မနက်က တီဗွီအစီအစဉ်မှာ စင်္ကာပူမှာ လာဖွင့်ထားတဲ့ ဂျပန်ဆူရှီဆိုင်အကြောင်း ပြတယ်။ စားဖိုမှုးနဲ့ ငါးအပါအဝင် ကုန်ကြမ်းတွေက ဂျပန်ကပေါ့။ အမှတ်မထင် ထိုင်ကြည့်လိုက်ပေမယ့် စိတ်ဝင်စားစရာတွေ အများကြီးပါပဲ။
ဂျပန်မှာ ငါးအသားက အညိုအမဲ စွဲနေရင် စျေးကို ပြန်သွားပြီး ချက်ချင်း ပြန်လဲလို့ရတယ်။ အခု စင်္ကာပူမှာကတော့ ငါးက ဂျပန်ကနေ လာတာဖြစ်လို့ အသားလွှာလိုက်ရင် အသားမှာ အညိုအမဲ မစွဲတဲ့ ငါးတွေ ပါလာဖို့ပဲ ဆုတောင်းနေရတယ်တဲ့။ ဂျပန်မှာ အရာရာ အဆင်ပြေနေလို့ ဂရုစိုက်ဖို့ မလိုတဲ့ အသေးအမွှားတွေကို စင်္ကာပူမှာ ဂရုစိုက်နေရတဲ့အကြောင်း ပြောပြသွားတယ်။
နောက်တခုက သူ့အဖေက သူ့ကို ဘယ်လို လေ့ကျင့်ပေးတယ် ဆိုတဲ့အကြောင်းလေးကို အင်တာဗျူးထားတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ သူ့အဖေက သူ့ကို အသက် ၁၄ နှစ်အရွယ်ထိ ဆူရှီဆိုင်ကို ဝင်လာဖို့ မပြောနဲ့ ချောင်းကြည့်ခွင့်တောင် မပေးခဲ့ဘူး။ စိတ်ဝင်စားမှု မလျှော့သွားရအောင် ဆိုင်ကို ပေးမကြည့်တဲ့ သဘောမျိုးပဲ။ မြင်ပါများရင် ငယ် နမ်းပါများရင် ပြယ် ဆိုတဲ့ သဘောတရားလိုမျိုး ဖြစ်မယ်။
သူ့အသက် ၁၄ နှစ်အရွယ် ရောက်မှ သူ့အဖေက ဆိုင်ထဲကို ပေးဝင်ပြီး အလုပ် စ လုပ်ခိုင်းတယ်။ အဲဒီမှာ သူ့အဖေ ပြောသွားတဲ့ စကားလေးကို သဘောကျမိတယ်။
လူငယ်တွေက ရပိုင်ခွင့် (entitlement) ကို နားလည်မှု လွဲနေကြတယ်။ အစစအရာရာကို သင်ပေးမှု တတ်မြောက်နိုင်တာ မဟုတ်ဘူး။ သူ့သားကို ဘာတခုမှ သင်ပေးဘူး။ ဓါးလည်း ပေးမကိုင်ဘူး။ ငါးလည်း မကိုင်ရဘူး။ ၂ နှစ်တိတိ ဆိုင်ထဲမှာ စားပွဲထိုးခိုင်းထားတယ်။ အဲဒီအချိန်မှာ ဆိုင်ထဲက စာဖိုးမှူးတွေ ဆူရှီီတွေကို ဘယ်လိုမျိုး ပြင်ဆင်သလဲ ငါးတွေကို ဘယ်လိုမျိုး အသားလွှာသလဲ ဆိုတာကို ဘေးကနေ ကြည့်ခိုင်းတယ်။ သူများတွေ လုပ်ပုံကိုင်ပုံကို အတုယူဖို့ အရေးကြီးတာကို နားလည်အောင် လုပ်ပေးတယ်။ ၂ နှစ် ပြီးတော့မှ ဓါးပေးကိုင်ပြီး လက်တွေ့ လုပ်ခိုင်းခဲ့တယ်တဲ့။
ရပိုင်ခွင့်တွေကို မကြည့်ပဲ အလုပ်ထဲကနေ ဘာတွေ လေ့လာသင်ယူလို့ ရသလဲ ဆိုတာတွေကိုလည်း ကြည့်သင့်ကြောင်းကို ဂျပန်အဖိုးကြီးက ပြောပြသွားတာ လိုုက်နာစရာ နမူနာယူစရာပါပဲ။