ဟယ်လို... သွေးလှူရှင်အသင်းကလား...
ဂျပန်ဆေးရုံကြီးကို အိုသွေးတစ်လုံး လာပို့ပေးပါ..
ဘယ်လောက်ပေးရမလဲဆိုတာ တခါတည်း ပြောပါ...
တန်ရာတန်ကြေး ပေးပါမယ်...
ဖုန်းထဲက အသံကြားလိုက်ရတာနဲ့ ရင်ဝကို ခြေစုံကန်ခံလိုက်ရသလိုပဲ အောင့်တက်သွားတယ်။ ဘယ်နဲ့ဗျာ သွေးလှူရှင်အသင်းကလား... လို့ မေးပြီး ဘယ်လောက်ပေးရမလဲ ဆိုတာ တခါတည်း ပြောပါ... လို့ ဆက်မေးရတာတုန်း။ ဒါတင်မကသေးဘူး... တန်ရာတန်ကြေး ပေးပါမယ်တဲ့။ သွေးဆိုတာ တန်ဖိုးဖြတ်လို့ ရပြီပေါ့။ အဟက်...
မြန်မာပြည်မှာ သွေးလှူရှင်အသင်းတွေက စေတနာနဲ့ သွေးလှူပေးနေတာပါဆိုတာ တချို့သောလူနာရှင်တွေ မသိကြသေးတာလား။ သိရဲ့သားနဲ့ကို ငွေဂုဏ်မောက်ကြတာလား။ ဒါမှမဟုတ် တချို့သော စုန်းပြူးတွေကများ သွေးလှူရှင်ရဲ့ သွေးတွေကို တဖက်လှည့်နဲ့ ရောင်းစားနေကြတာလား။ သွေးလှူရှင်အစစ်အမှန်နဲ့ မတွေ့ရပဲ ကိုယ်ထဲက သွေးကို စီးပွါးရှာတဲ့အနေနဲ့ ထုတ်ရောင်းကြတဲ့ လူတွေနဲ့ပဲ ကြုံဆုံဖူးလို့ မျက်မမြင် ပုဏ္ဍားတွေ ဆင်စမ်းသလိုမျိုး ဆင်ဆိုတာ ယပ်တောင်ကြီးပါဆိုတဲ့ လှေနံဓါးထစ် လူနာရှင်တွေများလား။
မြင်မိသလောက် သွေးဘဏ်ဘက်မှာလည်း ပြင်သင့်တာတွေ အများကြီးပါ။ သွေးလှူရှင် ရှာဖွေစုဆောင်းရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ဘူး။ မီဒီယာပိုင်းမှာ အားနည်းတယ်ပေါ့။ ကိုယ်တိုင် သေချာမလုပ်နိုင်ရင် တခြား လုပ်နိုင်တဲ့သူကို တာဝန်ဝေမျှသင့်တယ်။ လုပ်ပိုင်ခွင့်ပေးသင့်တယ်။ လှူဒါန်းသမျှ သွေးတွေကိုလည်း အများကြီး မထိန်းသိမ်းနိုင်ဘူး။ သွေးဘဏ်ကနေ တခြားဆေးရုံတွေကို သွေးဝေမျှခွဲခြမ်းတဲ့ အပိုင်းကတော့ အတိအကျ မသိလို့ မပြောတော့ပါဘူး။ အဲဒီဘက်မှာလည်း အားနည်းချက်တွေ ရှိနေလို့ တခြားဆေးရုံတွေမှာ သွေးအလုံအလောက် မရှိတာ ကြားသိနေရပါတယ်။
နိုင်ငံတော်အဆင့် လူမှုရေးအဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှာလည်း သွေးလှူရှင် ရှာဖွေ စုဆောင်းတဲ့ လုပ်ငန်းဌာနတွေ ရှိပါတယ်။ စီမံချက်တွေ ဆွဲ... အစည်းအဝေးတွေ ထိုင်ပြီး... တက္ကသိုလ်တွေ ကျောင်းတွေမှာ သွေးလှူရှင်အဖွဲ့တွေ လုပ်ကြပါတယ်။ ကြီးကြပ် ပံ့ပိုးမှု အားနည်းတော့ ကောက်ရိုးမီးတွေပဲ ဖြစ်လိုက်တယ်။ အင်အားစာရင်းပဲ စာအုပ်ထဲမှာ ရှိပြီး တကယ် လှုပ်ရှားနေတဲ့လူတွေ အပြင်မှာ သိပ်မမြင်ရဘူး။ နိုင်ငံတကာမှာလည်း ကြက်ခြေနီအသင်းတွေကပဲ သွေးလှူရှင် ရှာဖွေစုဆောင်းတဲ့ အလုပ်ကို အဓိက အခန်းကဏ္ဍကနေ ဦးဆောင်နေတာပါ။ ဘယ်နဲ့ ကိုယ့်အလှည့်ကျမှ ရာဇဝင် အရိုင်းခံကြသလဲ။
ဆေးရုံဝန်ထမ်းတွေ တဝမ်းတခါး မလှတဲ့ဘဝကို စာနာနားလည်ပါတယ်။ ပေးထားတဲ့ လခ နှစ်ပဲခြောက်ပြားက လမ်းစရိတ်နဲ့တင် ကုန်နေပြီ။ ဘယ်မှာလည်း စားဖို့ သောက်ဖို့။ မိသားစုကို ဘာနဲ့ ကျွေးမလဲ။ ဆေးရုံမှာ ဂွင်ဖန်နိုင်မှ အိမ်အပြန် မျက်နှာပန်း လှမယ်လေ။ သွေးအလုံအလောက် မရှိတဲ့ ဆေးရုံနဲ့ ပိုက်ဆံလိုနေတဲ့ ဝန်ထမ်း၊ သွေးလိုနေတဲ့ လူနာရှင်နဲ့သာ ဆုံကြပြီဆိုရင် ရေကန်အသင့် ကြာအသင့်ပဲလေ။ ၃ ခုထဲမှာ ၁ ခုခု ပြည့်စုံနေရင် ဒီလို နောက်ပိုင်းဇာတ်ထုပ်မျိုး မြင်ရဖို့ မလွယ်ရေးချ မလွယ်ပါ။
ပိုက်ဆံတတ်နိုင်တဲ့ လူနာရှင်တွေကလည်း တမှောင့်။ အရာရာကို ငွေနဲ့ ပိုင်းဖြတ်ချင်တယ်။ ပေးဖို့ မလိုတဲ့ နေရာမှာလည်း ပေးနိုင်တယ် ဆိုတာ သိရအောင် ဖတ်ခနဲ ပစ်ပေးလိုက်တယ်။ စေတနာနဲ့ လာလှူတာပါလို့ ပြောပေမယ့်လည်း လူမြင်ကွင်းမှာ တနင့်တပိုး ပေးကြတယ်။ လက်ဆောင်တွေရော ငွေသားတွေရောပေါ့။ နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်လာမလဲ ဆိုတာ မတွေးဘူး။ သူတိုရဲ့ လုပ်ရပ်က လူတွေရဲ့ အသိတရားကို မသိမသာလေး ယိမ်းယိုင်စေတာ သူတို့ မမြင်လိုက်ဘူး။ မချောင်လည်တဲ့ ဘဝထဲမှာ မြိုးမြိုးမြက်မြက် ရချင်လာတယ်။ ပီတိကို စားမလား မိုင်လို သောက်မလား။ ခဏခဏ တွန်းတိုက်တာ ခံရပါ များလာတော့ စိတ်ဓါတ်တွေ ယိုင်နဲ့လာပြီပေါ့။
အဲဒါမျိုးကို ဘယ်လိုဖြေရှင်းမလဲ။ အဖြေရှာဖို့က လွယ်မလိုနဲ့ ခက်ပါတယ်။ မုန့်လုံးကို စက္ကူကပ်တဲ့ ဂျာအေးကို သူ့အမေရိုက် ဇာတ်လမ်းမျိုးပေါ့။ အဖြေ ရှာလို့ ရရင်တောင် ပြင်ဖို့ မကြိုးစားကြဘူး။ စနစ်ကြီး မကောင်းလို့ပဲ လွယ်လွယ်ပြောပြီး ခေတ်ကြီးကို လက်ညိုး ထိုး လွှဲချလိုက်ကြတာပဲလေ။ ရေလိုက်ငါးလိုက်ပုံစံ မလုပ် မရှုပ်ပဲ နေနေကြတယ်။
ချီးမှာပဲ လောက်က ပျော်ကြတယ်တဲ့။ လောက်တွေ များသထက် ပိုပြီး များလာတာ နှစ် ၂၀ တောင် ကျော်ပြီပဲ။ လောက်တွေ များလာသလို ချီးတွေလည်း များပြီးရင် ပိုများလာရပြီပေါ့။ ဒီလိုနဲ့ပဲ မိတ်ကပ်လိမ်းထားတဲ့ ချီးတွင်းထဲမှာ ပျော်ရွှင်ခြင်းနိုင်ငံ တည်ထောင်ရင်း တစစီ ကျိုးပဲ့နေကြရပြီဗျာ။

5 comments:
မြန်မာပြည်မှာ ဘာတွေအဆင်မပြေဘူးလို့ တွေးနေရင် အသက်တိုလိမ့်မယ်။ ဘာတွေဖြင့် အဆင်ပြေလိုက်တာလို့ ရှာကြံတွေးပေးရတယ်။
ကလူသစ် ကွန်မန့်ဖတ်ပြီး ဘာတွေဖြင့် အဆင်ပြေလိုက်တာလို့ ပြောရမလဲ ရှာကြံတွေးနေတာ ခု ရပြီ။
အလှပြင်ဆိုင်သွားရတာ၊ ဆံပင်ညှပ်ရတာ၊ ခေါင်းလျှော်ရတာ အတော်အဆင်ပြေတယ်။ ဒီနဲ့ယှဉ်ရင် အများကြီး အကုန်အကျ သက်သာတာ။
သာမန်ကောင်းမှုလောက်ပဲ လုပ်ရင် စိတ်အနှောင့်အယှက် (မရှိသလောက်) ကင်း၊ သာမန်ထက် ပိုကောင်းတဲ့ အမှုကို လုပ်ရင် ခုန အဆင့်ထက် စိတ်အနှောင့်အယှက် ဖြစ်စရာ ပိုရှိလာမယ်၊ ဒီထက် ဒီထက် ပိုကောင်းတာ လုပ်လာရင် ဒီထက် ဒီထက် စိတ်အနှောင့်အယှက် ဖြစ်စရာ ပိုရှိလာမယ်။
သဘာဝကိုက အဲလိုထင်တယ်။
ဒီတော့ အဲဒီလို စိတ်အနှောင့်အယှက် ဖြစ်စရာကြုံရတဲ့ ကိစ္စတွေက ကိုယ့်ကောင်းမှုလုပ်ရပ်အဆင့်အတန်းအတွက် မှတ်ကျောက်လို ဖြစ်မှာပေါ့။
မှတ်ကျောက်တင် ခံရဖို့ အစမ်းသပ်ခံလိုက်ပါလေ။
=)
(မှတ်ချက်။ ကိုယ်တိုင် မကြုံရလို့ ပြောနိုင်တာ)
မြန်မာပြည်ကတော့ ဒီလိုပဲ ကိုJuly Dream ရေ. . . အပေါ်ကပြောသလိုပဲ အဆင်ပြေတာလေးတွေ ရွေးတွေးပြီးနေရတာပေါ့.
တဖက်သတ်ရောင်းစားနေတာလား ဆိုမှ..
စလုံးကိုရောက်ရောက်ချင်း.. ကျောင်းမှာ Blood Donation Drive လုပ်တယ်...
အဲ့မှာ ပထမဆုံးတခါသွေးလှူဖြစ်တယ်။ အဲ့တာကို ဒီက အဒေါ်က စေတနာတွေမတရားပိုပြီး အိမ်ကိုဖုန်းဆက်ပြောတယ်။ ဘာတွေ ဘယ်လိုပြောလိုက်လဲတော့ မသိ.. နောက်တရက်မှာပဲ မာမား လားရှိုးကဖုန်းဆက်တယ်..
သမီးရယ် ဘာလို့သွေးသွားလှူတာလဲ..ပိုက်ဆံမရှိလို့လား.. ကျန်းမာရေးရောကောင်းရဲ့လား.. ပိုက်ဆံမလောက်ရင်ပြော ပို့မှာပေါ့.... ပလာ ပလား ပလားးးး.. မနည်းရှင်းပြရတယ် ပိုက်ဆံအတွက် သွေးတွေထုတ်နေတာမဟုတ်ကြောင်း.. လူ့အသက်ကယ်ဖို့ဖြစ်ကြောင်း.. ဘာတပြား တချပ်မှ လိုချင်လို့မဟုတ်ကြောင်း...
ကဲ ဘယ်သူ့ကို အပြစ်တင်ရမလဲ အဲ့လို အယူအဆတွေ အတွေးတွေ အတွက်.. ခက်တယ် ခက်တယ်
Post a Comment