စ တက်တုန်းကတော့ ပထမနှစ်ပဲ တက်မယ်ပေါ့။ ပထမနှစ်ပြီးရင် ဒီပလိုမာတခု ရပြီလေ။ အဲဒီအချိန်တုန်းက ရန်ကုန်မှာ ဒုတိယနှစ်အထိပဲ သင်တန်းက ရှိသေးတယ်။ နောက်ဆုံးနှစ်ကို အင်္ဂလန်မှာ သွားတက်ရမှာ ဆိုတော့ ကိုယ့်ဘဝနဲ့ကိုယ် မဖြစ်နိုင်ဘူးလို့ပဲ မှတ်ထားခဲ့လိုက်တယ်။
ကွန်ပျူတာဆိုတာကို တခါမှကို ထိတောင် မထိမိခဲ့ဖူးတော့ ကွန်ပျူတာသင်တန်း တက်တဲ့အခါ အချိန်ရရင် ရသလို ကွန်ပျူတာခန်းထဲမှာပဲ နေဖြစ်တယ်။ ဘယ်အခန်းမှာ ကွန်ပျူတာအားနေလဲ ဆိုတာ အခန်းအပြင်ကနေ လိုက်ချောင်းတယ်။ အားနေတဲ့ ကွန်ပျူတာတွေ့ရင်... ကိုယ်လည်း နောက်တတန်းတက်ဖို့ လိုသေးတယ်ဆိုရင်... ဒါမှမဟုတ် အိမ်ပြန်ဖို့ စောနေသေးတယ်ဆိုရင်... အဲဒီအခန်းထဲ ဝင်ပြီး ကွန်ပျူတာ သုံးနေလိုက်တယ်။ အဲဒီလို အခန်းတကာ ဝင်ပြီး သုံးဖို့ဆိုတာကလည်း အခန်းတိုင်းက ကြီးကြပ်သူမမတွေနဲ့ ရင်းနှီးနေဖို့ လိုတယ်။ မဟုတ်ရင်တော့ ခဏခဏ စက်ခန်းတွေ လာနေတာကို ငြိုငြင်ခံရမယ်လေ။
ပထမနှစ်မှာ အတန်း ၂ တန်းကို ရှေ့ဆင့်နောက်ဆင့် ဖွင့်တော့ လူအတော်များတယ်။ ကျွန်တော်က Batch 31 ကပေါ့။ နောက်တတန်း Batch 32 က လပိုင်းလေးပဲ ခွာပြီး ဖွင့်တယ်။ စာမေးပွဲကတော့ တူတူဖြေရမှာပါ။ ဆေးတက္ကသိုလ်တွေ နည်းပညာတက္ကသိုလ်တွေ ပိတ်ထားလို့ ကွန်ပျူတာ လာတက်ကြတာ။ ၂ တန်းစလုံးရဲ့ ကျောင်းသား ၇၀% လောက်က ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ အရောင်တွေစုံအောင် အောင်ထားတဲ့သူတွေပဲ။ စာနဲ့ ပတ်သက်ရင် အပြိုင်အဆိုင် သိပ်ကို များတယ်လို့ ပြောရမယ်။ မိဘချမ်းသာလို့ အချိန်နဲ့ ငွေလာဖြုန်းတဲ့ ဝေလေလေတွေလည်း အတန်းထဲမှာ ရှိပါတယ်။
စာကြိုးစားတဲ့သူတွေ အများစုဖြစ်နေတဲ့ အတန်း ၂ တန်းဟာလည်း တတန်းနဲ့ တတန်း ပြိုင်ကြသေးတယ်။ လစဉ် စာမေးပွဲတွေကို ဖြေရတော့ ဘယ်သူတွေက စာကြိုးစားတယ် ဆိုတာ နာမည် စထွက်လာပြီ။ လက်တွေ့ခန်းတွေကနေ တဆင့် ဘယ်သူတွေက ပရိုဂမ်ရေးတာ ကျွမ်းတယ် ဆိုတာ နာမည်ကြီးလာကြပြီ။ ၂ တန်းစလုံးမှာ အဲဒီလို တော်တဲ့လူတွေ အများကြီး ရှိနေကြတယ်။
သင်တန်း ၆ လတက်ပြီးတဲ့အခါမှာ ဘာသာရပ် ၃ ခုကို စာမေးပွဲ ဖြေရတယ်။ စာမေးပွဲ အောင်စာရင်းက လပိုင်းအတွင်းမှာ ထွက်တယ်။ အဲဒီ ၆ လအပြီးမှာ ဘယ်အတန်းက ဘယ်သူတွေက စာတော်တယ် ဆိုတာ... ၃ ဘာသာစလုံးကို အမှတ်တွေ ဘယ်လောက်နဲ့ အောင်သလဲ ဆိုတာ... ဘာသာစုံဂုဏ်ထူး ထွက်တယ်ဆိုတာ သိလာရပြီ။ အဲဒီနောက်မှာ အပြိုင်အဆိုင်က ပိုပြင်းထန်လာတယ်။ ဘယ်အတန်းက ပိုတော်တယ် ဆိုတာမျိုးကို ပြိုင်လာကြတယ်။
ပထမနှစ်ရဲ့ နောက်ဆုံးအပိုင်းမှာ အဖွဲ့လိုက် လက်တွေ့ project လုပ်ရတယ်။ အဲဒီနေရာဟာ အတန်းချင်း ပြိုင်ဖို့ အကောင်းဆုံးနေရာပဲ။ ဘာဖြစ်လို့ဆိုတော့ အကောင်းဆုံး ပရောဂျက် ၃ ခုကို ဆုပေးမှာ ဖြစ်လို့ပဲ။ အဲဒီလိုနဲ့ အဖွဲ့တွေ ဖွဲ့ရတယ်။ အဖွဲ့မှာ အကောင်းဆုံး လူတွေကိုပဲ စုထားချင်ပေမယ့် ဆရာ ဆရာမတွေက ခွင့်မပြုဘူး။ ရောသမမွှေပဲ ခွင့်ပြုတယ်။ အဲဒါလည်း ကျွန်တော်တို့ ဘဝအတွက် ကောင်းပါတယ်။ အဲဒီအချိန်ကတည်းက အဆိုးအကောင်းကို မျှဝေ ခံစားတတ်ခဲ့ရတာပေါ့။ တခြားအဖွဲ့သားတွေကို ဘယ်လို လက်တွဲခေါ်ရတယ် ဆိုတာတွေကို နားလည်ခဲ့ရတာပေါ့။ အနစ်နာခံတယ် ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို မြည်းစမ်းခဲ့ဖူးတာပေါ့။
ကျွန်တော်တို့အဖွဲ့မှာ အစက ၁၁ ယောက်တိတိ ရှိတယ်။ အဖွဲ့ရှာလို့ မရတဲ့ နောက်ထပ် ၁ ယောက်ကို ဆရာမက ကျွန်တော်တို့အဖွဲ့ထဲ လာပေါင်းထည့်လို့ ၁၂ ယောက်တိတိ ဖြစ်သွားတယ်။ ထူးခြားတာက အဖွဲ့မှာ မိန်းခလေး တယောက်မှ မပါဘူး။ ၂ တန်းစလုံးမှာ ယောကျာ်းလေး သီးသန့်အဖွဲ့အဖြစ် ကျွန်တော်တို့ ၁ ဖွဲ့ပဲ ရှိခဲ့တယ်။ အဖွဲ့မှာ ဗမာ ၂ ယောက်နဲ့ တရုတ်-ဗမာကပြား ၁ ယောက်က လွဲလို့ ကျန်တာက တရုတ်တွေ ဖြစ်နေတယ်။
ကျွန်တော်တို့အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်က အတော်အေးတယ်။ ပရိုဂရမ်ရေးတာကိုလည်း စွဲစွဲလန်းလန်း ဝါသနာကြီးတယ်။ အဖွဲ့ထဲမှာ စာတော်တဲ့သူတွေ အများကြီးပါတော့ အတန်း ၂ တန်းစလုံးမှာ ကျွန်တော်တို့အဖွဲ့က နာမည်ကြီးခဲ့တယ်။ တယောက်နဲ့တယောက် ဖေးမခေါ်လို့ အဆင်ပြေတယ်လို့ ပြောရမယ်။ အင်္ဂလိပ်စာ နိုင်နင်းတဲ့သူတွေက စာတမ်းကို ဦးဆောင်ရေးပြီး ကျွန်တော်နဲ့ အဖွဲ့ခေါင်းဆောင်က ဒီဇိုင်းဆွဲတယ်။ ပရိုဂရမ် ရေးတယ်။ ကျန်တဲ့သူတွေက လိုတဲ့နေရာမှာ လိုသလို ဝင်ကူပေးကြတယ်။
အဲဒီခေတ်က အခုခေတ်လို အင်တာနက် မြန်မာပြည်မှာ မပေါ်သေးဘူး။ သိချင်တာ ရှိရင် စာကြည့်တိုက် သွားရှာရတယ်။ အပြင်က စာအုပ်တွေ ဝယ်ဖတ်ရတယ်။ လိုချင်တဲ့ အချက်အလက်တွေ ရအောင် စုဆောင်းရတာ တကယ် လက်ဝင်တယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့အဖွဲ့က သူများ လုပ်ပြီးသား ခေါင်းစဉ်ကို အဆင်သင့် မကူးချချင်ဘူး။ ဒါကြောင့် သူများ လုပ်ပြီးသား ခေါင်းစဉ်တွေကို မရွေးပဲ ကျောင်းမှာ ဘယ်သူမှ မလုပ်ရသေးတဲ့ ခေါင်းစဉ်ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ကျွန်တော်တို့ လုပ်မယ့် ခေါင်းစဉ်က ကညနက မော်တော်ကား လိုင်စင်မှတ်တမ်းစနစ်ပါ။ အဲဒီတော့ ကညနကို တဖွဲ့လိုက်ကြီး အချက်အလက် ကောက်ဖို့ သွားကြရတယ်။ အဖွဲ့ထဲမှာ ကားရှိတဲ့ သူတွေပါတော့ ကားတွေနဲ့သွားခဲ့ကြတယ်။ ကညနက တာဝန်ရှိလူကြီးတွေကလည်း ကျွန်တော်တို့မေးတာကို ဖြေချင်သလိုလို မဖြေချင်သလိုလိုနဲ့ စိတ်မပါလက်မပါ ဖြေကြပါတယ်။ ကြက်အစာ ကောက်သလိုမျိုး ကိုယ်တွေလည်း ရသလောက်လေး ယူရတာပေါ့။ အဲဒီမှာ မေးမြန်းထားတာလေးတွေ... ဖတ်ထားတဲ့စာအုပ်ထဲက အချက်အလက်တွေနဲ့ လူကြီးသူမတွေကို မေးမြန်းထားတာတွေနဲ့ ပေါင်းစပ်ပြီး အဲဒီစနစ်ကို အကောင်အထည် ဖော်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ပညာတွေ အများကြီး ရခဲ့တယ်။
သူများတကာတွေ ပျားတုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့က အားလုံးပြီးသလောက် ဖြစ်နေပြီ။ အဓိက ခေါင်းဆောင်က ပရိုဂရမ်ရေးတဲ့အပိုင်းကို အတော်လုပ်နိုင်တာလည်း ပါတယ်။ အဖွဲ့သားအချင်းချင်း ကတောက်ကဆ ဖြစ်ရတာတွေ ရှိပေမယ့် အချင်းချင်း ညှိနှိုင်းဖြေရှင်းခဲ့ကြတယ်။ အပြင်ကို သတင်းမပေါက်အောင် ဝိုင်းဖုံးဖိထားတော့ အပြင်မှာတော့ ဒီအဖွဲ့ သိပ်ကို စည်းလုံးတယ်။ အရမ်းကို လူညီတယ်။ တက်ကြွတယ်ပေါ့။ နာမည်ကောင်းတွေ အများကြီး ရခဲ့တယ်။
နောက်ဆုံးနေ့မှာ အားလုံး တိုက်ပုံလည်ကတုံးတွေ ဝတ်ပြီး ပရောဂျက်ကို ရှင်းလင်း တင်ပြခဲ့ကြတယ်။ လာစစ်တဲ့သူတွေက ဗြိတိသျှသံရုံးက ပညာရေးဆိုင်ရာ လူကြီးတွေပေါ့။ အဖွဲ့သားအားလုံးက တိုက်ပုံတွေနဲ့ဆိုတော့ မသိရင် ယိမ်း ကမယ့်သူတွေလိုပဲ။ ဆယ်တန်းအောင်ကစ ကလေးမကျ လူကြီးမကျ အရွယ်မှာ လူကြီးစတိုင်တွေ ဖမ်းပြီး အဆင့်မှီမှီ တင်ပြ ရှင်းလင်းနိုင်ခဲ့တယ်။ ကြောက်စိတ်တွေလည်း ရှိတော့ အမှားအယွင်းတွေလည်း ရှိခဲ့တယ်။ အဖုအထစ်တွေ အဆင်မပြေမှုတွေ အမှားအယွင်းတွေ ရှိပေမယ့် အဲဒီအသက်အရွယ်မှာ အဲဒီလိုဟာမျိုးကို လုပ်နိုင်ခဲ့တာကို ဂုဏ်ယူမိတယ်။ နိုင်ငံခြားမှာ နေထိုင် ပညာသင်ခဲ့သူတွေအဖို့ကတော့ ဒါမျိုးက ဘာမှ မဟုတ်ပေမယ့် ကိုယ့်နိုင်ငံထဲကနေ အပြင်ကို တဖဝါးမှ မချဖူးတဲ့ လူငယ်တွေအနေနဲ့ ဒါဟာ မဟာအောင်မြင်မှု တခုပါပဲ။
ဆုပေးတော့ ကိုယ်တွေအဖွဲ့က ဒုတိယ ရတယ်။ ပထမ မရပေမယ့် အတန်း ၂ တန်းလုံးက ပေးတဲ့ ပထမဆုကို ရတယ်လို့ပဲ မြင်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အတန်း ၂ တန်းစလုံးက ကျွန်တော်တို့အဖွဲ့ကို အလွန် အထင်ကြီးတယ်။ ပထမ ၆ လ စာမေးပွဲ ရလဒ်အရ ၂ တန်းလုံးရဲ့ ၁ ကနေ ၁၀ ဝင်တဲ့ လူစာရင်းရဲ့ ၅ ယောက်က အဖွဲ့ထဲမှာ ပါနေတယ်။ သူများတကာ မလုပ်ဖူးတဲ့ဟာကို အစကနေ အဆုံး ကျွန်တော်တို့အဖွဲ့က လူတွေနဲ့ပဲ လုပ်တာကို အံ့သြကြတယ်။ နောက်ဆုံးနေ့ အထိ အဝတ်အစားက အစ တူညီပုံစံ ဝတ်တာမျိုးအထိ လူညီလွန်းလို့ အများစုက အားကျခဲ့တယ်။
အဲဒီအဖွဲ့လိုက် လုပ်ဆောင်ချက်ကနေ ဘာတွေ ရခဲ့သလဲ ဆိုတော့...
- အချင်းချင်း ညှိနှိုင်းဆောင်ရွက်တာတွေ
- အဖွဲ့အတွင်းမှာ တာဝန်ခွဲဝေ ထမ်းဆောင်တာတွေ
- သူစိမ်းတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုရတာတွေ
- ကိုယ်မသိသေးတဲ့ အကြောင်းတွေကို သိရှိနားလည်လာတာတွေ
- လိုအပ်တဲ့ အချက်အလက် စုဆောင်းတာတွေ
- ရလာတဲ့အချက်အလက်ကို ခွဲခြမ်းစိတ်ဖြာ လေ့လာတာတွေ
- လူရှေ့သူရှေ့ထွက်ပြီး တင်ပြ ရှင်းလင်းရတာတွေ
အဲဒါတွေက နောက်နောင်အခါ ကျွန်တော့်ရဲ့ လုပ်ငန်းခွင်မှာ သွယ်ဝိုက်သော နည်းတွေနဲ့ အကျိုးပြုခဲ့တယ်။ အနည်းဆုံးတော့ လူမကြောက်တော့ဘူး။ ငါ လုပ်နိုင်တယ် ငါ လုပ်နိုင်ရမယ် ဆိုတဲ့ ယုံကြည်ချက်လေး ၁၈ နှစ် မပြည့်တပြည့်အရွယ် ကောင်လေးတယောက်ရဲ့ စိတ်ထဲမှာ ကိန်းအောင်းသွားစေခဲ့တယ်။
ပြောချင်တာက ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ အကောင်းဆုံး လုပ်ထားပြီးရင်တောင် အချိန်ရသေးရင် ဒီထက်ကောင်းအောင် ထပ်ကြိုးစားကြပါ။
တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် တဲ့။