မနေ့က မနက်ပိုင်းမှာ ၁၀ နာရီထိုးခါနီးမှ အိပ်ယာနိုးတယ်။ မိုးဖွဲဖွဲလေး ရွာနေတာနဲ့ အိပ်ကောင်းနေတာပေါ့။ သူငယ်ချင်း ရောက်နေတာနဲ့ တစ်ညလုံး နီးပါး စကားပြောနေလို့ အိပ်ရာဝင် နောက်ကျခဲ့တာလည်းပါမယ်။ မနက်ပိုင်းမှာ ရွှန်းမီဆီကို သနပ်ခါးတုံးနဲ့ ကျောက်ပျဉ် သွားပို့ပေးဖို့ ရှိနေပေမယ့် မိုးက တဖွဲဖွဲ ရွာနေတာနဲ့ အပြင်ထွက်ဖို့ကို တွန့်နေမိတယ်။ သူငယ်ချင်းဆီကိုလည်း ရန်ကုန်က ဖုန်းလာနေတော့ သူ့ကိုစောင့်ရင်း အပြင်မထွက်ဖြစ်ဘူး။ နေ့လည် ၁၂ နာရီထိုးခါနီးမှ အိမ်ပြင်ထွက်တယ်။
ရွှန်းမီကလည်း သူ့ဆီကို ထွက်လာရင် ဖုန်းခေါ်ပါဆိုပဲ။ ကျွန်တော့်နေတဲ့ နေရာကနေ သူနေတဲ့ နေရာနားက ဘူတာရောက်တဲ့အထိ စုစုပေါင်း နာရီဝက်လောက် သွားရတယ်။ အိမ်က စထွက်လာကတည်းက ဆက်တိုက် ခေါ်လိုက်ရတဲ့ဖုန်း ကိုင်မယ့်သူကို မရှိရှာဘူး။ သီချင်းပဲ နားထောင်နေရတယ်။ သူ့နေတဲ့ နေရာနားက ဘူတာကို ရောက်နေတာတောင် ဖုန်းမကိုင်ဘူး။ နောက်ဆုံးမှာတော့ ရောက်ရှိနေကြာင်း မတ်ဆေ့ခ်ျ ပို့လိုက်ရတယ်။ အဲဒီတော့မှ ဖုန်းပြန်ခေါ်တယ်။ မီးဖိုချောင်ထဲ ရောက်နေလို့ဆိုပဲ။ အဲဒါနဲ့ ဘူတာထဲမှာပဲ စောင့်နေလိုက်တယ်။ တအောင့်လောက်ကြာတော့ ရွှန်းမီ ရောက်လာတာနဲ့ ပေးစရာတွေကို ပေးပြီး ပြန်လာခဲ့လိုက်တယ်။
အိမ်လာလည်တဲ့ သူငယ်ချင်းက မျက်မှန်ကိုင်း နည်းနည်းချောင်နေလို့ ပြင်ချင်တယ်ဆိုတာနဲ့ မျက်မှန်ဆိုင်ရှိတဲ့ ရှော့ပင်းမောလ်ဘက်ကို ထွက်လာခဲ့လိုက်တယ်။ မျက်မှန်ဆိုင်နား မရောက်ခင် လက်စွပ်တွေ ဆွဲကြိုးတွေ ရောင်းတဲ့ ရတနာဆိုင်တွေရှေ့က ဖြတ်လျှောက်မိတော့ ဘာရယ်မဟုတ်ဘူး လေ့လာချင်စိတ်တွေ တဖွားဖွား ပေါ်နေတယ်။ လာရင်းကိစ္စက မျက်မှန်ကိစ္စဆိုတော့ မျက်မှန်ဆိုင်ပဲ အရင်ဝင်လိုက်တယ်။ မျက်မှန်ဆိုင်ကနေ ထွက်တော့ အောက်ခံဘောင်းဘီနဲ့ ခြေအိတ်ရှည်တွေ သွားဝယ်ဖြစ်သေးတယ်။ ချက်ပလက်ကားလေးတွေ ပြထားလို့ သူငယ်ချင်းနဲ့ ငေးကြသေးတယ်။ ကားဈေးတွေက ၃ သောင်းကျော်ကနေ ၈ သောင်းကျော်အထိ အစားစားပဲ။
ဟိုဟိုဒီဒီ ငေးရင်းနဲ့ မထူးပါဘူးကွာဆိုပြီး လက်ဝတ်ရတနာဆိုင်ထဲကို ၀င်ငမ်းလိုက်တယ်။ လက်စွပ်လေးတွေ ငမ်းရင်းနဲ့ အရောင်းစာရေးမတွေပါ အဆစ်ယူပြီး ငမ်းလိုက်တာပေါ့။ လက်စွပ်လေးတွေက ကြည့်တော့တာ ဘာမှမဟုတ်တာ ဈေးကတော့ မနည်းဘူး။ မြန်မာငွေနဲ့ တွက်ရင် ၁၅ သိန်း ပတ်ဝန်းကျင်ပဲ။ ဒီဇိုင်းတွေကတော့ အတော်လှတယ်။ ဘယ်ဟာကို ရွေးလို့ ရွေးရမှန်းတောင် မသိဘူး။ ရွှေဖြူ ရွှေဝါ ကြိုက်သလို ရွေးလို့ရတယ်။ ဈေးကတော့ အတူတူပဲ။ လိုချင်တဲ့ ဒီဇိုင်းပုံစံနဲ့ ရွှေအမျိုးအစား အဆင်သင့် မရှိသေးလို့ မှာချင်ရင်တော့ သုံးလ ကြိုမှာရတယ် ဆိုပဲ။ အရောင်းစာရေးမတွေက သေသေချာချာ ရှင်းပြတဲ့အတွက် မသိတဲ့ဟာတွေ အတော်လေး သိလိုက်ရတယ်။ နောက်ဆုံးတော့လည်း လှလှလေး ပြုံးပြပြီး ပြန်လာခဲ့တယ်။
ညနေစောင်း ၄ နာရီမှာတော့ စီတီးဟောလ်ဘက်ကို ရောက်ဖြစ်ခဲ့သေးတယ်။ သူငယ်ချင်းနဲ့ အတူပါလာတဲ့ ညီငယ်တစ်ယောက်က မြစ်ကြီးနားကို ငွေလွှဲဖို့အတွက်ပါ။ သွားရတာ ဝေးလွန်းလို့ အထွေအထူး လုပ်စရာ မရှိရင် အဲဒီနေရာကို သိပ်မရောက်ဖြစ်ပါဘူး။ ကျွန်တော်လည်း ညီတစ်ယောက် ကျောင်းလျှောက်ဖို့အတွက် ဘဏ်စာရင်းပြထားတဲ့ စာရွက် ရန်ကုန်က ပို့လိုက်တာ သွားယူဖို့ရှိတာနဲ့ လိုက်သွားဖြစ်ခဲ့တယ်။ ငွေဈေးက အတော်လေး ကျနေတယ်။ အမြင့်ဆုံးကို ၁ ဒေါ်လာကို ၇၇၂ ကျပ်ပဲ ပေးတယ်။ တချို့ဆိုင်တွေက ၇၇၀ ကျပ်ပဲ ပေးတယ်။ ငွေလွှဲစရာရှိတာတွေ လွှဲပြီးတော့ ဖုန်းကဒ်၊ သပြေပန်းတစ်ခက်နဲ့ ရှောက်သီးတစ်လုံး ၀ယ်ပြီး ပြန်လာခဲ့လိုက်တယ်။ သူငယ်ချင်းကတော့ တောင်ကြီးမောက်မယ်နဲ့ ယမ်ယမ်ချဉ်စပ်တွေ ၀ယ်သွားတယ်။
မနက်ကတည်းက တဖွဲဖွဲရွာနေတဲ့ မိုးစက်ပွင့်တွေက ညနေစောင်းတဲ့အထိ တိမ်ညိုတွေပြိုပြီး ရွာနေတုန်းပဲ။ အဲဒီလိုပဲ မနက်ကတည်းက တမြေ့မြေ့ လွမ်းနေတဲ့ အလွမ်းတွေက ညအိပ်ရာဝင်တဲ့အထိ တသိမ့်သိမ့်ပါပဲ။
အလွမ်းမိုးတွေ ရွာစွေခဲ့တဲ့ မနေ့ကပေါ့...