.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, May 5, 2010

Time is flying quickly

အခုတလော မအားတာမှ အတော်ကို မအားတာပါ။ ပြောပြန်ရင်လည်း ယုံကြမှာ မဟုတ်ဘူး။ မိုးလင်းကနေ မိုးချုပ် အချိန်တွေ ဘယ်လိုဘယ်ပုံ ကုန်သွားမှန်းကို မသိဘူး။ မနက်မိုးလင်း မျက်လုံးနှစ်လုံး ပွင့်တာကနေ ညသန်းခေါင် မျက်လုံးနှစ်လုံး ပိတ်သွားတဲ့အချိန်အထိ ဟိုလုပ် ဒီလုပ်နဲ့ တစ်ယောက်တည်းနဲ့ အလုပ်တွေ ရှုပ်နေတယ်။ အချိန် စီမံခန့်ခွဲမှု ညံ့တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။

"နင်တို့ စကာင်္ပူက လူတွေ အတော်ကြီး အားကြတယ်။ ကြည့်လိုက်ရင် စီပုံးတွေမှာ တနေကုန်ပဲ။ အလုပ်ရော လုပ်ကြလားလို့"... မေးတဲ့ သူကိုတောင် မဆီမဆိုင် သတိရမိသေးတယ်။ အရင်တုန်းက ရှိခဲ့ဖူးတဲ့ ရွှေအိုရောင် အတိတ်တွေကို ပြန်လည်လွမ်းဆွေးမိတယ်။ အလုပ်ထဲကနေ ဘလော့လည်း ရေးလို့ရတယ်။ ဖိုရမ်တွေလည်း ရေးတယ်။ ဘလော့ရေးဖို့တောင် အချိန်ပေးနိုင်ရင် ဖတ်ဖို့ကတော့ ပြောမနေနဲ့တော့။ ရုံးမှာ အချိန်တွေများ မကုန်နိုင်လွန်းလို့ မနည်းကို ဖြုန်းတီးနေခဲ့ရတယ်။

အခုများတော့ ရုံးမှာ အလုပ်တွေက အတော်များတယ်။ ရာထူးနဲ့ လုပ်ပိုင်ခွင့် တိုးပေးခံထားရတယ်။ ဒါကြောင့် တာဝန်ယူရတာလည်း ပိုများလာတယ်။ ရုံးချိန်အတော်များများက အစည်းအဝေးတွေနဲ့ပဲ ကုန်သွားရတယ်။ တချို့အလုပ်တွေက ညဘက်အိမ်ရောက်မှပဲ လုပ်နေရတယ်။ လက်အောက်ငယ်သား ရအောင် ဆိုပြီး အဖွဲ့မှာ လူသစ်တွေ ခန့်ပေးထားတော့ လောလောဆယ်မှာ သူတို့ကို သင်ပေးနေရတယ်။ လခလည်း တိုးပေးမယ် ဆိုတော့ အလုပ်မှာ ပိုကြိုးစားပြရတာပေါ့။

အိမ်မှာလည်း ရာထူးတိုးသွားတယ်။ အရင်လို အားအားလျားလျား နေလို့ မရဘူး ဖြစ်နေတယ်။ ညစာကို အိမ်မှာပဲ ချက်တာဆိုတော့ ဟင်းချက်ဖို့အတွက် ဈေးဝယ်ထွက်ရသေးတယ်။ ဟိုလိုလို ဒီလိုလို တိုလိုမိုလီတွေ လုပ်ရတာနဲ့ အချိန်ကုန်ပြန်တယ်။ ကျန်းမာရေးအတွက် ညစာစားပြီးရင် အိမ်နားတဝိုက် လမ်းလျှောက်ဖို့လည်း လုပ်ရသေးတယ်။ အိမ်မှာလည်း အချိန်ကုန်တာ အတော်မြန်တယ်။ ရုံးချိန်ပြင်ပက အချိန်တွေရဲ့ တဝက်မှာ အတ္တဟိတတွေ နေရာယူထားရှာတယ်။

အတ္တဟိတနဲ့အတူ ပရဟိတအလုပ်လည်း လုပ်ဖြစ်တယ်။ စစ်ကိုင်းတောင်ရိုး အာရုဏ်ဆွမ်းအလှူအတွက် အလှူငွေ ကောက်ပေးဖို့ တာဝန်ယူထားတယ်။ ရန်ကုန်က လူငယ်အဖွဲ့တွေနဲ့ အလှူတွေ တောက်လျှောက် စီစဉ်နေရတယ်။ ရွာသာကြီးက စိတ်ကျန်းမာရေးဆေးရုံနဲ့ သုခရိပ်မြုံဂေဟာမှာ အလှူတွေ လုပ်ဖြစ်နေတယ်။ တချို့ဟာတွေက အစအဆုံး တာဝန်ယူတာမျိုး မဟုတ်ပဲ လိုအပ်တာတွေကို ညှိနှိုင်း အကြံပေးတာလောက်ပါပဲ။ စင်္ကာပူကြက်ခြေနီက အစည်းအဝေးတွေလည်း တက်ဖို့ အချိန်ပေးရသလို သွေးလှူပွဲတွေ စီစဉ်ဖို့လည်း ရှိပြန်တယ်။ ဒီလိုနဲ့ အချိန်တွေက အတော်ကို အကုန်မြန်သွားတယ်။

ဒါကြောင့် ကျွန်တော်ဇူလိုင် တကယ်ကို မအားတာပါ။ စာရေးဖို့အတွက်တောင် အချိန်တွေ ရှာမရဖြစ်နေတယ်။ အလည်တခေါက် လာရောက် ဖတ်ရှုသွားတဲ့ ရွှေဧည့်သည်များကို ကျေးဇူးတင် အားနာလျှက်... အမှန်တကယ် မအားတာကို မအားတာလို့ပဲ ရိုးရိုးသားသား မြင်ပေးကြပါလို့ ပြောလိုက်ချင်ပါတယ်။

4 comments:

နေ့အိပ်မက် said...

နားလည်ပါတယ်.. :) ကိုယ်တိုင်ကတစ်ချိန်လုံး ပျောက်နေတာကိုး :D ဘာပဲဖြစ်ဖြစ် အားတဲ့အချိန်လေးရေးလို့ ဖတ်ရရင် ကျေနပ်ပါပြီ လုံးဝမပစ်သွားရင် ပြီးတာပဲ ;)

Unknown said...

အိမ်ထောင်ဆိုတာဒါဘဲ၊ ကလေးရှိလာရင်အချိန်တွေအားလုံးဟာကိုယ့်အတွက်အိပ်ချိန်လေးတောင်ကောင်းကောင်းမရှိတော့ဘူး၊ အိမ်ထောင်ရှင်အမျိုးသားများချစ်ဇနီးအပေါ်နားလည်နိုင်ကြပါစေ၊

Rita said...

(အိမ်မှာလည်း ရာထူးတိုးသွားတယ်။ အရင်လို အားအားလျားလျား နေလို့ မရဘူး ဖြစ်နေတယ်။ ညစာကို အိမ်မှာပဲ ချက်တာဆိုတော့ ဟင်းချက်ဖို့အတွက် ဈေးဝယ်ထွက်ရသေးတယ်။)

??????????????????????????????????
:))))))))))))))))))))))))))))))))))))))))

Rita said...

ဘာသံမှ မကြားလိုက်ရဘူး။