.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, March 29, 2017

Pls share and like this post

ကိုယ်တွေ Blog မှာ စာတွေ ရေးတယ်ဆိုတာ အမျိုးတွေ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ စကားပြောသလိုပါပဲ။ ကိုယ့်အမျိုးတွေ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ နေ့စဉ်လိုလို ထိတွေ့ပြောဆိုဖို့ဆိုတာ... မဖြစ်နိုင်တဲ့ အခြေအနေမှာ ကိုယ်ပြောပြချင်တဲ့ဟာတွေကို စာရေးပြီး ပြောတဲ့ သဘောပါပဲ။ ကိုယ်ရေးထားတဲ့စာကို ဖတ်မိတဲ့သူတွေ ရှိရင်... သူတို့ကို ကိုယ်ပြောပြီးသလိုပဲပေါ့။
 
အခုလည်း ပြောပြစရာလေးတွေ ရှိပါတယ်။ ချစ်ချစ်ကတော့ ပြောမနေပါနဲ့။ သူတို့ စိတ်ချမ်းသာသလို နေပါစေလို့ ပြောပါသေးတယ်။ ဒါပေမယ့် မပြောပဲထားရင် မသိပဲ ဆက်လုပ်နေကြမှာပဲ။ ဆက်လုပ်နေတော့ရော ဘာအကျိုးယုတ်စရာ ရှိလဲ ဆိုရင် အထွေအထူး အကျိုးယုတ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် မသိခြင်းမှာ တဝဲလည်လည် မဖြစ်စေချင်လို့ ပြောပြသင့်တာကို ပြောပါမယ်။
 
Facebook တခွင်မှာ အထူးခေတ်စားတာကတော့ မဲဖောက်ပေးမယ် ဆိုတဲ့ page တွေပါပဲ။ တကယ်တော့ ၉၉% သော page တွေဟာ အတုတွေပါ။ တကယ်မဲဖောက်ပေးဖို့ မပြောနဲ့... သူတို့တောင် အဲဒီ page တွေကို ရောင်းစားနေရတဲ့ ဘဝပါ။
 
အတုအစစ် ခွဲဖို့က လွယ်ပါတယ်။ အဲဒီ page ထဲ ဝင်ကြည့်လို့ page နာမည်ဘေးမှာ အပြာရောင် အမှန်ခြစ်လေးပါရင် အစစ်ပါ။ မပါရင် အတုဖြစ်ဖို့ များပါတယ်။ 
 
အတုအစစ် မခွဲတတ်ရင် အလွယ်နည်း ပြောပြပါမယ်။ အခု post နဲ့ page ကို Like ပါ။ ပြီးရင် post မှာ Comment ပေးပါ။ အဲဒီ post ကို Share ပါ ဆိုတာတွေ ပါလာရင်တော့ အတုလို့သာ မှတ်လိုက်ပါတော့။ မယုံမရှိနဲ့ တကယ်ပြောနေတာ။
 
ဘာဖြစ်လို့ အဲဒီလို ပြောရသလဲဆို... သူတို့ဟာ တကယ်မဲဖောက်ပေးဖို့ အစီအစဉ် မရှိပါဘူး။ သူတို့ ဖွင့်ထားတဲ့ page ကို လူသိများအောင် like များများရအောင် လုပ်နေတာပဲ။ သူတို့ လိုအပ်တဲ့ like အရေအတွက်တခုကို ရောက်တဲ့အခါ အဲဒီ page ကို လိုချင်တဲ့သူဆီ ရောင်းစားပါမယ်။
 
ဘယ်သူတွေက အဲဒီလို page တွေကို ပြန်ဝယ်သလဲ... စီးပွါးရေးလုပ်ငန်းတွေက ဝယ်ပါတယ်။ ဥပမာ... လဝန်းနီအထည်ချုပ်လုပ်ငန်းက သူ့အထည်တွေကို ကြော်ငြာချင်တယ်။ ဒီအတိုင်း သူ page ဖွင့်လိုက်ရင် အလွန်ဆုံးရ like က ၁၀၀၊ ၂၀၀ ပေါ့။ သူ့အသိုင်းအဝိုင်း သူငယ်ချင်းတွေက တက်ညီလက်ညီ ဆက်ဖွပေးရင်တောင် like ၅၀၀ ရဖို့ အချိန်အများကြီး ယူရပါတယ်။ လူတွေကို စိတ်ဝင်စားအောင် မလုပ်နိုင်ရင် like ရဖို့ မလွယ်ပါဘူး။
 
ကောလဟာလတွေ သတင်းအတုတွေ အမုန်းတရားတွေ ဖြန့်မယ် အဖွဲ့အစည်းတွေကလည်း ဝယ်တတ်ပါတယ်။ လူသိများပြီးသား page ကနေ ခပ်တည်တည်နဲ့ ပထမပိုင်းမှာ စိတ်ဝင်စားစရာ သတင်းတွေ တင်ပါတယ်။ ဒီလိုနဲ့ အချိန်တခုမှာ ဝါဒဖြန့်သတင်းတွေ လှုံ့ဆော်တဲ့သတင်းတွေ ဖြန့်လိုက်တဲ့အခါ... လူတွေက အဲဒါကို အလွယ်တကူကို ယုံကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော လူတွေအများကြီး like ထားတဲ့ page ဟာ သတင်းအမှန်တွေကို တောက်လျှောက်တင်နေတာပဲ။ ဒါကြောင့် အခုသတင်းဟာလည်း မှန်နိုင်တယ်ဆိုပြီး လွယ်လွယ်နဲ့ ကောက်ချက်ချတတ်လို့ပါပဲ။
 
ဖုန်းကဒ် မဲဖောက်ပေးမယ်... ဖုန်းဟန်းဆက် မဲဖောက်ပေးမယ် ဆိုပြီး လူတွေရဲ့ လောဘစိတ်နဲ့ ဆွယ်တဲ့ page တွေကျတော့ like တွေ အများကြီးရတယ်။ ကံစမ်းမဲရဲ့ စည်းကမ်းထဲမှာကိုက အဲဒီပို့စ်ကို Share ပါလို့ ပြောထားတဲ့အတွက် လူတွေက share ကြပါတယ်။ အဲဒီလို Share လေ လူတွေ ပိုပြီး မြင်လေလေ... လောဘသားကောင်တွေက ထပ်ပြီး Share လေလေနဲ့ အဲဒီ page ဟာ ၂ ရက် ၃ ရက်အတွင်း like ပေါင်း သိန်းချီ ရပါတယ်။
 
ကြိုက်ပြီလေ... like တွေ အများကြီး ရထားပြီးသား Page ကို ခဏလောက် ပြန်ဖွက်ထားပြီး ဝယ်လိုက်တဲ့ လုပ်ငန်းအတွက် လိုအပ်တဲ့ နာမည်တွေ ပြောင်းပါပြီ။ Page အသစ်ပုံစံလေး ဖြစ်အောင် အရင်က တင်ထားတဲ့ post တွေကို ဖျက်ပစ်ပါတယ်။ အဲဒီလို အရင်တင်ထားတဲ့ post တွေကို ဖျက်ပစ်လိုက်တဲ့အခါ Share ထားတဲ့လူဆီမှာလည်း ပျက်သွားပါတယ်။
 
အို ဘာဖြစ်ဖြစ်... ငါတို့က ဒါလေး လုပ်ရတာ ဘာမှ ဆုံးရှုံးတာမှ မဟုတ်တာ။ တကယ် မဲဖောက်ပေးတဲ့ဟာနဲ့ တိုးရင် ရချင်ရင် ရမှာပေါ့လို့ တွေးကောင်း တွေးနိုင်ပါတယ်။ အဲဒါဆိုရင်တော့ ဆုတောင်းလေလို့ပဲ ပြောချင်ပါတယ်။ ဟဲဟဲ...

No comments: