မနက်ပိုင်းမှာ အိပ်မက် မက်တယ်။ ကိုယ်က အလုပ်ကိစ္စနဲ့ ပုသိမ်ဘက်ကို ခရီးထွက်လာတာပေါ့။ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ အလုပ်က ကိုယ့်အထက်အရာရှိ ဘွားတော်ကြီးနဲ့ တွေ့လို့ ပုသိမ်ကို ဘယ်လို သွားမလဲ လို့တောင် သူက မေးတယ်။ ကိုယ်က ဘယ်သွားသွား ကိုယ့်ပါးပါးက ကားမောင်းပြီး လိုက်ပို့ပေးတာလို့ ဖြေလိုက်တယ်။ (ဟိုးအရင်ကတည်းက ကိုယ်တွေ အလုပ်ကိစ္စ စာမေးပွဲကိစ္စနဲ့ ပတ်သက်ပြီး ဟိုဟိုဒီဒီ သွားရမယ်ဆိုရင် ပါးပါးက သူကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့တတ်တာကို စိတ်စွဲတာ ဖြစ်မယ်။ စင်္ကာပူရုံးက လူတွေ ပုသိမ်ကို ဘာသွားလုပ်ဖို့လဲ ဆိုတာလည်း အိပ်မက်ထဲမှာ မပါဘူး။)
အဲဒီလက်ဖက်ရည်ဆိုင်နားမှာ တခြားဆိုင်တွေလည်း ရှိလို့ လှည့်ပတ်ကြည့်နေတုန်း စာသင်ကျောင်းတခုထဲကို ရောက်သွားတယ်။ ကျောင်းကတော့ ပျဉ်ကာ သွပ်မိုး မြေစိုက်ကျောင်းလေးပါ။ ကျောင်းဝင်းတံခါးကလည်း သစ်သားပျဉ်ချပ်တွေနဲ့ လုပ်ထားတဲ့ တံခါးပေါ့။ ကျောင်းခြံစည်းရိုးတွေကလည်း သစ်သားတိုင်တွေနဲ့ ကာထားတာ။ ကျောင်းဖွင့်ခါစ ဖြစ်လို့ အကြီးတွေက ငိုနေတဲ့ အငယ်တွေကို လက်ဆွဲပြီး ကျောင်းထဲ ခေါ်လာတာမျိုးတွေလည်း တွေ့ရတယ်။ တချို့ဆို ပွေ့ပိုက်ချီပြီး ကျောင်းခန်းထဲ ခေါ်လာတာလည်း မြင်ရတယ်။ (ဒါကတော့ သတင်းတွေမှာ မြန်မာပြည်က ကျောင်းဖွင့်ချိန် မြင်ကွင်းတွေကို မြင်ပြီး အိပ်မက်ထဲအထိ ပါလာတာ ဖြစ်မယ်။)
ဘယ်ကနေ ဘယ်လို ကိုယ်က ကျောင်းဝင်းထဲ ရောက်နေသလဲတော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းဝင်းတံခါးကနေ ကိုယ်က ဝင်လာတာ မဟုတ်ဘူး။ ကျောင်းဝင်းတံခါးနားမှာ ကင်းတဲလိုမျိုး သစ်သားဆောင်လေးတခု ရှိတယ်။ အဲဒီိအဆောင်လေးထဲမှာ ဆရာမတွေ ရှိကြတယ်။ ကျောင်းရဲ့ ခြံထောင့်နားမှာလည်း စက္ကူပန်းပင်တွေ ရှိနေတယ်။ အဲဒီအောက်က သစ်သားခုံတန်းရှည်မှာလည်း ဆရာမတချို့ ထိုင်နေကြတယ်။
ကျောင်းဝင်းအဝကို ကိုယ်က လှမ်းကြည့်မိလိုက်တော့ ဆရာမတယောက်က ကိုယ့်ကို မြင်ပြီး အားရဝမ်းသာနဲ့ လက်ကြီး၂ ဘက်ကို ဘေးကို ဖွင့်ထားပြီး ပြေးလာတယ်။ ပြီးတော့ ကိုယ့်က ဖက်ထားလိုက်တယ်။ အဲဒါ ကိုယ်နေခဲ့တဲ့ အလယ်တန်းကျောင်းက ဆရာမ ဒေါ်နော်စာဖောပဲ။ ကရင်ဆရာမကြီးပေါ့။ ဆရာမက ကွမ်းစားတတ်လို့ သွားမှာ ကွမ်းဂျိုးတွေ ကပ်နေတာကို အထင်းသား မြင်ရနိုင်တဲ့အထိ ပါးစပ်ကြီး အားရပါးရ ဖွင့်ပြီး ရယ်ပြံုံးတတ်တဲ့ ဆရာမပါ။
ဆရာမက ကိုယ့်ကို ဖက်ထားတုန်း ကိုယ့်စိတ်ထဲမှာ ကိုယ်တွေရဲ့ ဆရာမ ဒေါ်ရွှေသန်းကို ဖြတ်ကနဲ သတိရမိသွားတယ်။ အဲဒါကို ဆရာမ ဒေါ်နောစာဖောကိုလည်း ပြောမိတယ်။ ဆရာမကို အခုလိုနေရမှာ မမျှော်လင့်ပဲ တွေ့တော့ ဆရာမဒေါ်ရွှေသန်းကို သတိရမိသွားတယ်လို့။ အဲဒီအခါ ဆရာမလည်း ငို... ကိုယ်လည်း ငိုကြတယ်။ ကိုယ်တွေ ငိုနေတာကို စာသင်ခန်းထဲက ဆရာမဒေါ်စန်းစန်းက လှမ်းကြည့်နေတယ်။ စက္ကူပန်းပင်အောက်က ခုံတန်းမှာ ထိုင်နေတဲ့ ဆရာမဒေါ်ကြည်ကြည်လွင်တို့လည်း လှမ်းကြည့်ကြတယ်။
အပြင်လောကမှာ ဆရာမ ဒေါ်ရွှေသန်းရော ဆရာမ ဒေါ်နောစာဖောရော မရှိကြတော့ပါဘူး။ ဆရာမ ဒေါ်ရွှေသန်းက အရင်ဆုံးတာပါ။ ဆရာမ ဒေါ်နောစာဖောကတော့ နောက်မှ ဆုံးတာပါ။ ဆုံးပါးသွားပြီ ဖြစ်တဲ့ ဆရာမ ၂ ယောက်ကို အိပ်မက်ထဲမှာ တွေ့မိ သတိရမိတာပါ။
အိပ်မက်ထဲမှာ မျက်ရည်တွေ အလုံးလိုက် ကျတဲ့အထိ ဝမ်းနည်းပက်လက် ငိုကြတယ်။ ဘယ်လောက်တောင် ငိုသလဲတော့ မသိဘူး။ အဲဒီ ငိုတဲ့အရှိန်နဲ့ အိပ်ယာက နိုးလာတယ်။ နိုးလာတာတောင် ရင်ထဲမှာ ငိုထားတဲ့အရှိန်က မသေသေးဘူး။ တငွေ့ငွေ့နဲ့ ကျန်နေသေးတယ်။
ပြောချင်တာက ကိုယ်တွေနေခဲ့တဲ့ အလယ်တန်းကျောင်းလေးက ဆရာ ဆရာမတွေကို ကိုယ်တွေ သိပ်ချစ်ကြောက်ရိုသေတာ ဘယ်လောက်ထိလဲ ဆိုတော့... အိပ်မက်ထဲမှာ မျက်ရည်အလုံးလိုက် ကျအောင် ငိုခဲ့ရတဲ့အထိ သံယောဇဉ်ကြိုးတွေ ခိုင်မြဲ ကြီးမားလွန်းလှတယ် ဆိုတာပါပဲ။ ကိုယ်တွေရဲ့ တောကျောင်းက ဆရာ ဆရာမတွေ သိပ်ချစ်ဖို့ ကောင်းတယ်။ ကိုယ်တွေအပေါ်မှာ ကျေးဇူးကြီးလှပါတယ်။
No comments:
Post a Comment