.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, August 7, 2009

8-8-2009

မနက်ဖြန်က ၈ ရက် ၈ လ ၂၀၀၉ ပေါ့။ ၇ ရက် ၇ လမှာ မွေးတဲ့ ကျွန်တော့်အဖို့ ရက်နဲ့လနဲ့ တူတဲ့ အခိုက်အတန့်တွေကို ဘာရယ် မဟုတ် စိတ်ဝင်စားမိတယ်။ ဒါပေမယ့် အထွေအထူးတော့ မရှိပါဘူး။

၈ ရက် ၈ လမှာ ပီကင်းအိုလံပစ်ပွဲကြီး ကျင်းပခဲ့တယ်။ လူအင်အား အများကြီးသုံးပြီး ဖွင့်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပသွားခဲ့တယ်။ ဖွင့်ပွဲမှာ ကလေးမလေးတစ်ယောက် သီချင်းဆိုတာမှာ မူရင်းအဆိုရှင်က ရုပ်မလှလို့ဆိုပြီး လှတဲ့ကလေးမနဲ့ လူစားထိုးထားတဲ့အကြောင်း ဟိုအသံ ဒီအသံတွေ ထွက်ခဲ့သေးတယ်။ ဖွင့်ပွဲတုန်းက သုံးခဲ့တဲ့ ပစ္စည်းတွေကို လေလံတင် ရောင်းစားခဲ့တာ အတော်လေး ရလိုက်တယ် ဆိုပဲ။

၈ ရက် ၈ လမှာ ကျွန်တော့်ဦးလေး ဆုံးပါးခဲ့တယ်။ ဘ၀ကို ရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းသွားတဲ့ ဦးလေးကို ကျန်ခဲ့တဲ့ သားသမီးတွေက ဘယ်လို မြင်လဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်ကတော့ သူ့ဘ၀လေးကို အားကျမိတယ်။ လောဘနည်းတယ်လို့ပဲ မြင်မိတယ်။ အသည်းရောင်ဘီပိုးနဲ့ပဲ လောကကြီးကနေ စောစော ထွက်ခွာသွားခဲ့တယ်။ တရုတ်ထုံးစံအတိုင်း အုတ်ဂူတောင် မထားခိုင်းပါဘူး။ အလောင်းကို မီးရှို့ပြီး အရိုးပြာကို မြစ်ထဲ မျှောခိုင်းခဲ့တယ်။

၈ ရက် ၈ လမှာ ကျွန်တော်နဲ့ တစုံတရာ ပတ်သက်မှုရှိခဲ့တဲ့ မောင်နှမ နှစ်ယောက် မွေးခဲ့တယ်။ ၁ နှစ်စီပဲ ခြားတယ်။ အစ်မကတော့ အေးဆေးပါပဲ။ အစ်မတချို့နဲ့ ပတ်သက်ပြီး အိမ်ကို အရွဲ့တိုက်နေတဲ့ မောင်ကတော့ အတော်ကို ပေတေနေပါပြီ။ ဆေးလည်း ချတယ်လို့ ကြားနေရတယ်။ ဆေးလိပ်နဲ့ ကွမ်းလည်း မကင်းဘူး။ ညဘက်ဆို အရက်ဆိုင်တောင် ထိုင်နေပြီ ဆိုပဲ။ သူတို့မိဘတွေက အိုကြီးအိုမဖြစ်နေပြီ။

၈ ရက် ၈ လမှာ ကဗျာဆရာမိုးလှိုင်ည မွေးခဲ့တယ်။ မိုးသည်းညကို မိုးလှိုင်ညလို့ သုံးထားတဲ့ သူ့ကလောင်ကို အတော်လေး သဘောကျမိတယ်။ သူ့ကို ရင်းနှီးတဲ့သူတွေက မင်းသားကြီးလို့လည်း ခေါ်ကြတယ်။ စာရေးတဲ့ ကြွက်ကလေးလို့လဲ ဂဏန်းမဆုဝေက ခေါ်ထားသေးတယ်။ အသားမဖြူပေမယ့် စိတ်နှလုံး ဖြူစင်ရှာပါတယ်။ ကော်ဖီခွက်ထဲက မြို့ပျက်တွေကို ဇွတ်မျိုချထားလို့ သူလည်း မကြာခင် ဗိုက်ပူလာတော့မယ်။

ဒီလိုပဲ ၈ ရက် ၈ လမှာ...
သက်ပြင်းတွေချပြီး အသက်တွေလည်း ကြီးရပြန်ပြီပေါ့။

9 comments:

မောင်ဖားကြီး said...

အဲ့ဒီ နေ့မှာပေါ့ဗျာ.. အဲ့ဒီနေ့မှာပေါ့

Moe Hlaing Nya said...

အစ်ကို ရေ စကာင်္ပူစံတော်ချိန် နဲ့အတူ
ကျွန်တော်မွေးနေ့လေးကို တကူးတက
ပိုစ့်ရေးပြီး တင်ပေးတဲ့အတွက် ကျေးဇူတင်ပါတယ်အစ်ကို
ဒီတစ်ခါကြုံရင်တော့ နှစ်ချို့ကော်ဖီတွေ အစ်ကို့ပါ ခွဲတိုက်မယ် အစ်ကိုလည်း ဗိုက်ကားလာအောင်...:)

MieMie said...

တလွဲဆံပင် ကောင်းခဲ့တဲ့ တရုတ်အိုလံပစ်ကြီး တနှစ်ပြည့်သွားရောပေါ့...တရုတ်အစိုးရကတော့ဗျာ
ကလိမ်ကကျစ်လုပ်နည်းကို စုံရော ...ရှက်ရကောင်းမှန်းလည်းသိရဲ့ လားမသိ..
ဒလိုင်လားမားတယောက်ကြောင့် တကမ္ဘာလုံးနဲ့  လိုက်ရန်ဖြစ်နေတာလည်း သူတို့ဘဲ...ရွံတယ်ဗျာ...
ဒါပေမယ့် နောက်ဆို သူတို့ကိုဘဲ အဖေခေါ်ရမယ်ထင်ပ...


ကဗျာရေးကောင်းတဲ့ မောင်မိုးလှိုင်ညရဲ့ မွေးနေ့ဆိုတာသိရလို့ ဆုတောင်းပေးလိုက်ပါတယ်...
ကွန်နက်ရှင် ကောင်းကောင်းရှိတဲ့နေရာမှာနေရပြီး ကဗျာတွေ များများရေးနိုင်ပါစေ...ပျော်ရွှင်ချမ်းမြေ့ပါစေ....

mie nge

ခင်မင်းဇော် said...

၈ရက်၈လကို စိတ်ဝင်စားတာ အထွေအထူးမရှိဘူးတဲ့လား မောင်ဂျူလိုင်.... တောမှာသွားပြောနော် ဟဟ။
မပြောချင်လို့ ကြည့်နေတာ .....
မိုးလှိုင်ညအတွက် ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ လို့ ဒီပို့စ်မှာ ဆုတောင်းပေးခဲ့တယ်။

Angel Shaper said...

အမှတ်မထင် အမှတ်တရဖြစ် တဲ့ ၈ရက် ၈လလေး လာဖတ်တယ်။ ကိုမိုးလှိုင်ညရဲ့ မွေးနေ့လား....
ပျော်ရွှင်စရာမွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေနော်။
နောက်တစ်ခေတ်မှာ ကလေးငယ်လေးတွေ အော်ကျက်ရုံတင်မက လိုက်နာကျင့်သုံးမဲ့ ကဗျာလေးတွေ အများကြီး အများကြီးရေးနိုင်ပါစေလို့ မွေးနေ့ ဆုတောင်းပြုလိုက်ပါတယ်နော်။

ခြေလှမ်းသစ် said...

၈ ရက် ၈ လရဲ့  အမှတ်တရ တွေဖတ်ရတာ စိတ်ဝင်စား သွားတယ် .. ဒါနဲ့ အဲ့ဒီနေ့မှာပဲ ၁၉၈၈ ခုနှစ်မှာ ကျနော်တို့ ကျောင်းသားတွေ ခလေးတွေ ရဟန်းသံဃာတွေ ပြည်သူတွေ သွေးမြေကျခဲ့ရတာတွေ ကို အမှတ်ရသွားခဲ့တယ်ဗျ....

စိုင်းစိုင်းလားရှိုး said...

ဘာရယ်ညာရယ် မဟုတ်ပေမဲ့ ဟိုလိုလို ဒီလိုလိုလဲ မဟုတ်ခဲ့ပြန်ဘူးပေါ့...
တွေးမိရင်တော့ လွမ်းမိသလိုပဲကွယ်...
သီချင်းလေး ညဉ်းမိတာပါ။

su wai said...

၈ ရက် ၈ လရဲ့ အမှတ်တရတွေပေါ့လေ...
လမ်းကြုံရင် ကိုမိုးလှိုင်ည ခွဲတိုက်မယ့် နှစ်ချို့ကော်ဖီ လာသောက်ဦးပေါ့...
အဲဒီလို မွေးနေ့နဲ့ မွေးလ ရက်တူတဲ့သူတွေက တခြားသူတွေနဲ့ မတူတတ်ဘူး ထင်တယ်နော်...:)

ပို့စ်လေးဖတ်ပြီး စ,နောက်ဖို့ စဉ်းစားရင်း နောက်ဆုံးမှာတော့ သက်ပြင်းတွေနဲ့ အဆုံးသတ်သွားတယ် ကိုကြီးဂဏန်းရေ... လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ၈ ရက် ၈ လကို သတိရပြီးတော့...:(

Anonymous said...

အဲဒီနေ့မှာဘဲ.... အဲဒီနေ့မှာဘဲ.....