.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, February 26, 2010

Unlucky Week

ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာသလား မှတ်ရအောင် ကံမကောင်း အကြောင်းမလှ ဖြစ်နေတာ ဒီတစ်ပတ်လုံး ဆက်တိုက်ဆိုသလိုပဲ။ ကံဆိုးထီး ဖြစ်နေလို့ပဲ ခံသာလေသလား ပိုပြီးဆိုးသွားလေသလား ဝေခွဲရခက်လှတယ်။ အကြည်ဓါတ်လေး ပျယ်နေတော့ စာတောင် မရေးဖြစ်ဘူး။ ပုံတွေပဲ လိမ့်တင်နေမိတယ်။

ရွှေပြည်ကြီးက ပြန်လာတဲ့နေ့မှာပဲ လူကြုံမှာလိုက်တဲ့ အရက်ပုလင်း မေ့ကျန်ခဲ့တယ်။ ကားနောက်ဖုံး ဖွင့်ပြီး ပစ္စည်းတွေ တင်တုန်းက လေဆိပ်မှာ လာကြိုတဲ့ ညီမ၀မ်းကွဲက အရက်ပုလင်းကို လက်မှာ ကိုင်ထားတယ်။ ကားပေါ်ရောက်တော့ ကားနောက်ခန်းခုံအောက်မှာ ထားလိုက်တယ်။ အိမ်ရောက်လို့ ကားပေါ်က ဆင်းတဲ့အခါ ပစ္စည်းတွေ ချတဲ့အခါ အရက်ပုလင်းကို မေ့သွားရှာတယ်။ ကားခကိုလည်း ငွေသားနဲ့ ရှင်းတာဆိုတော့ ကားနံပါတ်လည်း မသိလိုက်ဘူး။ အဲဒီတော့ လူကြုံမှာလိုက်တဲ့ အရက်ပုလင်း အိမ် မပါလာတော့ဘူးပေါ့။

အလုပ်စတက်တဲ့ ၂ ရက်မြောက်နေ့ ညနေပိုင်းမှာ အလုပ်ကိစ္စတစ်ခု အမှားအယွင်း ရှိခဲ့တဲ့အတွက် ဂျီအမ်က ခေါ်ဆူတယ်။ မပြီးသေးတဲ့ အလုပ်အချို့တွေပါ တစ်နွယ်ငင် တစ်စင်ပါပြီး ပေါ်လာပြန်တယ်။ ကိုယ်မှားလို့ ခေါ်ဆူခံရရင် ကျေနပ်ပေမယ့် ကိုယ်က အမြင်မတော်လွန်းလို့ ဝင်ကူပေးခဲ့တဲ့ တခြားအလုပ်ရဲ့အမှားအတွက် ခေါ်ဆူခံရတော့ အလုပ်ပေါ်မှာ စေတနာပျက်သွားတာ အမှန်ပါပဲ။ မပြီးတဲ့ အလုပ်တွေကလည်း ကိုယ်နဲ့လည်း မဆိုင်ဘူး။ အဲဒီလို ကျန်နေတဲ့ အလုပ်တွေကို အစောကြီးကတည်း အထက်လူကြီးတွေကို တင်ပြခဲ့ပြီးသား။ ဟိုလူမအား ဒီလူမအားနဲ့ မလုပ်ဖြစ်ပဲ ပစ်ထားတာ နှစ်ပေါက်နေပြီ။ အဲဒီအလုပ်တွေကို တောက်လျှောက် အပင်ပန်းခံပြီး လုပ်ပေးခဲ့တဲ့ ငထွား ကြားကနေ ခါးနာလိုက်ရတယ်။

တခြားအဖွဲ့တွေက လူ ၃ ယောက်မှ ပရောဂျက် ၁ ခု ကိုင်ထားရတာ။ ကိုယ်တွေအဖွဲ့က လူ ၃ ယောက်နဲ့ ပရောဂျက် ၃၀ ကို တာဝန်ယူထားရတယ်။ အလုပ်နဲ့ အချိန်က မမျှတော့ဘူး။ အဲဒီတော့ နေ့ရော ညပါ အလုပ် လုပ်နေရတယ်။ မပြီးလည်း ပစ်ထားလိုက် နောက်နေ့ လုပ်လည်း ရတာပဲကွယ် ဆိုပေမယ့် အလုပ် မပြီးရင် မနေတတ်တဲ့ ကိုယ့်ရဲ့စိတ်ကိုပဲ အပြစ်တင်ရမယ် ထင်တယ်။ အိပ်ရေးပျက်တဲ့ ညက များလာပြီ။ စိတ်နဲ့ ကိုယ်နဲ့ မကပ်တော့ဘူး။ အရင်လိုလည်း မပျော်တော့ဘူး။ စိတ်ထဲမှာ မရွှင်ဘူးဖြစ်နေတယ်။ လခလည်း မတိုးဘူး။

ရုံးက အပြန် ရထားစီးတော့ ရထားက လူများတယ်။ တစ်ဘူတာပဲ စီးရတာဆိုတော့ အချိန်ပေး မစောင့်ချင်ဘူး။ လူများလည်း ကပ်သတ်ပြီး စီးလိုက်တယ်။ လူများတော့ ထွက်လာတဲ့လူ ကုန်အောင် စောင့်ပြီးမှ နောက်ဆုံးမှ ဝင်တယ်။ တခြားသူကို ဦးစားပေးတဲ့ အကျင့်ကြောင့် အများအားဖြင့် တစ်ယောက်စာအတွက် နေရာ မကျန်ဘူး။ ဒီတွဲမှာ မရရင် အခြားတွဲဘက်ကို လှမ်းကြည့်ပြီး နေရာလွတ်ရင် ဝင်လိုက်တယ်။ အဲဒီနေ့က နေရာလွတ်ကို တခြားတွဲမှာ တွေ့တာနဲ့ အပြေးတပိုင်း သွားလိုက်တယ်။ တံခါးပိတ်မယ်ဆိုတဲ့ အသံကို နားထဲမှာ လုံးဝ မကြားမိဘူး။ ကိုယ်လည်း အဝင် တံခါးလည်း အပိတ်... မညှပ်ရုံလေး တမယ်ပဲ။ စလုံးမှာ နေခဲ့တဲ့တလျှောက် တစ်ခါမှ အဲဒီလို မဖြစ်ခဲ့ဘူး။ ဒီတစ်ခေါက်က ပထမဆုံးအကြိမ်ပဲ။ ရင်ထဲမှာ တလှပ်လှပ်ပေါ့။

ရထားတံခါးမှာ မညှပ်ခံရပဲ အိမ်ကို ဘူတာကနေ လမ်းလျှောက်ပြန်လာတော့ မိုးလေးက အုံနေတယ်။ ထီထိုးရင် ကောင်းမယ် ဆိုပြီး ထီဆိုင်ကို သွားကြည့်တော့လည်း တန်းစီနေတဲ့ လူတန်းကြီးက တမျှော်တခေါ်ကြီး။ လုပ်စရာ အလုပ်လည်း ရှိနေတော့ အိမ်ကိုပဲ ခပ်သွက်သွက်လေး လျှောက်လာခဲ့တယ်။ ပတ်ဝန်းကျင် တစ်ခုလုံး အုံဆိုင်းမှုံမှိုင်းနေသလို လေကလည်း တဖြူးဖြူးပေါ့။ လေတိုက်နေတော့ ခေါင်းပေါ်က ဆံပင်တွေကလည်း ဖွဲလန်ကြဲပဲ။ ခေါင်းတောင် အေးတယ်။ ခေါင်းအေးနေတဲ့အချိန် ခေါင်းပေါ်ကို ပူကနဲ နွေးကနဲ ဖြစ်သွားတယ်။ လေတိုက်လို့ ဆံပင်တွေကို လှမ်းဖိလိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတော့ လက်မှာ ပြန်ကပ်ပြီး ပါလာတာ သစ်စေ့တွေနဲ့ ညိုညစ်ညစ် အရည်တွေ။ ကံဆိုးချင်တော့ လက်ဖဝါးမှာလည်း ငှက်ချေး၊ ခေါင်းပေါ်မှာလည်း ငှက်ချေး၊ အိမ်ကိုလည်း မရောက်သေး။ ဒါနဲ့ပဲ အိမ်ကို အမြန်လျှောက်ပြီး ရေချိုးခန်းထဲ တန်းဝင်လိုက်ရတယ်။

အခုတော့ ကံဆိုးမှုတွေက တောက်လျှောက်ပါပဲ။ ကံဆိုးပြီးရင် ကံကောင်းမယ်လို့ မျှော်လင့်မိတာပဲလေ။

6 comments:

Unknown said...

ငှက်ချေးပါချရင် ကံကောင်းတယ်လို့တော့ ပြောသံကြားတယ်. :)

khin oo may said...

ဆံပင်တွေရှိသေးတယ်နော်။ အံသြစရာဘဲ။

ကောင်းကင်ပြာ said...

ကံကောင်းပါစေ..

စူး said...

My country is ရွှေပြည်ကြီး

Whatever I do, whenever I live, I am Myanmar and I always love my country.
MY country is Myanmar.

whatever my country happen, Myanmar is Myanmar.

ချစ်သမီး said...

ရဲဘော်
အားတင်းထားး
အတိုက်အခံလေးလည်း ရှိမှ
ပွဲဆိုတာ လှတာာာာာ
စိတ်ထဲမှာ အရမ်းမညစ်နဲ့ 
နောက်တချိန်ကျရင်
ဒါတွေဟာ
ဟာသမြောက်နေမှာ..
=)

Unknown said...

ဘဝဆိုတာက ကံဆိုး ကံကောင်း တလှည့်စီပါပဲလေ။ ဗုံလုံတလှည့် ငါးပျံတလှည့် ဘဝပဲ ဆိုတော့ ကံမကောင်းလည်း အားတင်းထားပါဗျို့။