ညနေရုံးဆင်းပြီး ဟိုတယ်ပြန် ရေမိုးချိုး... ညစာ ထွက်စားပြီးတော့ People Committee Hall ရှေ့မှာ လမ်းဘေးဈေးသည်တွေ ရောင်းတဲ့ Vietnamese Pizza လို့ အလွယ်ခေါ်ကြတဲ့ Banh Trang Nuong ကို ဝယ်နေတုန်း မုန့်သည်ကြီး မုန့်လုပ်နေတာကို အဖြူအဖိုးကြီးတယောက်က ဘီယာဗူးကိုင်ပြီး စိတ်ဝင်တစား လာရပ်ကြည့်နေတယ်။ အဲဒီမုန့်က ဘာမှန်းလဲ မသိ... ဘာတွေနဲ့ လုပ်နေမှန်းလည်း မသိ... သူမြင်တာကတော့ ကော်ပြန့်ဖတ်ကြီးကို မီးဖုတ်နေတာပဲ တွေ့ရသေးတယ်။
မိနစ်အနည်းငယ်ကြာတော့ ကိုယ့်ကို အင်္ဂလိပ်လို ပြောတတ်သလား လာမေးတယ်။ အဲဒါနဲ့ ကိုယ်လည်း သိသလောက် မုန့်အကြောင်းနဲ့ ဘာတွေ ပါသလဲ ဆိုတာကို ရှင်းပြလိုက်တော့ သဘောတွေကျပြီး ထွက်သွားတယ်။ သူ သိချင်တဲ့ဟာကို သိလိုက်ရလို့ သူ့မျက်နှာလေး ပြုံးရွှင်သွားတာကို သတိထားမိတယ်။
အင်္ဂလိပ်စကား ပြောတတ်ရင် ခရီးထွက်ရတာ အနည်းနဲ့အများ အဆင်ပြေတယ်။
သူ့ဒေသရဲ့စကား ကိုယ်နားမလည်... ကိုယ့်စကား သူနားမလည်တဲ့ ဘဝကနေ
အင်္ဂလိပ်စကားကို ကြားခံဘာသာအနေနဲ့ သုံးလို့ရရင် စကားပေါက်တယ်။ အင်္ဂလိပ်စကား
အားနည်းတဲ့ဒေသမှာ အင်္ဂလိပ်လို့ ပြောလို့ရတဲ့သူနဲ့ တွေ့ရင် အမျိုးတွေနဲ့
တွေ့သလိုပဲ အားရတယ်။ စားသောက်ဆိုင်မှာလည်း အင်္ဂလိပ်လို ပြောတတ်တဲ့
စားပွဲထိုးတွေ ရှိရင် ကိုယ်စားချင်တာ မှာစားရတာ အဆင်ပြေတယ်။
တကယ်တော့ ကိုယ်လည်း အင်္ဂလိပ်စကားက အ-ထစ် အ-ထစ်ပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ အင်္ဂလိပ်လို လိပ်ပတ်လည်အောင်တော့ ပြောနိုင်ဆိုနိုင်လာပြီ။ ငယ်တုန်းကဆို အင်္ဂလိပ်စာကို အတော်ကြောက်တယ်။ ဆယ်တန်းမှာလည်း အင်္ဂလိပ်စာက အမှတ်အနည်းဆုံးပဲ။ တက္ကသိုလ် ရောက်လာတော့ တင်ရသမျှ ဘွဲ့ယူစာတမ်းတွေ (Term paper and Thesis) ကိုတော့ အင်္ဂလိပ်လိုပဲ ရေးတင်ဖြစ်တယ်။ အဲဒါကလည်း အင်္ဂလိပ်စာကို ကျွမ်းတဲ့ သူငယ်ချင်းနဲ့ ဆရာတွေက ဝိုင်းပြင် ဝိုင်းစစ်ပေးလို့ လုပ်နိုင်တာ။
ဒီလိုနဲ့ ကိုယ့်ဘဝဇာတ်ကြောင်းအရ မွေးတမြေခြားမှာ လုပ်ကိုင် စားသောက်ရတော့လည်း ဝက်ဖြစ်မှတော့ မစင် မကြောက်တော့ဘူးလေ။ ခွေးအကြီး လှည်းနင်းထားတဲ့ ဘဝကနေ အခုလို လိပ်ပတ်လည်လာအောင် ကြောက်ကြောက်နဲ့ပဲ ပြောရတာပေါ့။ အဲဒီ အင်္ဂလိပ်စာနဲ့ပဲ အာဆီယံထဲမှာ ဟိုဟိုဒီဒီ သွားလို့လာလို့ ရနေတာ။ ကမ္ဘာပတ်နေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို မြင်ရင် တကယ်ကို အားကျမိပါတယ်။ သူတို့ရဲ့ အချိန်၊ စုဆောင်းထားတဲ့ ငွေ၊ ဘာသာစကား အင်အားနဲ့ စိတ်ဓါတ်ခွန်အားကို အသုံးချပြီး ကမ္ဘာအနှံ့ ခြေဆန့်နေတာကို အားကျတာပါ။
ပြောချင်တာကတော့ အင်္ဂလိပ်လို တတ်ရင် ဘယ်နိုင်ငံသွားသွား အနည်းဆုံးတော့ စကားပေါက်ပါတယ်လို့။