စင်္ကာပူမှာ ၁၀ နှစ်အတွင်း ဖြတ်သန်းခဲ့တဲ့ အလုပ်အတွေ့အကြုံမှာ အားရကျေနပ်တာတွေ ရှိသလို အားမလို အားမရတဲ့ အပိုင်းတွေလည်း ရှိပြန်တယ်။ အများကြီး ကြိုးစားဖို့ လိုမှန်း သိသလို... ကြိုးစားဖို့ အခွင့်အလမ်းတွေ ရဖို့လည်း လိုပါတယ်။ တချို့အခြေအနေမှာ ကိုယ် ကြိုးစားတိုင်းလည်း အရာမထင်တာကိုလည်း နှလုံးသွင်း ဆင်ခြင်မိပါတယ်။ ရုံးမှာ အောက်ခြေအဆင့်ဖြစ်တဲ့ ဒုတိယအနိမ့်ဆုံးရာထူးကနေ စခဲ့ရတဲ့ ဘဝကိုလည်း မမေ့ပါဘူး။
ကိုယ်နဲ့
အကျွမ်းတဝင် ရှိတဲ့အလုပ်အတွက် အင်တာဗျူးမှာ စာတွေ့ရော လက်တွေ့ရော သေချာ
ဖြေနိုင်ခဲ့ပေမယ့် အလုပ် မရခဲ့သလို... ၃ နာရီခွဲကျော် ကြာတဲ့ ဟိုပြော
ဒီပြော အင်တာဗျူးနဲ့ အလုပ်ရခဲ့တာလည်း အမှတ်တရပါပဲ။ ဝက်သားအပါအဝင်
ခြေလေးချောင်းသား မစားတဲ့အကြောင်း၊ အိန္ဒိယမှာ ၃ လလောက်
ကျောင်းတက်ခဲ့ဖူးကြောင်း၊ နယူးဒေလီမှာ ယောကျာ်းတွေဟာ လမ်းဘေးမှာ
သေးပေါက်တဲ့အကြောင်းတွေ၊ တခ်ျမဟာကို သွားလည်တဲ့အကြောင်းတွေ ပြောရင်း
စင်္ကာပူမှာ အလုပ်ရသွားတာဟာ တကယ်တော့ ထူးဆန်းပါတယ်။
ဘုမသိ ဘမသိ အလုပ်မှာ အင်္ဂလိပ်စာလည်း အားနည်းလေတော့ အဲဒီအချိန်တုန်းက အလုပ်မှာ ကိုယ့်ကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် မထင်ကြပါဘူး။ ခိုင်းသမျှကို လေ့လာ... မသိတာကို မသိကြောင်း ရိုးရိုးသားသား ဝန်ခံ... အဆူအဆဲတွေ ကြံ့ကြံ့ခံပြီး ၂ နှစ်လောက် ဖြတ်ကျော်ပြီးမှပဲ အလုပ်မှာ အသုံးကျတဲ့ ဝန်ထမ်းတယောက် ဖြစ်လာတယ်။ ကြားထဲမှာ အလုပ် မပြုတ်တာကတော့ ကံကောင်းတယ်လို့ပဲ ပြောရမှာပဲ။
စင်္ကာပူမှာ အလုပ်ဝင်ကာစက အစစအရာရာ ချွေတာတဲ့အနေနဲ့ ရှိတာလေးကို သပ်သပ်ရပ်ရပ် ဝတ်စားပြီး ရုံးလာတယ်။ ဒါပေမယ့် ကိုယ့်ပုံက တောဂိုက်ပုံ ထွက်နေတယ်။ တရက်မှာ ဌာနမှုးက အဝတ်အစား ဝတ်တာနဲ့ ပတ်သက်ပြီး ဆုံးမတယ်။ သူ့ဆုံးမချက်ကို နာယူပြီး လိုအပ်တာတွေ ဝယ်ဝတ်တယ်။ သုံးသင့်တဲ့နေရာမှာ သုံးတယ်။ တောင်းမှာ အကွပ် လူမှာ အဝတ်ဆိုတာ ကိုယ့်အတွက်တော့ မှန်တယ်။ အဲဒီနောက်ပိုင်းမှာ ကိုယ့်ကို အစည်းအဝေးတွေ အတော်များများမှာ ခေါ်သုံးလာတယ်။ လူရှေ့ထွက်ပြီး ပြောရဆိုရလာတယ်။ အရင်ကလို ချောင်ထိုးထားတာမျိုး၊ နောက်ကွယ်ကနေ လုပ်ရတာမျိုးတွေ မဟုတ်တော့ဘူး။
အဲဒီ ၂ နှစ်ကျော်ကနေ ၅ နှစ် ကြားမှာ အိမ်ထောင်ကျပြီး ရာထူးတွေ တဒိုင်းဒိုင်း တက်ပါတယ်။ ၁ နှစ် ၁ ခါ ရာထူးတိုးတယ်လို့တောင် ပြောလို့ ရပါတယ်။ အဲဒီအတွက် အခွင့်အလမ်း ပေးတဲ့ အထက်လူကြီးတွေကို ကျေးဇူးတင်ရပါမယ်။ မလုပ်တတ်တာတွေ မလုပ်ဖူးတာတွေကို တာဝန်ပေးခိုင်းပါတယ်။ အဲဒီဟာတွေကို မလုပ်တတ် လုပ်တတ် လုပ်ရင်းနဲ့ တာဝန်တွေ စမ်းယူရင်းနဲ့ အဲဒီတာဝန်တွေဟာ အမြဲတမ်းတာဝန်တွေ ဖြစ်လာပါတယ်။ အမြဲတမ်းတာဝန်တွေ ဖြစ်လာရင်း အဲဒီတာဝန်နဲ့ သက်ဆိုင်တဲ့ ရာထူးတွေကို တိုးပေးပါတယ်။
အလုပ်မှာ နာမည်ပျက် မရှိအောင် လုပ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းအောင် နေပါတယ်။ အဖျက်အမှောင့်တွေကိုလည်း တတ်နိုင်သလောက် ရှောင်ပါတယ်။ ရှောင်လို့ မရရင်လည်း ဒေါသ ရှေ့မထားမိအောင် ဆင်ခြင်ပါတယ်။ တာဝန်ပေးလာရင်လည်း ကြိုးစားပါတယ်။ တခြားအလုပ်တွေမှာ ကူညီနိုင်တာကိုလည်း ကူညီပါတယ်။ အကြံပေးသင့်တာကိုလည်း အကြံပေးပါတယ်။
ဒီလိုနဲ့ပဲ အခုချိန်မှာ ဒီလိုနေရာကို ရောက်လာတယ်လို့ပဲ မြင်မိပါတယ်။ ဘဝလမ်းခရီးတလျှောက်မှာ ပံ့ပိုးကူညီပေးတဲ့ မိဘဆွေမျိုးတွေ၊ ဆရာသမားတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ်။

No comments:
Post a Comment