ဒီတခေါက် ထိုင်းကို အလုပ်ကိစ္စနဲ့ ရောက်ရင်း အယုဒ္ဓယမြို့ကို အလည်တခေါက် ရောက်ခဲ့ပါတယ်။ အယုဒ္ဓယမြို့တော်ဆိုတာကို သီတာမြို့လို့ ခေါ်ကြသတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမြို့ကို မြစ်သုံးစင်းက ဝန်းရံပတ်ထားတာ ကျွန်းလေး တကျွန်းလို ဖြစ်နေလို့ပါပဲ။ မိုးတွင်းမှာ ဆိုရင် မြစ်သုံးစင်းက ရေတွေ တက်လာလို့ မြို့ပတ်လည်က လယ်ကွင်းတွေမှာ ရေတဖွေးဖွေးဖြစ်နေတတ်တယ်တဲ့။ ရေတွေ အပြည့်နဲ့ လယ်ကွင်းပြင်ကြီးဟာ စစ်ရေးဗျူဟာအရဆိုရင်တော့ အတော်ကို အရေးပါတဲ့ နေရာတွေပါပဲ။ မြို့ပတ်လည်က တံတိုင်းတွေရယ် ရေပတ်လည် ဝိုင်းနေတာတွေဟာ မြို့တော်ကို တိုက်ခိုက်မယ့် ရန်သူတွေရဲ့ ဘေးကနေ ကာကွယ်ပေးနိုင်တာပေါ့။ မိုးတွင်းကာလ မဟုတ်တဲ့အချိန်မှာ ရန်သူတွေ လာတိုက်ရင်တော့ မြို့အပြင်ဘက် ကွင်းပြင်တွေရဲ့ ဝေးဝေးကနေ မိုးရွာတဲ့အချိန်ထိ ရောက်အောင် အချိန်ဆွဲ ခုံခံလေ့ရှိကြတယ်။ မိုးတွေ ရွာပြီဆိုတာနဲ့ ရန်သူတွေ မြို့ကို ကြာကြာ ဝိုင်းမထားနိုင်ပဲ ပြန်ဆုတ် သွားရတယ်တဲ့။
အယုဒ္ဓယမြို့ သက်တမ်းက ၄၁၇ နှစ် ကြာခဲ့ပြီး မင်းဆက် ၃၅ ဆက် အုပ်ချုပ်ခဲ့တယ်။ နရဲစွမ်လို့ နာမည်ကြီးတဲ့ ဘုရင်က ၂၀ ယောက်မြောက် ဘုရင်ပေါ့။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေးမှာ ဘုရင်ကတော့ အာဏာ အရှိဆုံး ပုဂ္ဂိုလ်ပါ။ ရှေးဘဝအဆက်ဆက်မှာ ကုသိုလ် ကောင်းမှူ အစုစုကို ပြုကျင့်ဖြည့်တင်းခဲ့တဲ့သူမျိုးမှ ဘုရင်ဖြစ်တယ်လို့ ယုံကြည်ကြလို့ ဘုရင်ဆိုတာ အတော်ကို ဘုန်းတန်ခိုး ကြီးလှပါတယ်။ မြို့မှ လူတန်းစား ၄ မျိုး ရှိတယ်။ ဘုရင့်ဆွေတော်မျိုးတော်၊ မှုးကြီးမတ်ရာ၊ ကုန်သည်နဲ့ သာမန်ပြည်သူတို့ပါ။ အဲဒီအထဲမှာ သာမန် ပြည်သူက လူဦးရေ အချိုးအစား အများဆုံးပေါ့။ တိုင်းပြည်ရဲ့ အင်အားကလည်း သူတို့အပေါ်မှာပဲ မူတည်ပါတယ်။
အယုဒ္ဓယမြို့နဲ့ ပတ်သက်လာရင် ဆင်တွေကိုလည်း ချန်ထားလို့ မရပါဘူး။ အဲဒီခေတ်မှာ ဆင်တွေက အတော်ကို တန်ဖိုးရှိတဲ့ တိရိစ္ဆာန်ပါ။ ဆင်များများပိုင်တဲ့ ဘုရင်က ပိုပြီးဘုန်းကြီးတယ်လို့ မြင်ကြပါတယ်။ ဆင်ဖြူကိုသာပိုင်ခဲ့ရင် အဲဒီဘုရင်မှာ ဆင်ဖြူရှင် ဆိုပြီး ဂုဏ်တခု အပိုတိုးတာပေါ့။ အဲဒီခေတ်မှာ ဆင်ကို သယ်ယူပို့ဆောင်ရေးမှာ သုံးပါတယ်။ စစ်ပွဲတွေမှာလည်း သုံးပါတယ်။ နောက်တခုကတော့ ပြည်ပပို့ကုန်အဖြစ် ဆင်တွေကို ရောင်းပါတယ်။ အိန္ဒိယနဲ့ ပါရှားဘက်က ဆင်အများဆုံး ဝယ်ပါတယ်။ အဲဒီခေတ်မှာ အနည်းဆုံး ဆင်ကောင်ရေ ၃၀၀ ကနေ ၄၀၀ ကြား နိုင်ငံခြားကို တင်ပို့ ရောင်းချခဲ့ပါတယ်။ ဆင်စွယ်ကိုတော့ တရုတ်ပြည်က အဓိက ဝယ်ပါတယ်။
အယုဒ္ဓယမြို့တော် ကျဆုံးပြီးတဲ့နောက် ထိုင်းမင်းဆက်က ဘန်ကောက်ဘက်ကို ပြောင်းရွှေ့ အခြေချပါတယ်။ ရာမဘုရင် (၁) က အယုဒ္ဓယမြို့က အုတ်တွေ ကျောက်တွေကို ဘန်ကောက်မြို့ တည်ဆောက်ရေးမှာ ယူသုံးဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒါကြောင့် ဂူဘုရားစေတီတွေ ကျောင်းဆောင်တွေ ပျက်ဆီးခဲ့ပါတယ်။ ရာမဘုရင် (၃) လက်ထက်မှာလည်း အယုဒ္ဓယမြို့က ဂဝံကျောက်တွေကို ဘန်ကောက်မြို့က အဆောက်အဦးတွေမှာ ယူသုံးဖို့ ခွင့်ပြုခဲ့ပြန်ပါတယ်။ နဂို အပျက်တွေကနေ ပျက်သထက် ပျက် ဖြစ်သွားရရှာတယ်။ ရာမဘုရင် (၄) လက်ထက်မှာတော့ အယုဒ္ဓယမြို့က ရှေးဟောင်း ဘုရားပုထိုး အဆောက်အဦးတွေကို ပြုပြင် ထိန်းသိမ်းဖို့ လုပ်ဆောင်ခဲ့ပါတယ်။ သူ့ ကျေးဇူးကြောင့် အယုဒ္ဓယမြို့က အခုလိုမျိုး ကျန်ရှိနေတာပါ။
ဗမာတွေ စစ်လာတိုက်လို့ အယုဒ္ဓယမြို့ ပျက်ဆီးတယ် ဆိုတာထက် ဘန်ကောက်မြို့ တည်ဆောက်ဖို့ မြို့ဟောင်းက အုတ်တွေ ဂဝံကျောက်တွေ ယူသုံးဖို့ ဘုရင်တွေက ခွင့်ပြုခဲ့လို့ အယုဒ္ဓယမြို့ အခုလို အပျက်အဆီးပုံစံမျိုး ကျန်နေတယ်လို့ မြင်မိပါတယ်လေ။

3 comments:
What you think about the debris of Ayuddhaya is possible. Neverthless, I don't know how thai people think about it. It might be different. Isn't it?
Best wishes,
ထိုင်းတွေကတော့ မြို့ပျက်ကြီးကို ဘယ်သူလုပ်လို့ အခုလိုမျိုး ပျက်ဆီးသွားတယ် ဆိုတာမျိုး မပြောပဲ... ရန်သူတွေ တိုက်လို့ အဲဒီမြို့ ကျသွားတယ်။ အဲဒါနဲ့ လက်ရှိမြို့ကို စွန့်ခွါပြီး ဘန်ကောက်ဘက်မှာ မြို့တော် ပြောင်းဆောက် ရတယ်ပဲ အဓိက ထားပြောတယ်လို့ မြင်မိပါတယ်။ ဆိုင်းဘုတ်တွေမှာ ဗမာလို့ မရေးထားပဲ ရန်သူတွေလို့ သုံးနှုန်းတာလေးကို သတိထားမိပါတယ်။
ကျွန်တော်ကတော့ ဗမာတွေ ဝင်တိုက်တာနဲ့ မြို့ထဲက ဘုရားတွေ အဆောက်အဦးတွေ အခုလိုမျိုး အတုံးအရုန်း ပျက်ဆီးနေမယ်လို့ မမြင်မိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တမြို့လုံး နီးပါးက ရှေးဟောင်း အဆောက်အဦးတွေ စေတီဘုရားတွေ အားလုံး ပျက်ဆီးနေလို့ပါ။ ဗုဒ္ဓဘာသာဝင် ဗမာတွေ စစ်အောင်ပြီးမှ တမြို့လုံးက ဘုရားတွေကို တကူးတက စိတ်ပါလက်ပါ ဖျက်ဆီးဖို့ ဆိုတာ ဖြစ်နိုင်ချေ အတော်လေးကို နည်းပါတယ်။
မြို့ပျက်ထဲက ဘုရားဆင်းတုတွေ ခေါင်းတော် မရှိတော့တာကလည်း ရှေးဟောင်းပစ္စည်း ခိုးတဲ့ ဂိုဏ်းတွေက ဘုရားခေါင်းတော်ပဲ ဖြုတ်ခိုး သွားတာကြောင့် အခုလို ခေါင်းတော် မရှိတဲ့ ဆင်းတုတွေ တွေ့နေရတာလို့ ရှင်းပြကြပါတယ်။
သမိုင်းဆိုတာ တုတ်ထမ်း ပြောရတာ ဆိုတော့လည်း... =)
ကံ ကံ၏အကျိုးကို တော့ဘယ်သူမှ ရှောင်လွဲလို့ မရပါဘူး...
Post a Comment