ကျွန်တော်က အွန်လိုင်းပေါ်ကို FB ပေါ်လာမှ ဝုန်းခနဲ ရောက်လာတာမျိုး မဟုတ်ပဲ
ဆင့်ကဲဆင့်ကဲ ပြောင်းလဲမှုတွေမှာ လိုက်ပါစီးမျှောရင်း တဆင့်ချင်း
ရောက်လာခဲ့ရတာဟာ ရှားရှားပါးပါး ကံကောင်းခြင်းတခုအနေနဲ့ မြင်မိတယ်။
၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်မှာ ဖိုရမ်တွေမှာ ကျင်လည်ခဲ့တယ်။ ဘယ်သူ ဘယ်ဝှါမှန်း
မသိတဲ့ အသိုင်းအဝန်းမှာ အပြန်အလှန် ဆွေးနွေးချက်တွေ၊ အရွယ်ပေါင်းစုံ
အလွှာပေါင်းစုံက လူပေါင်းစုံရဲ့ စာတွေ အမြင်တွေကို လေ့လာ နာယူခဲ့ရတယ်။
သတင်းမှားတွေ ကောလဟာလတွေ Hoax တွေ ဆိုတာ ဒါမျိုးတွေပါလားဆိုတာကို
ပိုင်းခြား ဆင်ခြင်နိုင်တဲ့ အသိတွေ တိုးလာရတယ်။
အမြင်တွေ မတူလို့ စာတွေ အပြန်အလှန်ရေး... ငြင်းခုန်ရင်း
ကျွန်တော်မှားသွားတဲ့ဟာတွေမှာ စေတနာထား လမ်းညွှန် ဆုံးမမယ့်
ဖိုရမ်သဘာရင့်ကြီးတွေ ရှိခဲ့တယ်။ ဘယ်ဟာက အမှား ဘယ်ဟာက အမှန်ဆိုတာ
စေတနာမှန်နဲ့ ပြောတဲ့ ဖိုရမ်မန်ဘာတွေရဲ့ တုန့်ပြန်ချက် စာတွေဟာ အဲဒီအချိန်မှာ
ခါးကောင်း ခါးပါလိမ့်မယ်။ ဒါပေမယ့် ဆေးခါးကြီးတွေက အခုချိန်မှာ ကျွန်တော့်အတွက်
ကမ္ဘာအတုမှာ ဒေါင်ဒေါင်မြည်နေအောင် ခံနိုင်ရည် အားကောင်း နေစေခဲ့ပါတယ်။
အဲဒီနောက် ၂၀၀၇ ပတ်ဝန်းကျင်မှာ ဘလော့ကမ္ဘာကို ဖြတ်သန်းခဲ့ရတယ်။
ကိုယ်သာလျှင် ကိုယ့်ဘလော့ရဲ့ အရှင်သခင် ဆိုပေမယ့် အယ်ဒီတာ မရှိတဲ့ လောကမှာ
စောင့်ထိန်းအပ်တာတွေကို မြင်တွေ့ နားလည်ခဲ့ရတယ်။ အသိဥာဏ်
မူပိုင်ခွင့်ဆိုတာကို ကိုယ့်ရဲ့ ထုတ်ကုန်စစ်စစ် ခံစားချက် အမြင်တွေကို Blog
မှာ ရေးရင်း နားလည်လာတယ်။ အင်တာနက်မှာ တင်ထားတာကို တွေ့တိုင်း ကူးချင်သလို
ခပ်တည်တည်နဲ့ ကူးယူလို့ မရတာကို သိမြင်လာတယ်။ စာတပုဒ် ထွက်လာဖို့ ဘယ်လို
ကြိုးစား အားထုတ်ယူရတယ် ဆိုတာ ကိုယ်တွေ့တွေ ဖြစ်လာတယ်။ ဘလော့ဂါတွေရဲ့
စာတွေကို လိုက်ဖတ်ရင်းနဲ့ အသိတွေ ကြွယ်ဝလာတယ်။ ယူစရာရှိတာကို ယူ
ပယ်စရာရှိတာကို ပယ်ရင်းနဲ့ပေါ့။ မိတ်ဆွေတွေလည်း တိုးရင်းပေါ့။
အဲဒီ
ကမ္ဘာအတုက မိတ်ဆွေတချို့ဟာ အခု FB ပေါ်အထိ ဆက်ပါလာတုန်းပါပဲ။ ဘယ်သူ ဘယ်ဝှါဟာ
ဘယ်လို စိတ်နဲ့ ကိုယ့်အပေါ် တုန့်ပြန် ပြောဆို ဆက်ဆံတယ် ဆိုတာကို
သူရေးထားတဲ့ စာအရ... ဘေးလူအနေနဲ့ ကြည့်ရင် အလုံးစုံကို မြင်နိုင်မှာ
မဟုတ်ပါဘူး။ ဖြတ်သန်းခဲ့တဲ့ ၁၀ နှစ်ကျော် အချိန်တခုနဲ့ အတူ
လိုက်ကြည့်နိုင်မှာပဲ မြင်နိုင်တဲ့ကိစ္စမျိုး ဖြစ်နေတယ်။
တချို့
စာတွေဟာ လေသံဟာ ခပ်ပြတ်ပြတ် ခပ်ရင့်ရင့် ဖြစ်ချင် ဖြစ်နေမယ်။ တချို့စာတွေဟာ
ဆရာကြီး ဆရာမကြီး လေသံ ပေါက်ချင် ပေါက်နေမယ်။ တချို့ဟာတွေဟာ
ပေါ့ပေါ့ပါးပါး ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် နောက်တီးနောက်တောက် ပေါ့ရွှတ်ရွှတ် ဖြစ်ချင်ဖြစ်နေမယ်။
ဘယ်လိုစာတွေပဲ ဖြစ်ဖြစ် ဒီတယောက်ဟာ ဘာကြောင့် ဒီိလို ရေးတယ်ဆိုတာက
ကိုယ်ကတော့ နားလည်တယ်... သဘောပေါက်တယ်။
ဒါကြောင့်... ကြားထဲကနေ
ဝင်ပြီး ဒီဘဲက ဘာကြီးလဲဟ၊ ဒီအန်တီက ရင့်တယ်ဟ၊ ဒီကောင်က ဘာကောင်ကြီးလဲ...
မထင်နေကြပါနဲ့။ ကာယကံရှင်ကိုယ်တိုင်က ဘာမှမဖြစ်တာကို သဘောပေါက်ကြပါ။
အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေမှာ အပြန်အလှန် ရင်းနှီးခဲ့တဲ့ စာတွေနဲ့အတူ
တန်ဖိုးဖြတ်လို့ မရတဲ့ စေတနာနဲ့ ပေါင်းစပ် တည်ဆောက်ထားတဲ့ အသိုင်းအဝန်းက
လူရင်းတွေဖြစ်နေလို့ ဘာပြောပြော မနာပါဘူး ဆိုတာလေး ပြောပြချင်ပါတယ်။
ချစ်လို့ ပြောတယ် မှတ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment