နရဲစွမ် ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ဖူးတဲ့သူတွေ ရှိမှာပါ။ ကျွန်တော်ကတော့ မကြည့်ဖူးသေးဘူး။ ဒါပေမယ့် အယုဒ္ဓမြို့ကို အလည်တခေါက် ရောက်တုန်းက သူ့ရဲ့အထိမ်းအမှတ်ရုပ်ထုဆီတော့ ရောက်ခဲ့တယ်။ ဘုရင့်နောင် တည်ခဲ့တဲ့ ရွှေတောင်ဘုရားဆီကို လာတဲ့လမ်းရဲ့ အလည်ကျွန်းမှာ သူ့အထိမ်းအမှတ် ရုပ်ထုကြီးကို ခမ်းခမ်းနားနား ဂုဏ်ပြု ထုလုပ်ထားတယ်။ ထိုင်းတွေအတွက် နရဲစွမ်က သူရဲကောင်းတဦးပါပဲ။
နရဲစွမ်ကို ၁၅၅၅ ဧပြီလမှာ မွေးဖွားတယ်လို့ မှတ်သားဖူးပါတယ်။ ထိုင်းတွေက သူ့ကို မင်းသားနက် လို့ ခေါ်ပြီး သူ့ညီကိုတော့ မင်းသားဖြူလို့ ခေါ်ကြတယ်။ သူ့ညီက အသားဖြူပြီး သူက အသားမည်းလို့ အဲဒီလိုမျိုး အခေါ်ခံရတာလား ဆိုတာတာ့ သေချာ မသိပါ။ သူ့တို့ အစ်မကြီးကိုတော့ ရွှေမင်းသမီးလို့ တင်စားကြတယ်။ သေချာတာကတော့ မောင်နှမ သုံးယောက် ရှိတယ်ပေါ့။
အယုဒ္ဓယမြို့ကို ဗမာတွေ သိမ်းပိုက်ပြီးတဲ့နောက် သူနဲ့ သူ့ညီကို ဘုရင့်နောင်က မွေးစားမယ်ဆိုပြီး ပဲခူးကို ခေါ်သွားပါတယ်။ အဲဒါကိုတော့ ဓါးစားခံ အနေနဲ့ သိမ်းထားတယ်လို့ပဲ ကျွန်တော် မြင်မိပါတယ်။ အဲဒီလို ပဲခူးမှာ ကြီးပြင်းလာခဲ့တဲ့ နရဲစွမ်တယောက် ပေါ်တူဂီတွေရဲ့ ခေတ်မှီလက်နက်တွေ၊ ဗမာတွေရဲ့ စစ်ချီစစ်ခင်း သေနင်္ဂဗျူဟာတွေကို နားလည် တတ်ကျွမ်း သင်ယူနိုင်ခဲ့တယ်။ အဲဒီဟာတွေက အယုဒ္ဓမြို့ လွတ်လပ်ရေး ရဖို့ ဗမာတွေကို တော်လှန်တဲ့အခါမှာ အတော်ကို အသုံးတည့်ခဲ့ပါတယ်။ သူ့အရိုးနဲ့ သူ့ပြန်ထိုးတယ်... ဆိုတာ ဒါမျိုးပဲ ဖြစ်မယ်။
ဘုရင့်နောင်မှာ နန္ဒ လို့ ခေါ်တဲ့ သားတော်ရှိတယ်။ နရဲစွမ်နဲ့ သက်တူ ရွယ်တူ ကစားဖော်ပေါ့။ သူတို့ ကလေးဘဝမှာ ကြက်တိုက်တုန်းက နရဲစွမ်ရဲ့ ကြက်က အနိုင်ရလေ့ရှိတယ်။ အဲဒီကြက်ဝိုင်းမှာ နရဲစွမ်က တချိန်ကျရင် ငါ့မြို့တော်ကို ငါပြန်ပြီး အုပ်ချုပ် မင်းလုပ်မယ်... လို့ ပြောခဲ့တယ် ဆိုပဲ။ အဲဒီကြက်ဝိုင်းမှာ ကျွန်တော် မပါတဲ့အတွက် သူပြောတဲ့ စကားလုံး အတိအကျအတိုင်း မတူနိုင်ပါဘူး။ ဒါပေမယ့် သူပြောခဲ့တဲ့ အဓိပ္ပါယ်ကတော့ အဲဒီလိုမျိုးပဲ။ ကြက်ဝိုင်းနိုင်ခဲ့တဲ့ အောင်စိတ်လေးက သူ့တိုင်းပြည်ကို ပြန်သိမ်းနိုင်တဲ့အထိ အင်အားကြီးခဲ့တယ်လို့ မြင်မိတယ်။
နရဲစွမ်ရဲ့ တိုက်ကြက်က အမြီးဖြူပါတယ်။ ဗမာကြက်လား ထိုင်းကြက်လားတော့ မသိပါ။ အဲဒီ အမြီးဖြူကြက်က ဗမာဘုရင်ရဲ့သား ကိုင်တဲ့ ကြက်ကို နိုင်အောင် ခွပ်နိုင်လို့ဆိုပြီး ထိုင်းတွေက အမြီးဖြူ ကြက်ဖရုပ်ထုတွေကို နရဲစွမ်ရဲ့ အထိမ်းအမှတ် ရုပ်တုနားမှာ ပူဇော်ပသကြပါတယ်။ မျက်နှာစာဘက်မှာ ထားတဲ့ ကြက်ဖရုပ်တုတွေက လူတရပ်မက မြင့်ပါတယ်။ ကြက်ဖရုပ်တု သေးသေးလေးတွေလည်း အများကြီး တွေ့ရပါမယ်။ သမိုင်းကို မသိ နားမလည်တဲ့ သူတွေကတော့ ကြက်ဖရုပ်တုတွေ အများကြီး တွေ့ရလို့ အဲဒီနေရာနဲ့ ဘုရင့်နောင် တည်ခဲ့တဲ့ ဘုရားကို ကြက်ဘုရားလို့ ခေါ်ကြပါတယ်။ ကြက်ဘုရားကို လိုက်ပို့ပေးပါလို့ တက်စီသမားကို ပြောကြည့်ရင် ဘယ်သူမှ သိမယ် မထင်ပါဘူး။ အမှန်ကတော့ နရဲစွမ် ရုပ်တုနဲ့ ရွှေတောင်ဘုရား သီးခြား တခုစီပါပဲ။

နရဲစွမ် အထိမ်းအမှတ်ရုပ်တုကနေ လှမ်းကြည့်ရင် မြင်ရတဲ့ ခပ်စောင်းစောင်း ရွှေတောင်ဘုရား...
ကိုကြီးကျော်နတ်ကို ဗမာတွေ ကိုးကွယ်သလိုမျိုး ထိုင်းတွေကလည်း နရဲစွမ်ကို ပူဇော်ပသကြပါတယ်...
နရဲစွမ်အတွက် ဓါးတွေ ဆက်သထားတာကိုလည်း မြင်ရလိမ့်မယ်...
ဘုရင့်နောင်ရဲ့သားနဲ့ နရဲစွမ်တို့ ငယ်စဉ်ဘဝမှာ ကြက်တိုက်တဲ့ပုံလေးပေါ့...
လူတရပ်မက မြင့်တဲ့ အမြီးဖြူ တိုက်ကြက်ဖရုပ်ထုတွေလည်း အများကြီးပဲ...
နရဲစွမ်အတွက် ပသထားတဲ့ တိုက်ကြက်ဖတွေလည်း တွေ့ရလိမ့်မယ်...
4 comments:
၁၉၅၅ ဆိုတော့ ကလူသစ်နဲ့ အသက်သိတ်မကွာဘူးပဲ။ အင်း............သူများသားသမီးတွေများ ထူးချွန်လိုက်ကြတာ :D
ကျေးဇူးပဲဗျို့။ ၁၉၅၅ လို့ မှားရိုက်မိတာကို ထောက်ပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အမှန်က ၁၅၅၅ လို့ ရိုက်လိုက်တာပါ။
ဗဟုသုတအတွက်ကျေးဇူးပါ
အဲဒီကြက်ဖရုပ်ပေါ့။ အခုမှပဲ ရှင်းတော့တယ်။ မယ်ဟောင်ဆောင်ဖက်မှာ တော်တော်များများ တွေ့ခဲ့တယ်။ ဘာအထိမ်းအမှတ်မှန်း မသိဘူး။ စတွေ့ခါစက ကြက်ကြော်ဆိုင်မှတ်လို့။ ကြက်ကြော်ဆိုင်တွေ များလှချည်လားထင်တာ။ နောက်တော့မှ နေရာတော်တော်များများမှာ တွေ့ရတယ်။
Post a Comment