.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, October 21, 2010

Change...

ပြောင်းလဲမှုဆိုတာကို တွန့်ဆုတ်တတ်တာ လူ့သဘောသဘာဝပါပဲ။ ကောင်းသော ပြောင်းလဲခြင်းဖြစ်စေ... မကောင်းသော ပြောင်းလဲခြင်းဖြစ်စေ... ရုတ်တရက် လက်မခံတတ်ကြဘူး။ ရုံးမှာ စားပွဲခုံ ပြောင်းထိုင်ခိုင်းရင် စိတ်ထဲမှာ ဘဝင်မကျလှဘူး။ ငယ်ငယ်တုန်းက ခြောက်လပတ် စာမေးပွဲအပြီးမှာ ဘီအခန်းကနေ အေအခန်းကို ပြောင်းရမယ် ဆိုတော့လည်း စိတ်ထဲမှာ စနိုးစနောင့်နဲ့။ ပိုကောင်းတဲ့နေရာကို ပို့ပေးတာ ဆိုပေမယ့်လည်း အသားကျနေတဲ့ လက်ရှိနေရာကနေ ပြောင်းသွားရမှာကို မလိုလားဘူး။

ဘာလိုလိုနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အလံလည်း ပြောင်းလဲသွားရှာပြီ။ ဒီနေ့ ညနေ ၃ နာရီခွဲမှာ အလံအသစ် ပြောင်းတင်တယ်တဲ့။ ရန်ကုန်မှာ မရှိပေမယ့်လည်း သတင်းတွေ ဖတ်ပြီး သိလိုက်ရတာပေါ့။ ကောင်းသောလား မကောင်းသောလား... ဘယ်လိုပုံစံ ပြောင်းလဲခြင်းမျိုးဆိုတာ ဝေခွဲမတတ်သေးဘူး။ ၂၀၀၈ အခြေခံဥပဒေအရ ပြဌာန်းထားတဲ့ အလံသစ်က အစိုးရအသစ် တက်လာမှ အသက်ဝင်မယ် ထင်ထားတာ။ အခုတော့လည်း ဘယ်ဆီနေမှန်း မသိတဲ့ အစိုးရ မဖွဲ့ရသေးခင် အလံအသစ်က နေရာရသွားရှာတယ်။ ဥပဒေအထက် ဘယ်သူမှ မရှိရဘူး ဆိုတာ ကြားဖူးနေတဲ့ လူတစ်ယောက်အဖို့ တဒင်္ဂမှာ အတွေးတွေ ဖျပ်ဖျပ်လူးသွားတယ်။ အလံက ဥပဒေအထက်မှာလား၊ ဘာလား ညာလားပေါ့။

မဆလခေတ်က နိုင်ငံတော်အလံ... အခုတော့ အိမ်နိမ့်စံဘဝ သက်ဆင်းသွားရပြီ။ ၁၉၇၄ ကနေ ၂၀၁၀ အထိ ၃၆ နှစ်စာ သက်တမ်းရှိလိုက်ရတယ်။ ဆိုရှယ်လစ် အငွေ့အသက်တွေ ပါတဲ့အလံလို့ ပြောကြ ဆိုကြပေမယ့် တသက်လုံး မြင်တွေ့ခဲ့ရတဲ့အလံကို သံယောဇဉ်ရှိမိတာ အမှန်ပါပဲ။ ထိုင်ဝမ်အလံနဲ့ ဆင်တူတယ်လို့ ပြောကြ ဆိုကြပေမယ့် အခုအလံအသစ်ကလည်း တခြားနိုင်ငံက အလံတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ ကင်မရွန်းတို့၊ အီသီးယိုးပီးယားတို့၊ ဂါနာတို့နဲ့ ခပ်ဆင်ဆင်လေးတွေ။ အပေါ်အောက် အရောင်ကွဲတာတို့... အလျားလိုက် ဒေါင်လိုက် မတူတာတို့ပဲ ရှိတယ်။

ကောင်းတဲ့ဘက်က လှည့်တွေးရင်တော့ လွတ်လပ်ရေးရဖို့ တိုက်ပွဲဝင်ကြိုးပမ်းခဲ့တဲ့ ခေတ်ကာလ (၁၉၄၃) ပတ်ဝန်းကျင်က အလံနဲ့တော့ အတော်လေး တူပါတယ်။ အလည်ခေါင်မှာ ကဒေါင်းနဲ့ ကြယ်ဖြူပဲ ကွာသွားတယ်။ ရှမ်းပြည်နယ် အလံနဲ့လည်း တူတယ်။ ရှမ်းအလံက အလည်မှာ စက်ဝိုင်းအဖြူ (လဝန်းကြီး)၊ အခုအလံက ကြယ်ဖြူ။ ကျန်တဲ့ အရောင်တွေ အစီအစဉ်တွေ အကုန်တူတယ်။ အလျားလိုက်လည်း တူတယ်။

မဆလခေတ်က အလံရဲ့ အဓိပ္ပါယ်ကို မူလတန်းတုန်းက သင်လို့ ကျက်ခဲ့မှတ်ခဲ့ရသေးတယ်။ အနီရောင်က ရဲရင့်တည်ကြည်ခြင်း၊ အပြာရောင်က ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုတယ်။ စပါးနှံက တောင်သူလယ်သမား၊ စက်သွားဆိပ်က အလုပ်သမား၊ အရွယ်တူ ကြယ်ဖြူ ၁၄ လုံးက တိုင်းနဲ့ပြည်နယ် ၁၄ ခုအတွက်လို့ မှတ်မိနေသေးတယ်။ နေပြည်တော် ဆိုတာ စတည်ထောင်တုန်းက တိုင်းနဲ့ပြည်နယ် ၁၅ ခု ဖြစ်သွားရှာပြီလို့ တွေးမိခဲ့တယ်။ တိုင်းတစ်တိုင်းတိုးလို့ ကြယ်ဖြူ နောက်တစ်လုံးများ တိုးလေမလားပေါ့။ အခုတော့ အကုန် ပြောင်းသွားရှာတယ်။

အခု အလံအသစ်မှာပါတဲ့ အဝါရောင်က ဘာသာ၊ သာသနာနဲ့ ပညာတိုးတက်ခြင်း၊ အစိမ်းရောင်က စပါးဆန်ရေ၊ ကျွဲနွား အထွေထွေပေါများခြင်း၊ အနီရောင်က ရဲရင့်သော စိတ်ဓာတ်ခွန်အားတဲ့။ အဖြူရောင်ကြယ်က ပြည်ထောင်စုကို ကိုယ်စားပြုတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတုန်းက ကြေငြာခဲ့တယ် ဆိုတာကို ဧရာဝတီမှာ ဖတ်လိုက်ရတယ်။ အခြေခံ ဥပဒေ ရေးဆွဲတုန်းက ဘာတွေ ဘယ်လို ကြေငြာခဲ့မှန်း တကယ်ကို မသိခဲ့တာပါ။ အဲဒါတွေ ပြရင် စီဒီခွေထိုးကြည့်ကြတယ်။ ဒါမှမဟုတ် တခြားလိုင်း ပြောင်းကြည့်တယ်။ အဲဒီလောက်ထိ လူထုက စိတ်ဝင်စားကြတာပါ။

ကျွန်တော့်ဘဝရဲ့ နှစ်ပေါင်း ၂၀ ကျော် တွေ့နေမြင်နေ ရင်းနှီးခဲ့တဲ့ အလံ... အခုတော့ မရှိရှာတော့ဘူး။ လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားမှာ လွှင့်တင်တဲ့ အလံ၊ ပြည်ထောင်စုနေ့မှာ လက်ဆင့်ကမ်း သယ်တဲ့အလံ၊ အာဇာနည်နေ့မှာ တိုင်ဝက်လျှောချထားတဲ့ အလံ ဒီနေ့ ၂၀၁၀ အောက်တိုဘာ ၂၁ ရက်နေ့မှာ နိဂုံးချုပ်သွားရှာပြီ။ လူတိုင်းနီးပါးဆီက မကြိုက်ကြောင်း သဘောမကျကြောင်း အသံလေးတွေ... ရေထဲမှာ လေပူစီဖောင်း ပွက်သလိုမျိုး ပလုံ ပလုံ ဆိုပြီး ဟိုနားတကွက် ဒီနားတကွက် ထွက်လာနေကြတယ်။ အားလုံးရဲ့ ခံစားချက်တွေကို နားလည်သလို ရင်ထဲမှာလည်း မကောင်းလှဘူး။

လက်ရှိအချိန်မှာမှ လူ့လောကကို စတင်ဝင်ရောက်လာမယ် မြန်မာပြည်သားတွေ အသစ်လေးတွေကတော့ အလံအသစ်ကို အေးအေးဆေးဆေးပဲ ဖြစ်နေမှာပါ။ တချိန်ချိန်မှာ အဲဒီအလံအသစ်ကို တခြားအလံအသစ်နဲ့ အစားထိုးတဲ့အခါ အဲဒီလူငယ်တွေလည်း အသံတွေ ထွက်လာမှာ မြင်ယောင်နေမိရင်း... စိတ်မကောင်းခြင်း များစွာနဲ့ အသံတိတ် နှုတ်ဆိတ်နေလိုက်ပါမယ်။

7 comments:

ShwunMi- said...

အခု အလံအသစ်မှာပါတဲ့ အဝါရောင်က ဘာသာ၊ သာသနာနဲ့ ပညာတိုးတက်ခြင်း၊ အစိမ်းရောင်က စပါးဆန်ရေ၊ ကျွဲနွား အထွေထွေပေါများခြင်း၊ အနီရောင်က ရဲရင့်သော စိတ်ဓာတ်ခွန်အားတဲ့။ အဖြူရောင်ကြယ်က ပြည်ထောင်စုကို ကိုယ်စားပြုတယ်လို့ ... သိရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

တစ်နေရာမှာ အလံထဲက အရောင်သုံးရောင်ကို -လူတန်းစားသုံးမျိုးကို ကိုယ်စားပြုတယ်-ပြောထားလို့ ခွဲခြားခံရပါလား ဆိုပြီး အောင့်သက်သက် ဖြစ်သွားသေးတယ်။

နေ့အိပ်မက် said...

နောက်ဆုံးအပိုဒ်မှာ ပြောထားသလိုပဲ တွေးနေမိတယ် ကိုဂျူလိုင်၊ လူကြီးတွေအတွက် အရင်အလံကို ပြောင်းတာကြုံဖူးလို့ ဒီအလံကို သိပ်ခံစားရမှာ မဟုတ်တော့ဘူးလို့လည်း တွေးမိတယ်။ အဲ.. နေ့အိပ်မက်တို့ မျိုးဆက်ကျတော့ ဘယ်သူပြောင်းခဲ့တာဖြစ်ဖြစ် မွေးကတည်းက တွေ့ခဲ့ရတဲ့ ဒီအလံကိုပဲ ချစ်နေတော့တာကိုး။ ဟုတ်တယ်။ ဒီအတိုင်းပဲ ဆက်သွားရင်တော့ ဒီနောက်ပိုင်းမွေးတဲ့ ကလေးတွေက ဒီအလံအသစ်ကို ပြန်ပြောင်းမယ်ဆိုရင်တောင် ကန့်ကွက်ကြဦးမယ်ထင်တယ်။

khin oo may said...

တစ်သက်လုံးမြင်ခဲ့ရတာဆိုတော့လဲ စိတ်မကောင်းသလိုလိုဖြစ်မိတယ်။

khin oo may said...

ဒီတစ်ခါ ရေးတာတော့ တော်တော် ပျော့ပျော့ပြောင်းပြောင်း ရှိသား. ခြေခြေငံငံရှိတယ်။

3D Crazy said...

အခြေခံ ဥပဒေ မဲပေးတုန်းက နာဂစ် ၀င်မွှေတယ်...
အခု အလံသစ် တင်တော့ ဂီရိ ၀င်မွှေတယ်...
ရွေးကောက်ပွဲ လုပ်ခဲ့ရင် ???

Younggun said...

အဝါရောင်က မျက်စိကျိန်း၊ အစိမ်းရောင်က စိမ်းကားရက်စက်၊ အနီရောင်က ပွက်ပွက်အန်.. အဲဒါ ငါတို့ အလံ... ( ပြောရရင် ရဲရဲတော် အရင်အလံကိုပဲ စိတ်ထဲ စွဲနေတယ်ဗျာ )

မိုးခါး said...

ခုမှ အရင်အလံပဲ ကြိုက်တာပြောလဲ ဘာထူးတော့မလဲနော် ..