ဦးနုရဲ့ တာတေစနေသား၊ ဦးသုဝေရေးတဲ့ ဖဆပလဦးကျော်ငြိမ်း၊
ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိ ဆိုင်းစုမှသည်
မန်ဟိုင်းဆီသို့၊ ဒေါက်တာခင်လက်ျာရေးတဲ့ ဖေဖေဗိုလ်လက်ျာ၊ သိန်းဖေမြင့်ရဲ့
မြန်မာ့နိုင်ငံရေး ကန့်လန့်ဖြတ်မြင်ကွင်း စတဲ့ စာအုပ်တွေကို ဖတ်ဖြစ်တာ
အကျိုးရှိတယ်။ အရင်က ဟိုတစ ဒီတစ သိထားတဲ့ ဖတ်စာအုပ်ထဲက မပြည့်မစုံ
သမိုင်းတွေပဲ ရှိတာ။ အခုတော့ ခေတ်အခြေအနေတခုရဲ့ သမိုင်းရုပ်လုံးကို
အပြည့်အစုံ မဟုတ်တောင်မှ မှုန်ဝါးဝါး ကွက်တိကွက်ကျား မြင်ရတာမျိုး
မဟုတ်တော့ဘူး။ နောက်ထပ် ဖတ်စရာတွေ အများကြီး ကျန်သေးတယ် ဆိုတာလည်း
သိထားပါတယ်။ ဖတ်သင့်တဲ့ စာအုပ်တွေ ရှိရင်လည်း ကျေးဇူးပြုပြီး လမ်းညွှန်ဝေမျှပါဦး။
ကမ္ဘာ့သမိုင်းထက် မြန်မာ့သမိုင်းတွေကို
ပိုဖတ်ဖြစ်တယ်။ ဟိုဘက်ဒီဘက် အမျိုးတွေထဲမှာ အဲဒီလို သမိုင်းစာအုပ်တွေ
အထုပ္ပတ္တိတွေ ရှာဖွေစုဆောင်း ဖတ်ဖြစ်တာ ရှားရှားပါးပါး ကိုယ်တယောက်ပဲ
ရှိတယ်။ အောင်ဆန်းသူရိယဘွဲ့ရထားတဲ့ ဗိုလ်မှူးအေးချို၊
ဗိုလ်ကြီးတိုက်ချွန်း၊ တပ်သားလှသောင်းတွေရဲ့ အထုပ္ပတ္တိစာအုပ်တွေလည်း
ဝယ်စုထားတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့အထုပ္ပတ္တိလည်း
မချန်ထားခဲ့ဘူး။ သိန်းဖေမြင့်ရဲ့ အရှေ့က နေဝန်းထွက်သည့်ပမာ ဆိုတဲ့
နှစ်အုပ်တွဲကိုလည်း ဈေးကြီးပေးဝယ်ပြီး သိမ်းထားတယ်။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ သူ့ကျွန် မခံပြီ စာအုပ်နဲ့ ဆရာမြသန်းတင့်ရေးတဲ့
တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ စာအုပ်တွေ လက်ထဲရောက်တုန်းက သိပ်ကို
ပျော်ခဲ့ဖူးတယ်။
သမိုင်းကို စိတ်ဝင်စားလို့ ဖတ်ဖြစ်တာပါ။
နိုင်ငံရေး လုပ်ဖို့လား သမိုင်းဆရာ လုပ်ဖို့လား ဝေဖန်ရေး လုပ်ဖို့လားဆိုရင် ကိုယ့်မှာ ဖြေစရာ ဘာအဖြေမှ ရှိမှာ မဟုတ်ဘူး။
ဖြစ်နိုင်တာတခုကတော့ ကိုယ့်ရဲ့ နောက်မျိုးဆက်တွေကို ကိုယ်မွေးဖွား
ကြီးပြင်းရာမြေရဲ့ ပုဂံခေတ်၊ ဟံသာဝတီခေတ်၊ ကုန်းဘောင်ခေတ် သမိုင်းတွေ၊
ကိုလိုနီခေတ် ဂျပန်ခေတ် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊
လွတ်လပ်ရေးရပြီးကာစ ခေတ်ကာလသမိုင်း၊ သမိုင်းအစုံကို ပြန်ပြောင်း
ပြောပြနိုင်မယ်။ ကိုယ့်ရဲ့နောက်မျိုးဆက်က ကိုယ့်လို
မြန်မာ့သမိုင်းကို စိတ်ဝင်စားတယ် ဆိုရင်ပဲ ကိုယ်ဟာ အတော်လေးကို
ကျေနပ်ပီတိဖြစ်မိနေမယ် ထင်ပါတယ်။
သမိုင်းကို ပြောပြတာနဲ့အတူ
ကိုယ်သိထားသလောက် မြန်မာတွေရဲ့ ချစ်စရာကောင်းတဲ့ ပွဲတော်တွေ၊
ယဉ်ကျေးမှုတွေ၊ ထုံးတမ်း ဓလေ့တွေ၊ အရပ်ဒေသတွေရဲ့ အကြောင်းတွေကိုလည်း
ပြောပြဖြစ်မယ်။ ပွဲတော်တွေ၊ အရပ်ဒေသတွေကို အခါအခွင့်သင့်ရင် သင့်သလို
သွားရောက် လည်ပတ်နိုင်အောင် ကြိုးစားမယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊
ဗမာ၊ ရခိုင်နဲ့ ရှမ်း ဆိုတဲ့ လူမျိုးစုကြီးတွေ စုစည်းနေထိုင်တဲ့
အကြောင်းတွေ ပြောပြဖြစ်မယ်။ အကြောင်းကြောင်းကြောင့် တချိန်ချိန်မှာ
တနေရာရာမှာ အမြဲတမ်း အခြေချဖြစ်နေရင်တောင် ဇီးသီးသည်မဗျိုင်း မဖြစ်ရလေအောင်
နှလုံးသွင်းဖို့ ကြိုးစားမယ်။
စကားမစပ်....
မြန်မာစာကိုလည်း မြတ်နိုးတယ်။ မြန်မာလို ရေးတဲ့စာအုပ်တွေကို
ပိုဖတ်ဖြစ်တယ်။ သိတဲ့ဘာသာစကားကလည်း မြန်မာစာနဲ့ အင်္ဂလိပ်စာပဲ ရှိတာကိုး။
အင်္ဂလိပ်ရေးတဲ့ စာအုပ်တွေကို ပညာရေးအတွက်ပဲ ဖတ်ဖြစ်တယ်။ အခုချိန်ထိ
အင်္ဂလိပ်လို ရေးထားတဲ့ ဝတ္ထုစာအုပ်ကို တအုပ်လုံး ကုန်အောင် အစအဆုံး
မဖတ်ဖူးသေးပါ။ လက်ရှိအချိန်ထိ မြန်မာစာကို စာလုံးပေါင်းအပြင်
အသုံးအနှုန်း၊ သဒ္ဒါအထားအသို မှန်အောင်ပါ ဂရုတစိုက်နဲ့ လေ့လာမှတ်သား
ရေးသားဖို့ ကြိုးစားနေဆဲပါ။ ကိုယ်ရေးတဲ့စာအထဲမှာ မှားတာတွေရှိလို့
ထောက်ပြပေးရင်လည်း အသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။ အပြန်အလှန်သဘောနဲ့
တချို့တွေမှာ စာလုံးပေါင်း မှားတာတွေကို တွေ့ရင်လည်း အမှန်ဖြစ်စေလိုတဲ့
သဘောနဲ့ ပြင်ပေးတာမျိုးတွေ လုပ်နေတုန်းပါပဲ။ အမုန်းခံရပေါင်း များပေမယ့်
အမှားတွေ မြင်တဲ့အခါ အမှတ်မရှိ ပြင်ပေးနေတုန်းပါ။
သြော်...
အရေးကြီးတာတခု ပြောဖို့ ကျန်ခဲ့တယ်။ အဲဒါကတော့ ကိုယ်ဟာ မြန်မာပြည်မှာ
မွေး... မြန်မာပြည်မှာ ကြီးတဲ့ တရုတ်ကြီးပါ ခင်ဗျာ။ ဘာရယ်တော့ မဟုတ်ပါဘူး။
:)
Tuesday, February 19, 2013
Subscribe to:
Posts (Atom)