.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, August 21, 2009

Dancing Lady

ပန်းတွေဟာ ချစ်မေတ္တာကို ဖော်ကျူးတဲ့နေရာမှာ စစ်မှန်တဲ့ ဘာသာစကားတွေတဲ့...
အကျည်းတန်... မှန်ကြိုက်ဆိုသလိုမျိုး ကျွန်တော်လည်း ပန်းတွေကို ချစ်ပါတယ်။ ပန်းတွေကို မြတ်နိုးတတ်တဲ့ ကျွန်တော့်ကို ချစ်မေတ္တာ ဖော်ကျူးတဲ့ ဘာသာပန်းစကားတွေ ပိုင်နိုင်လောက်တယ်ဆိုပြီး ချစ်မှုရေးရာမှာ ကျွမ်းကျင်တယ်လို့ ထင်သွားကြရင် အဲဒီအမြင်ကို ချက်ချင်းပြင်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

ကျွန်တော့်ဘ၀ရဲ့ ဥယျာဉ်ထဲမှာ ပန်းတွေ အများကြီး အချိန်ရာသီအလိုက် ဖူးပွင့်ခဲ့တယ်။ တချို့ပန်းလေးတွေက အတော်လှတယ်။ ဒါပေမယ့် ရနံ့မမွှေးဘူး။ တချို့ပန်းတွေက သိပ်မလှဘူး။ ဒါပေမယ့် ရနံ့သင်းကြိုင်တယ်။ တချို့ပန်းတွေက ဖွင့်ထွားလှတယ်။ တချို့ပန်းတွေက သေးသွယ်လှတယ်။ တချို့ပန်းတွေက ပင်ယံခေါင်ထိပ် မြင့်မြင့်စွင့်စွင့်မှာ ပွင့်ဖူးကြတယ်။ တချို့ပန်းတွေက မြေလွှာနဲ့ကပ်ပြီး သိမ်သိမ်မွေ့မွေ့ ဖူးပွင့်ကြတယ်။

တကယ်တော့ ကျွန်တော်ဟာ ဥယျာဉ်မှူးတစ်ယောက်လို ပန်းလေးတွေကို ပင်ယံထက်မှာ ကြွကြွရွရွလေး ပွင့်ဖူးနေဖို့ မခြွေရက်ခဲ့သူပါ။ အဲဒါကြောင့် သူငယ်ချင်း ကျားကြီးတွေက ပြောကြပါတယ်။ စောက်အ... တဲ့။ မင်းမခူးလည်း တခြားသူတွေ ခူးမှာပဲတဲ့။ တခြားသူတွေ ခူးကာမှ ခူးရောလေ။ ကိုယ်မှ မခူးရက်ခဲ့တာ။ လှသွေးကြွယ်ချိန်မှာ လှလှလေး ဖူးပွင့်နေစေချင်တယ်။ မပန်ခင်မှာ ခြွေရက်တဲ့သူတွေထဲမှာ မပါခဲ့တော့လည်း ဒီဘ၀ ဒီမျှ ရှိပါစေတော့။

ဒီဘ၀ ဒီမျှနဲ့ ရှိပါစေတော့လို့ နှလုံးသွင်းထားပြီးနေကာမှ ချစ်ဒုက္ခက ဖန်လာပြန်တယ်။ နွေခေါင်ခေါင်မှာ ပွင့်နေတဲ့ နှင်းပန်းဖြူဖြူအပေါ် ဇူလိုင်မိုးတွေ ရွာသွန်းမိခဲ့တယ်။ ကျောင်းတော်ကြီးက သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်ကို ဓါတ်ပုံရိုက်ပေးမယ်ဆိုပြီး မွေးရပ်မြေကို ခြေချမိခဲ့တယ်။ မင်္ဂလာဆောင် မရောက်ခင်မှာ ရန်ကုန်က သူငယ်ချင်းတွေနဲ့ ၄ ယောက်သား ကျိုက်ထီးရိုးဘုရား သွားဖူးလိုက်သေးတယ်။ ကျိုက်ထီးရိုးက ပြန်ရောက်ပြီးပြီးချင်း နောက်တစ်ရက်မနက်မှာ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်။ အဲဒီနေ့က ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စုနေ့ပေါ့။ ဘုရားသွားတုန်းက ခြေလျင်တက်ခဲ့တာဆိုတော့ လူလည်း အတော့်ကိုနွမ်းဖတ်နေပြီ။ မသွားတော့ဘူးကွာလို့တောင် အဲဒီတုန်းက စဉ်းစားမိတယ်။ မရောက်ရောက်အောင် သွားဖြစ်ခဲ့တာကိုက ကံအကြောင်းပဲလားပေါ့။

မင်္ဂလာဆောင်က အလုံထဲက အနောက်ပန်းခြံ မင်္ဂလာခန်းမမှာ။ ကင်မရာအိတ်ကို လွယ်ပြီး ၀င်သွားလိုက်တာ ခန်းမ၀င်ပေါက်ဝမှာတင် အသက်ရှုဖို့ မေ့သွားတယ်။ အဖြူရောင် ပန်းတစ်ပွင့် လှလှလေး ဖူးပွင့်နေတယ်။ အဖြူရောင်လေးကို ခရမ်းရောင်နဲ့ အနားသတ်ထားတော့ ယဉ်ယဉ်လေးနဲ့ လှနေတယ်။ နှင်းပန်းလေးက လက်ဖွဲ့ပစ္စည်းတွေကို လက်ခံ မှတ်တမ်းယူပေးနေတယ်။ ခက်တာက ဘာလက်ဖွဲ့ပစ္စည်းမှ မပါလာတော့ နှင်းပန်းအနား ကပ်ခွင့် မသာခဲ့ဘူး။ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေရဲ့ မင်္ဂလာဆောင် ပွဲတွေကို လက်ဖွဲ့မပေးပဲ တက်ခဲ့တာလည်း မနည်းပါဘူး။ လက်ဖွဲ့ မယူလာမိတာကိုပဲ ဒီတစ်ခါမှာ နောင်တ ရချင်ချင်ပဲ။

ပွဲတစ်ပွဲလုံး အစအဆုံး ကင်မရာ လက်စမ်းခွင့်ရထားတာ ဆိုတော့လည်း အပီအပြင် လက်စမ်းနေလိုက်တယ်။ လူကသာ ပွဲထဲမှာ စိတ်ကတော့ ခန်းမအပြင်က စားပွဲခုံနားမှာပါ။ သတ္တိကလည်း ရှိတယ်ဆိုတော့ ပန်းတစ်ပွင့်ရဲ့ အနားကပ်ဖို့ တွန့်နေတယ်။ စိတ်ထဲမှာ ပျားတစ်ကောင်သာ ဖြစ်ချင်လိုက်ပါဘိ။ ကြိုက်မရှက် ငိုက်မရှက် ဆိုပေမယ့် ကြိုက်တာထက် အများကြီးပိုတဲ့အချစ်နဲ့ ချစ်မိတော့လည်း ရှက်ပါသေးတယ်။ သတို့သမီးဖြစ်တဲ့ သူငယ်ချင်းရဲ့ မိဘတွေနဲ့ ရင်းနှီးလွန်းတော့လည်း ပွင့်ပွင့်လင်းလင်းပဲ သွားပြောလိုက်ပါတယ်။ ဦးရေ... ကျွန်တော်တော့ အဲဒီကောင်မလေးကို ချစ်မိသွားပြီ။ ဦး ကျွန်တော့်အတွက် တောင်းပေးပါလား ဆိုပဲ...။ ဒါမျိုးကျတော့ မရှက်ဘူးလား မသိဘူးနော်။ တကယ်ပဲ အရှက်ကို မရှိဘူး။

ဒီလိုနဲ့ပဲ သိလိုက်ရတာက သတို့သားရဲ့ ညီမတ၀မ်းကွဲဖြစ်နေတယ်။ ယောက်ဖကြီးကလည်း ကူညီသလို သူငယ်ချင်းကလည်း ပံ့ပိုးပေးပါတယ်။ မင်္ဂလာပွဲပြီးတဲ့နောက် ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်ဘက် ဟန်းနီးမွန်းခရီး ထွက်နေတာတောင် ဟိုကနေ ဖုန်းလှမ်းဆက်ပြီး အားပေးအားမြှောက် လုပ်ပေးကြတယ်။ လိုအပ်တဲ့ သတင်း အချက်အလက်တွေ ဖလှယ်ပေးတယ်။ ကုန်ကုန်ပြောရရင်တော့ အောင်သွယ်ပေးကြတယ်ပေါ့နော်။

ရွှေဖူးစာနတ်ကလည်း ရေးမှ ရေးတတ်ပါပေတယ်။ စင်္ကာပူနဲ့ ရန်ကုန်ကြား ဘောနပ်စ်တွေ ချိတ်ဆက်ရတယ်။ ဧပြီနှင်းပန်းက ဇူလိုင်မိုးစက်တွေကို လက်ခံပါမလားပေါ့ဆိုပြီး တိုးတိတ် စိုးထိတ်နေခဲ့ရတယ်။ မြန်မာဆန်တဲ့ တရုတ်မလေးဆိုတာ ကျွန်တော့်အတွက်တော့ နတ်သမီးတစ်ပါးပါပဲ။ အခုခေတ်မှာ တကယ့်ကို ရှာမှ ရှားတဲ့ နှင်းပန်းဖြူလေးပါ။ မျက်နှာလေးက ရိုးရှင်းပါတယ်။ အရိုးအဆစ်တွေက သွယ်လျပါတယ်။ အရပ်အမောင်း မြင့်မားပါတယ်။ အနေအထိုင် ကျစ်လစ်ပါတယ်။ အပြုံးလေးက ချိုမြိန်လှပါတယ်။ အမြဲသုံးတဲ့ စကားက မသိဘူး မရှိဘူး။ မေးလိုက်ရင် ပြန်ဖြေတာက ဘာမှ မဟုတ်ပါဘူးဆိုပဲ။ ဒီလိုနဲ့ပဲ နှင်းပန်းဖြူလေးတစ်ပွင့် ကျွန်တော့် နှလုံးအိမ်ထဲမှာ စိုးမိုးနေရာယူသွားတယ်။

အခုတော့... နှင်းပန်းဆိုတာ ကျွန်တော်ရဲ့အိပ်မက်ထဲမှာ လှလှပပ ကခုန်နေတဲ့ မိန်းမပျိုလေးတစ်ဦးပေါ့ဗျာ။




မှတ်ချက်...
ရွာသားလေးက စခဲ့တဲ့ ဇာတ်လမ်းပါ။ သူကတော့ ချစ်ပြုံးနှင်းဆီတဲ့။ ရှိခဲ့ဖူးတဲ့ ရည်းစားအရေအတွက်လား အိမ်ထောင်သက်လား မသိပါဘူး။ အဲဒီ အထိမ်းအမှတ်အနေနဲ့ အယောက် ၃၀ တိတိကို ရေးခိုင်းတဲ့အထဲမှာ ကျွန်တော်ဇူလိုင် ပါသွားလို့ ကျွန်တော့်ရင်ထဲက နှင်းပန်းဖြူကို ရေးမိပါတယ်။ ကျွန်တော်ကတော့ Dancing Lady ပါ။

ထုံးစံအတိုင်း ဆက်လက်ပြီး လက်ဆင့်ကမ်းချင်တာကတော့ အိမ်...မှာရှိတဲ့ မူစလင်ပန်းပါပဲ ခင်ဗျာ။

ကျွန်တော်ကတော့ ရင်ထဲက မေတ္တာမိုးစက်တွေအောက်မှာ နှင်းပန်းဖြူတစ်ပွင့်တည်းရှိနေလို့ တစ်ယောက်တည်းပဲ လက်ဆင့်ကမ်းပါတယ်။ ရွာသားလေးလိုမျိုး အယောက် ၃၀ မရှိခဲ့ပါဘူး ခင်ဗျာ။

25 comments:

Anonymous said...

အင်းထွက်ခတ်

ချိုပါသွေးထားသကိုး


ကျေးဇူး ဒါပေမယ့် ကမ္ဘာမကြေ ဆိုသွားတယ်

ဖိုးသင်္ကြန် said...

လက်ရှိနှင်းပန်းကတော့ ထားပါတော့...
စာအုပ်ကြားထဲမှာ ညှပ်သိမ်းထားတဲ့ ပန်းခြောက်လေးတွေ အကြောင်းရော?

ဆရာတွေရဲ့လက်စွမ်း တပည့်သိနေတယ်နော

JulyDream said...

ရွာသားကြီးရေ...
ဘာမှ ထွက်ခတ် မဟုတ်ဘူး။ ကမ္ဘာမကြေ ဆိုတာများ ရုပ်ရှင်ရုံထဲမှာတောင် ဆိုခဲ့သေးတယ်။ ချစ်သူလေးက ဘေးမှာပေါ့။ အမှတ်တောင် ရမိပါရဲ့ဗျာ။

ဖိုးသင်္ကြန်ရေ...
ပန်းခြောက်တော့ မရှိဘူးကွဲ့။ လိုချင်ရင် အခြောက်တော့ ရှိတယ်။ ဆရာတွေရဲ့ လက်စွမ်းကို သိရင် တပည့်က ပိုတော်နေမှာ မြင်ယောင်နေမိတယ်။

ShwunMi- said...

dancing lady ဆိုတော့ အခိုင်လိုက်ကြီးမှတ်လို့ :P

Anonymous said...

ဒန်းစီးနေတဲ့ လေဒီဆိုလို့ အငမ်းမရ ချီတက်လာတာဗျ။ နောက်တော့မှ ပန်းဖြစ်နေတယ်...သေရော..။ အောက်ဆုံးရောက်မှ ပိုသေတာပဲဗျာ..စောင့်ဦးဗျနော် အဟီးဟီး အေးဆေးပေါ့

မိုးခါး said...

ရွာသားကြီးရေ...
ဘာမှ ထွက်ခတ် မဟုတ်ဘူး။ ကမ္ဘာမကြေ ဆိုတာများ ရုပ်ရှင်ရုံထဲမှာတောင် ဆိုခဲ့သေးတယ်။ ချစ်သူလေးက ဘေးမှာပေါ့။ အမှတ်တောင် ရမိပါရဲ့ဗျာ။ (ပြောတော့ပါဘူး :P)

နှင်းပန်းဖြူလေးနဲ့ နှစ်ယောက်တွဲပုံကို မြင်ယောင်ရင်း

Anonymous said...

ဟင့်... သတိပြန်ရအောင် လုပ်နေပြန်ပြီဗျာ...။ ပို့စ်အဟောင်းကို ပြန်ပြုပြင်ပြီး တင်မယ်ဗျာ ရတယ် မဟုတ်လား.ဟီး.။ တကယ်ချစ်ခဲ့တဲ့သူဆိုတော့ မမေ့ဘူးလေဗျာ.. ဟီး

tg.nwai said...

dancing lady လား..ဟဲဟဲ.. ရင်ထဲက လှုပ်တုပ်တုပ် ဖြစ်တာကို ပြောချင်တာလားမသိလို့ ကိုယ့်ဘာသာ နားလည်ယူသွားတယ်.. အဆင်ပြေပါစေရှင်..။

ကြည်ဖြူပိုင် said...

နှင်းပန်းဖြူလေးက.....ဒန်းဆင်းလေဒီ
ဧပြီနှင်းပန်း ကို ဇူလိုင်မိုးစက်ကတွေ့တော့

ဇူလိုင်မိုးစက် ပွင့်ပွင့်လင်းလင်းကြီးကို သူငယ်ချင်းမိဘတွေကို သွားပြောလိုက်တယ်တဲ့..

ကောင်းပ ကိုဂျူလိုင်ရေ.
.အဆုံးသတ်လေးလဲညက်တယ်

WWKM said...

အမလေး သူ့လေဒီကို မွန်းထားလိုက်တာ ကြွရွနေတာပဲ.
ဒီလောက်ရုပ်ချောတဲ့သူက လူ့ဂွစာကောင်ကလေး
ကို ပြန်ကြိုက်ရင်တော့ ကံကောင်းတာပဲ.

ဒန့်စင်းလေဒီမှသည် ဒန့်စင်းမဟေသီ အဖြစ်ပိုင်ဆိုင်နိုင်
ပါစေကြောင်း..း)

jr.lwinoo said...

တိုတိုနဲ့ လိုရင်းကို ထိမိအောင်ရေးတတ်ပါတယ် ကိုဂျူလိုင်။
dancing lady လေးနဲ့ တသက်တာ ပျော်ပျော်ရွှင်ရွှင် လက်တွဲသွားနိုင်ပါစေရှင့်။
း)

puluque said...

မြန်မာဆန်ဆန် လှတဲ့ တရုတ်မလေးတဲ့..ဟဟ တွေ့ချင်ပါသေးသဗျ မျက်လုံးကျဉ်းကျဉ်း တရုတ်မလေးလား ။ နှင်းပန်းတစ်ပွင့်တည်းရှိတယ် လို့..မထင် မထင်.. ဖန်သကြိုးပြောသလို ပန်းခြောက်လေးတွေကော ဘယ်လဲဘာလဲဗျ ..အေးပေါ့လေ နှင်းပန်းတွေ့တော့ ပန်းခြောက်လေးတွေကို မေ့ပီနဲ့တူပါတယ်...

su wai said...

ချစ်တတ်လိုက်တာ... ဇူလိုင်မိုးစက်ကြီးက... ဖွဲ့နွဲ့ပြထားလိုက်တာလဲ လက်ဖျားခါလောက်တယ်... ယဉ်တကိုယ်မယ်လေးပေါ့...

ဧပြီနှင်းပန်းနဲ့ ဇူလိုင်မိုးစက် လက်ချင်းယှက်လို့ ပျော်ရွှင်ကြည်နူးနိုင်ပါစေလို့ ဆုတောင်းလေးနဲ့ အကြိုလက်ဖွဲ့သွားတယ်နော်...

မမသီရိ said...

နှင်းပန်းလဲပြောသေး
ကနေတဲ့ပန်းလဲ ပြထားသေး
ဘယ်ဟာ က ဘယ်ဟာလဲ မောင်လေး ရ.. ;P

Rita said...

မမသီရိ မေးသလိုပဲ မေးချင်နေတယ်။ မျက်စေ့လည်သွားလို့။
တယောက်တည်းပါပြောပေမဲ့ ပန်းနာမည်က နှစ်မျိုးတောင်။ အင်း တတ်လဲ တတ်နိုင်ကြပါပေ့။

သီဟသစ် said...

အင်း မွှန်းတာကလဲ လွန်သကွယ်
အဲနီးဝေး ကဗျာဆန်စ ပြုလာသကွယ်
:D

အလွမ်းပြေ said...

ီDancing Lady ရော..Comments တွေရောဖတ်လို့ကောင်းတယ်...ဟိဟိ

မောင်ဖားကြီး said...

ဟိုတုန်းက မေးတဲ့ လမ်းဘေး လက္ခဏာကျမ်းထဲမှာ လူမျိုးခြားရည်းစား အကျိုးပေးကောင်းမယ်ဟောခဲ့တာ.. သြော် ကိုဂျူလိုင်လည်း အကျိုးပေးကောင်းနေတယ် ထင်ပါ့ :)

JulyDream said...

ဖားကြီးရေ...
လူမျိုးခြားနဲ့ ယူလို့မရတဲ့အိမ်က ကျွန်တော်...
လူမျိုးတူတဲ့ တရုတ်မလေးကိုပဲ ကြိုက်မိပါတယ်။

ကိုလွင်ဝင်းရေ...
ဖတ်လို့ ကောင်းတယ်ဆိုတော့လည်း ဟိဟိပေါ့။

ခြင်္သေ့ကြီးရေ...
ကဗျာဆန်တာ မဟုတ်ပါဘူး။ ရွာသားက နုတော့လည်း လိုက်နုပေးရတာပါ။

ရီတာရေ...
သေချာဖတ်ရင် နားလည်မှာပါ။ နှင်းပန်းဆိုတာ အခုတော့ ကျွန်တော့်အိပ်မက်ထဲမှာ ကခုန်နေတဲ့ မိန်းမပျိုလေးပေါ့။

မမသီရီရေ...
နှင်းပန်းက ကျွန်တော့် ရင်ထဲကပန်းလေး တစ်ပွင့်ပါ။ ပြထားတာက ကခုန်နေတဲ့ မိန်းမပျိုလေး ဆိုတဲ့ သစ်ခွပါ။

ဆုဝေရေ...
ဖွဲ့နွှဲ့ထားတာ မဟုတ်ပါဘူး။ ပုံမှန်လေးပါပဲ။ တခါတလေတော့လည်း ဒီလိုပါပဲပေါ့။ အဟက်...

ပုလုကွေး...
တွေ့ချင်သပ ဆိုတော့လည်း တွေ့ခွင့်ပေးချင်ပါတယ်။ နောက်တစ်ခါ ပြန်ရင် ရန်ကုန် လိုက်ခဲ့ပါလား ဟင်။ အခုချိန်ထိ ပန်းခြောက်တွေဆိုတာ မရှိပါဘူး။ ပွင့်သော ပန်းတိုင်း လန်းပါတယ်။ မခူးခဲ့တာပဲ ရှိတာပါကွယ်။

JulyDream said...

ဂျူနီယာလွင်ဦးရေ...
တိုတိုနဲ့ လိုရင်းဖြစ်အောင် မနည်းကို တည်းဖြတ်လိုက် ရပါတယ်။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ။

မ၀ါ...
လူ့ဂွစာဆိုတာမှာလည်း တန်ဖိုးရှိတယ်လေ။ ဂွတိုက်တယ် ဂျစ်တိုက်တယ်ဆိုတာလည်း တိုက်သင့်တယ်သူကိုမှ တိုက်တာပါ။ မလိုအပ်ပဲနဲ့ ကျွန်တော် လက်နက်တွေကို ထုတ်မသုံးပါဘူး။ လိုအပ်ရင်တော့ သုံးပါတယ်။ မ၀ါ ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ။

ကြည်ဖြူပိုင်ရေ...
ညက်ပါတယ် ဆိုတဲ့ အဆုံးသတ်ကို ရွာသားက ထွက်ခတ် ဆိုပဲဗျ။ အခုတော့ သူက ကမ္ဘာမကြေ ဆိုနေပြီလေ။

မနွယ်ရေ...
ရင်ထဲမှာ လှုပ်တုပ်တုပ် ဖြစ်နေတာ ကြာလှပေါ့။ နှလုံး ရောဂါတောင် ရနိုင်တယ်။ ကြာရင် မလွယ်ဘူး ရူးလိမ့်မယ်။ အဟက်...

အိမ်ရေ...
ပန်းလေးတစ်ပွင့် အကြောင်းပါပဲ။ လက်ရှိကာလမှာ ပွင့်နေတဲ့ ပန်းလည်း ဖြစ်နိုင်သလို အတိတ်တချိန်က ရင်မှာ ပွင့်ခဲ့တဲ့ ပန်းပွင့်လေးလည်း ဖြစ်နိုင်ပါတယ်။ အဆင်ပြေတဲ့ ပန်းအကြောင်း သီကုံးလိုက်ပါဗျာ။ စောင့်မျှော် အားပေးနေပါတယ်။

မိုးခါးရေ...
တရေးနိုးတဲ့ အချိန် စာလာဖတ်တာဆိုတော့ ပါးစပ်က အာပုတ်ရည်လေးတွေလည်း သုတ်လိုက်ပါအုံးဟယ်။ အားကျနေတဲ့ပုံကို ပြန်မြင်နေမိတယ်။ အဟက်... စတာနော် အတည်။

ရွှေပြည်သူ (ShwePyiThu) said...

Default Setting အလှဖွဲ့ကို တငေးတမော ဖတ်သွားပါတယ် ကိုဂျူလိုင်ရေ... ကိုရွာသားက အယောက် ၃၀ တက်ဂ်တာ... သြော်... ဒါကြောင့်ကိုးး)) မြန်မာဆန်တဲ့ နှင်းပန်းဖြူ တရုတ်မချောချောလေးကိုလည်း တနေ့မြင်ဖူးချင်ပါသေးတယ်...

သုခုမလေဒီ said...

ဒီတစ်ညတော့ ပန်းတောထဲ အဲ...ပန်းခင်းထဲ အလည်ရောက် နေသလိုပါပဲကွယ်။း)
အဆင်ပြေပျော်ရွှင်ပါစေ။

TZO said...

မင်း ဒီလိုဟာတွေ ရေးနေမှန်း Aunty Q အခန်းထဲက ကောင်တွေသိသွားလို့ကတော့ ကောင်းကောင်း ပြဿနာတက်လောက်တယ်။ ဒီကောင်တွေလည်း အလုပ်များနေတာပါမယ်နဲ့တူတယ်။ မင်း Blog ကို သူတို့ မသိကြဘူး။

purplemay said...

စတွေ့တုန်းက နှင်းပန်းလေး..
နောက်တော့ dancing lady ပေါ့..:)

Anonymous said...

ဒီလိုလဲ ရေးထွက်သားပဲ

အားကျတယ်၊ မြန်မြန်နီးပါစေ