ဘာရယ်တော့ မဟုတ်ဘူး။ စာမရေးဖြစ်တာ အတော်ကြာပေါ့။ မိန်းမ ရပြီးကတည်းက စာအရေးကျဲနေတာကို သတိထားမိတဲ့လူတွေ ရှိနေနိုင်ပါတယ်လေ။ မသိရင် ချစ်ချစ်က စာမရေးခိုင်းလို့ စာမရေးဖြစ်တာလို့ ထင်နေအုံးမယ်။ အမှန်ကတော့ ကိုယ်တိုင်လည်း မအားတာ ပါသလို စာရေးဖို့ စိတ်မပါတာလည်း ရှိတယ်။ စာရေးဖို့ စိတ်မပါတာက မထူးဆန်းပါဘူး။ သူများရေးတဲ့ စာတွေ မဖတ်နိုင်မှတော့ ကိုယ်တိုင်လည်း စာရေးချင်စိတ် မရှိတော့ပါဘူး။ ဟိုဟိုဒီဒီ ရေးဖို့ အကြောင်းတွေလည်း ခေါင်းထဲမှာ ခဏလေးပေါ် ခဏလေး ပျောက် ဖြစ်နေတယ်။ စာမရေးဖြစ်တာ တခြား မဟုတ်တာတွေ လုပ်ပြီး ရှုပ်နေတာလည်း ပါတယ်။ မဟုတ်တာ လုပ်တယ်ဆိုတာကို တခြား မတွေးပါနဲ့။ မျက်နှာစာအုပ်မှာ ဂိမ်းဆော့နေတာမျိုးကို ပြောတာပါ။ အခုတလော မဆိုသလောက်လေး အားလာလို့ စာလေး ရေးပါအုံးမယ်လေ။
ဘာရယ်တော့ မဟုတ်ဘူး။ ရုံးမှာ အပြောင်းအလဲတွေ အရမ်းများတယ်။ အုပ်ချုပ်ရေးက လူကြီးပိုင်းတွေ အလုပ်ထွက်တာတွေ ရှိတယ်။ သက်တော်ရှည်ကြီးတွေ အလုပ်ထွက်တော့ ကိုယ်တွေလို ငမြောက်ငခြောက်တွေ ဘာရယ်မဟုတ် မျက်ခုံးလှုပ်တာမျိုးပါ။ ခေါင်ချုပ်အသစ်လည်း ခန့်ထားတယ်။ ခေါင်ချုပ်အသစ်ဆိုတော့ ထုံးစံအတိုင်း ရက်ပေါင်း ၁၀၀ အတွင်းမှာ တော်လှန်ရေးတွေ လုပ်ကြသည်ပေါ့။ ပြုပြင် ပြောင်းလဲရေးတွေ အများကြီး လုပ်ဖို့ တာစူထားပုံပဲ။ ဟိုလူကို ဒီပြောင်း ဒီလူကို ဟိုပြောင်း၊ ဟိုဌာနနဲ့ ဒီဌာန ပေါင်း၊ အဲဒီလိုပဲ ဌာနအသစ်တွေ မန်နေဂျာအသစ်တွေ မြင်ရအုံးမယ်။ အလိုက်သင့်လေး ပြောင်းလဲနိုင်ဖို့ ပြင်ဆင်ရင်းနဲ့ အပြောင်းအလဲ ဆိုတာ သိပ်မကြိုက်တတ်တဲ့ ကျွန်တော်အတွက်တော့ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ရင်ခုန်ဖင်တုန် စောင့်စားရင်းပေါ့ဗျာ။
ဘာရယ်တော့ မဟုတ်ဘူး ဘုန်းကြီးအမှု ရွာပတ်နေတယ်။ ရုံးမှာ ကျွန်တော့်အဖွဲ့ထဲက ဝန်ထမ်းတယောက် အိန္ဒိယပြန်ဖို့ဆိုပြီး ၂ ပတ် ခွင့်တိုင်ထားပြီး ခွင့်ရက်ပြည့်တဲ့အချိန် ရုံးပြန်မတက်ဘူး။ တနလာင်္နေ့ ရုံးတက်ရမှာကို မတတ်နိုင်တဲ့ အကြောင်း အိန္ဒိယကနေ ဖုန်းဆက်ပြီး အကြောင်းကြားတယ်။ သူ့ ယောက်ခမက ပတ်စ်ပို့ သိမ်းထားလို့ ပြန်လာလို့ မရတဲ့အကြောင်း ပြောပြတယ်။ လိမ်တာလား အမှန်လား ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ အဲဒီလိုနဲ့ ၃ ပတ်ကြာတော့လည်း ပြန်မလာ၊ ၁ လ ကြာတော့လည်း ပေါ်မလာ၊ စာမလာ သတင်းမကြား။ စင်္ကာပူမှာ ငှားနေတဲ့ အိမ်ကို သူ့အသိ သူငယ်ချင်းတွေ သွားစုံစမ်းတော့ စင်္ကာပူကို ပြန်လာပြီး ၃ ရက်လောက် နေပြီး ခရီး ပြန်ထွက်သွားတယ်တဲ့။ အိန္ဒိယက သူ့မိန်းမကို ဖုန်းဆက်ကြည့်တော့ ကျွန်တော်တို့ရုံးက သူ့ကို အလုပ်ကိစ္စအတွက်နဲ့ အင်ဒိုနီးရှားကို သွားရမယ်လို့ ပြောထားတယ်တဲ့။ ကိုယ်တော်က ကြားထဲမှာ နှစ်ပင်လိမ်ပြီး ပျောက်နေပြီ။ အိန္ဒိယမှာလည်း မရှိ၊ စင်္ကာပူက အိမ်မှာလည်း မနေ၊ တကယ်ပဲ အင်ဒိုနီးရှားကို ထွက်သွားလား ဆိုတာလည်း မသိ။ အလုပ်မတက်ပဲ ခွင့်မဲ့ပျက်တာ ၃ ရက် ကျော်သွားရင် ရုံးရဲ့ စည်းကမ်းအတိုင်း အလုပ် ထုတ်ရတယ် ဆိုတော့ သူ့ အလုပ် လုပ်ခွင့် ပါမစ်ကို ဖျက်သိမ်းရတာပေါ့။ အခုလို မပြောမဆို အလုပ်ပြုတ်သွားတာ သူ့အတွက် နစ်နာနိုင်သလို ကျွန်တော်အတွက်လည်း လက်မောင်း ပြုတ်ပါတယ်။ အစစအရာရာ လက်လွှဲလို့ရတဲ့ ဝန်ထမ်းတယောက် မရှိတော့ သူ့အလုပ်တွေ ကျွန်တော်ဆီကို ရောက်လာသတည်းပေါ့ဗျာ။
ဘာရယ်တော့ မဟုတ်ပါဘူး။ ဟိုရေး ဒီရေးပါ။ နောက်များမှာ အခွင့်သင့်ရင် သင့်သလို စိတ်ပါရင် ပါသလို စာတွေ ရေးပါအုံးမယ်လေ။
Subscribe to:
Post Comments (Atom)
1 comment:
ဒီနှစ်မှာ ကြက်ဖတွေ တော်တော် ဒုက္ခရောက်တဲ့ အလားအလာရှိတယ် :(
Post a Comment