အခုတလော သတိထားမိသလောက် စာရေးကောင်းတဲ့သူတွေ FB မှာ စာ ဆက်မရေးကြတော့ဘူး။ ရေးရင်လည်း လူမသိ သူမသိလောက်ပဲ Group တွေထဲမှာ ရေးကြတယ်။ တချို့တွေက FB မှာ ရေးမနေတော့ပဲ မဂ္ဂဇင်းတွေ ဂျာနယ်တိုက်တွေဆီပဲ တိုက်ရိုက်ပို့တော့တယ်။
နေ့စဉ်ပုံမှန် စာတွေ ဆက်ရေးနေတဲ့ တချို့သူတွေလည်း ရှိတာကို မြင်နေရပါသေးတယ်။ တချို့တွေကတော့ စကားပြေနဲ့ ရေးထားတဲ့စာတွေကို ပြန်ရှင်းပြနေရတာကို စိတ်ကုန်လို့ စာမရေးချင်တော့ဘူးလို့ ပြောကြတယ်။ မြန်မာလို ရေးထားတဲ့စာကို မြန်မာတွေ ဖတ်ပြီးတဲ့နောက် နားလည်မှုတွေ လွဲပြီး ရန်တွေဖြစ် ငြင်းခုန်နေရတာတွေကို မြင်နေရတာက စိတ်ကုန်စရာပါပဲ။
စာအရေးအသား ကောင်းသလို အတွေးအမြင် စုံတဲ့ စာဖတ်သူတွေအပေါ် စေတနာထားတတ်ကြတဲ့ သူတချို့တွေ စာ ဆက်မရေးကြတော့ပဲ ခရီးသွားဓါတ်ပုံတွေ တင်လိုက် အစားအသောက်ပုံတွေ တင်လိုက် ကလေးတွေပုံတင်လိုက်နဲ့ အွန်လိုင်းကမ္ဘာကြီးမှာ ဖြတ်သန်းနေကြတယ်။
ကိုယ်ကတော့ သူတို့တတွေလို စာရေးလည်း မကောင်းသလို အတွေးအမြင်လည်း မစုံပါဘူး။ ကိုယ်သိထားတာလေး ဆိုတာ ရေအိုင်ထဲက ဖားသူငယ်အဆင့်ပါ။ လော်ဘီလည်း မဟုတ်သလို ၁၀ လီ ၁၁ လီလည်း မဟုတ်ပါ။ တခါတလေမှာ တချို့ကိစ္စတွေမှာ မနေနိုင်လွန်းလို့ ရေးမိရေးရာတွေ ရေးတာလောက်ပဲ ရှိပါတယ်။
အနေအထိုင် မတတ်ပဲ အဲဒီလို စာတွေ ထ ထ ရေးတော့ ဘာတွေ ရသလဲဆိုတော့ လူမုန်းများပါတယ်။ ကိုယ့်အမျိုးအချင်းချင်းတောင် ဆရာ လုပ်တယ် ထင်ခံရပြီး Un-Friend တွေ Restricted Group ထဲ ထည့်ထားခံရတာတွေ ကြုံဖူးပြီးပြီ။ အမှားကို မြင်ပြီး အမှန် သိစေချင်တဲ့ စေတနာဟာ ဝေဒနာတွေ ဖြစ်ကုန်ရတယ်။ ဖေတော့ မောင်တော့ ဟီးဟီးဟားဟားတွေ ရေး... ကြွားချင်ရာတွေ ကြွား... ပေါ့ပေါ့ပါးပါး ထမင်းစား ရေသောက် ရှုးပေါက် အီးပါ အကြောင်းတွေ ရေးရင်တော့ အဲဒီလောက်ထိ အမုန်းမခံရလောက်ဘူး ထင်ပါရဲ့။
တချို့ကိစ္စတွေမှာ ကိုယ်မသိတာတွေ ရှိတယ်။ တချို့ဟာတွေမှာ ကိုယ်သိတာတွေ ရှိတယ်။ ကိုယ်မသိတဲ့ကိစ္စဆို သိအောင်ပဲ လုပ်တယ်။ ဝင်ပြောတာတွေ မရှိဘူး။ မသေချာရင် မသေချာသလိုပဲ ဘေးထွက်ထိုင်ပြီး လေ့လာတယ်။ ကိုယ် သေသေချာချာ သိတဲ့ဟာမျိုးဆိုရင်တော့ မသိတဲ့သူတွေ သိပါစေ ဆိုပြီး စာတိုပေစတွေ ရေးတယ်။ အဲဒီဟာက ဆရာကြီး လုပ်တာ မဟုတ်ဘူး။ ကိုယ် သိထားတာမှာ မှားတာတွေများ ပါသွားရင်လည်း ထောက်ပြဖို့ ပြင်ဆင်ပေးဖို့ တောင်းဆိုပါတယ်။
ဒါပေမယ့် တခါတလေမှာ အမှားကို ထောက်ပြဖို့ထက် အခွင့်ကြုံတုန်း ဝိုင်းဗျင်းဖို့ ဝိုင်းဆော်ဖို့တွေ လုပ်တာတွေလည်း တွေ့ရတတ်တယ်။ အထူးသဖြင့် ဘုမသိ ဘမသိ ကိုယ်နဲ့လည်း မသိတဲ့ အပြင်သူစိမ်းလူတွေက အဲဒီလိုမျိုး ဆွမ်းကြီး လောင်းတတ်ကြတယ်။ အဲဒါမျိုးတွေ မြင်ရတွေ့ရတာ များလာတဲ့အခါမှာ ကိုယ်တွေလို ဘာမှမဟုတ်တဲ့ အညတရတွေအနေနဲ့ ပဲကြီးလှော်ကြား ဆားညှပ်မခံချင်ဘူး။ ဒါကြောင့် စာတွေ မရေးဘူး။ စာမရေးတော့ ကိုယ့်အတွက် ဘာကောင်းလဲ ဆိုတော့ အချိန်ပိုထွက်တယ်။ စာဖတ်ချိန် ပိုရတယ်။ ကိုယ့်သူငယ်ချင်းတွေလည်း မျက်စိနောက် သက်သာသွားတယ်။ ငြင်းရခုန်ရတာလည်း သိပ်မရှိတော့ဘူး။
စာရေးပါဦးလို့ ပြောတဲ့ မိတ်ဆွေသူငယ်ချင်းများအတွက် အိပ်မပျော်တဲ့ သန်းခေါင်ယံအတွေးတွေကို စာအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။
တကယ်တော့ ကိုယ်ဟာ စာတွေ မရေးတော့တာ မဟုတ်ပါဘူး။ စာတွေ မရေးချင်တာပါ။ :P
No comments:
Post a Comment