.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, May 24, 2010

Sandwiched

ပဲကြီးလှော်ကြား ဆားညှပ်တယ်လို့ပဲ ခေါ်ရမယ် ထင်ပါတယ်။ ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေဇာပင်လို ဘဝမျိုးလေးနဲ့ ဆင်တူတယ်။ ဒါပေမယ့် သူတို့ဘာသာဖြစ်နေတဲ့ ပြဿနာကြားထဲကို ပါလေရာ ငပိချက်ဆိုပြီး ခုန်ဝင်မိတာမျိုး မဟုတ်တဲ့အတွက် ဓါးခုတ်ရာမှာ လက်ဝင်လျှိုတာမျိုး မဟုတ်ခဲ့ဘူး။

သူ့ဘက်က ကြည့်လည်း မှန်တယ်။ တခြားဘက်က ကြည့်လည်း မှန်တယ်။ နှစ်ဘက်လုံး မှန်နေတော့ မှားတာ ကိုယ်တိုင်ပဲ ဖြစ်နေသလားလို့ အတွေးလေးတွေတောင် ဝင်လာတယ်။ ဟစ်တိုင်ဘဝက တခါတလေ ဘာမှမဆိုင်တဲ့ ပိန္နဲပင်လိုပဲ မဆီမဆိုင် ဆွဲထည့်ခံရတယ်။ ကြာတော့ နားလည်းပူသလို စိတ်လည်းညစ်ရတယ်။ အဲဒီတော့ စိတ်ထဲမှာလည်း လက်ပံပင်ကြီးကို ဓါးနဲ့ပဲ တသွင်သွင် ချိုင်နေမိတယ်။

သေချာတာက ရောမမြို့ကို တစ်ရက်တည်းနဲ့ မတည်ဆောက်ခဲ့တာပါပဲ။ အောင်မြင်မှုဆိုတာလည်း ဒီလိုပဲ။ ကိုယ့်လက်ထက်မှာ အောင်မြင်တယ်ဆိုပြီး လက်မထောင်လို့ မရဘူး။ သရက်ပင် စိုက်ခဲ့တဲ့ အဖိုးအိုကို သတိရသင့်တယ်။ သရက်ပင်ကနေ သီးလာမယ့် အသီးတွေကို သူ မစားရဘူး ဆိုတာ သိရဲ့သားနဲ့ စိုက်ခဲ့တာကို ပြန်မြင်သင့်တယ်။

ပြဿနာဆိုတာလည်း ထို့နည်းတူတူပဲ။ ဝိုင်းကနဲ ဒိုင်းကနဲ ပေါ်ပေါက်လာရတာမျိုး ရှိသလို ဖွဲမီးလို တမြေ့မြေ့ လောင်ကျွမ်းတာမျိုးလည်း ရှိတယ်။ ရှေ့အစဉ်အဆက်က အမြင်မရှင်းခဲ့တဲ့ အဖုအထစ်လေးတွေ တဖြည်းဖြည်း ကြီးထွားလာတော့ အခုချိန်မှာ ပေါက်ကွဲသံစဉ်တွေ မြိုင်ဆိုင်ကုန်ပြီ။ မာနတွေ ကိုယ်စီနဲ့ ဆိုတော့လည်း မျဉ်းပြိုင်တွေလို ဆုံမှတ် ရှိနိုင်မှာ မဟုတ်ဘူးလေ။ တကယ်တော့ လက်ညိုးတွေ ထိုးရတာ လွယ်ပါတယ်။

လုပ်ပေးသင့်တယ်လို့ မြင်မိတဲ့ ကွက်လပ်တစ်ခုကို ဝါသနာ အရင်းခံပြီး ဖြည့်ဆည်းနေတာက နာမည်ကြီးဖို့ လုပ်နေတာ မဟုတ်ပါဘူး။ အထိုက်အလျောက် အောင်မြင်မှုတွေ ရှိပေမယ့် ကြယ်ငါးကောက်တဲ့ ကျွန်တော့်က အညတရလေးပါပဲ။ တကယ့်လက်တွေ့မှာလည်း ကန့်လန်ကာ နောက်ကွယ်က ကျွန်တော့်ကို မသိတဲ့သူ အများကြီးပါ။ ဒါပေမယ့် ရေအိုင်ထဲက ဖားသူငယ်လိုမျိုး ကိုယ့်အသိုင်းအ၀ိုင်းထဲမှာ မဆိုသလောက်လေး လူသိမယ် ထင်ပါတယ်။ အဲဒါကို ဝါးလုံးခေါင်းထဲမှာ လသာနိုင်ရင်တော့ ပျော်စရာကြီးပေါ့။

ရောမမြို့ပျက်တဲ့အချိန်မှာ နီရိုးဘုရင် တယောထိုးနိုင်ပေမယ့် နှစ်ပေါင်းများစွာ တည်ခဲ့တဲ့ မြို့သေးသေးလေးကို အပျက်မခံနိုင်တဲ့ ကျွန်တော်ကတော့ ရင်ထဲမှာ မီးဟုန်းဟုန်း တောက်နေရတယ်။ အပြင်မှာ လောင်ရင် ငြိမ်းပေးမယ့် မီးသတ်ရှိပေမယ့် ရင်မှာ လောင်တဲ့ မီးကို ဘေးလူငြိမ်းဖို့ မလွယ်လောက်ပါဘူး။ အကောင်းဆုံးကို မျှော်လင့်သလို အဆိုးဆုံးအတွက်လည်း ရင်ဆိုင်ဖို့ စိတ်ခွန်အားကို ပြင်ဆင်ထားတယ်။ ဖြစ်ပြီးရင် ပျက်ရမှာပဲ ဆိုတာ နှလုံးသွင်းထားရင်း ကံဇာတ်ဆရာ အလိုကျ ရှေ့ဆက် လျှောက်ရမှာပါပဲ။

ကွက်လပ်တွေ ဆက်ဖြည့်နိုင်ဖို့ ကြိုးစားရင်း မမျှော်လင့်ပဲ ဆားညှပ်ခံရတဲ့ အချိန်ကာလကို အမှတ်တရလေး ခြယ်မှုန်းထားတာပါ။

5 comments:

Younggun said...

မရွဲ့ မစောင်း ကိုယ့်လမ်းကြောင်းကို.......

Rita said...

အိုင်အိုဒင်းဆား ဟုတ်ရဲ့လား ဒီဆားက
:)))

. said...

“တကယ်တော့ နီရိုး တယောထိုးနေတယ် ဆိုတာ ယုံတမ်း စကား တစ်ခုမျှသာပါ။ (wesheme)”

http://wesheme.blogspot.com/2008/05/did-nero-fiddle-while-rome-burned.html

:)

မန်းကိုကို said...

လောကမှာ ဖြစ်ချင်တိုင်း ဖြစ်လို့မရနိုင်ဘူးလို့ ဆိုတယ်။
အချိန်က စိတ်ရဲ့ဒဏ်ရာတွေကို ကုစားပေးနိုင်တယ်လို့လည်း ပြောကြတယ်။

လက်ရှိအနေအထားမှာတော့ ပန်ဒိုးရာသေတ္တာလေးထဲ ကျန်ရစ်ခဲ့တဲ့ မျှော်လင့်ချက်လေးနဲ့သာ ကျေနပ်နှစ်သိမ့်နိုင်ဖို့ လိုကောင်းလိုပါလိမ့်မယ်။

နေ့အိပ်မက် said...

ဘာတွေဖြစ်နေလဲမသိပေမဲ့ ကိုယ်ကြိုက်တဲ့အလုပ်ကို လုပ်နေရတယ်ဆို ဖြေနိုင်မယ်ထင်တာပဲ။ ဘယ်သူဘာပြောပြောပေါ့လေ...