ရန်ကုန်-
မန္တလေး ရထားလိုမျိုး ဗီယက်နမ်မှာ ဆိုင်ဂုံနဲ့ ဟနွိုင်း ပြေးတဲ့ ရထား
ရှိတယ်။ နိုင်ငံရဲ့မြို့တော် ဟနွိုင်းက မြောက်ပိုင်းမှာ...
စီးပွါးရေးမြို့တော် ဆိုင်ဂုံ (အခု ဟိုချီမင်းမြို့)က တောင်ပိုင်းမှာ
ရှိတယ်။ ဆိုင်ဂုံလို့ ပြောရင် ဒေသခံတွေက ပိုသိပါတယ်။ ဟိုချီမင်းမြို့လို့
မသုံးကြပါဘူး။ ဟနွိုင်းက လာတဲ့ ရထားက ဆိုင်ဂုံမှာ ဂိတ်ဆုံးတယ်။ အဲဒီလိုပဲ
ဆိုင်ဂုံက လာတဲ့ ရထားက ဟနွိုင်းမှာ ဂိတ်ဆုံးတယ်။ တနေ့ တနေ့ အဲဒီလို
အသွားအပြန် ရထားတွေ ၄ စီး ၅ စီးလောက် ရှိတယ်။
တခြားရထားတွေအကြောင်း မသိပေမယ့် ကိုယ်စီးခဲ့တဲ့ SE7 အကြောင်း ပြောပြချင်ပါတယ်။ အဲဒီ SE7 က ဟနွိုင်းကနေ ဆိုင်ဂုံကို သွားတဲ့ ရထားပါ။ အဲဒီရထားကို လမ်းတဝက်ဖြစ်တဲ့ ညချမ်းမြို့ကနေ စီးတာပါ။ ရထားဝင်ချိန် မှန်ပါတယ်။ ၈ နာရီ ၃၅ မိနစ်မှာ ရထားဝင်လာပါတယ်။ အတက်အဆင်း ၁၅ မိနစ်လောက် အချိန်ပေးတဲ့နောက် ဆက်ထွက်ပါတယ်။ ဆိုင်ဂုံကို မရောက်ခင် ကြားထဲမှာ ဘူတာ ၆ ခုလောက် ရပ်ပါတယ်။ ဆိုင်ဂုံက ညနေ ၄ နာရီ ၁၅ မိနစ်မှာ ဆိုက်ပါတယ်။ ပြောချင်တာက အချိန်တိကျပါတယ်။
ရထားလက်မှတ်ခက ဈေးသင့်ပါတယ်။ လေယာဉ်နဲ့ သွားရင် တယောက်ကို ဒေါ်လာ ၇၀ လောက် ကျပေမယ့် ရထားနဲ့က အိပ်စင်နဲ့အခန်းမှာ တယောက်ကို ဒေါ်လာ ၅၀ လောက်ပဲ ကုန်ပါတယ်။ ၄ နှစ်အောက် ကလေးတွေက လက်မှတ် ဝယ်စရာ မလိုပါဘူး။ အွန်လိုင်းကနေ လက်မှတ် ဝယ်လို့ ရပြီး လက်မှတ်ကို ပရင့်ထုတ်ပြီး ယူသွားနိုင်ပါတယ်။ ခရီးသည်တွေကို ရေသန့်တဗူးစီ ပေးပါတယ်။ ထမင်းစားချိန်မှာ ရထားက ဝန်ထမ်းတွေက ထမင်းဗူးတွေ လိုက်ရောင်းပါတယ်။
ရထားအခန်းထဲမှာ အိပ်စင် ၄ ခု ရှိပါတယ်။ အလယ်မှာ စားပွဲလေး တလုံး ရှိပြီး ပြတင်းတံခါး ရှိပါတယ်။ အခန်းထဲမှာ အဲကွန်းရယ် မီးအားသွင်းဖို့ ပလပ်ပေါက်ရယ်၊ အဝတ်အစား ချိတ်ဖို့ ချိတ်ရယ် ထားပေးထားပါတယ်။ ရထားတွဲတိုင်းမှာ အိမ်သာ ရှိပါတယ်။ အိမ်သာရဲ့ သန့်ရှင်းမှုက အကောင်းဆုံး မဟုတ်ပေမယ့် လက်ခံနိုင်တဲ့ အနေအထားပါ။
ရထားလမ်းတွေ ကောင်းပါတယ်။ ရထားက သိပ် မခုန်ပါ။ ဒါပေမယ့် စင်္ကာပူက ရထားလို အငြိမ်လည်း မဟုတ်ပါ။ ဘယ်ညာ လူးပါတယ်။ ဖွဖွလေး ခုန်ပါတယ်။ အိပ်ချင်နေတဲ့သူအတွက် ချော့သိပ်သလိုပါပဲ။ အခန်းတံခါး ဖွင့်ထားရင် ကော်ရီဒါဘက်က ပြတင်းပေါက်ကနေ တခြားဘက်အခြမ်းက မြင်ကွင်းတွေကို မြင်ရပါတယ်။
ရထားနဲ့ သွားတော့ ရထားလမ်းတလျှောက် ဗီယက်နမ်နိုင်ငံရဲ့ အခြေအနေကို မြင်တွေ့နိုင်ပါတယ်။ တွေ့မိသမျှ တောင်ကုန်း တောင်တန်းတွေဟာ စိမ်းစိုနေပါတယ်။ တောင်ကတုံးတွေ မတွေ့မိဘူး။ လမ်းဘေးတလျှောက်မှာ ရာဘာစိုက်ခင်းတွေ၊ နဂါးမောက်သီး စိုက်ခင်းတွေ၊ သီဟိုဠ်ပင်စိုက်ခင်းတွေ အစီအရီပါပဲ။ လျှပ်စစ်မီးက လမ်းတလျှောက်လုံး ရတာကို ဓါတ်ကြိုးတွေကို မြင်ရင် သိနိုင်ပါတယ်။
မကောင်းတာတွေလည်း ပြောချင်ပါတယ်။ အိပ်ခန်းထဲမှာ ကြွက်ရှိပါတယ်။ တခါတလေ ကုတင်အောက်က ထွက်လာတာကို တွေ့ရပါတယ်။ အခန်းရဲ့ အနံ့အသက်က သိပ်မကောင်းပါ။ ညှီစို့စို့ အနံ့ ရှိပါတယ်။ အိပ်ရာခင်း၊ ခေါင်းအုံး၊ စောင်တွေဟာ ရှေ့က ဆင်းသွားတဲ့ ခရီးသည်တွေ သုံးပြီးသားတွေပါ။ အိပ်ယာခင်းတွေ ညစ်ပတ်ပါတယ်။ ရထားတွဲစောင့်က တံမြက်စည်း လှဲပေမယ့် အခန်းထဲမှာ စည်းမဲ့ကမ်းမဲ့ ပစ်ထားတဲ့ အမှိုက်တွေ ရှိပါတယ်။
နောက်တချက်က ဆေးလိပ်မသောက်ရ ဆိုတဲ့ ရထားတွဲထဲမှာ ဗီယက်နမ်တွေ ဆေးလိပ် သောက်ကြပါတယ်။ ဘယ်အခန်းက သောက်နေမှန်း မသိရပေမယ့် လမ်းတလျှောက်မှာ ဆေးလိပ်နံ့ ၃ ခါလောက် ရပါတယ်။ ကလေးတွေ လူကြီးတွေ ဆူညံ့အော်ဟစ် စကားပြောကြပါတယ်။ တခြားအခန်းက လူတွေကို အားနာမှု မရှိပါဘူး။ အခန်းတံခါးကို မှားဖွင့်မိရင်လည်း ပြန်မပိတ်ပေးမယ် ခပ်တည်တည်နဲ့ ဆက်ထွက်သွားတာလည်း ရှိပါတယ်။
ရထားလမ်းတလျှောက် မြို့ရွာတွေကို ဖြတ်သွားရင် ဘာတွေ့ရသလဲ ဆိုတော့ ရထားလမ်းဘေးမှာ အမှိုက်ပစ်တာကို တွေ့ရပါတယ်။ လမ်းတခုပဲ ခြားတဲ့ အိမ်ကနေ ရထားလမ်းဘက်မှာ အမှိုက်တွေ လာသွန်တာကို ရထားပေါ်ကနေ တွေ့ရပါတယ်။ မြစ်ချောင်းတွေမှာလည်း မြစ်ထဲ ချောင်းထဲကို အမှိုက်ပစ်ချတာကို မြင်ရပါတယ်။
ဗီယက်နမ်ရဲ့ လူနေမှုမြင်ကွင်း အတွေ့အကြုံ လိုချင်ရင်တော့ ရထားစီးသင့်ပါတယ်။ လေယာဉ်စီးတာက ဘာမှ မမြင်လိုက်ရဘူးလေ။ ဒါပေမယ့် မကောင်းတဲ့အချက်တွေကို သည်းခံနိုင်မှ ရထားစီးဖို့ အကြံပေးချင်ပါတယ်။

No comments:
Post a Comment