စင်္ကာပူမှာ
ဘတ်စ်ကား စီးရတာ အဆင်ပြေတယ်။ လွယ်ကူတယ်။ အဲကွန်းတွေကလည်း အေးတော့
ခရီးသွားရတာ သက်တောင့်သက်သာ ရှိတယ်။ ဘတ်စ်ကားတွေကလည်း အချိန်မှန်တယ်။
မှတ်တိုင်တွေလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ရှိတယ်။ အဲဒီလိုပဲ
ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးထားပြီး ကားခကိုလည်း တန်အောင် ယူပါတယ်။
အနီးအနား မှတ်တိုင် ၁ ခု စာ စီးရင်တောင် ၈၃ ဆင့် (မြန်မာငွေ ၈၅၀ ကျပ်
ဝန်းကျင်) ပေးရပါတယ်။ ၅ ကီလိုမီတာ အထက်ဆိုရင် ၁ ဒေါ်လာကျော် (မြန်မာငွေ ၁
ထောင်ကျော်) ပေးရပါပြီ။ အမြင့်ဆုံးပေးရတဲ့ ဘတ်စ်ကားခကတော့ ၂ ဒေါ်လာ ၈ ဆင့်
(မြန်မာငွေ ၂ ထောင်ကျော်) ပါ။
စင်္ကာပူမှာ မီးမှန်ပါတယ်။ မီးအားလည်း ငြိမ်ပါတယ်။ အဲဒီလိုပဲ မီတာခကိုလည်း တန်အောင် ယူပါတယ်။ မီတာခက ၃ လ တခါ အပြောင်းအလဲ ရှိတတ်ပါတယ်။ လတ်တလောမှာ မီတာခက ၁ ကီလိုဝပ် (kWh) ကို ၂၄.၃၉ ဆင့်ပါ။ မြန်မာငွေနဲ့ဆိုရင် ၂၅၀ ကျပ် ပတ်ဝန်းကျင် ရှိပါမယ်။ လေ့လာမိသလောက် စင်္ကာပူမှာ မီတာခ သတ်မှတ်တာမှာ ကုန်ကျစရိတ်တွေကို ၂ ပိုင်းခွဲထားပြီး တွက်ချက်သတ်မှတ်ပါတယ်။ Fuel Cost နဲ့ Non Fuel Cost ဆိုပြီးတော့ ခွဲခြားထားတယ်။ Fuel cost ကတော့ ဂတ်စ်ဖိုးတွေပါ။ စင်္ကာပူရဲ့ လျှပ်စစ်ထုတ်လုပ်မှု ၉၅% က သဘာဝဓါတ်ငွေ့ ဂတ်စ် သုံးထားတာပါ။ ဂတ်စ်ဖိုး အတက်အကျ ရှိတိုင်း မီတာခ အပြောင်းအလဲ ရှိပါတယ်။ Non Fuel Cost မှာ လျှပ်စစ်ဓါတ်အားထုတ်စက်ရုံ ဆောက်လုပ်စရိတ် ပြုပြင်ထိန်းသိမ်း ကုန်ကျစရိတ်တွေ၊ ဝန်ထမ်းတွေအတွက် ပေးရတဲ့ လစာတွေ၊ လျှပ်စစ်ဓါတ်ကြိုးလိုင်းတွေရဲ့ ကုန်ကျစရိတ်တွေ၊ မီတာခ ဖတ်ရတဲ့ စရိတ်တွေ အကုန် တွက်ချက်ပါတယ်။
ပစ္စည်း အရည်အသွေးနဲ့ ပတ်သက်ပြီးလည်း ပြောချင်တာတွေ ရှိပါတယ်။ အဝတ်အထည်တွေပဲ ဆိုပါတော့။ တရုတ်တန်းမှာဆို တီရှပ် ၃ ထည်ကိုမှ ဒေါ်လာ ၁၀ ပဲ ပေးရတာမျိုးတွေ ရှိတယ်။ အဲဒီလိုပဲ ကုန်တိုက်ကြီးတွေထဲမှာ နာမည်ကျော်တံဆိပ်တွေနဲ့ တီရှပ်တွေဆို ၁ ထည်ကို ဒေါ်လာ ၃၀ ကနေ ၈၀ ကျော်အထိ ပေးရတယ်။ တရုတ်တန်းက ၁၀ ဖိုး ၃ ထည် တီရှပ်တွေက ရေ ၃ ခါလောက် လျှော်ပြီးရင် အတော်လေးကို ရွဲသွားပြီ။ ပုံစံလည်း ပျက်နေပြီ။ အရောင်တွေလည်း မှိန်ကုန်ပြီ။ ဈေးကြီးပေး ဝယ်ထားရတဲ့ နာမည်ကျော်တံဆိပ်နဲ့ တီရှပ်က ၃ နှစ်လောက် ဝတ်ထားတာတောင် အခုထိ အရောင်လည်း မမှိန်၊ ပုံစံလည်း မပျက်ပဲ ရှိနေတယ်။ တန်ရာတန်ကြေး ဆိုတာကို အဲဒီလို တီရှပ်တွေကနေ သဘောပေါက် နားလည်လိုက်တယ်။
ကောင်းတာတွေ လိုချင်ရင် တန်အောင်လည်း ပြန်ပေးရမယ် ဆိုတာကို သတိပြုစေချင်တာပါ။ ကောင်းတာတွေ လိုချင်ပြီး တန်ရာတန်ကြေး မပေးနိုင်တဲ့အခါမှာ အချိန်တခုကြာတဲ့အခါ ကောင်းတာတွေဟာ မကောင်းနိုင်တော့ပါဘူး။ အဲဒီလို အရည်အသွေး ဝန်ဆောင်မှု ကောင်းတာတွေကို ရေရှည် ဆက်လက် ထိန်းထားနိုင်ဖို့ဆိုတာမှာ မှန်ကန်တဲ့ ဦးဆောင်မှုအပြင် ငွေအင်အားလည်း လိုပါတယ်။ ကောင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေ စက်ပစ္စည်းတွေ ဝယ်ဖို့၊ ကောင်းတဲ့ တော်တဲ့ ထူးချွန်တဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေကို လစာပေးနိုင်ဖို့၊ ကောင်းမွန်တဲ့ ပြုပြင် ထိန်းသိမ်းမှုတွေ လုပ်နိုင်ဖို့... ငွေလိုပါတယ်။ ငွေမရှိရင်တော့ ကောင်းတာတွေလည်း ရေရှည်မှာ ဆက်မရှိနိုင်တော့ပါဘူး။
ကောင်းတာတွေ မလုပ်နိုင်သေးလို့ တန်အောင် မပေးနိုင်ဘူး ဆိုတာနဲ့ တန်အောင် ပေးမယ်... ကောင်းသထက် ကောင်းအောင် လုပ်ကြပါဆိုတာမှာ ရလဒ်က မတူဘူး ဆိုတာလည်း သတိချပ်စေချင်ပါတယ်။ အရှုံးခံပြီး လုပ်နေရတာဟာ ရေရှည်အတွက် မကောင်းဘူး။ လုပ်သမျှ ရှုံးနေတဲ့အခါမှာ ကောင်းအောင် လုပ်ဖို့ အင်အား မရှိတော့ပါဘူး။ အဲဒီအစား သင့်တင့်သလောက် ကောက်ခံပြီး ကောင်းသထက် ကောင်းအောင် လုပ်ဖို့ကို ပြင်ဆင်သင့်ပါတယ်။
ဒါကြောင့် ကိုယ်တွေကလည်း ရေတိုကို မကြည့်ပဲ ရေရှည်ကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ပေးလိုက်ရတာပဲ မမြင်ပဲ ကောင်းအောင် လုပ်နေတာကို မြင်တတ်ဖို့လည်း လိုပါတယ်။ ကိုယ့်မျိုးဆက်ရဲ့ အနာဂတ်တွေ ကိုယ်တွေထက် အဆပေါင်း များစွာ ကောင်းမွန်ဖို့အတွက် အနစ်နာခံမှုတွေ လိုအပ်တဲ့ ပေးဆပ်မှုတွေ ကိုယ်စီကိုယ်စီ လုပ်လိုက်ကြပါလေ။ ပြိုင်တူရုန်းရင် နွံထဲက လွတ်ကြမှာပါ။