.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, August 4, 2010

Mars and Venus

ယောကျာ်းတွေက အင်္ဂါဂြိုဟ်က ဆိုပဲ။ မိန်းမတွေက သောကြာဂြိုဟ်ကတဲ့။ ဂြိုဟ်ချင်း မတူမှတော့ ကျန်တာတွေ မတူတာလည်း သိပ်ပြီးတော့ မဆန်းပြားလှပါဘူး။ ယောကျာ်းဆိုတာ ယောကျာ်းသဘာဝအတိုင်း အမူအကျင့် ရှိနေသလို မိန်းမကလည်း မိန်းမသဘာဝအတိုင်း အပြုအမူ အနေအထိုင် ရှိမှာပေါ့။

တခါက သူငယ်ချင်းတစ်ယောက်က ငြီးတွားရင်ဖွင့်တယ်။ သူ့ချစ်တဲ့ မမက သူနဲ့ အကျင့်စရိုက် ပုံစံအကြိုက် မတူဘူးတဲ့။ သူလိုမျိုး မဟုတ်ဘူးတဲ့။ ကျွန်တော်ကလည်း မင်းလိုမျိုး မဟုတ်တာ ကောင်းတာပေါ့ဟ... လို့ ပြန်ပြောလိုက်ပါတယ်။ သူက ဘာဖြစ်လို့ ကောင်းရမှာလဲတဲ့။ နှစ်ဦးကြားမှာ အကြိုက်တွေ ညှိလို့ မရတာတွေ အများကြီးပဲတဲ့။ ကျွန်တော်က ပိဿာလေးနဲ့ ဘေးထုသလို သက်တောင့်သက်သာဖြစ်စေမယ့် အဖြေမျိုး ပြန်ဖြေလိုက်ပါတယ်။ အကုန်တူတာမှ အဆင်ပြေမယ်ဆိုလည်း ယောကျာ်းချင်းပဲ ရှာပြီးယူလိုက်ပါတော့လို့။ အဲဒါတောင် အတိုအရှည် အပိန်အဝ အဖြူအမည်း ကွာနိုင်သေးတယ်။

တကယ်တော့ အရာရာမှာ ထပ်တူညီ တူဖို့ဆိုတာ မလိုအပ်လှဘူးလို့ မြင်မိပါတယ်။ မတူတာတွေ ရှိတိုင်း အဆင်မပြေတာမှ မဟုတ်တာလေ။ ယောကျာ်းအတွက် လိုအပ်တာက မိန်းမဆီမှာ ရှိနေနိုင်သလို မိန်းမအတွက် လိုအပ်တာက ယောကျာ်းဆီကလည်း ဖြစ်နေနိုင်ပါတယ်။ အယုယခံချင်လို့၊ အကြင်နာတွေ လိုချင်လို့၊ အရိပ်ပမာ ကာကွယ်ပေးစေချင်လို့၊ ဘဝမှာ လုံခြုံမှုရှိနေချင်လို့၊ တီးတိုးဖော် ရှိစေချင်လို့၊ ဆေးပေးမီးယူ ဖြစ်စေချင်လို့ စတဲ့ ခေါင်းစဉ်ခွဲတွေ အောက်မှာ လိုအပ်ချက်တွေ အပြန်အလှန် ရှိနေနိုင်ပါတယ်။

ကျွန်တော်နဲ့ သူမမှာလည်း မတူညီတာတွေ အများကြီးပါပဲ။ မတူတာတွေ ရှိမှ ကောင်းမယ်လို့ နှစ်ဦးကြားမှာ အတိအလင်း ကြေညာ မောင်းခတ်ခဲ့တယ်။ အစောဆုံး သိတာက သီချင်းအကြိုက်တွေ မတူပါဘူး။ မြန်မာသံစဉ် သီချင်းတွေကို ကျွန်တော်က ကြိုက်ပြီး သူမကတော့ ခေတ်ပေါ်သီချင်းတွေပဲ ကြိုက်ပါတယ်။ စိုင်းထီးဆိုင်တို့ ခင်မောင်တိုးတို့ ဆိုရင် သူက ပျင်းစရာကြီးတဲ့။ မာမာအေးတို့ စန္ဒရားလှထွဋ်တို့ ဖွင့်လိုက်ရင်တော့ နေစရာ နေရာတောင် ရှိမှာ မဟုတ်ဘူး။ သီချင်းစာသားကို သူမက အစအဆုံး အကုန်ရတယ်။ ကျွန်တော်ကတော့ ဟိုတစ ဒီတစပဲ။ ရုပ်ရှင်ဆိုရင် ကျွန်တော်က ဟာသကားတွေ၊ ရှေးရာဇဝင်ကားတွေ၊ ကာတွန်းကားတွေ ကြိုက်တယ်။ သူမက သရဲကားတွေ၊ အက်ရှင်ကားတွေ ကြိုက်တယ်။

ကျွန်တော်က ခြေလေးချောင်းသား မစားဘူး။ သူမအတွက်တော့ စားလို့မရတဲ့ အသားဆိုလို့ သစ်သားနဲ့ လူသားပဲ ရှိမယ်။ ဝက်သားဆိုတာ သူမ အသည်းစွဲပါ။ ပြီးတော့ ကျွန်တော်က အသားပဲ စားတယ်။ အဆီတုံး မစားဘူး။ ကြက်အရေခွံ၊ ကြက်ခြေထောက်၊ ကြက်ခေါင်း၊ ကြက်တောင်ပံတွေလည်း မစားဘူး။ သူမကတော့ ကြက်ခြေထောက်၊ ကြက်တောင်ပံတွေ အရမ်းကြိုက်တယ်။ အဲဒီတော့ ကျွန်တော် မစားလို့ ပိုနေမယ့်အရာ မရှိတော့ဘူးပေါ့။ တောင်ပံပါရင် မင်းဆီကို... ပဲလေ။ သူမ ကြိုက်တဲ့ ဝက်ခြေထောက်၊ ဝက်ခေါက်ကင်၊ ဝက်ကလီစာဟင်းတွေကိုလည်း ကျွန်တော်က လုစားမှာ မပူရပြန်ဘူး။ ဒါကြောင့် ဝေစု ခွဲတမ်းချစရာတောင် မလိုဘူး။ ကောင်းလိုက်ပါဘိကွယ်။

အစားအသောက်မှာ အကြိုက် မတူတာတွေ ရှိသလို အကြိုက်တူတွေလည်း ရှိပါသေးတယ်။ နှစ်ယောက်စလုံး မြန်မာပြည်သား တရုတ်ပီပီ ငပိရည် ငပိကြော် ကြိုက်ကြပါတယ်။ သူများတကာတွေ အနံ့မခံနိုင်ပေမယ့် ကျွန်တော်တို့အတွက် ငပိဆိုတာ ဂွတ်ရှယ်ပါပဲ။ ဒညင်းသီးလည်း ကြိုက်တယ်။ လက်ဖက်လည်း ကြိုက်တယ်။ အာလူးကြော်လည်း အကြိုက် တူတယ်။ ဆာတေးလည်း ကြိုက်တယ်။ ဆူရှီလည်း ကြိုက်တယ်။ သားရည်စာတွေလည်း ကြိုက်တယ်။

နှစ်ဦးကြားမှာ မတူတဲ့ အကျင့်စရိုက်တွေလည်း အများကြီးပါပဲ။ ကျွန်တော်က လုပ်ချင်တဲ့အလုပ်တွေကို အချိန်မဆွဲပဲ မြန်မြန်ဆန်ဆန် လုပ်တတ်ပြီး သူမကတော့ အေးအေးဆေးဆေး ဖြေးဖြေးချင်း လုပ်တတ်ပါတယ်။ ကျွန်တော်က ပွင့်လင်းပေမယ့် သူမကတော့ ရေငုံနှုတ်ပိတ် နေတတ်တယ်။ ကျွန်တော်က အိမ်တွင်းမှု အလုပ်တွေ လုပ်ရမှာကို ပျင်းပေမယ့် သူမကတော့ အဲဒီလို အိမ်ရှင်မအလုပ်တွေကို မပျင်းမရိ လုပ်တတ်တယ်။ ကျွန်တော်က စာဖတ်ဝါသနာပါတယ်။ တရားစာက လွဲလို့ စာအစုံ ဖတ်တယ်။ သူမက စာဖတ်နည်းတယ်။ ဖတ်ပြန်တော့လည်း သရဲဝတ္ထုတွေ ဖတ်တယ်။ အကျင့်စရိုက်မှာ တူတာတွေလည်း ရှိပြန်တယ်။ ခေါင်းမာတာက တူကြတယ်။ အရွဲ့တိုက်တာလည်း တူတယ်။ အအိပ်မက်တာလည်း အတူတူပဲ။ အင်္ဂလိပ်စာ ညံ့တာလည်း တူပြန်ရော။ ဂိမ်းဆော့တာလည်း ဝါသနာပါကြတယ်။

တူတာတွေ မတူတာတွေက ဒီလောက်လေးနဲ့တင် မဟုတ်ပါဘူး။ အများကြီး ကျန်ပါအုံးမယ်။ အဲဒါတွေကို ရှာဖွေတွေ့ရှိဖို့က အချိန်တစ်ခု လိုအပ်တယ်လေ။ အင်္ဂါဂြိုဟ်ကို သူမ လာလည်ဖို့ လုပ်ပေးရအုံးမယ်။ သူမရဲ့ သောကြာဂြိုလ်ကို ကျွန်တော် လေ့လာရေး ဆင်းရအုံးမယ်။ ဒါကြောင့် ကိုဧရာနဲ့ မသီတာတို့ သတိတရ ရေးခိုင်းတဲ့ အသွင်မတူ အိမ်သူမဖြစ်ကို ဒီလောက်လေးနဲ့ပဲ ကျေနပ်လိုက်ပါတော့လို့ ပြောလိုက်ပါရစေ။

Tag Game အစဉ်အလာအရ ဆက် Tag ရမယ် ဆိုရင်တော့...
ငပေါဂေဟာက နာယကကြီး မတူးတူးသာ

6 comments:

Rita said...

man from mars women from venus စာအုပ်အကြောင်း ရေးတာလားလို့ ထင်နေတာ။ ဖတ်ဖူးလား။ ကိုယ်တော့ မဖတ်ရသေးဘူး။ ဖတ်မယ် ဖတ်မယ်နဲ့ dl လုပ်ထားတာ ကြာလှပြီ။

စိတ်ဝင်စားစရာပဲ။
အစားတွေအကြောင်း ရေးထားတော့ လိုက်ဖတ်ရင်းနဲ့ သူတို့ ၂ ယောက် ကြိုက်တာတွေထဲ ကိုယ် မကြိုက်တာ တစ်ခုမှ မပါပါလား တွေးနေမိသေးတယ်။ :P

Sonata Cantata said...

ဖူးငုံ နုပျို သစ်လွင် နေတဲ့ အသွင်တူ မတူ ရေးထားတာလေးဖတ်ပြီး...တို့များတောင် ပြန်ငယ်ပစ်လိုက်ချင်မိ...

တဂ်ကိုရေးပေးတဲ့အတွက် ကျေးဇူးပါ

ywartharlay-ytu said...

သူကငြုတ်သီးတွေနင်းခွစားပြီး ပန်းကန်ထဲမှာ ချန်ထားခဲ့ရမှာ အလွန်နှစ်ရာ တွန့်တိုနေခဲ့ပြီး
သူမက သူမက
လူချင်းခင်မှ သူမအကြောင်းဆက်တော့မယ်

3D Crazy said...

ပညာတော့ နည်းနည်း ရသွားပြန်ပြီ ..
ဟဲ ဟဲ... ကြိုတင်ပြင်ဆင်ထားရဦါ်မယ်.. :)

Younggun said...

အစတုန်းကတော့ ဒီလို မဟုတ်ပေါင်..

kh said...

တူတာကောင်းသလို
မတူတာလဲကောင်းတာပဲ
အကုန်တူနေလို့လဲ ဘယ်ကောင်းပါ့မလဲ
နော့...

ထက်သူရ