.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, November 27, 2018

Good things about my little girl Yoon

ယွန်းနဲ့ပါတ်သက်ပြီး ကောင်းကွက်လေးတွေ ပြောရရင် အခုချိန်အထိ ကျောင်းပျော်လေး ဖြစ်နေတာပဲ။ ဘယ်သင်တန်း ဘယ်ကျူရှင်ပဲဖြစ်ဖြစ် မသွားချင်ဘူး ဆိုတာ မရှိဘူး။ ကျောင်းသွားဖို့ဆို အမြဲတမ်း ပျော်ရွှင် တက်ကြွနေတယ်။ သင်တန်းအသစ်တွေ တက်ချင်တယ်ဆိုပြီး ပူဆာလို့ ကျောင်းလိုက်အပ်ပေးရင် ပျော်နေတာပဲ။ ဘယ်တော့ အဲဒီသင်တန်းအသစ်ကို တက်ရမလဲ ဆိုပြီး မေးတတ်သေးတယ်။ ကျောင်းပိတ်ရက်ရှည်ထဲ ရောက်နေရင်လည်း ကျောင်းဖွင့်ရက်ကို မျှော်နေပြန်ရော။


မနက်မိုးလင်း အိပ်ယာထရင်လည်း ဂျီကျတာမျိုး မရှိဘူး။ အမြဲတမ်း ရွှင်ရွှင်ပျပျနဲ့ပဲ အိပ်ယာထတယ်။ လုပ်စရာရှိတဲ့ မျက်နှာသစ် သွားတိုက် သူ့ဘာသာသူ လုပ်သွားတယ်။ ပြီးရင် ညအိပ်အဝတ်ကို ချွတ်ပြီး အဝတ်အသစ်လဲထားပြီး မနက်စာ စားဖို့အတွက် စားပွဲဆီမှာ လာထိုင်တယ်။


သူ လိုချင်တဲ့ပစ္စည်းကို မရရင်လည်း ထပ်ပြီး အထွန့်တက် မပူဆာပြန်ဘူး။ လိုချင်တာ မရလို့ ငိုယိုတာလည်း မရှိဘူး။ သူ့ကို နားလည်အောင် ပြောပြထားရင် အိုခေ ဆိုပြီး... ဆက်မပူဆာတော့ဘူး။ နောက်မှ ဝယ်ပေးမယ်လို့ ပြောပြရင်လည်း သူက လက်ခံတာပဲ။


ဘယ်လောက်ပဲ ကစားကွင်းထဲမှာ အဆော့မက်မက်... တော်ပြီ ပြန်ရတော့မယ် သွားတော့မယ် ပြောရင်လည်း ဆော့တာကို ရပ်ပြီး ပြန်ဖို့ လုပ်တယ်။ တီဗွီတို့ အိုင်ပတ်တို့ ကြည့်နေတဲ့အချိန်လည်း သတ်မှတ်ထားတဲ့ အချိန်ပြည့်လို့ ပြောပြလိုက်ရင် ဆက်မကြည့်တော့ပဲ ပိတ်ပစ်လိုက်တယ်။


အားတဲ့အချိန်မှာ အရုပ်တွေနဲ့ မဆော့ဖြစ်ရင် အရောင်ခြယ်တယ်... ပန်းချီဆွဲတယ်... ကာတွန်း ဆွဲတယ်။
စာကြည့်တိုက်က ငှားလာတဲ့ စာအုပ်တွေကို ဖတ်ရင်းနဲ့ စိတ်ပါလာရင် အဲဒီစာအုပ်ထဲက စာတွေကို ဗလာစာအုပ်ထဲ ကူးရေးတယ်။ သင်္ချာတွေလည်း စိတ်နဲ့ တွက်လိုက် ပေသီးခေါက်လိုက်နဲ့ လုပ်နေတာပဲ။ တခါတလေ စန္ဒားယား တီးလိုက် တယောထိုးလိုက်နဲ့ ဆော့ဖြစ်တော့ သူ့ဘာသာသူတော့ မအားရှာဘူး။ သီချင်းဆိုတာလည်း ဝါသနာက ပါသေးတော့ အိုင်ပတ်ကနေ သီချင်းစာသားတွေ လိုက်ဖတ်ပြီး အော်ဆိုနေတတ်သေးတယ်။

Friday, July 6, 2018

Let's get enough Vitamin D

Vitamin D ကို နေရောင်ခြည်က အဓိက ရပါတယ်။ အရေပြားပေါ်ကို တိုက်ရိုက်ထိတဲ့ နေရောင်ကနေ ရရှိတာမျိုးပါ။

အရင်တုန်းကတော့ နေမထွက်တဲ့ အအေးပိုင်းဒေသ၊ ဥရောပဘက်အခြမ်းမှာပဲ အဲဒီလို ဗီတာမင်ဒီ ချို့တဲ့တာကို တွေ့ရပေမယ့် အခုအခါမှာ အီကွေတာနဲ့ နီးတဲ့ဒေသမှာပဲ ဗီတာမင်ဒီ ချို့တဲ့ လူနာတွေကို ဆရာဝန်တွေက တွေ့နေရပါတယ်။ အသိဆရာဝန်တွေ ပြောပြချက်အရ တနေကုန် အိမ်တွင်းအောင်း စက်ချုပ်တဲ့သူတွေ၊ အပြင်မထွက်ပဲ အိမ်ထဲမှာပဲ နေတဲ့သူတွေ၊ ရုံးမှာပဲ တနေကုန် ရှိနေတဲ့သူတွေ ဆေးလာစစ်တဲ့အခါမှာ ဗီတာမင်ဒီ ချို့တဲ့တာကို တွေ့ကြတယ်တဲ့။

အခုခေတ်မှာ ရုံးထဲမှာပဲ တနေကုန် အလုပ် လုပ်... နေ့လည်စာလည်း ရုံးမှာ စားဖြစ်တော့ လူတွေဟာ နေရောင်ခြည်နဲ့ ထိတွေ့မှု နည်းပါးလာတယ်။ အလုပ်သွားတဲ့အချိန်ကလည်း စောတော့ နေက သိပ်မပူသေးတယ်။ အလုပ်ပြန် အချိန်မှာတော့ နေဝင်နေပြီ။

ဗီတာမင်ဒီ ချို့တဲ့ရင် ကိုယ်လက်ကြွက်သားတွေ နာကျင်ပါတယ်။ အရိုးတွေ အားနည်းလာပါတယ်။ တခြား နောက်ဆက်တွဲ ရောဂါတွေလည်း ရှိလာနိုင်ပါတယ်။ ဥပမာ ဆီးချို၊ သွေးတိုးရောဂါ။

နေရာင်ခြည်ကို ပြတင်းပေါက်မှန်၊ ကားမှန်ကနေတဆင့် ရတာမျိုးမှာ အရေပြားက ဗီတာမင်ဒီ မထုတ်လုပ်နိုင်ပါဘူး။ အသားမဲမှာ စိုးလို့ နေရောင်ကာဆေးတွေ အရေပြားမှာ လိမ်းထားရင်လည်း မရပါဘူး။ ဗီတာမင်ဒီ ထုတ်လုပ်ဖို့အတွက် အရေပြားပေါ်ကို တိုက်ရိုက် နေရောင်ထိတွေ့ဖို့ လိုပါတယ်တဲ့။

နေ့ခင်း ၁၁ နာရီနဲ့ ၁ နာရီကြားမှာ နေရောင်ခြည်က ပြင်းအားအများဆုံး ဖြစ်လို့ အဲဒီအချိန်မှာ အရေပြားနဲ့ နေရောင်ထိတွေ့မှု ၁၅ မိနစ်လောက် ရှိရင် တနေ့စာအတွက် လုံလောက်တဲ့ ဗီတာမင်ဒီကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် နေရောင်ခြည် ပြင်းထန်လွန်းရင်လည်း အရေပြားကင်ဆာ ဖြစ်နိုင်တာကို သတိထားဖို့ လိုပါမယ်။

ဖြစ်နိုင်ရင်တော့ နေရောင်အောက်မှာ ဆက်တိုက် အချိန်အကြာကြီး မနေဖို့ လိုပါမယ်။ ၅ မိနစ်လောက် ၁၀ မိနစ်လောက်ပဲ နေရောင်အောက်မှာ နေပူဆာလုံသင့်ပါတယ်။ ပြီးရင် အရိပ်ထဲ ပြန်ဝင် ခဏနားနေပြီးမှ နောက်တခေါက် နေပူဆာလှုံတာမျိုးက ပိုကောင်းပါမယ်။

တချို့တွေကတော့ မနက်နေရောင်ခြည်ကို အားကိုးကြပါတယ်။ ညနေ နေရောင်ခြည်က ဗီတာမင်ဒီ ထုတ်လုပ်မှု အားနည်းတယ်လို့လည်း ပြောကြပါတယ်။

အချိန်ဘယ်လောက် နေပူဆာလှုံသင့်သလဲ ဆိုတာကတော့ အသားရောင်ပေါ် မူတည်ပါတယ်။ အသားမဲတဲ့သူတွေရဲ့ အရေပြားက ဗီတာမင်ဒီ ထုတ်လုပ်နိုင်မှု အားနည်းတဲ့အတွက် အသားဖြူတဲ့သူတွေထက် နေရောင်ခြည် ထိတွေ့မှု ပိုလိုအပ်ပါတယ်။ အသားဖြူတဲ့သူတွေ အချိန် ၁၅ မိနစ် နဲ့ တနေ့စာအတွက် လိုအပ်တဲ့ ဗီတာမင်ဒီဓါတ် လုံလောက်နိုင်ပေမယ့် အသားမဲတဲ့သူတွေကတော့ ၁ နာရီလောက် နေပူဆာလုံရပါတယ်။

အကယ်လို့များ နေရောင်ခြည်ကနေ လုံလောက်တဲ့ ဗီတာမင်ဒီတွေ မရခဲ့ဖူးဆိုရင်လည်း ဗီတာမင်ဒီဓါတ် ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသောက်ပေးဖို့ လိုပါတယ်။ ကြက်ဥအနှစ်၊ တူနာငါး၊ ဆော်လမွန်ငါး၊ ငါးသေတ္တာငါးတွေမှာ ဗီတာမင်ဒီဓါတ် ပါပါတယ်။ နွားနို့၊ ပဲနို့၊ ဒိန်ချဉ်တွေမှာလည်း ဗီတာမင်ဒီ ပါပါတယ်။ အသီးအရည်မှာတော့ သဘာဝလိမ္မော်ရည်မှာ ဗီတာမင်ဒီ ပါပါတယ်။ အသီးအရွက်မှာတော့ မှိုကတော့ ဗီတာမင်ဒီဓါတ် များများပါပါတယ်။

အစားအသောက်ကနေ ဗီတာမင်ဒီ ရဖို့ မလွယ်ရင်တော့ ဗီတာမင်ဒီ အားဆေးတွေလည်း ရှိပါသေးတယ်။ အဲဒါကိုတော့ ဆေးစစ်ပြီးတဲ့အခါ လိုအပ်ချက်အရ ဆရာဝန်ကပဲ ညွှန်ကြားပေးပါလိမ့်မယ်။

လိုအပ်တဲ့ ဗီတာမင်ဒီကို လုံလောက်စွာ ရရှိနိုင်ကြဖို့ နေသာတဲ့အခါ နေပူဆာလှုံကြပါလို့ တိုက်တွန်းလိုပါတယ်။

Sunday, June 17, 2018

Save this World

ကိုယ်က ကုလားကား အကြည့်များတယ်။ တကူးတက ရှှာဖွေကြည့်တာထက်... စနေ တနင်္ဂနွေမှာ ကုလားတီဗွီလိုင်းက ပြတဲ့ ကားတွေကိုပဲ ကြည့်ဖြစ်တာ များပါတယ်။

တခါက ကြည့်ဖူးတဲ့ ကုလားကားမှာ မင်းသားက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ ကိစ္စမျိုးတွေမှာ တက်ကြွလှုပ်ရှားသူပေါ့။ သူနဲ့ သူ့ညီဝမ်းကွဲ (ဗီလိန်)တို့ ထိပ်တိုက်ရင်ဆိုင်တဲ့ အခန်းမှာ...
သူ့ညီက ပြောတာက... ဒီတောဒီတောင် ဒီပိုင်နက်ကို သူ့ယောက်ခမ ပိုင်တာ ဖြစ်လို့... စီးပွါးရေးအရ အကျိုးအမြတ်ရှိမယ့် ကိစ္စမှန်သမျှကို သူ လုပ်ချင်သလို လုပ်မယ်။ လာမတားနဲ့ မရဘူး... ဆိုတဲ့ သဘောမျိုး ပြောတယ်။

မင်းသားက ပြန်ပြောတယ်။ ဒီတောဒီတောင် ဒီသဘာဝပတ်ဝန်းကျင်ကို ဘယ်သူမှ မပိုင်ဘူး။ ငါတို့က ဧည့်သည်တွေ။ ဒီသဘာဝပတ်ဝန်းကျင်ရဲ့ ဧည့်သည်တွေ။ ငါတို့က ပိုင်ရှင် မဟုတ်ဘူး။ ဒီသဘာဝပတ်ဝန်းကျင်ကို ငါတို့လည်း မပိုင်သလို အနာဂတ်မှာ ရှိလာမယ့် လူသားတွေလည်း မပိုင်ဘူး။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို မပျက်မဆီးရလေအောင် သဘာဝအတိုင်းပဲ ရှိနေဖို့လိုတယ် ဆိုတာမျိုး ပြန်ပြောတယ်။

အဓိက ပြောချင်တာက... ကိုယ်တွေက ဧည့်သည်ပါ။ ဒီကမ္ဘာမြေကြီးက အိမ်ရှင်ပါ။ အိမ်ရှင်ကို ဧည့်သည်က မစော်ကားရဘူး ဆိုတာမျိုး ပြောကြဆိုကြတယ်။ အိမ်ရှင်ကို စော်ကားမိရင် ဧည့်သည်အဖို့ ရလဒ်ကောင်းတွေ ဖြစ်လာမှာ မဟုတ်ဘူးလေ။ အိမ်ရှင်ကို စော်ကားတဲ့ လုပ်ရပ်တွေ လုပ်မိကိုင်မိတဲ့အခါမှာ အိမ်ရှင်ရဲ့ တုံ့ပြန်မှုကို ဧည့်သည်တွေ ခါးစည်းခံရပြီပဲ။

ဘာရယ်တော့ မဟုတ်ပါဘူး။ ရေကြီးတာတွေ ရာသီဥတု ဖောက်ပြန်တာတွေကို မြင်ရကြားရသိရတော့ ဧည့်သည်ဖြစ်တဲ့ လူသားတွေဟာ အိမ်ရှင်ကမ္ဘာမြေကြီးအပေါ်မှာ စော်ကားထားတာ များနေပြီဆိုတာ သတိချပ်မိလို့ပါ။ တောတွေတောင်တွေ ပြောင်သလင်းခါကုန်ရင် ရေတွေကြီးတတ်တယ် ဆိုတာကို လက်တွေ့ မြင်ရလာပါပြီ။ သစ်တောသစ်ပင်တွေ မရှိတဲ့အခါ ရာသီဥတုကြီး ပူသထက် ပိုပူလာပါပြီ။

ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ထိန်းသိမ်းကြပါလို့... သစ်တောသစ်ပင်တွေကို စောင့်ရှောက်ကြပါလို့... အထူး တိုက်တွန်းချင်ပါတယ်။

Tuesday, June 5, 2018

My Lovely Teachers

မနက်ပိုင်းမှာ အိပ်မက် မက်တယ်။ ကိုယ်က အလုပ်ကိစ္စနဲ့ ပုသိမ်ဘက်ကို ခရီးထွက်လာတာပေါ့။ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ အလုပ်က ကိုယ့်အထက်အရာရှိ ဘွားတော်ကြီးနဲ့ တွေ့လို့ ပုသိမ်ကို ဘယ်လို သွားမလဲ လို့တောင် သူက မေးတယ်။ ကိုယ်က ဘယ်သွားသွား ကိုယ့်ပါးပါးက ကားမောင်းပြီး လိုက်ပို့ပေးတာလို့ ဖြေလိုက်တယ်။ (ဟိုးအရင်ကတည်းက ကိုယ်တွေ အလုပ်ကိစ္စ စာမေးပွဲကိစ္စနဲ့ ပတ်သက်ပြီး ဟိုဟိုဒီဒီ သွားရမယ်ဆိုရင် ပါးပါးက သူကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့တတ်တာကို စိတ်စွဲတာ ဖြစ်မယ်။ စင်္ကာပူရုံးက လူတွေ ပုသိမ်ကို ဘာသွားလုပ်ဖို့လဲ ဆိုတာလည်း အိပ်မက်ထဲမှာ မပါဘူး။)

အဲဒီလက်ဖက်ရည်ဆိုင်နားမှာ တခြားဆိုင်တွေလည်း ရှိလို့ လှည့်ပတ်ကြည့်နေတုန်း စာသင်ကျောင်းတခုထဲကို ရောက်သွားတယ်။ ကျောင်းကတော့ ပျဉ်ကာ သွပ်မိုး မြေစိုက်ကျောင်းလေးပါ။ ကျောင်းဝင်းတံခါးကလည်း သစ်သားပျဉ်ချပ်တွေနဲ့ လုပ်ထားတဲ့ တံခါးပေါ့။ ကျောင်းခြံစည်းရိုးတွေကလည်း သစ်သားတိုင်တွေနဲ့ ကာထားတာ။ ကျောင်းဖွင့်ခါစ ဖြစ်လို့ အကြီးတွေက ငိုနေတဲ့ အငယ်တွေကို လက်ဆွဲပြီး ကျောင်းထဲ ခေါ်လာတာမျိုးတွေလည်း တွေ့ရတယ်။ တချို့ဆို ပွေ့ပိုက်ချီပြီး ကျောင်းခန်းထဲ ခေါ်လာတာလည်း မြင်ရတယ်။ (ဒါကတော့ သတင်းတွေမှာ မြန်မာပြည်က ကျောင်းဖွင့်ချိန် မြင်ကွင်းတွေကို မြင်ပြီး အိပ်မက်ထဲအထိ ပါလာတာ ဖြစ်မယ်။)

ဘယ်ကနေ ဘယ်လို ကိုယ်က ကျောင်းဝင်းထဲ ရောက်နေသလဲတော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းဝင်းတံခါးကနေ ကိုယ်က ဝင်လာတာ မဟုတ်ဘူး။ ကျောင်းဝင်းတံခါးနားမှာ ကင်းတဲလိုမျိုး သစ်သားဆောင်လေးတခု ရှိတယ်။ အဲဒီိအဆောင်လေးထဲမှာ ဆရာမတွေ ရှိကြတယ်။ ကျောင်းရဲ့ ခြံထောင့်နားမှာလည်း စက္ကူပန်းပင်တွေ ရှိနေတယ်။ အဲဒီအောက်က သစ်သားခုံတန်းရှည်မှာလည်း ဆရာမတချို့ ထိုင်နေကြတယ်။

ကျောင်းဝင်းအဝကို ကိုယ်က လှမ်းကြည့်မိလိုက်တော့ ဆရာမတယောက်က ကိုယ့်ကို မြင်ပြီး အားရဝမ်းသာနဲ့ လက်ကြီး၂ ဘက်ကို ဘေးကို ဖွင့်ထားပြီး ပြေးလာတယ်။ ပြီးတော့ ကိုယ့်က ဖက်ထားလိုက်တယ်။ အဲဒါ ကိုယ်နေခဲ့တဲ့ အလယ်တန်းကျောင်းက ဆရာမ ဒေါ်နော်စာဖောပဲ။ ကရင်ဆရာမကြီးပေါ့။ ဆရာမက ကွမ်းစားတတ်လို့ သွားမှာ ကွမ်းဂျိုးတွေ ကပ်နေတာကို အထင်းသား မြင်ရနိုင်တဲ့အထိ ပါးစပ်ကြီး အားရပါးရ ဖွင့်ပြီး ရယ်ပြံုံးတတ်တဲ့ ဆရာမပါ။

ဆရာမက ကိုယ့်ကို ဖက်ထားတုန်း ကိုယ့်စိတ်ထဲမှာ ကိုယ်တွေရဲ့ ဆရာမ ဒေါ်ရွှေသန်းကို ဖြတ်ကနဲ သတိရမိသွားတယ်။ အဲဒါကို ဆရာမ ဒေါ်နောစာဖောကိုလည်း ပြောမိတယ်။ ဆရာမကို အခုလိုနေရမှာ မမျှော်လင့်ပဲ တွေ့တော့ ဆရာမဒေါ်ရွှေသန်းကို သတိရမိသွားတယ်လို့။ အဲဒီအခါ ဆရာမလည်း ငို... ကိုယ်လည်း ငိုကြတယ်။ ကိုယ်တွေ ငိုနေတာကို စာသင်ခန်းထဲက ဆရာမဒေါ်စန်းစန်းက လှမ်းကြည့်နေတယ်။ စက္ကူပန်းပင်အောက်က ခုံတန်းမှာ ထိုင်နေတဲ့ ဆရာမဒေါ်ကြည်ကြည်လွင်တို့လည်း လှမ်းကြည့်ကြတယ်။

အပြင်လောကမှာ ဆရာမ ဒေါ်ရွှေသန်းရော ဆရာမ ဒေါ်နောစာဖောရော မရှိကြတော့ပါဘူး။ ဆရာမ ဒေါ်ရွှေသန်းက အရင်ဆုံးတာပါ။ ဆရာမ ဒေါ်နောစာဖောကတော့ နောက်မှ ဆုံးတာပါ။ ဆုံးပါးသွားပြီ ဖြစ်တဲ့ ဆရာမ ၂ ယောက်ကို အိပ်မက်ထဲမှာ တွေ့မိ သတိရမိတာပါ။

အိပ်မက်ထဲမှာ မျက်ရည်တွေ အလုံးလိုက် ကျတဲ့အထိ ဝမ်းနည်းပက်လက် ငိုကြတယ်။ ဘယ်လောက်တောင် ငိုသလဲတော့ မသိဘူး။ အဲဒီ ငိုတဲ့အရှိန်နဲ့ အိပ်ယာက နိုးလာတယ်။ နိုးလာတာတောင် ရင်ထဲမှာ ငိုထားတဲ့အရှိန်က မသေသေးဘူး။ တငွေ့ငွေ့နဲ့ ကျန်နေသေးတယ်။

ပြောချင်တာက ကိုယ်တွေနေခဲ့တဲ့ အလယ်တန်းကျောင်းလေးက ဆရာ ဆရာမတွေကို ကိုယ်တွေ သိပ်ချစ်ကြောက်ရိုသေတာ ဘယ်လောက်ထိလဲ ဆိုတော့... အိပ်မက်ထဲမှာ မျက်ရည်အလုံးလိုက် ကျအောင် ငိုခဲ့ရတဲ့အထိ သံယောဇဉ်ကြိုးတွေ ခိုင်မြဲ ကြီးမားလွန်းလှတယ် ဆိုတာပါပဲ။ ကိုယ်တွေရဲ့ တောကျောင်းက ဆရာ ဆရာမတွေ သိပ်ချစ်ဖို့ ကောင်းတယ်။ ကိုယ်တွေအပေါ်မှာ ကျေးဇူးကြီးလှပါတယ်။

Sunday, April 22, 2018

The meaning of Entitlement

မနက်က တီဗွီအစီအစဉ်မှာ စင်္ကာပူမှာ လာဖွင့်ထားတဲ့ ဂျပန်ဆူရှီဆိုင်အကြောင်း ပြတယ်။ စားဖိုမှုးနဲ့ ငါးအပါအဝင် ကုန်ကြမ်းတွေက ဂျပန်ကပေါ့။ အမှတ်မထင် ထိုင်ကြည့်လိုက်ပေမယ့် စိတ်ဝင်စားစရာတွေ အများကြီးပါပဲ။

ဂျပန်မှာ ငါးအသားက အညိုအမဲ စွဲနေရင် စျေးကို ပြန်သွားပြီး ချက်ချင်း ပြန်လဲလို့ရတယ်။ အခု စင်္ကာပူမှာကတော့ ငါးက ဂျပန်ကနေ လာတာဖြစ်လို့ အသားလွှာလိုက်ရင် အသားမှာ အညိုအမဲ မစွဲတဲ့ ငါးတွေ ပါလာဖို့ပဲ ဆုတောင်းနေရတယ်တဲ့။ ဂျပန်မှာ အရာရာ အဆင်ပြေနေလို့ ဂရုစိုက်ဖို့ မလိုတဲ့ အသေးအမွှားတွေကို စင်္ကာပူမှာ ဂရုစိုက်နေရတဲ့အကြောင်း ပြောပြသွားတယ်။

နောက်တခုက သူ့အဖေက သူ့ကို ဘယ်လို လေ့ကျင့်ပေးတယ် ဆိုတဲ့အကြောင်းလေးကို အင်တာဗျူးထားတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ သူ့အဖေက သူ့ကို အသက် ၁၄ နှစ်အရွယ်ထိ ဆူရှီဆိုင်ကို ဝင်လာဖို့ မပြောနဲ့ ချောင်းကြည့်ခွင့်တောင် မပေးခဲ့ဘူး။ စိတ်ဝင်စားမှု မလျှော့သွားရအောင် ဆိုင်ကို ပေးမကြည့်တဲ့ သဘောမျိုးပဲ။ မြင်ပါများရင် ငယ် နမ်းပါများရင် ပြယ် ဆိုတဲ့ သဘောတရားလိုမျိုး ဖြစ်မယ်။

သူ့အသက် ၁၄ နှစ်အရွယ် ရောက်မှ သူ့အဖေက ဆိုင်ထဲကို ပေးဝင်ပြီး အလုပ် စ လုပ်ခိုင်းတယ်။ အဲဒီမှာ သူ့အဖေ ပြောသွားတဲ့ စကားလေးကို သဘောကျမိတယ်။

လူငယ်တွေက ရပိုင်ခွင့် (entitlement) ကို နားလည်မှု လွဲနေကြတယ်။ အစစအရာရာကို သင်ပေးမှု တတ်မြောက်နိုင်တာ မဟုတ်ဘူး။ သူ့သားကို ဘာတခုမှ သင်ပေးဘူး။ ဓါးလည်း ပေးမကိုင်ဘူး။ ငါးလည်း မကိုင်ရဘူး။ ၂ နှစ်တိတိ ဆိုင်ထဲမှာ စားပွဲထိုးခိုင်းထားတယ်။ အဲဒီအချိန်မှာ ဆိုင်ထဲက စာဖိုးမှူးတွေ ဆူရှီီတွေကို ဘယ်လိုမျိုး ပြင်ဆင်သလဲ ငါးတွေကို ဘယ်လိုမျိုး အသားလွှာသလဲ ဆိုတာကို ဘေးကနေ ကြည့်ခိုင်းတယ်။ သူများတွေ လုပ်ပုံကိုင်ပုံကို အတုယူဖို့ အရေးကြီးတာကို နားလည်အောင် လုပ်ပေးတယ်။ ၂ နှစ် ပြီးတော့မှ ဓါးပေးကိုင်ပြီး လက်တွေ့ လုပ်ခိုင်းခဲ့တယ်တဲ့။

ရပိုင်ခွင့်တွေကို မကြည့်ပဲ အလုပ်ထဲကနေ ဘာတွေ လေ့လာသင်ယူလို့ ရသလဲ ဆိုတာတွေကိုလည်း ကြည့်သင့်ကြောင်းကို ဂျပန်အဖိုးကြီးက ပြောပြသွားတာ လိုုက်နာစရာ နမူနာယူစရာပါပဲ။

Wednesday, April 18, 2018

How to renew Passport at Myanmar Embassy?

စင်္ကာပူက မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးတဲ့ အကြောင်းအရာ လုပ်ငန်းစဉ်ကို အတိုချုပ် ရေးပါမယ်။ သက်တမ်းတိုး လုပ်ချင်တဲ့သူတွေ သိရအောင် အတွေ့အကြုံကို ဝေမျှတာမျိုးပါ။

၁။ မြန်မာသံရုံး စင်္ကာပူရဲ့ Web site မှာ ရက်ချိန်း Appointment ယူရပါတယ်။ Appointment ရက်ကို ရွေးပြီးတဲ့အခါမှာ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးမယ့်သူရဲ့ ကိုယ်ရေးအချက်အလက်တွေကို Online Form မှာ ဖြည့်ရပါတယ်။ ပြီးရင်တော့ Form ဖြည့်ထားတုန်းက ပေးထားတဲ့ email ထဲကို Confirm လုပ်ဖို့ စာတစောင် ဝင်လာပါမယ်။ ပေးထားတဲ့ Link ကို နှိပ်လိုက်ရင် Appointment Confirm ဖြစ်ပြီး Appointment Number (Q Number) တခု ရပါမယ်။ Print လုပ်ရမယ့် PDF Form တခုပါတဲ့ email တစောင် ထပ်ဝင်လာပါမယ်။

၂။ email ထဲက PDF Form ကို Print ထုတ်ပါ။ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ပြီး ၆ လအတွင်း ရိုက်ထားတဲ့ ဓါတ်ပုံ ၁ ပုံ ကပ်ပါ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မိတ္တူ ကူးပါ။ ဥပမာ လက်ရှိ ကိုင်ထားတဲ့ Pass (PR, EP, SP, WP), Passport ။ ပြီးရင် Appointment Number (Q Number) အရ ချိန်းထားတဲ့ ရက်မှာ ဘယ်အချိန် သွားသင့်သလဲ ဆိုတာ သံရုံးက Web site မှာ ရှာဖွေဖတ်ရှုထားပါ။ Q Number က ၁၀၀ က စပါတယ်။

၃။ သံရုံးက မနက် ၈ နာရီ စ ဖွင့်ပါတယ်။ Q Number က ၁၀၀ ပတ်ဝန်းကျင်ဆိုရင် မနက် ၈ နာရီ အရောက် သွားနိုင်ရင် ကောင်းပါတယ်။ သံရုံးကို ရောက်တဲ့အခါမှာ ကောင်တာ ၁၊ ၂၊ ၃ က ခေါ်နေတဲ့ Q Number တွေကို ပြထားပါတယ်။ အဲဒီ ကောင်တာတွေမှာ ယူလာတဲ့ စာရွက်စာတမ်းတွေ ပြပါ။ သူတို့က လိုအပ်တာတွေ စစ်ဆေးပြီးရင် ကွန်ပျူတာစနစ်ထဲကို အချက်အလက်တွေ ဖြည့်ပါမယ်။ အဲဒီလို စစ်ဆေးခနဲ့ အချက်အလက် ထည့်သွင်းတဲ့ ကောင်တာမှာ စင်္ကာပူဒေါ်လာ ၂၀ ပေးဆောင်ရပါတယ်။ မိတ္တူကူးဖို့ လိုအပ်တာတွေ ရှိရင် အဲဒီကောင်တာကပဲ ကူးပေးပါတယ်။ ၁ စောင်ကို ပြား ၅၀ ပေးရပါတယ်။

၄။ အဲဒီကောင်တာ ပြီးတဲ့အခါ ဘေးကပ်ရပ်အခန်းမှာ ဓါတ်ပုံရိုက် လက်ဗွေနှိပ်ရပါတယ်။ လက်မ ၂ ခုကို အရင် နှိပ်ရတယ်။ ပေးရင် လက် ၄ ချောင်းကို နှိပ်ရပါတယ်။ Passport မှာ ပါလာမယ့် လက်မှတ် နမူနာ ယူပါတယ်။ အဲဒါတွေပြီးရင် ရိုက်ထားတဲ့ ဓါတ်ပုံနဲ့ လက်မှတ်နမူနာပါတဲ့ ဖြတ်ပိုင်း ၁ ခု ပေးပါတယ်။ အဲဒီ ဖြတ်ပိုင်းနဲ့ ဖိုင်တွဲကို ယူပြီး မနက် ၉ နာရီခွဲမှာ စ ဖွင့်မယ့် ကောင်တာ ၅ နဲ့ ၆ ကို စောင့်ရပါတယ်။

၅။ ကောင်တာ ၅ နဲ့ ၆ က ခေါ်ပြီဆိုရင် စာရွက်စာတမ်း မူရင်းတွေကို ပြရပါတယ်။ ဥပမာ လက်ထပ်စာချုပ်၊ မွေးစာရင်းတို့ပေါ့။ စစ်ဆေးတာ ပြီးသွားရင် ဓါတ်ပုံကောင်တာက ပေးလိုက်တဲ့ ဖြတ်ပိုင်းကို ပြန်ပေးပြီး ညနေ ၄ နာရီမှာ စာအုပ်လာထုတ်ဖို့ ပြောပါလိမ့်မယ်။ စာအုပ် ထုတ်တဲ့အချိန်မှာ စာအုပ်ဖိုး စင်္ကာပူ ၃၅ ဒေါ်လာ ယူလာဖို့လည်း မှာပါလိမ့်မယ်။

၆။ ညနေ ၄ နာရီ ပတ်ဝန်းကျင်မှာ ကောင်တာ ၆ အရှေ့မှာ တန်းစီနေတဲ့ လူတန်းကြီးကို တွေ့ရပါမယ်။ ယောကျာ်းလေးတွေက တလိုင်း၊ မိန်းကလေးတွေက တလိုင်း တန်းစီရပါတယ်။ ကောင်တာရှေ့ကို ရောက်တဲ့အခါ ဖြတ်ပိုင်းလေးနဲ့ စာအုပ်ဖိုး ပေးလိုက်ရင် သူတို့က စာအုပ် ရှာပေးပါတယ်။ သူတို့ ပြန်ပေးတဲ့ စာအုပ်အဟောင်းနဲ့ အသစ်ကို ယူ... ကိုယ့်စာအုပ် ဟုတ်မဟုတ် စစ်ပြီးရင် ပြန်လို့ ရပါပြီ။

၇။ မိသားစုလိုက် စာအုပ်အတူတူ သက်တမ်းတိုးတယ် ဆိုရင် စာအုပ် လာရွေးတဲ့အခါမှာ ၁ ယောက်တည်းက ဖြတ်ပိုင်းပြပြီး လာရွေးလို့ ရပါတယ်။ PV ကနေ PJ တို့ PT တို့ ပြောင်းတာလည်း သံရုံးက တခါတည်း လုပ်ပေးပါတယ်။ လျှောက်လွှာမှာ အချက်အလက်ဖြည့် လက်မှတ်ထိုးပြီး တွဲတင်လိုက်ဖို့ပဲ လိုတာပါ။ လက်ရှိကိုင်ထားတဲ့ စာအုပ် သက်တမ်းက ၁ နှစ်အောက်ပဲ ကျန်ရင် ဒဏ်ကြေးဆောင်စရာ မလိုပါဘူး။

မှတ်ချက်။ တောင်းထားတဲ့ စာရွက်စာတမ်းတွေ ပြည့်စုံရင် လုပ်ရကိုင်ရ အဆင်ပြေပါတယ်။ ကိုယ်တွေက ဒီနေ့ မနက် ၈ နာရီခွဲ သံရုံးကို ရောက်တယ်။ မနက် ၁၀ နာရီ မထိုးခင်မှာ ဖြတ်ပိုင်းရလို့ အိမ်ပြန်လိုက်တယ်။ ညနေ ၃ နာရီ မထိုးခင် အိမ်ကနေ ပြန်ထွက်လာတယ်။ သံရုံးကို ညနေ ၄ နာရီလောက် ရောက်ပြီး စာအုပ်ရွေးဖို့ တန်းစီတယ်။ ညနေ ၄ နာရီမခွဲခင် သံရုံးအပြင်ကို စာအုပ်အသစ်နဲ့ ပြန်ထွက်လာခဲ့တယ်။ စင်္ကာပူက မြန်မာသံရုံးမှာ စာအုပ်သက်တမ်းတိုးတာ ဒီလောက်ပါပဲကွယ်။

Saturday, March 10, 2018

Don't spread fake news

အမှန်တရားက အပြင်ထွက်ဖို့ ဖိနပ်စီးနေချိန်မှာပဲ မုသားက ကမ္ဘာတပတ် ပတ်ပြီးသွားပြီတဲ့။
FB မှာ သတင်းအမှားတွေ လုပ်ကြံရေးသားတဲ့ သတင်းအတုတွေကို မိတ်ဆွေတချို့က ဝေမျှတတ်ကြပါတယ်။ အဲဒီလို သတင်းအမှား ဖြစ်ကြောင်းကို ကိုယ်တွေက ထောက်ပြ ရှင်းပြပြီးတဲ့အချိန်မှာပဲ အဲဒီလို သတင်းအတုကို ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကနေ တဆင့် ဖတ်မိပြီး လက်ဆင့်ကမ်း ဝေမျှထားတဲ့သူတွေက များသထက် များနေပြီးပါပြီ။

ကိုယ်တွေက ထောက်ပြရှင်းပြလိုက်လို့ ကိုယ့်မိတ်ဆွေတွေက အမှန်ကို သိသွားတဲ့အခါ အဲဒီသတင်းအမှားကို ဖျက်ချလိုက်တာမျိုးလည်း ရှိပြန်တယ်။ အဲဒါမျိုးက ကောင်းလည်း ကောင်းတယ်။ မကောင်းလည်း မကောင်းဘူး။

မကောင်းတာက ကိုယ်တွေ ဖြေရှင်းထောက်ပြထားတဲ့ သတင်းအမှား ဖြစ်တယ် ဆိုတဲ့အကြောင်းကို တခြားသူတွေ ဖတ်ခွင့်မကြုံရတော့ဘူး။ အဲဒီတော့ သူ့ဆီကနေ တဆင့် ထပ်ဆင့်ဝေမျှထားတဲ့သူတွေက အဲဒီအမှားကို သိခွင့်မရလိုက်လို့ ပြင်ဆင်ခွင့်လည်း မရတော့ဘူး။

ကောင်းတာက အဲဒီသတင်းအမှားကို မဖတ်ရသေးတဲ့သူအနေနဲ့ အဲဒီဟာကို သိခွင့် မကြုံလိုက်ရတော့ဘူး။ အဲဒီတော့ အဲဒီသတင်းအမှားကို လက်ဆင့်ကမ်း မဖြန့်ဝေဖြစ်တော့ဘူး။
ဒါပေမယ့် လက်ဆင့်ကမ်း ဖြန့်ဝေထားတဲ့ သတင်းအတုရဲ့ ခရီးရောက်နှုန်းက သိပ်ကို မြန်လွန်းပါတယ်။ ပြင်ဆင်ခွင့်လေးက အနောက်ကနေ ဘယ်လိုပဲ လိုက်လိုက်... အမှားကို အမှီလိုက်ဖို့ မလွယ်တော့ဘူး။ သတင်းမှန်တွေ ဘယ်လိုပဲ ထုတ်ထုတ် အမှားလိုမျိုး ထပ်ဆင့်ဝေမျှတဲ့သူ မရှိကြဘူး။ အမှန်တရားကို ထပ်ဆင့် ဝေမျှတဲ့သူက နည်းကြတယ်။ သတင်းအမှန်ကို ဖတ်ပြီးရင် ဖတ်ပြီးသလိုပဲ ထားတဲ့သူက များတယ်။

ရိုးသားတဲ့ ကိုယ့်မိတ်ဆွေတချို့က အဲဒီလို သတင်းအတုတွေကို တခြားသူတွေက နောက်ပြောင် ကျီစယ်တဲ့အနေနဲ့ ရေးတယ်လို့ ထင်ကြတယ်။ အတော် နောက်တဲ့ လူတွေပဲဗျာလို့ ပြောတတ်ကြတယ်။ ကိုယ်ကတော့ အဲဒီလို မမြင်ဘူး။ ဒါဟာ အကွက်ကျကျ ချောက်ချတာပါပဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလို့ မြင်မိတယ်။

ကိုယ့်မိတ်ဆွေတွေကို စေတနာနဲ့ ပြောချင်တာက...
Share ဆိုတာကို ကလစ်မနှိပ်ခင် သေချာ စဉ်းစားကြပါ။ ကိုယ်က ဒီသတင်းမျိုးကို Share ဖို့ လိုသလားပေါ့။

အမှန်တရား ဘက်တော်သားတယောက်အနေနဲ့... ဒီမိုကရေစီ သဘောတရားအရ... လက်မခံနိုင်တဲ့အရာကို လက်မခံနိုင်ကြောင်း ပြောခွင့် ရှိပါတယ်။ ဒါပေမယ့် အဲဒီအကြောင်းအရာက ကာယကံရှင်ကိုယ်တိုင်က တကယ်ပြောခဲ့တာလား တခြားသူက လုပ်ကြံ ပြင်ဆင် ရေးသားထားတာလား ခွဲခြား သိမြင်ဖို့ လိုအပ်ပါတယ်။

တကယ်လို့များ လွှတ်တော်အမတ်တွေက ဖြစ်စေ... အစိုးရ အဖွဲ့ဝင်က ဖြစ်စေ... အတိုက်အခံပါတီက ဖြစ်စေ... အများပြည်သူ လက်မခံနိုင်တဲ့ အကြောင်းကိစ္စတခုကို စီစဉ်လုပ်ကိုင် ပြောဆိုနေရင် ပြည်တွင်းမှာရှိတဲ့ သတင်းဌာနတွေ၊ တက်ကြွလှုပ်ရှားသူတွေက ငြိမ်မနေကြပဲ အသံထွက်လာမှာ အသေအချာပါပဲ။ NLD အမတ်တွေက အမှား လုပ်တာ ဆိုရင် ပြည်ခိုင်ဖြိုးဘက်က အသံထွက်လာမှာပါ။ ပြည်ခိုင်ဖြိုးဘက်က မှားတာ လုပ်တယ်ဆိုရင်လည်း NLD ဘက်ကနေ အသံတွေ ထွက်လာမှာပါ။ အဲဒီလိုပဲ ဘယ်ဘက်က မှားမှား... သတင်းဌာနတွေက ဆော်ကြဦးမှာပါ။ ကိုယ်တွေက အချိန်လေးတခု ယူပြီး စောင့်ကြည့်နေရုံပါပဲ။

ဒါကြောင့် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက တက်လာတဲ့ သတင်းမျိုး မဟုတ်ရင် အပျင်းပြေ ဖတ်ကြည့်ဖို့တောင် မလိုပါဘူး ခင်ဗျာ။ ထပ်ဆင့် ဝေမျှဖို့ဆိုတာ ပိုလိုတောင် ဝေးပါသေးတယ်။ FB မှာ ရေးထားသမျှဟာ အမှန်တွေ မဟုတ်ပါဘူး။ ဒါကို အသိတရားနဲ့ ဆင်ခြင်နိုင်ဖို့ လိုအပ်သလို ကိုယ့်ရဲ့လက်ကို ဘရိတ်လေး အုပ်တတ်ဖို့ လိုအပ်ပါတယ်။ မုသားက ကမ္ဘာပတ်တာ အရမ်းမြန်နေလို့ပါ။

မိတ်ဆွေရောင်းရင်းတွေအတွက် ကောင်းကျိုးလိုလားတဲ့ စေတနာနဲ့ အမုန်းခံပြီး ပြောတာပါ ခင်ဗျာ။ မသိခြင်းများကြောင့် ကိုယ်တိုင်ရေးသမိုင်းထဲမှာ တိုင်းပြည်အတွက် အဆိပ်ပင် ရေလောင်းခဲ့သူ မဖြစ်စေလိုပါ။

Thursday, February 22, 2018

Pressure Cooker Work Environment

Pressure Cooker Work Environment ဆိုတာမျိုးကို စင်္ကာပူရဲ့ အလုပ်ခွင် အများစုမှာ တွေ့ရနိုင်ပါတယ်။ အများစုလို့ ပြောထားတာက တချို့ လုပ်ငန်းခွင်တွေကတော့ အမေရိကန်စံနှုန်း ဥရောပစံနှုန်းတွေနဲ့ အေးဆေးသက်သာ အလုပ် လုပ်ကြတာမျိုးလည်း ရှိပါတယ်။

အများစုကတော့ အလုပ်ပြီး နောက်အလုပ်... အလုပ်ပေါ် အလုပ်ဆင့် တောက်လျှောက် လုပ်ရတာမျိုးပါ။ အလုပ်မရှိရင် အလုပ်ရှိအောင် ရှာလုပ်ရပါတယ်။ ရှိပြီးသားအလုပ်အပြင် နောက်ထပ် အလုပ်တွေကိုလည်း ထပ်ယူရပါတယ်။ ကျောက်ခဲကို ရေညှစ်ထုတ်ချင်တဲ့ တိုင်းပြည်ပါ။

အလုပ်တွေကို လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းပါတယ်။ ၅ ယောက် လုပ်ရမယ့် အလုပ်ကို ၁ ယောက်တည်းနဲ့ ပြီးအောင် လုပ်ခိုင်းကြပါတယ်။ ပြီးအောင် ဆိုတာမှာ ပြီးလည်း ပြီးရမယ်... ကောင်းလည်း ကောင်းရမယ်။ ပြီး ပြီးရော လုပ်လို့လည်း မရပြန်ပါဘူး။ မှန်လည်း မှန်ရမယ်။ မြန်လည်း မြန်ရမယ်။ ပြီးရင် ကုန်ကျစရိတ်လည်း သက်သာချင်သေးတယ်။

၅ ယောက်စာအလုပ်ကို ၁ ယောက်တည်းက လုပ်နိုင်အောင်လည်း လိုအပ်တဲ့ သင်တန်းတွေ နည်းပညာတွေ ပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးထားပါတယ်။ လက်ကြီးဗလာ ထားခဲ့ပြီး နင် မပြီးရင် နင့်ကိစ္စလို့... လုပ်တာမျိုးလည်း တချို့နေရာတွေမှာ ရှိနိုင်ပါတယ်။ ဒါပေမယ့် နည်းပါတယ်။

ပြောပြချင်တာက... အလုပ်ကို ကုန်းရုန်း လုပ်ကြရပါတယ်။ တာဝန်ယူ တာဝန်ခံရပါတယ်။ ညှိနှိုင်းဖြေရှင်းရပါတယ်။ အဲဒီလို လုပ်တဲ့အတွက်လည်း တန်ရာတန်ကြေး လခကောင်းကောင်း ပေးထားပြီး အရည်အသွေးရှိတဲ့ ဝန်ထမ်းတွေကို ထိန်းထားနိုင်ပါတယ်။ ဒါကြောင့်လည်း စင်္ကာပူဟာ ချမ်းသာဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်နေတာပါ။

အလုပ်တွေကို ကောင်းသထက် ကောင်းအောင် မြန်သထက် မြန်အောင်... ကြိုးစားလုပ်ကိုင်ပြရင်း စင်္ကာပူဟာ နိုင်ငံတကာက စီးပွါးရေးလုပ်ငန်းတွေရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့ပြီး စီးပွါးရေးအခွင့်အလမ်းတွေ အများကြီး ရရှိနေတာ သက်သေထူနေပါပြီ။

ကိုယ်တွေအနေနဲ့ အလုပ်ကို တာဝန်ကျေလုပ်နေရင် ရပြီလို့ ထင်ထားရင်တော့ ရှေ့ရေးအတွက် ခက်ပါသေးတယ်။ တာဝန်ကျေဖို့အပြင် ကောင်းသထက် ကောင်းအောင် စေတနာထည့် ကြိုးစားဖို့လည်း လိုပါသေးတယ်။ အဲဒီလို ကြိုးစားမှုတွေက ကိုယ့်ရဲ့အလုပ်အတွက်တင် မဟုတ်ပါဘူး... နိုင်ငံအတွက်လည်း တနည်းအားဖြင့် အထောက်အကူ ဖြစ်စေပါတယ်။

မယုံရင် စင်္ကာပူကို ကြည့်လိုက်ပါ။ 

Monday, February 12, 2018

Act with Kindness

နေ့လည်ထမင်းစားချိန်မှာ သတင်းတွေ နည်းနည်းလောက် ဖတ်ပြီးတဲ့နောက်တော့
♪♬ စိတ်ဓါတ်များရဲ့အင်အား တဖြည်းဖြည်း နည်းသွားပြီလား♫♩ ဆိုတဲ့ ထူးအိမ်သင်ရဲ့ "စိတ်ဓါတ်ကင်ဆာ" သီချင်းလေးကို နားထောင်မိနေတယ်။

အဲဒီသီချင်းလေးထဲကအတိုင်း ကိုယ်တွေရဲ့ ချစ်လှစွာသောတိုင်းပြည်မှာ စိတ်ဓါတ်ကင်ဆာလည်း အဖြစ်များနေတာကို သတိထားမိတယ်။ မယုံဘူးလား... မယုံရင် သတင်းတွေအောက်က မြန်မာလိုရေးထားတဲ့ မှတ်ချက် (ကွန့်မန့်)တွေကို လိုက်ဖတ်ကြည့်ပါလေ။

ကောင်းတာတွေကို လိုက်မကြည့်ပဲ မကောင်းတာတွေပဲ လိုက်ကြည့်နေရင် မကောင်းတာတွေပဲ တွေ့ရတာ မဆန်းပါဘူးလို့ ဆိုချင်တဲ့သူတွေ ရှိနိုင်ပါမယ်။ လိုက်ကြည့်နေတာ မဟုတ်ပဲ... ကြုံဆုံတုန်းလေး လမ်းကြုံးတုန်းလေး ဝင်ဖတ်ကြည့်မိရင် တချို့တချို့တွေမှာ ဘယ်လို ဆိုးဝါးတဲ့ သဘောထားတွေ... ဘယ်လို ကောက်ကျစဉ်းလဲတဲ့ အမြင်တွေ ရှိနေသလဲ ဆိုတာ ခြုံငုံမြင်မိပါမယ်။
မှိုင်းတိုက်ခံထားရတဲ့ ဦးနှောက်တွေမှာ ဖြူစင်တာတွေ ပျောက်ဆုံးကုန်ပြီ။ ဘာသာခြားရင် မကောင်းဘူး။ လူမျိုးခြားဆို မကောင်းဘူးလို့ မြင်တဲ့သူတွေ ရှိလာကြပြီ။ ဒီဘာသာခြားတွေ လူမျိုးခြားတွေကို ကိုယ့်ဘာသာ ကိုယ့်လူမျိုးကို ဝါးမြိုမယ်လို့ ရူးရူးမိုက်မိုက် ထင်လာကြတယ်။

အမျိုး ဘာသာ သာသနာအတွက် မှန်ကန်တဲ့ လမ်းကြောင်း ဖြောင့်မတ်တဲ့ အမြင်မျိုး မရှိရင် ကိုယ့်အမျိုး ကိုယ့်ဘာသာ သာသနာကို ကိုယ်တိုင် နင်းချေဖျက်ဆီးနေတာမျိုး ဖြစ်နေဦးမှာပါ။ ကိုယ့်အမျိုး ကိုယ့်ဘာသာကို ကိုယ်ချစ်ရင် မြတ်နိုးရင် တခြားလူမျိုး တခြားဘာသာကို စော်ကားပြောနေစရာ... တိုက်ခိုက်နေစရာ မလိုပါဘူး။ ကိုယ်တိုင် ကြိုးစား တည်ဆောက်ယူရမယ့်အစား သူတပါးပျက်စီးဖို့ပဲ ကြိုးစားနေရင် အမှားကြီး မှားပါလိမ့်မယ်။

ပြည်တွင်းနေ တရုတ် ကုလားတွေ ကြီးပွါးချမ်းသာလာအောင် မိသားစုမျိုးရိုးစဉ်ဆက် နှစ်ကာလရှည်ကြာစွာ ဘယ်လိုတည်ဆောက် ကြိုးစားယူခဲ့တယ် ဆိုတာမျိုးကို အတုယူရမယ့်အစား ပျက်စီးရာပျက်စီးကြောင်း ဘေးထိုင်ဘုပြော နေရင်တော့ ဒီဘဝကနေ တက်လာမှာ မဟုတ်ဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင် တည်ဆောက်ယူမှပဲ ရမယ်။ သူတပါးဘဝ ပျက်စီးသွားရင် ကိုယ့်ဘဝ အလိုလို တိုးတက်လာမယ် ထင်နေရင်တော့ အမှားကြီး မှားပြန်တယ်။

တရုတ် ကုလားတွေထဲမှာ ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူလည်း ရှိမယ်။ ဘာသာတူတဲ့သူ ရှိသလို ဘာသာမတူတဲ့သူလည်း ရှိမယ်။ တိုင်းပြည်နဲ့ နေထိုင်ရာ ပတ်ဝန်းကျင်၊ လူနေမှုပတ်ဝန်းကျင်ကို အကျိုးပြုတဲ့သူ ရှိသလို အကျိုးယုတ်စေတဲ့သူလည်း ရှိမယ်။ ဒါဟာ တဦးချင်းစီနဲ့ပဲ ဆိုင်တယ်။ တရုတ်ဖြစ်လို့ ကုလားဖြစ်လို့ ဘာသာတူလို့ ဘာသာခြားလို့ ဆိုတာနဲ့ မဆိုင်ဘူး။ အဲဒီလို ဆိုင်လား မဆိုင်လား ဆိုတာ ခွဲခြားမြင်တတ်တဲ့ အသိဥာဏ်တွေ မရှိကြတာကိုလည်း မြင်တွေ့လာရတာဟာ တကယ်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်။

ကိုယ့်အမျိုးကို ကိုယ်ချစ်ရင် ကိုယ့်မိသားစုနဲ့ ကိုယ့်ဘဝကို အရင်မြှင့်တင်ပါ။ ကိုယ်တွေ ဆင်းရဲခဲ့သလို ကိုယ့်ရဲ့ နောက်မျိုးဆက် မဆင်းရဲရအောင် အလုပ်ကို ကြိုးစားပါ။ မလိုအပ်တာတွေမှာ မဖြုန်းတီးမိအောင် နေပါ။ ကိုယ်တွေ မှားခဲ့သလိုမျိုး ကိုယ့်ရဲ့ နောက်မျိုးဆက် မမှားရအောင် ဘဝသင်ခန်းစာတွေကို မျှဝေပြီး သွန်သင်ဆုံးမပါ။ ကိုယ်တွေ မသိခဲ့ မတတ်ခဲ့လို့ ဘဝတွေ အောက်ကျနောက်ကျ ဖြစ်ရတာမျိုး ကိုယ့်နောက်မျိုးဆက်တွေ မဖြစ်ရလေအောင် ပညာကို တကယ် သိအောင် တတ်အောင် လေ့လာခိုင်းပါ။ ကိုယ်တွေ စာမဖတ်ခဲ့လို့ စဉ်းစားချင့်ချိန်မှု အားနည်းတာမျိုး မဖြစ်ရအောင် ကိုယ့်မျိုးဆက်တွေကို စာများများ ဖတ်ခိုင်းပါ။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဘဝတွေကနေ ရုန်းထွက်ကြပါ။

ဒါမျိုးဆိုတာက မျိုးဆက်အလိုက် အဆင့်ဆင့် ပုခုံးထမ်း လုပ်ခဲ့မှပဲ နောက်မျိုးဆက်တွေမှာ အဲဒီအသီးအပွင့်တွေကို ခံစားရမှာပါ။ ချက်ချင်းလက်ငင်းကြီး ဖြစ်လာမှာတော့ မဟုတ်ဘူးပေါ့။ ရောမမြို့ကို တရက်တည်းနဲ့ အပြီးတည်ခဲ့တာ မဟုတ်ဘူးလေ။

ကိုယ်တွေရဲ့ အဘိုးအဘွားတွေ သူစိမ်းတို့အလည်မှာ နဖူးကချွေး ခြေမ ကျအောင် ရုန်းကန်ခဲ့ကြတယ်။ ကိုယ့်မိဘတွေ ဦးလေးအဒေါ်တွေ ပညာတတ်ဘွဲ့ရ ဖြစ်အောင် ပုခုံးထမ်း တင်ပေးခဲ့တယ်။ ကိုယ့်မိဘတွေကလည်း ကိုယ်တွေကို နိုင်ငံရပ်ခြားမှာ ပညာနဲ့ အသက်မွေးဝမ်းကြောင်းအလုပ် လုပ်နိုင်တဲ့ဘဝမျိုး ရောက်အောင် ခြိုးခြံချွေတာပြီး ပုခုံးထမ်း တင်ပေးခဲ့တယ်။ ကိုယ်တွေလည်း ကိုယ်တိုင်လည်း ကြိုးစားသင်ယူနေရင်း ကိုယ်ရဲ့ နောက်မျိုးဆက်ကို ကိုယ့်ထက်သာတဲ့ဘဝ ချစ်ခြင်းမေတ္တာအပြည့်နဲ့ လူသားဆန်တဲ့ လူသားတွေ ဖြစ်လာဖို့ ပုခုံးထမ်း တင်ပေးနေတယ်။

ရွှေပြည်ကြီးဟာ ကိုယ်ရဲ့ မွေးဖွားရာမြေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မွေးဖွားရာမြေကို ကိုယ်တွေ ချစ်သလို သံယောဇဉ်ရှိသလို ကိုယ့်တိုင်းပြည်က လူတွေကိုလည်း အခြေမြင့်တဲ့ ဘဝမျိုးတွေကို ရောက်စေချင်မိတယ်။ ဆင်းရဲတဲ့ဘဝမှာ နေကြမယ့်အစား ချမ်းသာတဲ့ဘဝမှာ အတူပျော်ရွှင်ရတာ မကောင်းဘူးလား။
ဒါကြောင့် မျက်ကန်းမျိုးချစ်စိတ် မှိုင်းဝနေတဲ့အတွက် ကောက်ကျစ်မှုများနေတဲ့ လူဆိုးတွေကြားထဲမှာ ဖြူစင်စိတ်ထားရှိနေသေးတဲ့ ကိုယ့်သူငယ်ချင်း မိတ်ဆွေ ရောင်းရင်းတွေဆီကနေ ကိုယ် မျှော်လင့်နေမိတာကတော့...

သီချင်းစာသားလေးအတိုင်းပေါ့...
♫♩ရက်စက်မှုများအလယ် ကြင်နာစိတ်ကလေး ထားရှိနိုင်မလား...♪♬

Wednesday, February 7, 2018

Result of True Learning

ကိုယ်တွေ ဒီ Logistics နယ်ပယ်ထဲကို ရောက်ပြီး အလုပ် လုပ်နေပေမယ့် တကယ်တမ်း စလုပ်တုန်းက ဘာဆိုဘာမှ မသိခဲ့သူပါ။ ဒီအလုပ်နဲ့ သက်ဆိုင်တဲ့ ကျောင်းတွေ ဘာသာရပ်တွေ ဆိုတာလည်း မြန်မာပြည်မှာ မရှိခဲ့ဘူး။ လေ့လာစရာ အခွင့်အရေးလည်း ကိုယ့်အနေနဲ့ မကြုံခဲ့ဘူး။ Logistics ဆိုတဲ့ အင်္ဂလိပ်စာလုံးကိုလည်း သိတောင် မသိခဲ့ဘူး။

အဲဒီလိုနဲ့ အလုပ်မှာ လုပ်ရင်းကိုင်ရင်း လေ့လာခဲ့ရတယ်။ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အသုံးအနှုန်းတွေကို ဆိုရင် မကြားဖူးလို့ ဘာပြောမှန်းလည်း မသိဘူး။ အဲဒါကို မရှက်မကြောက် စာလုံးပေါင်းပါ မေးကြည့်တယ်။ ပြောပြရှင်းပြတဲ့သူရှိရင် နားထောင်ခဲ့တယ်။ အစပိုင်းတွေမှာ ဘယ်နေ့ အလုပ်ပြုတ်မလဲ ဆိုတာတောင် ခေါင်းထဲထည့် စဉ်းစားနေရတာ။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှ မသိသေးဘူးလေ။ အဲဒီတော့ ကိုယ့်ရဲ့ အလုပ်ရလဒ်တွေကိုလည်း ကောင်းကောင်းမွန်မွန် ပြစရာလည်း မရှိဘူး။

တရက်မှာ ကိုယ်တွေရုံးရဲ့ ဌာနမှုးတယောက်ရဲ့အခန်းထဲကို အလုပ်ကိစ္စ အစည်းအဝေး တက်ရတဲ့အခါမှာ ဘာတွေ့မိသလဲ ဆိုတော့ သူ့အခန်းထဲမှာ ပိုစတာတခု ကပ်ထားတယ်။ အဲဒီပိုစတာလေးက ရေနွေးခွက်ထဲမှာ ထည့်ထားတဲ့ လက်ဖက်ခြောက်အထုပ်လေးပုံပဲ။ အဲဒီမှာ စာလေး ရေးထားတယ်။ ရေနွေးပူပူနဲ့ တွေ့လေ လက်ဖက်ခြောက်အနံ့ ပိုမွှေးလေပဲတဲ့။ အဲဒီစာလေးကို ဖတ်မိပြီး အလုပ်နဲ့ပတ်သက်တဲ့ ကြိုးစားမှုတွေ ပြောင်းလဲလာတယ်။ အကောင်းဘက်ကို ပြောင်းလာတာမျိုးပေါ့။

သူများ မလုပ်ချင်တဲ့အလုပ်... ပင်ပန်းတဲ့အလုပ် (ဥပမာ ညဂျူတီ) အဲဒါမျိုးတွေကို ကိုယ့်ဆီကို လာပေးပြီး လုပ်နိုင်မလား မေးတဲ့အခါကျရင် စမ်းလုပ်ကြည့်တယ်။ ရုံးပိတ်ရက်တွေ နှစ်သစ်ကူးညတွေမှာ အလုပ်တာဝန် ချထားရင်လည်း လုပ်ပေးခဲ့တယ်။ မလုပ်ဖူးတာတွေ လာခိုင်းတော့ အဆင်ပြေတာတွေ ရှိသလို မပြေတာတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် လုပ်ကြည့်ဖူးသွားတယ်။

အပေါက်ဆိုးတဲ့ လူကြီးတွေနဲ့ တွေ့ရမယ့် အစည်းအဝေးတွေကို ရှောင်ချင်ကြတဲ့ တချို့တွေက အဲဒီလို အစည်းအဝေးထဲကို ကိုယ့်ကို ထိုးထည့်ကြတယ်။ အဲဒါမျိုးတွေလည်း သွားတက်လိုက်တာပဲ။ မေးသမျှကို သိသမျှ ဖြေတယ်။ မသိတာတွေကို ပြန်မေးပေးမယ်ဆိုပြီး ယူလာတယ်။ ပြန်မေးပြီးရင် လူကြီးတွေကို ပြန်ဖြေပေးတယ်။

အဲဒီလိုတွေ လုပ်ရင်းကနေ အထက်လူကြီးတွေက တာဝန်တွေ ပေးလာတယ်။ အလုပ် လုပ်ခိုင်းတယ်ပေါ့။ လွန်ခဲ့တဲ့ ၉ နှစ်တုန်းက ပရောဂျက်တခု ရှိနေတယ်။ မင်း ပရောဂျက်မန်နေဂျာ ဝင်လုပ်ပါလား ဆိုပြီး အလွတ်တာဝန်ပေးတယ်။ အဲဒီဟာကို မေးမြန်းစုံစမ်း လေ့လာပြီး လုပ်လိုက်ရင်း လုပ်လိုက်ရင်း နောက်ပိုင်းမှာ တကယ်ကို တရားဝင် ပရောဂျက်မန်နေဂျာ ဖြစ်လာတယ်။ လိုင်းပြောင်းလာတဲ့ သဘောပေါ့။

ပရောဂျက်မန်နေဂျာ အလုပ် စလုပ်တဲ့အချိန်ကနေ ၉ နှစ်ကျော်အကြာမှာတော့ ရုံးချုပ်ရော ရုံးခွဲတွေက ပရောဂျက်မန်နေဂျာ အားလုံးကို ကိုယ်က ဦးစီးလာရတယ်။ ပရောဂျက်တွေ အားလုံးကို ကိုယ်က တာဝန်ခံပေးရတယ်။ ပြီးတော့ မဲခေါင်မြစ်ဝမ်းဒေသမှာ ပါဝင်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်ရုံးတွေက IT ဌာနတွေကို ကိုယ်ကို့ ဦးစီးခိုင်းတယ်။ ဒီတခေါက်မှာ ဖိလစ်ပိုင်က IT ဌာနကိုလည်း ကိုယ့်ကို ဦးစီးဖို့အတွက် ပေးလာပြန်တယ်။

ပြောချင်တာက... အစတုန်းက တကယ်ကို ဘာမှ မသိပါဘူး မတတ်ပါဘူး။ အဲဒီလို မသိတဲ့ မတတ်တဲ့ နယ်ပယ်ကြီးမှာ သိအောင်တတ်အောင် အလုပ်ကနေ ကြိုးစားသင်ယူလို့ ရပါတယ်ဆိုတာကို ဝေမျှပြောပြချင်တာပါ။