပေ့ဆိုသော ဆရာဝန်ကြီး လာကြည့်မှ ကြိုက်ပါသည်။ ဆရာဝန် အငယ်များ လာကြည့်လျှင် မျက်စောင်းထိုးတတ်ကြပါသည်။ ထိုဆရာဝန်အငယ်များသည် ရှင်းရှင်းပြောရလျှင် တာဝန်ကြောင့် ကြည့်ရပါသည်။ ပြီးလျှင် အဆိုပါ ဆရာဝန်ကြီးများထံတွင် သံတော်ဦးတင်ရပါသည်။ မှားလျှင် အငေါက်အငမ်း မလွတ်ပါ။ ထိုအခါ စိတ်အခြေအနေသည် လူမှုဆက်ဆံရေးကို ထိခိုက်တတ်ပါသည်။ လူနာစောင့်၏ ဆန္ဒလွန်ကဲမှု နှင့် အတ္တသည် ဆရာဝန်များ၏ ဆက်ဆံရေးကို များစွာ လွှမ်းမိုးပါသည်။

၈။ အခါများစွာပင်... တတ်နိုင်လျှင်အသက်ရှင်မှာ ဆိုသော ရောဂါသည်များကို ဘာမျှလုပ်မပေးနိုင်ပဲ မျက်နှာလွှဲနေရသည်များ ရှိပါသည်။ အခြေအနေ အဖြစ်အပျက်နှင့် ရောဂါကအစ အစုံအလင် သိနေသော ဆရာဝန်၏ မချိတင်ကဲစိတ်ကို နားလည်ကြပါမည်လော။ ထို မချိတင်ကဲဖြစ်နေသော ဆရာဝန်ခမျာ နင့်ကြောင့်ဟု စွပ်စွဲခံရသောအခါ မည်သို့သော စိတ်ခံစားချက်ဖြစ်မည်နည်း။ ကိုယ်ချင်းစာပေးရန် မလိုပါ။ နားလည်ပေးရန်လည်း မလိုပါ။ လူနာရှင်များတွင် သောကများရှိနေပါသည်။ ကိုယ်ချင်းစာပါ၏။ နားလည်ပါ၏။ လူနာရှင်ကိုယ်တိုင် မတတ်နိုင်သော ကိစ္စ ဖြစ်မှန်း သိပါ၏။ တစ်ခုသာလျှင် တောင့်တသည်။ မကူညီချင်နေပါ။ မနှောင့်ယှက်ပါနှင့်။ မယုံကြည်လျှင် ယုံကြည်လောက်သော နေရာများစွာရှိပါသည်။ သွားပါ။

၉။ ဆေးရုံတွင် အမှန်တကယ်လိုအပ်နေသော နေရာများစွာ ရှိပါသည်။ လူမှုဆက်ဆံရေးနေရာ (လစ်လပ်နေသည်မှာ ကြာပါပြီ လျှောက်ထားမည့်သူပင်မရှိပါ။ လူနာအိမ်အထိလိုက်၍ ဝန်ဆောင်မှုပေးရသော အလုပ်ဖြစ်ပါသည်။ သွေးလိုလျှင် သွေး၊ ငွေကြေးအခက်အခဲ၊ လူမှုရေးဆိုင်ရာများကို ထဲထဲဝင်ဝင် ဖြေရှင်းတတ်သော အရည်အချင်းရှိသူ ဖြစ်ဖို့တော့လိုပါသည်။ medico social worker ဟုခေါ်သော နေရာဖြစ်ပါသည်။ လစာ နည်းပါးပါသည်။ ထို့ကြောင့် အခြားဌာနများနည်းတူ ကွက်လပ်ဖြစ်နေပါသည်။) တကယ်ကူညီချင်သူများ ထိုအလုပ်မျိုးအတွက် ဖန်တီးပေးလျှင် ကောင်းပါလိမ့်မည်။ ဆေးလှူလျှင် ခဏသာ ရပါမည်။

၁၀။ မရသေးသော၊ မရနိုင်သော အရာများအတွက် ဆရာဝန်တွင် တောင်းခံရန် စောင့်ဆိုင်းရန် အချိန်မရှိပါ။ လူနာကို ရတတ်သမျှသောဆေးဝါး၊ ဘာမျှမရှိလျှင် လူသက်သက်ဖြင့် တတ်နိုင်သလောက်သာ လုပ်ပေးနိုင်ပါသည်။ ရှေးခေတ်က အိတ်စိုက်ခြင်းသည် လူနာနည်းနည်း ဆရာဝန်များများ ဖြစ်ပါသည်။ ယခုလောက် ဆေးလောကကို အားကိုးခြင်း နည်းပါးပါသည်။ စိုက်နိုင်ပါသည်။ ယခုလောက် ခွက်မကျတတ်ပါ။ လူနာကိုယ်တိုင်က စွမ်းစွမ်းတမံရှိပါသည်။ ယခုခေတ်တွင် လူနာများများ အယောင်ဆောင်များများကို အိတ်စိုက်ရန် မတတ်နိုင်၊ အိတ်စိုက်ချင်စိတ်လည်း မရှိပါ။

၁၁။ လူတစ်ယောက်ချင်းစီ၏ အမူအကျင့်များမပြောင်းလဲနိုင်သ၍ မဖြစ်နိုင်သေးပါ။

Sunday, September 19, 2010

Innocent Victim


ခြေကုပ်မိ အသာစီးရနေတဲ့ လူဆိုးကြီးတွေကလည်း အလျှော့မပေးပဲ ဆွဲထားတယ်...


အမှောင်ခွင်းပြီး အလင်းဆောင်မယ်ဆိုပြီးတော့လည်း တခြားတဘက်က ဆွဲပြန်တယ်...

နောက်ဆုံးတော့လည်း နဂါးတကောင်လို အမောက်ထောင်နိုင်ရမယ့် တို့တိုင်းပြည်လည်း
ဟိုဘက်ဒီဘက် ဘက်နှစ်ဘက်ကြားမှာ မြေဇာပင်လို ဖွတ်ဖွတ်ညက်ညက်ကျေပြီး လျှာထွက်တော့မှာပဲလေ။


Thursday, September 16, 2010

Fired Plastic

အကြော်တွေ ကြွပ်ရွဖို့အတွက် ရေသန့်ဗူးတွေ ထည့်ကြော်ပါတယ် ဆိုတဲ့ သတင်းလေး မော်ဒန်ဂျာနယ်မှာ ပါလာတယ်။ အဲဒီသတင်းကို မစင်နဲ့ ရီတာက မေးလ်ကနေ ပို့ပေးလို့ ဖတ်လိုက်ရတယ်။ ဘာရယ်ညာရယ် မဟုတ်... ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဖတ်စေချင်လို့ စာတွေကို ဆက်ဖြန့်ပေးလိုက်သေးတယ်။ အယုံလွယ်သူ မဟုတ်ပေမယ့် ဖျတ်ခနဲ ဖတ်လိုက်တဲ့အချိန်မှာ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ သေချာ မစဉ်းစား မဆင်ခြင်မိလိုက်ဘူး။ နောက်တနေ့မှာ ဖိုရမ်ဖတ်ဖြစ်တော့ ကယ်လ်ဗင်က အဲဒီအကြောင်းကို သေသေချာချာ ရှင်းပြထားတာ ဖတ်လိုက်ရတယ်။ သူ ရှင်းပြလိုက်တော့လည်း သြော်... ဒါလည်း ဟုတ်တာပဲ... ပေါ့။ ငါလည်း ချီးဘရိန်းပါလား ဆိုတာ သိလိုက်ရတယ်။

ပြင်းပြင်းထန်ထန် ရေးထားတဲ့ ဂရုဏာဒေါသတွေ ပါနေပေမယ့် စာရေးသူရဲ့ အရိုးခံစေတနာကို နားလည်မိတဲ့ ကျွန်တော့်အတွက်... အဆင်ပြေပါတယ်။ ဒါကြောင့် ကယ်လ်ဗင် ရေးထားတာလေးကို ကျွန်တော့်ဘလော့မှာ ထပ်ဆင့် ဝေမျှလိုက်ပါရစေ...

~~~
မြန်မာပြည်က တချို့သတင်းတွေက ရီရတယ်။ ကြက်ဥ အတုတုန်းကလည်း အမလေး သတင်းကဖြင့် အိုဆွေးလို့ မြုပ်တောင်နေပြီ သူက ၀ူးဝါးနဲ့။ နောက်ဆုံးတော့ တရုတ်ပြည်က ဓါတုဗေဒသမားတယောက်က ရေးတယ် .. သူပြောတဲ့ ဓါတုပစ္စည်းတွေ ပေါင်းပြီး လုပ်ပြီဆိုပါစို့ .. တဲ့။ ဘယ်ဒင်းက ဘယ်လောက်တန်တယ် ဘာညာနဲ့ ဈေးတွက်လိုက်တော့ ကြက်ဥတလုံး ပြား၈၀လောက် ကျနေတယ်။ အစစ်က အဲဒီတုန်းက ၃၅ပြားပဲ တန်တယ်။

ပလတ်စတစ်ဆန်တုန်းကလည်း တော်တော်လေး ရှင်းယူလိုက်ရတယ်။ ဒါမျိုးကျတော့ ကျွန်တော့်အိမ်က သိသဗျ။ ဟဲ့ငါ့သား... ကော်စေ့နဲ့ဆန် ဈေးချင်းက မိုးနဲ့မြေလို ကွာနေတာ... ပလတ်စတစ်ဆန်သာ ဆန်ဈေးနဲ့ ရောင်းလို့ကတော့ အိမ်ပေါင်ပြီးတောင် ၀ယ်ပစ်လိုက်မယ်ဆိုပဲ။

အခု ပလတ်စတစ်ကို ကြော်သတဲ့ .... အမယ် သမိုင်းလမ်းဆုံးက အကြော်ဆိုင်တောင် ပါလိုက်သေးတယ်။ ကျွန်တော်သိသလောက် သမိုင်းလမ်းဆုံးမှာ အကြော်ဆိုင် ကြီးကြီးမားမား မရှိဘူး။ သမိုင်းလမ်းဆုံ နီးနီးနားနား ရှိတဲ့ဆိုင်ကလည်း ဂလောက် မကြီးကျယ်လှဘူး။ အဲဒီနားက ရောင်းအကောင်းဆုံးဆိုင် ပြပါဆိုရင် လက်ဖက်ရည်ဆိုင်၊ ဒန်ပေါက်ဆိုင်နဲ့ လမ်းဆုံအရှေ့ဘက်ဒေါင့် အမှောင်ထဲမှာ ရောင်းတဲ့ ထမင်းကြော်ဆိုင်ပဲ ရှိတယ်။

သမိုင်းလမ်းဆုံးမှာ (နာမည်ကြီး) အကြော်ဆိုင် တစ်ဆိုင်မှ မရှိဘူး။ ၉၇/၉၈ လောက်ကနေ ၂၀၀၇ အထိ မရှိဘူး သေချာသဗျာ။ သတင်းမှာ ဓါတ်ပုံထည့်ထားတဲ့ အကြော်ဆိုင်ကို ကြည့်လိုက်ဦး... စုတ်ပြတ်သတ်နေတဲ့ မှန်ပုံးလေးတပုံးနဲ့။

လွန်ခဲ့တဲ့ ၂နှစ်က ကလမန်တီးက ငှက်ပျောသီးကြော်ဆိုင်မှာ အဲလို လုပ်ပါတယ်ဆိုပြီး ကောလဟာလဖြစ်လို့ သတင်းစာထဲတောင် ပါလိုက်သေးတယ်။ ပြီးမှ သတင်းက ရေရေရာရာ မဟုတ်ဘဲ ရောချမှန်းသိတော့ ရပ်သွားတာ။

ကျွန်တော်ပြောချင်တာက ... အဲဒီ သတင်းသမား မဟုတ်တဲ့ ရောတောပေါတော ဂျာနယ်သမားတွေရေးတဲ့ သတင်းကို ကိုယ့်အသိဥာဏ်လေးနဲ့တင် စဉ်းစားကြည့်ပါဗျာ။ ဆီတပုလင်းလောက် ဗူးသီးတစိတ်လောက် အဆုံးခံပြီး ကြော်ကြည့်ကြစမ်းပါ။ ဒီလိုသတင်းမျိုးရေးတဲ့ ဂျာနယ်နဲ့ ဂျာနယ်လစ် အတုအယောင်ကို စာပေအစည်းအရုံးက အရေးယူသင့်တယ်။

ပလတ်စတစ်ကို မီးမလောင်ဘဲ အရည်ပျော်ကျသွားအောင် ဆီထဲမှာ ထည့်ပြီး အပူပေးလို့ ရပါတယ်။ အရင်ဆုံး တွန့်လိမ်ရှုံ့တွသွားမယ် ပြီးရင် အရည်ပျော်ပြီး ဆီနဲ့ ရောသလိုလိုဖြစ်သွားမယ်။ အပူချိန် အဲဒီထက် ပိုမြင့်လာရင် မီးထလောင်ပြီး အငွေ့ပျံသွားမယ်။ ဆီကတော့ သေချာတယ် ပလတ်စတစ် PVC ပိုက် မီးလောင်ရင် ထွက်တဲ့ အနံ့ထွက်လာမှာ သေချာတယ်။ ခက်တာက ရေးတဲ့သူက ဒီထက်ပိုပြီး ရှေ့ဆက် မစဉ်းစားတော့ဘဲ ဇွတ်အတင်း ကောက်ချက်ချတော့တာပဲ။

ပလတ်စတစ်အရည်ဟာ အဲဒီဆီထဲက ထုတ်လိုက်တာနဲ့ ချက်ချင်းပြန်ခဲသွားမယ်။ ပြီးတော့ အဲဒီပလတ်စတစ် အခဲအစလေးတွေ အတုံးလေးတွေဟာ သဲမှုန်လေးတွေလောက်ထိ သေးငယ်နေရင်တောင် လူရဲ့ ပါးစပ်က မသိစရာ အကြောင်းမရှိဘူး။ ထမင်းစားလို့ သဲနှစ်မှုန်လောက်ပါရင်တောင် သိသေးတာ ပလတ်စတစ် အစအနတွေနဲ့ ရောကပ်နေတဲ့ အစားအသောက်ကို မသိဘဲ စားမိဖို့ဆိုတာ ဘယ်လိုစဉ်းစား စဉ်းစား မဖြစ်နိုင်ဘူး။ နောက်တခုက PVC အနံ့။ ကော်စေ့နံ့ဟာ သိပ်ပြင်းပါတယ်။ ဒီအနံ့လောက် ပြင်းတာကြီး ပါနေတဲ့ အစားအသောက်ကို ဘယ်သူက စားနိုင်မှာလဲ။

အနံ့နဲ့အရသာအပြင် အစားအသောက်ထဲ Non-Food Particle တွေ ပါနေတာ မသိဘဲ စားမိနိုင်လောက်တယ် ထင်တဲ့သူတွေဟာ တကယ်ပဲ အစားအသောက် မချက်ပြုတ် မကြော်လှော်ဖူးတာလား Reasonable မဟုတ်တဲ့ အချက်အလက်တွေ ဒီလောက် အများကြီး ပါနေရဲ့သားနဲ့ .. ဖြစ်နေရင် ဘယ်လို လုပ်မလဲ .. ဟုတ်နေရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့... ကိုယ့်ကိုယ်ကို မယုံကြည်စိတ်၊ အားမကိုးရဲတဲ့စိတ်ကြောင့် ဒီလို Hoax တွေ မြန်မာပြည်မှာ သိပ်အောင်မြင်နေတယ်လို့ ထင်ပါတယ်။

မြန်မာပြည်မှာ အနေများခဲ့သူဆိုတော့ မြန်မာတွေအကြောင်းပဲ သိတာပေါ့နော်။ မြန်မာတွေက ဟုတ်သော်ရှိ မဟုတ်သော်ရှိ... ဒါလေးလုပ်လိုက်လို့ ဒါလေး ပြောလိုက်လို့ ဒါလေး ယုံကြည်လိုက်လို့ ကိုယ့်အကျိုး မယုတ်ဘူး။ တော်ကြာ မလုပ်ဘဲနေပြီး ကိုယ့်အကျိုး စီးပွား ထိခိုက်နေရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ လူစားက များပါတယ်။ ဗေဒင်မေးတယ်... မယုံရင် ယတြာမချေနဲ့။ ယုံရင် ယတြာကို အပီအပြင်လုပ်။ ဒီလိုလည်း မဟုတ်ဘူး။ ယုံတော့ မယုံဘူး။ ဒါပေမယ့် စိတ်ချရအောင် ယတြာတော့ လုပ်ထားလိုက်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုး။

ကောလဟာလ တခုခုလွှင့်လိုက်ပြီဟေ့ဆိုရင် လူတွေက မဖြစ်နိုင်မှန်းသိလည်း... ဖြစ်ခဲ့ရင် ငါတာဝန် ယူနေရလိမ့်မယ် ဆိုပြီး မပြောဘဲ အောင့်ထားကြတယ်။ ဒီလို မပြောတဲ့သူတွေ များလာလေလေ အမှန်တရား ပျောက်ကွယ်လေလေ။ ကောလဟာလတွေ အောင်မြင်လာလေလေ။ ပညာတတ်တွေ ဆင်ခြင်နိုင်သူတွေ အကြောင်းအရာကို သိတဲ့သူတွေကမှ ဒါမဟုတ်ဘူး ဒါမမှန်ဘူး ဒါမှားနေတယ် လို့ ... မပြောဘဲနေကြရင် ဆရာဝန်ကြီးကတောင် ဒါမဟုတ်ဘူးလို့ မပြောဘူး၊ ဟိုပညာတတ်ကြီးတောင် ဒါမှားတယ် မပြောရင် ဟုတ်နေလို့ ဖြစ်ရမယ်ဆိုတဲ့ ကောက်ချက်က တန်းချကြတာ။ မြန်မာလူမျိုးဆိုတာ ဘာပြောပြော အများစုကတော့ ယုံကြတာပဲ ဆိုတဲ့ ချီးဘရိန်းအဆင့် ရောက်မှန်းမသိ ရောက်နေပြီ။

ဥုံမဏိ ပဒ္ဒမေဟုံ ဆိုတဲ့ မဟာယန ဂါထာကို အိမ်ထဲမှာ ကပ်ထားတဲ့ ထေရ၀ါဒတွေ။ ဤအိမ်/ကား/ဆိုင် သည် ဘုရားမေတ္တာရိပ်အောက်မှာ ရှိလို့ ရောက်လာသူအားလုံး အေးချမ်းသာယာကြပါစေဆိုတဲ့ .. အစိုးရနာမည်ကို ရောကောသောကော Marketing လုပ်ထားတဲ့ စာရွက်တွေ။ စင်ကာပူက မြန်မာတွေကို ဗီဇာမပေးတော့ဘူး လေယာဉ်တစင်းလုံး Reject လုပ်လိုက်တာတဲ့ ဆိုတာယုံတဲ့သူတွေ... တလနှစ်ခါလောက် စင်ကာပူနိုင်ငံရောက် မြန်မာတွေ ဘယ်လို အတိဒုက္ခရောက်နေပြီ၊ ဘယ်လို အနှိမ်ခံနေရပြီဆိုတာ ပေါ်လစီနဲ့ မထည့်မနေရ ဆောင်းပါးထည့်ရတဲ့ ဂျာနယ်တွေ... ကလေးအသားခါးသည် ခွေးအသားချိုသည်... ဆိုတဲ့ စာတွေ အိမ်ပေါင်းများစွာမှာ မြင်ရတဲ့နောက်.... ကောလဟာလ မှန်သမျှ ၀ိုင်းဝန်း အဖြေရှာ အမှန်တရား ရှာဖွေပြီး ကိုယ်ပိုင် ဘလော့ဂ်ဖြစ်ဖြစ် Reply mail ဖြစ်ဖြစ် website ဖြစ်ဖြစ် ပြန်လည် မျှဝေ စေချင်ပါတယ်ခင်ဗျာ။

Sunday, September 12, 2010

View from Skypark


ဒီနေ့... Marina Bay Sands Skypark ကို သူငယ်ချင်းတွေ ခေါ်ဆောင်သမှုနဲ့ ရောက်သွားတယ်။
အဲဒီတော့ ပိုက်ဆံ ရွှတ်ခနဲ ထွက်သွားတာပေါ့။ လူကြီးတယောက်ကို ဒေါ်လာ ၂၀ ပေးရတယ်။


နေမဝင်ခင် လက်မတင်လေး ရိုက်ထားလိုက်တဲ့ ဓါတ်ပုံပါ။ လက်မှတ် ဝယ်ဖို့ တန်းစီရတာနဲ့ နေလုံးကြီးက ဝင်ရှာတော့မယ်။ အပေါ်မှာ လူတွေက များလွန်းတော့ ဓါတ်ပုံရိုက်ရတာ သိပ်တော့ အဆင်မပြေဘူး။

ညဦးပိုင်းလေး ရိုက်ထားတာလေးပါ။ မီးရောင်တွေ ထိန်ထိန်ညီးနေတဲ့ စကာင်္ပူရဲ့ အလှလေးပေါ့။ သုံးချောင်းထောက်လေး မပါသွားတော့ အတတ်နိုင်ဆုံးလေး ငြိမ်အောင် ထိန်းပြီး ရိုက်ထားလိုက်တယ်။

Thursday, September 2, 2010

Closure of Indo Buddha Bar

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က Buddha Bar ကို တရားရုံးက စက်တင်ဘာ ၁ ရက် ဗုဒ္ဓဟူးနေ့မှာ ပိတ်ဖို့ အမိန့်ချလိုက်ပါပြီ ဆိုတာသတင်းဟာ ကျွန်တော့်အတွက်တော့ မင်္ဂလာရှိတဲ့ သတင်းကောင်းတစ်ခုပါပဲ။ ဂျာကာတာမြို့ ခရီးသွားလုပ်ငန်း အာဏာပိုင်နဲ့ ဂျာကာတာမြို့ဝန်တို့က ဆိုင်ပိုင်ရှင်ကို အမေရိကန်ဒေါ်လာ ၁ သိန်း ၁ သောင်း လျှော်ကြေးပေးဖို့လည်း အမိန့်ထုတ်လိုက်တယ် ဆိုပဲ။ ဆိုင်မန်နေဂျာကတော့ တရားရုံးမှာ အယူခံ တင်ထားပြီး ဆိုင်ကိုတော့ အခုချိန်ထိ ဆက်ဖွင့်ထားပါတယ်။ ပြင်သစ်က ဆိုင်ပိုင်ရှင်ရဲ့ အဖြေကို စောင့်နေရလို့ပါတဲ့။

အဲဒီအရက်ဆိုင်ဟာ ပြင်သစ်နိုင်ငံမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ ဂျာကာတာမှာတော့ အာရှပထမဦးဆုံး ဆိုင်ခွဲအဖြစ် ၂၀၀၈ နှောင်းပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ အာရှတိုက်မှာ ဂျာကာတာအပြင် ရှန်ဟိုင်း၊ လက်ဘနွန်က ဘေရွတ်နဲ့ ဒူဘိုင်းမှာလည်း ဆိုင်ခွဲတွေ ရှိနေပါပြီ။ အင်္ဂလန်မှာ လန်ဒန်၊ အမေရိကားမှာ ဝါရှင်တန်၊ အီဂျစ်မှာ ကိုင်ရို၊ ဘရားဇီးမှာ ဆာပါလို၊ မိုနာကိုမှာ မွန်တီကာလိုမြို့တွေမှာလည်း အဲဒီအရက်ဆိုင်တွေ ဖွင့်ထားပါတယ်။

အရှေ့တိုင်းရဲ့ အငွေ့အသက်ကို ခံစားလိုစေတဲ့ ရည်ရွယ်ချက်ပါဆိုပြီး ထိုင်တော်မူ မြတ်ဗုဒ္ဓဆင်းတုတော် အကြီးကြီးကို အရက်ဆိုင်ရဲ့ မြင်သာထင်သာရှိတဲ့နေရာမှာ ခင်းကျင်းထားပါတယ်။ အဲဒီအခင်းအကျင်းကြောင့်ပဲ မူစလင်ဘာသာဝင် အများစုရှိတဲ့ တိုင်းပြည်ဖြစ်ပေမယ့်လည်း အနည်းစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဆန့်ကျင် ကန့်ကွက်မှုကို ခံရပါတော့တယ်။ တက္ကသိုလ်ကျောင်းသားများက ဦးဆောင်ပြီး ဆန့်ကျင်ရှုံ့ချ ဆန္ဒပြမှုတွေကို စီစဉ်ခဲ့ပါတယ်။ ဆိုင်ပိုင်ရှင်က "Buddhabar" ဆိုပြီး မလိမ့်တပတ်နည်းနဲ့ အမည်ပြောင်းပြီး နှစ်သိမ့်ပေမယ့် အကျိုးမထူးပါဘူး။ ဗုဒ္ဓဘာသာဝင်တွေက တရားရုံးမှာ တရားဥပဒေနည်းလမ်းနဲ့ ရင်ဆိုင်ဖြေရှင်းဖို့အထိ ကြိုးပမ်းခဲ့ကြပါတယ်။ အခုတော့ တရားရုံးက ပိတ်စေလို့ အမိန့်ချလိုက်ပါပြီ။

ဘာသာရေးကို မစော်ကားတာ ကောင်းပါတယ်။ ဘယ်ဘာသာ ဖြစ်ဖြစ်ပေါ့။ အခုဆိုင်ကတော့ စော်ကားလိုတဲ့ ရည်ရွယ်ချက် မပါပေမယ့် ဘာသာရေးပုံရိပ်တွေကို အလွဲသုံးစား လုပ်သလို ဖြစ်နေတယ်လို့ မြင်မိပါတယ်။ အနည်းစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ တရားသော တောင်းဆိုချက်ကို အခြေခံပြီး အမိန့်ချပေးတဲ့ အင်ဒိုနီးရှား တရားရုံးကိုလည်း လေးစားမိပါတယ်လေ။

Monday, August 30, 2010

Publication for YF2010

အရင်လိုမျိုး အချိန်သိပ်မပေးနိုင်တာနဲ့ အခုနှစ်မှာ စနေ တနင်္ဂနွေ ၂ ရက်ရှိတဲ့အထဲက တနင်္ဂနွေတစ်ရက်ပဲ လုပ်အားပေးခဲ့တယ်။ ဒါတောင် ညနေပိုင်းလေး တစ်ပိုင်းပဲ ၃ နာရီကနေ ၇ နာရီအထိ ဝင်ကူပေးနိုင်တာမျိုးပါ။ လုပ်အားပေးမယ့် သူငယ်ချင်းတွေကို စမ်းမားဆက်ဘူတာမှာ နေ့လည် ၂ နာရီခွဲအရောက် ဆုံကြဖို့ ချိန်းလိုက်တယ်။ စုရပ်ကို ၃ နာရီ မထိုးခင် အရောက်သွားရမှာပါ။ စုရပ်ကို ၃ နာရီမထိုးခင် ရောက်တော့ ကြက်ခြေနီတီရှပ်တွေ ထုတ်ပေးတယ်။ အဲဒီ တီရှပ်တွေ လဲဝတ်ပြီးတော့ သွေးပုံစံအရုပ်ထဲကို ဝင်မယ့်သူ ၂ ယောက်ကို ရွေးထုတ်ရတယ်။

သွေးလှူပွဲကို လူသိများအောင် လုပ်ပေးဖို့အတွက် ကျွန်တော်တို့ရွှေအဖွဲ့ကို ၃ ဖွဲ့ ခွဲထုတ်လိုက်တယ်။ ယောကျာ်းလေး ၃ ယောက်ပါတဲ့ အဖွဲ့က လက်ကမ်းစာစောင်တွေ ဝေဖို့ အောချက်ကနေ စီးတီးဟောဘက်ကို ထွက်သွားခဲ့တယ်။ ကျန်တဲ့ ၂ ဖွဲ့က သွေးစက်အရုပ်ကြီးတွေနဲ့ အောချက်လမ်းပေါ်မှာ လက်ကမ်းစာစောင်တွေ ဝေရတာပေါ့။ အရုပ်နဲ့ ဓါတ်ပုံတွဲရိုက်တာလည်း လုပ်ပေးရတယ်။ စလုံးမလေးတွေက အရုပ်ကြီးနဲ့ ဖက်ပြီး ဓါတ်ပုံရိုက်ကြတယ်။ အရုပ်ထဲမှာ ၀င်ထားတာ ယောကျာ်းလေးလား မိန်းမလေးလား မသိကြရှာဘူး။ သိလည်း သိပ်ပြီးတော့ ပြဿနာ ရှိဟန် မတူပါဘူး။

တညနေလုံး အောချက် လမ်းပေါ် ဟိုဟိုဒီဒီ လျှောက်ပြီး ညနေ ၅ နာရီလောက်မှာ စမ်းမားဆက် ဘူတာနားက ရှော့ပင်းမောလ်ကြီး ရှေ့မှာပဲ စခန်းချပြီး လက်ကမ်းစာစောင် ဝေငှရေး လုပ်ကြတယ်။ အဖွဲ့ထဲမှာ ပါလာတဲ့ ရွှေမမနှစ်ယောက်က ဟိုနားခဏ ဆိုပြီး ထွက်သွားတာ အတော်ကြာမှ ပြန်ရောက်လာတယ်။ အပေါ့အပါး ခဏသွားတာ ထင်မိတာပေါ့။ အမှန်ကတော့ ရှော့ပင်းမောလ်ထဲက ဆွဲဆောင်အား ကောင်းလွန်းတဲ့ ဆိုင်ထဲက အဝတ်အထည်တွေရဲ့ ညှို့ဓါတ်ကို မခံနိုင်ပဲ ပါသွားရှာတာပါ။

နေညိုချိန် တိမ်တောက်တဲ့အခါ အော့ချက်လမ်းမှာပေါ်မှာ ကိုဇူလိုင်တို့ သူငယ်ချင်းတသိုက်တွေ ဝေမျှပေးခဲ့တာ လက်ကမ်းစာစောင်တွေပါ။ ညနေခင်းတလျှောက် ဓါတ်ပုံရိုက်ပေးရတာ မျက်လုံးရော လက်ပါ ညောင်းပါတယ်။ လက်ကမ်းစာစောင် ဝေပေးတဲ့သူတွေလည်း စိတ်ဝင်စားတဲ့သူတွေကို အာညောင်းခံပြီး သေသေချာချာ ရှင်းပြကြပါတယ်။ ကြည်ဖြူသူ ရှိသလို ငြိုငြင်တဲ့သူလည်း ရှိပါတယ်။ ဒါပေမယ့် အကောင်းဆုံး ဖြစ်အောင် လုပ်ခဲ့ကြတာပေါ့။ ဒီလိုနဲ့ပဲ ည ၇ နာရီမှာ ပတ်ခွါစာ ဖျာလိပ်ပြီး ကိုယ့်အသိုက်ဆီ အသီးသီး ပြန်ခဲ့လိုက်ပါတယ်။


Orchard လမ်းပေါ်မှာ Blood Buddy Mascot အရုပ်ကြီးကို
လက်ဆွဲနှုတ်ဆက်တဲ့ ကလေးငယ်လေး။

Friday, August 27, 2010

YF 2010



Youth Donor Club - Singapore ရဲ့ ၄ ကြိမ်မြောက် သွေးလှူဒါန်းပွဲဖြစ်တဲ့
စက်တင်ဘာ ၄ ရက်နဲ့ ၅ ရက်နေ့မှာ အချိန်ပေးနိုင်ရင် သွေးလှူကြရအောင်...

Saturday, August 14, 2010

Handphone

မြို့တော်ရန်ကုန်မှာ လက်ကိုင်ဖုန်းတွေ ဝယ်ရတာ လွယ်သွားပြီ။ CDMA ငါးသိန်းတန်ဖုန်းတွေကို အလွယ်တကူ လျှောက်လို့ရနေပြီတဲ့။ အစဦးပိုင်းကတော့ ကိုယ်ဖုန်းလျှောက်တဲ့ မြို့နယ်ထဲမှာပဲ သုံးလို့ရတယ်တဲ့။ အခုတော့ ရန်ကုန်တစ်မြို့လုံးနီးပါး သုံးလို့ရပြီတဲ့။ ဖုန်းထဲမှာ ပိုက်ဆံကုန်သွားရင် ထပ်ဖြည့်လို့ရတဲ့အတွက် စင်္ကာပူက Pre-paid ကဒ် ဖုန်းတွေလိုမျိုးလို့ နားလည်မိထားတယ်။ ရှေ့တစ်ခါက ရန်ကုန်မှာ Pre-paid ဖုန်းကဒ်တွေ ပေါ်ခဲ့ပေမယ့် ဖုန်းထဲမှာ ပိုက်ဆံကုန်သွားရင် အဲဒီဖုန်းနံပါတ်က ဆက်သုံးလို့ မရတဲ့အတွက် သိပ်တော့ အဆင်မပြေလှဘူး။ ဒါပေမယ့် အများသူငါ လက်လှမ်းမိတဲ့ ဈေးနှုန်းမှာ ရှိနေပါတယ်။

ကျွန်တော် ရန်ကုန်မှာ ရှိနေတုန်းက လက်ကိုင်ဖုန်းတစ်လုံးလောက် ရှိချင်ခဲ့မိတယ်။ ကိစ္စရှိလို့ ဖုန်းဆက်ချင်ရင် ဖုန်းဆိုင်ပြေးရတယ်။ ဖုန်းလာရင် အိမ်မျက်စောင်းထိုးက ဖုန်းဆိုင်ကို အပြေးတပိုင်း သွားရတယ်။ ညကြီးမိုးချုပ် အရေးကြီးလို့ ဖုန်းဝင်လာရင် ဆိုင်ကလည်း သိပ်မခေါ်ပေးချင်ဘူး။ အရေးကြီးလို့ ခေါ်ပေးပါ ဆိုလို့တာ ခေါ်ပေးရှာတာ။ ညကြီးမိုးချုပ် ဖုန်းသွားကိုင်ရတဲ့အခါ ဆိုင်ကိုလည်း အားနာမိတယ်။ ဖုန်းက အသုံးများတာ မဟုတ်ပေမယ့် လက်ကိုင်ဖုန်း ကိုင်ချင်တယ်။ ဒါပေမယ့် ဆပ်စလူးလို့ နာမည်ပြောင် ပေးထားတဲ့ ဖုန်းဈေးက ခေါင်ခိုက်နေတယ်။ စီးပွါးရေးအတွက် သုံးမှာ မဟုတ်တဲ့အတွက် ဖုန်းမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ခဲ့ဘူး။

စကာင်္ပူကိုရောက်တော့ လက်ကိုင်ဖုန်းဈေးက သက်သာတယ်။ လူတိုင်းလိုလို ဖုန်းကိုင်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ ဖုန်းရှိမှလည်း အလုပ်ရှာရတာ လွယ်မယ်။ အဲဒါနဲ့ပဲ အသိတစ်ယောက် လိုက်ဝယ်ပေးလို့ Singtel Pre-paid နံပါတ်တစ်ခု ယူလိုက်တယ်။ ဟန်းဆက်ကိုလည်း တော်ရိရော်ရိ စလုံးဒေါ်လာ ၁၀၀ တန်လေးပဲ မူစတာဖာမှာ ဝယ်ခဲ့လိုက်တယ်။ Nokia လေးပေါ့။ အလုပ် မရှိသေးတဲ့အတွက် လိုင်းဝယ်လို့ မရသေးတော့ ဟန်းဆက်က ကိုယ့်ဘာသာ ဝယ်ရတယ်။ အဲဒီအချိန်က စပြီး လက်ကိုင်ဖုန်းကို မုန်းတတ်လာပါတော့တယ်။

စစချင်း မုန်းမိတာက အလုပ်အတွက် အင်တာဗျူး မခေါ်ခင် အကြို မေးမြန်းတတ်တဲ့ ဖုန်းတွေပေါ့။ တချို့က အေးဂျင့်တွေပါ။ စုံပလုံစိအောင် မေးမြန်းတာကို ဖြေနိုင်ဖို့ ကြိုးစားရသလို မြန်လွန်းလှတဲ့ စကားပြောသံကို မလိုက်နိုင်လို့ ခဏခဏ ပြန်မေးရတာလည်း စိတ်ကုန်မိပါတယ်။ လခကိစ္စကိုလည်း ဈေးဆစ်ပါသေးတယ်။ ဟိုလောက် ထားနိုင်မလား၊ ဒီလောက်လေးဆို အိုခေမလားပေါ့။ နောက်ဆုံးတော့လည်း ထူးမခြားနား ဇာတ်ပါပဲ။ အင်တာဗျူး ခေါ်မယ်ဆိုရင်လည်း လိပ်စာကို အသေအချာ လိုက်မှတ်ရသေးတယ်။ သူတို့ကတော့ ရွှတ်ခနဲ ပြောချသွားတာပဲ။ တစ်ခါမှ မကြားဖူးတဲ့ လမ်းအမည်တွေဆိုတော့ ကိုယ့်အတွက် လိပ်စာတွေက အဆန်းတွေပဲလေ။ အဲဒီလိုနဲ့ပဲ ဖုန်းသံကြားရင် ရင်တုန်တတ်လာတယ်။

အလုပ်ရသွားတော့လည်း အစပိုင်း နှစ်တွေမှာ လက်ကိုင်ဖုန်းနံပါတ်က ရုံးကိစ္စအတွက် အသုံးနည်းပါတယ်။ ရုံးဖုန်းလည်း ရှိပေမယ့် သိပ်မသုံးဖြစ်ပါဘူး။ ရုံးကိစ္စတွေကို အီးမေးလ်နဲ့ပဲ အဆက်အသွယ် လုပ်ဖြစ်တယ်။ ဒီလိုနဲ့ ၁ နှစ်ခွဲလောက် လုပ်ပြီးရော 24/7 Support အဖွဲ့မှာ ဝိုင်းကူလုပ်ပေးပါ ဆိုတာကို အားနာနာနဲ့ လက်ခံလိုက်တာ ခါးပါသွားလေရောကွယ်။ အဲဒီလို ဂျူတီရှိတဲ့ အပတ်မှာဆို ရုံးကို နေ့လည် ၂ နာရီမှ လာရပြီး ည ၁၀ နာရီမှ ပြန်ရမယ်တဲ့။ မနက်ပိုင်းတွေ အားနေနိုင်တဲ့အတွက် တချို့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လုပ်နိုင်မယ် ဆိုပြီး လက်ခံလိုက်တဲ့ သဘောလည်း ပါတယ်။ နောက်ပိုင်းတော့ ရုံးကို ပုံမှန်အတိုင်း လာရမယ်၊ ဖုန်းဝင်လာရင် ပြန်ဖြေပေးရုံပါပဲ... ဆိုပြီး ပြန်ပြင်လိုက်တော့ အလုပ်ချိန် ဒုံရင်းက ဒုံရင်းပြန်ဖြစ်သွားတယ်။ တာဝန်တစ်ခု ပိုသွားတာပဲ အဖတ်တင်လိုက်တယ်။

စင်္ကာပူမှာ အလုပ်ချိန် ပြီးသွားပေမယ့် ကုလားပြည်မှာ အလုပ်ချိန်က မပြီးသေးဘူး။ အဲဒီလိုပဲ စင်္ကာပူမှာ မိုးမလင်းသေးဘူး ဆစ်ဒနီမှာ အလုပ် စ လုပ်နေပြီ။ အဲဒါကြောင့် အဲဒီလိုဂျူတီရှိတဲ့ အပတ်ဆို ညကြီး မိုးချုပ်၊ မနက်ဝေလီဝေလင်း ဝင်လာသမျှ ရုံးကိစ္စ ဖုန်းတွေကို တာဝန်ခံ ဖြေပေးရတယ်။ သက်ဆိုင်တဲ့ ဌာနတွေကို လွှဲပေးရတယ်။ အရေးကြီးတဲ့ ကိစ္စဆိုရင် သူတို့လည်း အိပ်ချင်မူးတူးနဲ့ ဖြေရှင်းရတာပေါ့။ တချို့က ဘာမှ မဟုတ်တဲ့ ပြဿနာကို ဇာချဲ့ပြီး ဖုန်းဆက်တယ်။ တချို့က ညဘက်မှာ သူတို့ အလုပ် လုပ်နေတယ် ဆိုတာ သိစေချင်လို့ တမင်တကာ ဖုန်းဆက်တယ်။ တချို့မန်နေဂျာက ကျွန်တော် တာဝန်ယူတဲ့ အပတ်မှာ တကယ် ဖုန်းဖြေလား မဖြေလား သိချင်လို့ အခုဖြေနေတာ ဘယ်သူလဲ ဘာလဲ ဖုန်းဆက်ပြီး စစ်ကြတယ်။ အဲဒီလို ဖုန်းတွေ ဝင်လာသမျှကို အလူးအလဲ ဖြေပေးရတာ စိတ်ကုန်မိတယ်။

ရုံးကိစ္စတွေကြောင့် လက်ကိုင်ဖုန်းကို စိတ်ကုန်သလို သူငယ်ချင်းတွေကြောင့်လည်း စိတ်ပျက်မိတာ ရှိပါတယ်။ တခါတလေ ရုံးမှာ အစည်းအဝေး ရှိနေတဲ့အခါ ဖုန်းကို စားပွဲအံဆွဲထဲမှာ ထည့်ခဲ့ပြီး အစည်းအဝေးခန်းထဲ ဝင်နေရတာမျိုး ရှိတတ်ပါတယ်။ အစည်းအဝေး ဆိုတာကလည်း ၁ နာရီ ၂ နာရီပဲ ကြာတဲ့ အစည်းအဝေးမျိုး ရှိသလို မနက် ၁၀ နာရီကနေ ည ၈ နာရီအထိ လုပ်တဲ့ အစည်းအဝေးတွေလည်း ရှိတတ်ပါတယ်။ ၁၀ မိနစ် ၁၅ မိနစ်လေး အစည်းအဝေးခန်းထဲ ဝင်ရတာမျိုးကို အစည်းအဝေး လုပ်တယ်လို့ ရုံးမှာ မခေါ်တတ်ဘူး။ အဲဒီလို ကာလတွေမှာ ဖုန်းတွေ ခေါ်ထားသမျှကို ဂရုမစိုက်အားပါဘူး။ ဖုန်းခေါ်ထားတာတွေကို အစည်းအဝေးပြီးမှ တွေ့မိရင်လည်း တခါတလေ ဖုန်းပြန်ခေါ်ဖို့ မအားတတ်ပါဘူး။ နောက်မှ ဖုန်းပြန်ခေါ်မယ်လို့ စိတ်ထဲမှာ မှတ်ထားလိုက်ပေမယ့် တခြားကိစ္စတွေ ပေါ်လာတဲ့အခါမျိုးမှာ မေ့သွားတတ်ပြန်တယ်။ အရေးကြီးကိစ္စရှိရင် ထပ်ခေါ်လိမ့်မယ်လို့ ထင်မိတာမျိုးလည်း ရှိပြန်တယ်။ အဲဒီလို အခါတွေမှာ ဖုန်းပြန်မဖြေလို့ ဘယ်ရောက်နေလဲ သွေးကြီးတာလား ဘာလဲ ညာလဲ ဆိုပြီး အီးပေါက်ရင် စိတ်တိုမိပါတယ်။

ဒါကြောင့် မရှိမကောင်း ရှိမကောင်း... ဆိုတဲ့အထဲမှာ ကျွန်တော့်အတွက်တော့ လက်ကိုင်ဖုန်းလည်း တစ်ခု အပါအဝင်ပေါ့ဗျာ။

Sunday, August 8, 2010

Bloody August 8









သွေးစွန်းသော တနင်္ဂနွေ မဟုတ်တဲ့ ၂၀၁၀ သြဂုတ်လ ၈ ရက်နေ့ဟာ သွေးလှူပွဲလုပ်တဲ့ တနင်္ဂနွေနေ့ပါ။ အဲဒီနေ့မှာ သွေးလှူရှင် ရွှေမြန်မာစုစုပေါင်း ၈၀ ယောက် သွေးလှူဒါန်းသွားပါတယ်။ စုပေါင်းသွေးလှူပွဲ ဖြစ်မြောက်ဖို့အတွက် လိုအပ်သမျှကို ကူညီပေးတဲ့ စင်္ကာပူကြက်ခြေနီအဖွဲ့၊ ပွဲစီစဉ်ကြီးကြပ်သူ ရွှေမြန်မာများနဲ့ သွေးလှူရှင်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ် ခင်ဗျာ။