၁။ ပထမဦးဆုံး ပုံစံ/ငွေသွင်းဆိုတဲ့ ကောင်တာမှာ မြန်မာငွေ ၃၅၀၀ ကျပ် သွင်းပြီး အစိမ်းနုရောင် ပြေစာတရွက် အရင်ထုတ်ရပါမယ်။ အဲဒီပြေစာက ဓါတ်ပုံရိုက်တဲ့နေရာမှာ ပြရမယ့် ပြေစာပါပဲ။
၂။ ဘေးကပ်ရက်(L ပုံစံ ထောင့်ချိုး)က ကောင်တာမှာ ငွေသွင်းထားတဲ့ ပြေစာကို ပြပြီး လျှောက်လွှာ ၃ စောင်တွဲကို ထုတ်ရပါမယ်။ ပြေစာပေါ်မှာ လျှောက်လွှာထုတ်ပြီးကြောင်း အမှတ်အသားတခု လုပ်ပေးပါလိမ့်မယ်။
၃။ လျှောက်လွှာကို နောက်မှ ဖြည့်ပါ။ ဓါတ်ပုံ အရင် သွားရိုက်ပါ။ ဓါတ်ပုံရိုက်တဲ့အခန်းက အမျိုးသားတခန်း အမျိုးသမီးတခန်း ရှိပါတယ်။ ၁၅ မိနစ်လောက် ကြာရင် ပထမဦးဆုံး ငွေသွင်းခဲ့တဲ့ ကောင်တာဘေးက ဓါတ်ပုံထုတ်ရန်ဆိုတဲ့ ကောင်တာမှာ ဓါတ်ပုံ ထုတ်လို့ ရပါပြီ။
၎။ စာအုပ်အသစ် စလျှောက်တာဆိုရင်တော့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း မိတ္တူ ၃ စုံ ကူးဖို့ လိုပါတယ်။ မှတ်ပုံတင် မရှိသေးတဲ့ ကလေးအတွက်ဆိုရင် မွေးစာရင်း လိုပါတယ်။ အသစ်လျှောက်တဲ့သူတွေက မှတ်ပုံတင် (မွေးစာရင်း)နဲ့ သန်းခေါင်စာရင်းကို စစ်ဆေးတဲ့ ကောင်တာမှာ မူရင်းတွေပြပြီး တိုက်ဆိုင် အစစ်ခံရဖို့ လိုပါတယ်။ စစ်ဆေးတဲ့ ကောင်တာ ပုံစံထုတ်တဲ့ကောင်တာရဲ့ မျက်စောင်းထိုးမှာ ရှိပါတယ်။ စစ်ဆေးပြီးရင် လဝက အရာရှိက အဲဒီမိတ္တူတွေအပေါ်မှာ တံဆိပ်တုံးထု လက်မှတ်ထိုးပေးပါတယ်။ သက်တမ်းတိုးတဲ့သူတွေအတွက် မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ လက်ရှိကိုင်ဆောင်ထားတဲ့ ပတ်စ်ပို့စာအုပ်ကို မိတ္တူ ၂ စုံ ကူးထားရပါမယ်။ သက်တမ်းတိုးတဲ့သူတွေအတွက် အဲဒီမိတ္တူတွေကို စစ်ဆေးခံဖို့ လုံးဝ မလိုအပ်ပါဘူး။
၅။ ငွေသွင်းဖို့ ဘဏ်ဖွင့်ပြီဆိုရင်တော့ လျှောက်လွှာတွေကို နောက်မှဖြည့်ပါ။ ငွေသွင်းဖို့ အရင်တန်းစီလိုက်တာ ပိုကောင်းပါတယ်။ ဘဏ်က လျှောက်လွှာဝယ်ရတဲ့အခန်းကြီးရဲ့ မျက်နှာချင်းဆိုင် အခန်းမှာပါ။ အရင်ဦးဆုံး ငွေသွင်းပြေစာမှာ အမည် မှတ်ပုံတင် အစရှိတဲ့ အချက်အလက်တွေကို ဖြည့်ပါ။ ပြီးရင် တန်းစီပြီး ငွေသွင်းပါ။ ကိုယ်နဲ့အတူ အဖေါ်ပါလာရင် ကိုယ်က အချက်အလက်တွေ ဖြည့်နေတုန်း သူ့ကို တန်းစီခိုင်းထားပါ။ ငွေသွင်းပြီးရင် ခဏစောင့်ရပါတယ်။ ဘဏ်က အမည်အော်ခေါ်ပြီး ငွေသွင်းပြေစာ ပြန်ထုတ်ပေးပါမယ်။ သက်တမ်းတိုးတာအတွက် မြန်မာငွေ ၂ သောင်းကျပ် ပေးသွင်းရပါမယ်။ အကယ်လို့ သက်တမ်းတိုးမယ့် ပတ်စ်ပို့စာအုပ်က ၁ နှစ်ကျော်လောက် သက်တမ်းကျန်နေသေးရင် ဒဏ်ကြေး ၄ သောင်းကျပ် ထပ်ဆောင်ရပါသေးတယ်။
၆။ ဓါတ်ပုံလည်း ရပြီ။ ဘဏ်ငွေသွင်းပြေစာလည်း ရပြီ။ အဲဒါဆို လျှောက်လွှာ ၃ စောင်ကို ဓါတ်ပုံ ၁ ပုံစီကပ်ပြီး ဖြည့်ပေတော့။ ဓါတ်ပုံကပ်ဖို့ ကော်ဗူး၊ မှားရေးတာ ရှိရင် ဖျက်ဖို့ မင်ဖျက်ဆေးဖြူတွေ အိမ်ကနေ တပါတည်း ယူလာပါ။ ပြီးရင် ပုံစံစီတယ် ဆိုလား လျှောက်လွှာစီတယ် ဆိုလား... သွားလုပ်ရပါတယ်။ မိတ္တူကူးပေးတဲ့ အခန်းထဲမှာပဲ အဲဒီကောင်တာ ရှိပါတယ်။ အဲဒါက ဘာမှတော့ မဟုတ်ပါ။ ကိုယ်တွေ ဖြည့်ထားတဲ့ လျှောက်လွှာတွေ၊ မိတ္တူတွေကို အစီအစဉ်တကျ ဖြစ်အောင် စီပေးတာပါ၊ အဲဒီမှာ ဓါတ်ပုံ ၁ ပုံ ထပ်ပေးရပါတယ်။
၇။ ပြီးရင် လျှောက်လွှာသွားတင်လို့ ရပါပြီ။ ကွန်ပျူတာဌာနမှာ ကိုယ့်အချက်အလက်တွေကို ကွန်ပျူတာနဲ့ ဖြည့်ပါမယ်။ ဓါတ်ပုံကို စကန်ဖတ်ပါတယ်။ အဲဒီမှာပဲ လက်ဗွေနှိပ်ရပါတယ်။ ပြီးရင်တော့ ပတ်စ်ပို့ထုတ်ရမယ့် နေ့စွဲပါတဲ့ စလစ်လေး ထွက်လာပါမယ်။ အဲဒီ စလစ်မှာ ပါတဲ့ အင်္ဂလိပ်လို ရေးထားတဲ့ အမည်၊ မွေးနေ့ စတဲ့ အချက်အလက်တွေကို သေချာ ပြန်စစ်ပါ။ အမည် စာလုံးပေါင်း မတူတာ ရှိရင် ချက်ချင်း ပြန်ပြောဖို့ လိုပါတယ်။ ၁၀ ရက်အကြာမှာ အဲဒီစလစ်ကို ယူပြီး ပတ်စ်ပို့ ထုတ်လို့ရပါပြီ။
ကဲ... ရန်ကုန်မှာ ပတ်စ်ပို့စာအုပ် သက်တမ်းတိုးတာ ဒါပါပဲကွယ်။ ကြားထဲမှာတော့ လိုအပ်သလို မိတ္တူကူးခိုင်းတာတွေ ရှိပါတယ်။ မိတ္တူကူးခက တမျက်နှာကို မြန်မာငွေ ၁၀၀ ကျပ်ပါ။ ၁၀၀ တန် ၂၀၀ တန်တွေ ဆောင်ထားဖို့ လိုပါမယ်။ အိမ်က လျှောက်လွှာတွေ ကြိုဝယ်ပေးထားနိုင်ရင်တော့ လျှောက်လွှာကို ကြိုဝယ်ထားပြီး အိမ်မှာ အေးအေးဆေးဆေး အချိန်ယူ ဖြည့်ပါလို့လည်း အကြံပေးချင်ပါတယ်။
ပြောင်းလဲလာတဲ့ အချက်ကတော့ အရင်ကလို လက်ဖက်ရည်ဖိုး တောင်းတာ မရှိတော့ပါဘူး။ ကောင်တာက တချို့သော ရဲတွေကတော့ ဟောက်စားလုပ်တာ ရှိတတ်ပါတယ်။ အများစုကတော့ ချိုချိုသာသာ ပြောဆို ဆက်ဆံပေးကြတာကို ကြုံခဲ့ရပါတယ်။ ဘယ်အခန်းက ဘယ်နားမှာ ရှိမှန်း မသိဘူးဆိုရင်လည်း တွေ့တဲ့ဝန်ထမ်းကို မေးပြီး လမ်းညွှန်ဖို့ အကူအညီတောင်းပါ။ သူတို့ ကူညီပေးကြပါတယ်။ တချို့က တိုတိုတုတ်တုတ် ဖြေပါတယ်။ တချို့က အသေးစိတ် ဖြေပါတယ်။ မူပြောင်းပေမယ့် လူပြောင်းဖို့ နည်းနည်းလေး ကျန်နေသေးတယ် ဆိုတဲ့ သဘောလေးပါပဲကွယ်။
P.S ပတ်စ်ပို့ထုတ်ရမယ့် နေ့ရောက်လို့ သွားထုတ်တဲ့အခါမှာ ပတ်စ်ပို့ထုတ်ရန် ဆိုတဲ့ ထောင့်ဆုံးအခန်းလေးကို အရင်သွားပါ။ အထဲမှာ ကွန်ပျူတာတလုံးနဲ့ အလုပ်ရှုပ်နေတဲ့ ဝန်ထမ်း ၂ ယောက်ကို တွေ့ရပါမယ်။ စနစ်တကျ တန်းစီတာကို ကျင့်သားမရသေးတဲ့ ရွှေပြည်ကြီးမှာ တန်းစီနေသူဟာ နောက်မှာပဲ ရှိနေတတ်တာကို ကြုံခဲ့ရပါတယ်။ အဲဒါကြောင့် အဲဒီအခန်းသေးသေးလေးရဲ့ ပြတင်းပေါက်အဝမှာ လူတွေ စုပြုံတိုးနေတာကို တွေ့ခွင့်ရှိနိုင်ပါမယ်။ အဲဒီပြတင်းပေါက်ကနေ အထဲကလူကို စလစ်ပေးလိုက်ရင် သူက ကွန်ပျူတာနဲ့ တိုက်စစ်ပြီး စာရွက်ပေါ်မှာ နံပါတ်တွေ ချရေးပါတယ်။ ပြီးရင် အမည်ခေါ်ပြီး အဲဒီစလစ်ကို ပြန်ပေးပါလိမ့်မယ်။ တချို့ကိုတော့ မိတ္တူကူးခိုင်းတာ တွေ့ရပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ အဲဒီစလစ်ကို ယူပြီး အဲဒီအခန်းကနေ မျက်စောင်းထိုးလောက်မှာ ရှိတဲ့ ဘဏ်ဘေးနားက ပတ်စ်ပို့စာအုပ်ထုတ်ရန် ဆိုတဲ့ အခန်းထဲကို ဝင်သွားပါ။ ပါလာတဲ့ စလစ်ကိုပေးပြီး ပတ်စ်ပို့စာအုပ်ထုတ်ယူပါ။ ပတ်စ်ပို့ပါ အချက်အလက်တွေကို မှန်မမှန် စစ်ဆေးပါ။ စာအုပ်သက်တမ်း ၅ နှစ် ပေးထား မပေးထားကို ပြန်စစ်ပါ။ အားလုံး မှန်ကန်တယ် ဆိုရင်တော့ အိမ်ပြန်လို့ ရပါပြီခင်ဗျာ။
Wednesday, October 23, 2013
Tuesday, February 19, 2013
Burma Born Chinese (BBC)
ဦးနုရဲ့ တာတေစနေသား၊ ဦးသုဝေရေးတဲ့ ဖဆပလဦးကျော်ငြိမ်း၊
ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိ ဆိုင်းစုမှသည်
မန်ဟိုင်းဆီသို့၊ ဒေါက်တာခင်လက်ျာရေးတဲ့ ဖေဖေဗိုလ်လက်ျာ၊ သိန်းဖေမြင့်ရဲ့
မြန်မာ့နိုင်ငံရေး ကန့်လန့်ဖြတ်မြင်ကွင်း စတဲ့ စာအုပ်တွေကို ဖတ်ဖြစ်တာ
အကျိုးရှိတယ်။ အရင်က ဟိုတစ ဒီတစ သိထားတဲ့ ဖတ်စာအုပ်ထဲက မပြည့်မစုံ
သမိုင်းတွေပဲ ရှိတာ။ အခုတော့ ခေတ်အခြေအနေတခုရဲ့ သမိုင်းရုပ်လုံးကို
အပြည့်အစုံ မဟုတ်တောင်မှ မှုန်ဝါးဝါး ကွက်တိကွက်ကျား မြင်ရတာမျိုး
မဟုတ်တော့ဘူး။ နောက်ထပ် ဖတ်စရာတွေ အများကြီး ကျန်သေးတယ် ဆိုတာလည်း
သိထားပါတယ်။ ဖတ်သင့်တဲ့ စာအုပ်တွေ ရှိရင်လည်း ကျေးဇူးပြုပြီး လမ်းညွှန်ဝေမျှပါဦး။
ကမ္ဘာ့သမိုင်းထက် မြန်မာ့သမိုင်းတွေကို ပိုဖတ်ဖြစ်တယ်။ ဟိုဘက်ဒီဘက် အမျိုးတွေထဲမှာ အဲဒီလို သမိုင်းစာအုပ်တွေ အထုပ္ပတ္တိတွေ ရှာဖွေစုဆောင်း ဖတ်ဖြစ်တာ ရှားရှားပါးပါး ကိုယ်တယောက်ပဲ ရှိတယ်။ အောင်ဆန်းသူရိယဘွဲ့ရထားတဲ့ ဗိုလ်မှူးအေးချို၊ ဗိုလ်ကြီးတိုက်ချွန်း၊ တပ်သားလှသောင်းတွေရဲ့ အထုပ္ပတ္တိစာအုပ်တွေလည်း ဝယ်စုထားတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့အထုပ္ပတ္တိလည်း မချန်ထားခဲ့ဘူး။ သိန်းဖေမြင့်ရဲ့ အရှေ့က နေဝန်းထွက်သည့်ပမာ ဆိုတဲ့ နှစ်အုပ်တွဲကိုလည်း ဈေးကြီးပေးဝယ်ပြီး သိမ်းထားတယ်။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ သူ့ကျွန် မခံပြီ စာအုပ်နဲ့ ဆရာမြသန်းတင့်ရေးတဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ စာအုပ်တွေ လက်ထဲရောက်တုန်းက သိပ်ကို ပျော်ခဲ့ဖူးတယ်။
သမိုင်းကို စိတ်ဝင်စားလို့ ဖတ်ဖြစ်တာပါ။ နိုင်ငံရေး လုပ်ဖို့လား သမိုင်းဆရာ လုပ်ဖို့လား ဝေဖန်ရေး လုပ်ဖို့လားဆိုရင် ကိုယ့်မှာ ဖြေစရာ ဘာအဖြေမှ ရှိမှာ မဟုတ်ဘူး။ ဖြစ်နိုင်တာတခုကတော့ ကိုယ့်ရဲ့ နောက်မျိုးဆက်တွေကို ကိုယ်မွေးဖွား ကြီးပြင်းရာမြေရဲ့ ပုဂံခေတ်၊ ဟံသာဝတီခေတ်၊ ကုန်းဘောင်ခေတ် သမိုင်းတွေ၊ ကိုလိုနီခေတ် ဂျပန်ခေတ် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ လွတ်လပ်ရေးရပြီးကာစ ခေတ်ကာလသမိုင်း၊ သမိုင်းအစုံကို ပြန်ပြောင်း ပြောပြနိုင်မယ်။ ကိုယ့်ရဲ့နောက်မျိုးဆက်က ကိုယ့်လို မြန်မာ့သမိုင်းကို စိတ်ဝင်စားတယ် ဆိုရင်ပဲ ကိုယ်ဟာ အတော်လေးကို ကျေနပ်ပီတိဖြစ်မိနေမယ် ထင်ပါတယ်။
သမိုင်းကို ပြောပြတာနဲ့အတူ ကိုယ်သိထားသလောက် မြန်မာတွေရဲ့ ချစ်စရာကောင်းတဲ့ ပွဲတော်တွေ၊ ယဉ်ကျေးမှုတွေ၊ ထုံးတမ်း ဓလေ့တွေ၊ အရပ်ဒေသတွေရဲ့ အကြောင်းတွေကိုလည်း ပြောပြဖြစ်မယ်။ ပွဲတော်တွေ၊ အရပ်ဒေသတွေကို အခါအခွင့်သင့်ရင် သင့်သလို သွားရောက် လည်ပတ်နိုင်အောင် ကြိုးစားမယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နဲ့ ရှမ်း ဆိုတဲ့ လူမျိုးစုကြီးတွေ စုစည်းနေထိုင်တဲ့ အကြောင်းတွေ ပြောပြဖြစ်မယ်။ အကြောင်းကြောင်းကြောင့် တချိန်ချိန်မှာ တနေရာရာမှာ အမြဲတမ်း အခြေချဖြစ်နေရင်တောင် ဇီးသီးသည်မဗျိုင်း မဖြစ်ရလေအောင် နှလုံးသွင်းဖို့ ကြိုးစားမယ်။
စကားမစပ်.... မြန်မာစာကိုလည်း မြတ်နိုးတယ်။ မြန်မာလို ရေးတဲ့စာအုပ်တွေကို ပိုဖတ်ဖြစ်တယ်။ သိတဲ့ဘာသာစကားကလည်း မြန်မာစာနဲ့ အင်္ဂလိပ်စာပဲ ရှိတာကိုး။ အင်္ဂလိပ်ရေးတဲ့ စာအုပ်တွေကို ပညာရေးအတွက်ပဲ ဖတ်ဖြစ်တယ်။ အခုချိန်ထိ အင်္ဂလိပ်လို ရေးထားတဲ့ ဝတ္ထုစာအုပ်ကို တအုပ်လုံး ကုန်အောင် အစအဆုံး မဖတ်ဖူးသေးပါ။ လက်ရှိအချိန်ထိ မြန်မာစာကို စာလုံးပေါင်းအပြင် အသုံးအနှုန်း၊ သဒ္ဒါအထားအသို မှန်အောင်ပါ ဂရုတစိုက်နဲ့ လေ့လာမှတ်သား ရေးသားဖို့ ကြိုးစားနေဆဲပါ။ ကိုယ်ရေးတဲ့စာအထဲမှာ မှားတာတွေရှိလို့ ထောက်ပြပေးရင်လည်း အသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။ အပြန်အလှန်သဘောနဲ့ တချို့တွေမှာ စာလုံးပေါင်း မှားတာတွေကို တွေ့ရင်လည်း အမှန်ဖြစ်စေလိုတဲ့ သဘောနဲ့ ပြင်ပေးတာမျိုးတွေ လုပ်နေတုန်းပါပဲ။ အမုန်းခံရပေါင်း များပေမယ့် အမှားတွေ မြင်တဲ့အခါ အမှတ်မရှိ ပြင်ပေးနေတုန်းပါ။
သြော်... အရေးကြီးတာတခု ပြောဖို့ ကျန်ခဲ့တယ်။ အဲဒါကတော့ ကိုယ်ဟာ မြန်မာပြည်မှာ မွေး... မြန်မာပြည်မှာ ကြီးတဲ့ တရုတ်ကြီးပါ ခင်ဗျာ။ ဘာရယ်တော့ မဟုတ်ပါဘူး။ :)

Subscribe to:
Posts (Atom)