အယုဒ္ဓမြို့ရဲ့ မြောက်ဘက်စွန်းစွန်းမှာ တည်ထားတဲ့ စေတီပါ။ Wat Phukhaothong လို့ အမည်တွင်ပါတယ်။ ကွင်းပြင်ကျယ်ကျယ်ထဲမှာ မိုးပေါ်ကို ထိုးတက်နေတဲ့ စေတီဟာ ရွှေတောင်ကြီးတခုအလား ထင်မှတ်စရာ ရှိလို့ ဘုရားကို ရွှေတောင်ဘုရားလို့ ဘွဲ့တော် ပေးခဲ့ပုံပါပဲ။ ဝင်ကြေး ပေးစရာ မလိုတဲ့ ဘုရားလည်း ဖြစ်ပါတယ်။ ဘုရားသမိုင်းကတော့ ၂ မျိုးကွဲနေပါတယ်။
တခုက ဘုရင့်နောင်မင်းတရားကြီး အယုဒ္ဓမြို့ကို အောင်နိုင်ပြီးတဲ့နောက် အောင်ပွဲအထိမ်းအမှတ် အနေနဲ့ တည်ထားတဲ့ စေတီပါ။ ပစ္စယံအဆင့်ဆင့်တွေဟာ မွန်ဗမာ ဗိသုကာလက်ရာတွေပေါ့။ ဘုရားမှာ ရေးထားတဲ့ ဆိုင်းဘုတ်အရ အစက အဲဒီနေရာက ဘုန်းကြီးကျောင်းပါ။ ဘုရင့်နောင် အယုဒ္ဓမြို့ကို အောင်နိုင်ပြီးတဲ့ နောက်မှ အဲဒီ ကွင်းပြင်ကျယ်မှာ ဘုရားတည်တာပါ။
နောက်တခုကတော့ နရဲစွမ်က ဗမာတွေကို တော်လှန် အောင်မြင်ပြီးတဲ့နောက် အယုဒ္ဓမြို့ လွတ်လပ်ရေး ရတဲ့ အထိမ်းအမှတ်၊ ဗမာတွေကို နိုင်ပြီဆိုတဲ့ အထိမ်းအမှတ် အနေနဲ့ ဒီဘုရားကို တည်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မွန်ဗမာ လက်ရာဖြစ်တဲ့ ပစ္စယံကို အောက်ခြေမှာ ခံထားပြီး ထိုင်းဗိသုကာ လက်ရာဖြစ်တဲ့ ၁၂ ထောင့် စေတီတော်ကို အပေါ်မှာ တည်ထားတာပါ။ ဗမာက အောက် ထိုင်းက အပေါ်မှာလို့ ဆိုလိုချင်တာပါ။ အဲဒီလိုမျိုး ရေးထားတာကို Ayutthaya - Guide to art & architecture ဆိုတဲ့ စာအုပ်မှာ တွေ့နိုင်ပါမယ်။
အဲဒီစေတီကို ငရဲမကြောက်တဲ့သူတွေက စေတီတော်ရဲ့ အနောက်ဘက် ရင်ပြင်ကနေ ပစ္စယံကို လှိုဏ်ခေါင်းတူးပြီး ဌာပနာဖောက်ဖို့ ကြိုးစားဖူးပါတယ်။ တာဝန်ရှိသူတွေက အဲဒီပစ္စယံက လှိုဏ်ခေါင်းကို ကွန်ကရစ်တွေနဲ့ ပြန်ထည့်ပြီး အစားထိုး ဖာထေးခဲ့ပေမယ့် စေတီဟာ ပစ္စယံထဲကို ၂ မီတာလောက် ကျွံဝင်သွားခဲ့ပြီး ခပ်စောင်းစောင်းလေး ဖြစ်သွားရရှာပါတယ်။ အဝေးတနေရာကနေ လှမ်းကြည့်မယ်ဆိုရင် ပစ္စယံအထက်က စေတီတော် စောင်းနေတယ်ဆိုတာကို မြင်နိုင်ပါတယ်။
အဲဒါဖြစ်ရပ်ကို သေသေချာချာ မသိခဲ့ရင် ဗမာတွေ တည်ထားတဲ့ ပစ္စယံတွေက တည့်မတ်ပြီး ထိုင်းတွေ တည်တဲ့ အပေါ်ပိုင်း စေတီက စောင်းနေတယ်လို့ ပြောဆိုနိုင်ပါတယ်။ ထိုင်းတွေ ဘုရားကို တည့်မတ်အောင် မတည်နိုင်ဘူး ညံ့တယ်ပေါ့လေ။ အမှန်တော့ လှိုဏ်ခေါင်းတူးခဲ့တာကြောင့် စေတီတခုလုံး စောင်းနေပြီး ပစ္စယံတွေပဲ အတည့်အတိုင်း ကျန်ရှိနေတာပါ ခင်ဗျာ။

3 comments:
I can't understood your blog.
Thanks for post.
Dream Look
ရွှေသင်္ကန်းမကပ်ထားပေမယ့် ဘုရားက အတော်သပ္ပါယ်တာပဲနော်။
ဘုရားသမိုင်းက ဘယ်ဟာ အမှန်မသိပေမယ့် ၂မျိုးလုံးသေချာ ဖတ်သွားပါတယ် ကိုဂျူလိုင်ရေ့။
အခြားဓါတ်ပုံတွေလဲ အားရင်တင်ပါဦး။
ခင်မင်လျှက်
jr.
တစ်ခါမှ မရောက်ဖူးတဲ့ ကျွန်တော့်အတွက်တော့ ပုံလေးတွေ နဲ့တကွဖတ်လိုက်ရတဲ့ ဒီပို့စ်လေးဟာ အရမ်းတန်ဖိုးရှိတယ်။
ခင်မင်စွာဖြင့်
ပေါ့ဆိမ့်
ဆင်တဲကဖေး
Post a Comment