၁၉၆၅
မှာ အင်ဒိုနီးရှားမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။
အဲဒီအဓိကရုဏ်းမှာ လူ ၁ သန်းလောက် သေကြေပျက်ဆီးရတယ်လို့ ဆိုကြတယ်။
အင်တာနက်မှာ အဲဒီဟာကို ရှာဖတ်ချင်ရင် Indonesia massacre of 1965 လို့
ရေးပြီး ရှာကြည့်ပါ။
အဲဒီအဓိကရုဏ်းဟာ ဘာသာရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အဓိကရုဏ်း မဟုတ်ပါဘူး။ ၁၉၆၅ စက်တင်ဘာ ၃၀ မှာ သမ္မတဆူကာနိုကို ကာကွယ်စောင့်ရှောက်သူများလို့ အမည်တပ်ထားတဲ့ လက်နက်ကိုင်အုပ်စုတခုက အင်ဒိုနီးရှားစစ်တပ်ရဲ့ ထိပ်ပိုင်း ဗိုလ်ချုပ် ၆ ယောက်ကို ဖမ်းပြီး သတ်ပစ်လိုက်ပါတယ်။ အဲဒီလက်နက်ကိုင်အုပ်စုကပဲ မာဒေးကားရင်ပြင်နဲ့ သမ္မတနန်းတော်ကိုလည်း သိမ်းပိုက်လိုက်ပါတယ်။ အဲဒီဟာကို 30 September Movement လို့ ခေါ်ပါတယ်။
အင်ဒိုနီးရှားသမ္မတ ဆူကာနိုက အဲဒီ စက်တင်ဘာ ၃၀ လှုပ်ရှားမှုဟာ သူနဲ့ မဆိုင်ပါဘူးလို့ ငြင်းဆိုပြီး စစ်တပ်ရဲ့အကူအညီနဲ့ တိုင်းပြည်ရဲ့ အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်။ ဗိုလ်ချုပ်တွေကို သတ်ဖြတ်ပြီး အာဏာသိမ်းဖို့ ကြိုးစားတဲ့အုပ်စုဟာ ကွန်မြူနစ်နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး အောက်တိုဘာ ၅ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးဆူဟာတို ဦးဆောင်တဲ့ စစ်တပ်က စွပ်စွဲချက်ဝါဒတွေ ဖြန့်ပြီး ကွန်မြူနစ်တွေကို ရှင်းလင်း သုတ်သင်ပါတော့တယ်။
အဲဒီအချိန်မှာ အင်ဒိုနီးရှားမှာ ကွန်မြူနစ်ပါတီ (ကေပီအိုင်)က အင်အားကြီးပါတယ်။ ပါတီဝင်၂ သန်းလောက် ရှိပါတယ်။ သမ္မတဆူကာနိုကလည်း ကွန်မြူနစ်ဝါဒတွေကို အားပေးပါတယ်။ ဒါပေမယ့် ကွန်မြူနစ်တွေရဲ့ မြေယာစီမံခန့်ခွဲမှု သဘောတရားတွေကို မြေပိုင်ရှင်မွတ်စလင်တွေက အမြင်မကြည်လင်ပါဘူး။ အဲဒါကြောင့် ကွန်မြူနစ်တွေ ကြီးစိုးလာမှုကို မလိုလားကြဘူး။
စစ်တပ်ရဲ့ ဝါဒဖြန့်ချက်တွေက မမှန်ပေမယ့် ဝါဒဖြန့်ချက် အောင်မြင်ပါတယ်။ အင်ဒိုနီးရှားပြည်သူတွေက အဲဒီဝါဒဖြန့်ချက်ကို ယုံကြည်ကြပါတယ်။ သမ္မတဆူကာနိုကိုလည်း ထောက်ခံမှု ကျဆင်းလာပါတယ်။ ကွန်မြူနစ်ပါတီက စွပ်စွဲချက်တွေကို ငြင်းဆိုပေမယ့် နှစ်ကာလအတော်ကြာ ဖြစ်တည်လာတဲ့ အမုန်းတရားတွေက ကြီးသထက် ကြီးလာပါတယ်။
နောက်ဆုံးမှတော့ အင်ဒိုနီးရှားတခွင်က ကွန်မြူနစ်ပါတီနဲ့ ပတ်သက်တဲ့သူတွေ အစုလိုက် အပြုံလိုက် အသတ်ခံရပါတယ်။ အဲဒီ သတ်ဖြတ်မှုတွေမှာ စစ်တပ်ကလည်း ပါဝင်သလို အင်ဒိုနီးရှားက ပြည်သူတွေလည်း ပါဝင်ပါတယ်။ ကွန်မြူနစ်ပါတီနဲ့ ပတ်သက်မှုရှိတဲ့ အင်ဒိုနီးရှားမှာ နေထိုင်တဲ့ တရုတ်တွေလည်း အသတ်ခံရပါတယ်။ ဘာမှ မဆိုင်တဲ့ အပြစ်မဲ့ ပြည်သူတွေလည်း အချင်းချင်းသတ်လို့ သေခဲ့ကြပါတယ်။ အဲဒီလို အသတ်ခံရတဲ့အထဲမှာ မွတ်စလင်တွေ ပါပါတယ်။
တကယ်တော့ ၁၉၆၅ အဓိကရုဏ်းဟာ နိုင်ငံရေး ခွက်စောင်းခုတ်တာပါ။ သမ္မတရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ကွန်မြူနစ်ပါတီကို မြေလှန်ပစ်တာပါ။ သမ္မတဆူကာနိုကို ဖြုတ်ချပြီး စစ်တပ်က ဗိုလ်ချုပ်ကြီးဆူဟာတိုက သမ္မတနေရာ ဝင်ယူတာပါ။ ဖြုတ်ချခံရတဲ့ အင်ဒိုနီးရှားရဲ့ ပထမဆုံး သမ္မတဆူကာနိုလည်း အကျယ်ချုပ်ဘဝနဲ့ပဲ အသက် ၆၉ နှစ်မှာ သေသွားခဲ့ရပါတယ်။
အဲဒီအဓိကရုဏ်းကို နောက်ခံထားပြီး ၁၉၆၅ ခုမှာ အင်ဒိုနီးရှားက ဗုဒ္ဓဘာသာဝင်တွေ မျိုးတုံးသတ်ဖြတ်ပါတယ်လို့ ရေးသားနေတဲ့ ရဟန်းအမည်နဲ့ FB Account တွေကို ရွံ့ရှာစိတ်ပျက်မိလို့ သမိုင်းအမှန်ကို ပြန်ရှာဖွေ တင်ပြတာပါ။ အင်တာနက်ခေတ်ကြီးမှာ အလွယ်မယုံကြပါနဲ့။ သမိုင်းဖြစ်ရပ်မှန်လား ဖြစ်ရပ်မှားလားဆိုတာ အလွယ်တကူ ရှာဖွေ ဖတ်ရှုလို့ ရပါတယ်။
ဝါဒဖြန့်သတင်းတွေဟာ အင်မတန် အဆိပ်ပြင်းပါတယ်။ အဆိပ်တွေကို တနေ့ တနေ့ နည်းနည်းစီ ကျွေးနေတာကို မမြင်ရင်တော့ ဝါဒမှိုင်းတွေမိပြီး အင်ဒိုနီးရှားက ဖြစ်ရပ်ဆိုးကြီးဟာ ကိုယ်တွေတိုင်းပြည်မှာလည်း တနေ့နေ့မှာ ထပ်ဖြစ်လာနိုင်ပါတယ်။
ဘယ်အဓိကရုဏ်းမဆို နိဂုံးမှာ သာယာပျော်ရွှင်မှုတွေ မပေးဘူးဆိုတာ သဘောပေါက် နားလည်ကြပါ။ အဓိကရုဏ်းရဲ့ ဆိုးမွေတွေဖြစ်တဲ့ အမုန်းတရားနဲ့ နာကျည်းချက်ဒဏ်ရာတွေ မျိုးဆက်တိုင်း လက်ဆင့်ကမ်းနေမှာကို မလိုချင်ကြပါနဲ့ဗျာ။

No comments:
Post a Comment