.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, April 24, 2017

Why not compromise?

စာရေးဆရာမ ခင်ခင်ထူးရေးတဲ့ အညာသူ အညာသား ကျွန်မဆွေမျိုးများ စာအုပ်ထဲမှာ ရေးထားတာလေးပေါ့။ မထူးရဲ့ ဘကြီးဘုန်းကြီး ကျောင်းဝင်းထဲမှာ ဒူးရင်းပင်ကြီး စိုက်ထားသတဲ့။ အဲဒီအပင်ကနေ ဒူးရင်းသီးတွေ သီးတဲ့အခါ ဒူးရင်းသီးအနံ့တွေ လှိုင်လှိုင်ထရောပေါ့။ အဲဒီလိုအချိန်မှာ ဘုန်းကြီးကျောင်းကို ဖြတ်သွားဖြတ်လာ လုပ်ရတဲ့ အညာသူ အညာသားတွေဟာ နှာခေါင်းကို ပိတ်... အသက်ကို အောင့်... ဒုန်းစိုင်း ဖြတ်ပြေးကြပါသတဲ့။ သူတို့ခမျာ ပင်ပင်ပန်းပန်း တောအလုပ်တွေ လုပ်ပြီး အိမ်ပြန်လာတဲ့အချိန် ဒူးရင်းသီးအနံ့ကြီးကို မခံစားနိုင်လို့ အခုလို ဒုန်းစိုင်း ပြေးကြတာပါတဲ့။ ဘကြီးဘုန်းကြီးကတော့ ဒူးရင်းသီး ကြိုက်တဲ့သူ ဖြစ်တော့ ဒူးရင်းသီးဟာ အရသာကောင်းကြောင်း မွှေးကြောင်း မြို့မှာဆို ဈေးကြီးပေးပြီး ဝယ်စားရကြောင်း ဘယ်လိုပဲ ပြောပေမယ့် မကြိုက်တဲ့သူတွေအဖို့ကတော့ ဒူးရင်းသီးဟာ တကယ့်ကို အနံ့ဆိုးကြီးပါပဲ။ အနံ့မခံနိုင်တဲ့ ဒကာ ဒကာမတွေအတွက် နောက်ဆုံးမှာတော့ ဘကြီးဘုန်းကြီးဟာ ကျောင်းဝင်းထဲက ဒူးရင်းပင်ကြီးကို ခုတ်ပစ်လိုက်တယ် ဆိုတဲ့အကြောင်းလေး ရေးထားပါတယ်။

သောကြာနေ့က ရုံးကနေ အိမ်ပြန်ဖို့ ဘတ်စ်ကား စီးလာတယ်။ ရဲကျောင်းရှေ့ ရောက်တော့ ပိတ်ရက်မှာ အိမ်ပြန်ဖို့အတွက် ရဲသင်တန်းသားတွေ အများကြီး ကားဂိတ်မှာ စောင့်နေတယ်။ အယောက် ၅၀ လောက် ရှိမယ်။ ကားက ၂ ထပ်ကား ဆိုတော့ အများကြီး ဆန့်ပါတယ်။ ရဲသင်တန်းသားတွေက သင်တန်းကနေ မောင်းလွှတ်လိုက်သလားတော့ မသိဘူး။ အကုန်လုံး ချွေးသံတရွှဲရွှဲပဲ။ သူတို့ ရှပ်တွေ အတွင်းခံစွပ်ကျယ်တွေ အကုန်လုံး ချွေးတွေကို ရွှဲနေတာ ရေလောင်းထားတဲ့ အတိုင်းပဲ။ ကား အောက်ထပ်မှာ ထိုင်စရာခုံတွေ အများကြီး ကျန်နေပေမယ့် အဲဒီရဲသင်တန်းသားတွေ မတ်တပ်ပဲ ရပ်ကြပါတယ်။ သူတို့ ချွေးရွှဲနေတော့ ဘေးမှာ ထိုင်နေတဲ့သူတွေကို အနှောင့်အယှက် မဖြစ်စေလိုတဲ့ သဘောဖြစ်မယ်။ ဒါပေမယ့် ချွေးအနံ့ကတော့ အလုံပိတ် ဘတ်စ်ကားထဲမှာ အတော်လေးကို လှိုင်သင်းပါတယ်။ ကိုယ်တွေအတွက် အနံ့မခံနိုင်ပေမယ့်လည်း အများသုံးဘတ်စ်ကား ဖြစ်တဲ့အတွက် သည်းခံရပါတယ်။ သည်းမခံနိုင်ရင်လည်း အနီးဆုံးမှတ်တိုင်မှာ ဆင်းပြီး နောက်ထပ်ကား စောင့်စီးပေါ့။

ကိုယ်တွေ သိပ်ကြိုက်တဲ့ ငါးပိရည်ကျိုဟာ အိမ်နီးချင်း တရုတ်ကုလားအိမ်အတွက်တော့ ပုတ်အဲ့အဲ့အနံ့ပါ။ ငါ့အိမ်ထဲမှာ ငါ ချက်တာပဲ ဆိုပေမယ့် အနံ့က ခရီးထွက် ခြေဆန့်ပါတယ်။  တခါတလေမှ  ကျိုချက်ပေမယ့်လည်း အနံ့စုပ်ပန်ကာတွေ ဖွင့်... မီးဖိုခန်း ပြတင်းတံခါးတွေ ပိတ်... ဒီလိုပဲ ပတ်ဝန်းကျင်ကို ငဲ့ရတာပဲပေါ့။ တတ်နိုင်သမျှ အနံ့ထွက်တာ နည်းအောင် လုပ်ပေးဖြစ်တယ်။ သူတို့လည်း အခုချိန်ထိတော့ အနံ့နဲ့ပတ်သက်ပြီး အပြစ်တင်စကား မဆိုပါဘူး။ 

လက်ရှိနေတဲ့အိမ်ရဲ့ ဘေးက အိမ်မှာ ခွေးမွေးထားတယ်။ အဲဒီခွေးက သူ့အိမ်ရှေ့က ဖြတ်သွားတဲ့ လူမှန်သမျှကို ထိုးဟောင်ပါတယ်။ ကိုက်တတ်လား မကိုက်တတ်လားတော့ မသိပေမယ့်... သူ့လည်ပင်းမှာတော့ ကတော့ပုံ အုပ်ဆောင်းကြီး တပ်ထားပါတယ်။ အဲဒီအုပ်ဆောင်းကြီး ရှိနေတော့ ကိုက်လို့ မရလောက်ဘူး။ ခွေးဟောင်သံ ဆူညံလွန်းရင် ကိုယ်တွေရဲ့ အိမ်တံခါးကို သွားပိတ်ထားလိုက်တယ်။ အဲဒီအိမ်က အိမ်ရှေ့ထွက် အမွေးတိုင်ထွန်းတဲ့အချိန် တံခါးလေး ဖွင့်ထားရင် ကိုယ်တွေက သွားစရာ ရှိရင်တောင် သူတို့ တံခါးပြန်ပိတ်တဲ့အချိန်ထိ စောင့်ပါတယ်။ အမွေးတိုင် ထွန်းနေတဲ့ သူတို့ကလည်း ကိုယ်တွေ ဖြတ်သွားမယ်ဆိုတာ မြင်တာနဲ့ ချက်ချင်း တံခါးပိတ်ပေးပါတယ်။
 

ပြောချင်တာက... တချို့ကိစ္စတွေမှာ ကိုယ့်အတွက် ပုံမှန် ဒါမှမဟုတ် ကိုယ် ကြိုက်တဲ့ဟာက တပါးသူအတွက် မခံစားနိုင်တဲ့ဟာမျိုး မကြိုက်တဲ့ဟာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာ အလျှော့အတင်း Compromise လုပ်ပေးဖို့ လိုပါမယ်။ ကိုယ် မကြိုက်တိုင်း သူများကို ကွိုင်ရှာလို့ မရပါဘူး။ သူ မကြိုက်တဲ့ဟာကိုလည်း ဘယ်လိုနည်းလမ်းနဲ့ အကောင်းဆုံး ဖြေရှင်းရမလဲ ဆိုတာကို စဉ်းစားရပါမယ်။ ကိုယ့်ဘက်က လျှော့လို့ရရင် ကိုယ့်ဘက်က လျှော့... သူ့ဘက်က လျှော့လို့ရရင် သူ့ဘက်က လျှော့... အဲဒီလိုနဲ့ပဲ စည်းချက်ညီ သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ယူရမှာပဲ။ ငြါ့မင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုတာမျိုး လုပ်လို့မရတာ လုပ်ဖို့မသင့်တာကို သိစေချင်မိပါတယ်။

No comments: