ဒီနေ့ နေ့လည်စာ စားပြီးပြန်လာတော့ ရုံးက စားပွဲပေါ်မှာ
စက္ကူအိတ်အဖြူကြီး တင်ထားတာ တွေ့လိုက်တယ်။ အိတ်က ၁ ပေခွဲလောက် မြင့်တယ်။
အထဲမှာ အသီးခြောက်တွေနဲ့ လုပ်ထားတဲ့ ချော့ကလက် ကိတ်မုန့်ကြီးတခု။
ဈေးပေါမယ့်ဟာမျိုးတော့ မဟုတ်လောက်ဘူး။ စင်္ကာပူမှာ ကိတ်မုန့်ဈေးကတော့ ဒေါ်လာ
၃၀ ကနေ ၅၀ ကြားလောက်မှာ ရှိမယ်။ ဟိုတယ်တွေမှာ ဖွင့်ထားတဲ့
ဆိုင်အကောင်းစားကနေ ဆိုရင် ဒီထက်မက ဈေးပိုပေးရတယ်။
ဒီဇင်ဘာလဆိုတော့ အဲဒီဟာက ခရစ်စမတ်လက်ဆောင် ဖြစ်မယ်လို့ပဲ တွေးလိုက်တယ်။ ပေးမယ့်သူကလည်း ကျွန်တော်တို့ဌာနရဲ့ ဘော့စ်ပဲ ဖြစ်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရုံးက စားပွဲတိုင်းမှာ မရှိဘူးလေ။ ဘော့စ်ရဲ့ လက်အောက်မှာ လုပ်နေတဲ့ ကျွန်တော်တို့ ၅ ယောက်ရဲ့ စားပွဲတွေမှာပဲ အဲဒီအိတ်တွေကို တွေ့ရတာပါ။ ဘော့စ်က စင်္ကာပူငယ်မွေးခြံပေါက် ခရစ်ယာန်ဘာသာဝင်ပါ။ အိမ်ထောင်ရှိပေမယ့် ကလေးမရှိဘူး။ လူမှုရေးလုပ်ငန်းတွေကို စိတ်ဝင်စားတာတွေ့ရတယ်။ ကမ္ဘောဒီးယားမှာ မိဘမဲ့ကလေးတွေကို ကျောင်းတွေ ဆောက်ပေးတာ၊ ကစားကွင်းတွေ ဆောက်ပေးတာကို သာသနာပြုအဖွဲ့တွေနဲ့အတူ လုပ်အားပေးတာမျိုး လုပ်တယ်။ ငွေလည်း လှူတာပေါ့။
ကိတ်မုန့်ကြီးကို အိမ်ကို ယူသွားပြီး အိမ်ကလူတွေနဲ့ ခွဲစားမယ်လို့ အစပထမတုန်းမှာ စိတ်ကူးလိုက်တယ်။ ရုံးစောစောဆင်းလို့ ရပေမယ့် အဲဒီအိတ်နဲ့ လူကြပ်တဲ့ ရထားပေါ်မှာ အဆင်မပြေပါဘူး ဆိုပြီး ရုံးက ဖယ်ရီဘတ်စ်ကားကိုပဲ စောင့်စီးမယ်လို့ စိတ်ကူးမိတာနဲ့ ရုံးမှာပဲ အလုပ် ဆက်လုပ်နေလိုက်တယ်။ ရုံးဆင်းချိန်ရောက်တော့ ရုံးဝင်းအပြင်က ဘတ်စ်ကားစီ လမ်းလျှောက်လာတုန်း ဝင်းထိပ်က လုံခြုံရေးတွေကို တွေ့မိတယ်။ သူတို့တွေက ရုံးပြန်တဲ့လူမှန်သမျှရဲ့ အိတ်တွေကို ရုံးဝင်းထိပ်မှာ ဖွင့်စစ်လေ့ရှိတယ်။
အဲဒီမှာ စဉ်းစားမိတာက... ဒါမျိုးမုန့်တွေက ကိုယ်တွေအနေနဲ့ မကြာခဏ စားဖူးတယ်။ ရုံးက လုပ်တဲ့ပွဲတွေမှာလည်း စားဖူးတယ်။ မွေးနေ့ပွဲတွေမှာလည်း စားဖူးတယ်။ ဧည့်ခံပွဲတွေမှာ စားဖူးတယ်။ ဟိုလူက ဝယ်ကျွေး ဒီလူက ဝယ်ကျွေး... အဲဒီဟာမျိုးမှာလည်း စားဖူးတယ်။ စားချင်ရင်လည်း ဝယ်စားနိုင်တယ်။ ဟိုဦးလေးကြီးတွေကတော့ မိုးလင်းမိုးချုပ် လုပ်ရပေမယ့် လခလည်း နည်းရှာတယ်။ ရုံးမှာ လုပ်တဲ့ပွဲတွေကိုလည်း အဖိတ်ခံရမျိုး မဟုတ်ဘူး။ ဒါမျိုးကိတ်မုန့်တွေကို ငွေကုန်ကြေးကျခံပြီး ဝယ်စားမှာလည်း မဟုတ်လောက်ဘူး။ ဒါနဲ့ပဲ အိမ်ကို ယူသွားမယ့် ကိတ်မုန့်ကို အဲဒီဦးလေးကြီးတွေ လက်ထဲ ထည့်ပေးလိုက်တော့တယ်။ ရုတ်တရက် ကြောင်နေတဲ့ သူတို့တွေကို ခရစ်စမတ် လက်ဆောင်လို့ ပြောပြီး ပေးလိုက်တယ်။ သူုတို့တွေကို ဂရုတစိုက် အလေးထားတဲ့သူတွေ ရှိမှန်း သူတို့ သိသွားရတာပေါ့လေ။
ဒီနေ့ ဘာလုပ်မယ် ညာလုပ်မယ် ကြိုတင် မရည်ရွယ်ထားပဲ ရှိတာလေးနဲ့ ကြုံသလိုလေး အဆင်ပြေသလိုလေး ပေးလှူခဲ့ဖြစ်တယ်။ အလှူကြီး အတန်းကြီး မဟုတ်တာ... တန်ဖိုးကြီးတာ မကြီးတာ အပထား။ အခုလို ဖျတ်ခနဲ ပေးလှူဖြစ်တာမျိုးလေးကို သဘောကျမိတယ်။ အဲဒါမျိုးအကျင့်က ပါပါးဆီက အမွေရတာလို့ ပြောနိုင်တယ်။ ပါပါးက အဲဒါမျိုး ဖျတ်ခနဲ ပေးကမ်းတာမျိုးတွေ ခဏခဏ လုပ်ဖူးတာ ငယ်ငယ်ကတည်းက မြင်ဖူးတယ်။ သူက မရှိဆင်းရဲသားတွေကို ကျွေးမွေးတယ်။ ပေးကမ်းတယ်။ ပြည့်နေတဲ့ အိုးတွေကို ထပ်ဖြည့်တာထက် မပြည့်တဲ့အိုးတွေကို ဖြည့်ဆည်းပေးတာ ပိုကောင်းတယ်။ ဒါမျိုးအကျင့်ကို တကူးတက သင်ပေးထားတာမျိုး မဟုတ်ပေမယ့် အဲဒီအမူအကျင့်က ကျွန်တော့်ဆီကို အတုမြင်အတတ်သင် ဆိုသလိုမျိုး ကူးလာတယ်လို့ ထင်တယ်။
တကယ်ပါ... ဒါမျိုးအလှူတွေက မကြီးကျယ်လှပေမယ့် စိတ်ထဲမှာတော့ အထူးတလည် ပီတိဖြစ်ရပါတယ်။