မနေ့ညက FB ထဲက အစ်မတယောက် Share ထားလို့ ဆရာမတယောက် ဖြစ်မယ်လို့
ယူဆရတဲ့သူ ရေးထားတဲ့ စာလေးကို ဖတ်လိုက်ရတယ်။ စတုတ္ထတန်း ပြည်သူ့နီတိထဲက
ဘာသာတရားများ မိတ်ဆက် ဆိုတာနဲ့ ပတ်သက်ပြီး ဝေဖန်ရေး လုပ်ထားတာပါ။
ကမ္ဘာပေါ်မှာ ဘာသာတရားယူဆချက်တွေ အများကြီး ကွဲပြားခြားနားစွာ ရှိပါတယ်။
အဲဒီထဲမှာမှ လူအများစု ကိုးကွယ်ယုံကြည်တဲ့ အဓိက ဘာသာကြီး ၄ ခု ရှိပါတယ်။
ခရစ်ယာန်၊ အစ်စလမ်၊ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာတို့ပါပဲ။ အဲဒီ ၄ ခုထဲမှာ တကယ်တော့
ဗုဒ္ဓဘာသာက ကိုးကွယ်ယုံကြည်သူ အနည်းဆုံးပါပဲ။
ကိုယ်တွေရဲ့ တိုင်းပြည်မှာ ဗုဒ္ဓဘာသာကို
အဓိကထား ကိုးကွယ်လို့ တိုင်းပြည်ထဲက အများစုဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး
ထိတွေ့မှု အများကြီး ရှိပါတယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့သူတွေဟာ ဗုဒ္ဓဘာသာရဲ့
တရားသဘောတွေကို အနုစိတ် အသေးစိတ် မသိရင်တောင် အပေါ်ယံလောက် နားလည်ကြပါတယ်။
ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေဟာ တခြားဘာသာတွေနဲ့ ပတ်သက်ပြီး ထိတွေ့မှု
သိပ်မရှိကြပါဘူး။ အဲဒီတခြားဘာသာတွေ အကြောင်းကို နားလည် သဘောပေါက်မှု
မရှိကြပါဘူး။ အဲဒီအခါမှာ တချို့ကိစ္စတွေမှာ မသိခြင်းကို အခြေခံထားတဲ့
အထင်လွဲမှုတွေ အမြင်မှားမှုတွေ ရှိလာပြီး စိတ်အစာမကြေမှုတွေ ဖြစ်လာရပါတယ်။
စိတ်အစာမကြေမှုတွေ တဖြည်းဖြည်း စုပုံလာတဲ့အခါမှာ မလိုမုန်းတီးမှုတွေ
ပေါက်ကွဲမှုတွေ ဆင့်ပွါး ဖြစ်လာရပြန်တယ်။
အဲဒီလို မလိုလားအပ်တဲ့
အကြောင်းတရားတွေ မဖြစ်လာရအောင် ကလေးဘဝကတည်းက မြန်မာပြည်မှာ အဓိက
တည်ရှိနေတဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး မိတ်ဆက်တာတွေ လုပ်ဖို့အတွက် ၂၀၁၅ ထုတ်
ပြည်သူ့နီတိစာအုပ်ထဲမှာ ဘာသာတရားများ မိတ်ဆက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ထည့်သွင်းဖော်ပြတာကို တွေ့ရပါတယ်။ အဲဒီစာအုပ်က ပညာရေးဌာနက တရားဝင်ထုတ်ပြန်ထားတဲ့ စာအုပ်တော့ မဟုတ်ပါဘူး။ NGO တခုက ထုတ်ထားတဲ့စာအုပ်ပါ။
အဲဒီလို မိတ်ဆက်တာဟာ မသိတာကို
သိရအောင် လုပ်ပေးတာပါ။ ဘာသာတိုင်းရဲ့ အနှစ်သာရမှာ ကောင်းတဲ့အချက်တွေ
ရှိတယ်။ အဲဒါတွေကို တိုင်းသူပြည်သားအားလုံး သိရှိပြီး အချင်းချင်း
အပြန်အလှန် ယုံကြည် လေးစားမှုရှိအောင် လုပ်ပေးနေတာပါ။ ဘာသာရေး ဆွယ်တရား
ဟောနေတာ မဟုတ်ပါဘူး။ ဘယ်ဘာသာက ပိုကောင်းတယ်လို့လည်း ထောက်ပြနေတာ
မဟုတ်ပါဘူး။
အဲဒီလိုစာတွေ ပြည်သူ့နီတိမှာ ပါတာ ကလေးတွေအတွက်
အဆိပ်အတောက် မဟုတ်ပါဘူး။ အဲဒီ အဆိပ်အတောက် မဟုတ်တဲ့စာကို အဆိပ်အတောက်
ဖြစ်အောင် သင်ကြားပို့ချတာမျိုး ဆရာ ဆရာမတွေ မလုပ်မိအောင် သတိထားဖို့
လိုပါတယ်။ ဆရာ ဆရာမတွေအနေနဲ့ ဘာသာတရားနဲ့ ပတ်သက်ပြီး အမြင်ရှင်းဖို့
လိုပါတယ်။ ပညာဝမ်းစာပြည့်ဖို့ လိုပါတယ်။ ဗဟုသုတ အမြင်စုံဖို့ လိုပါတယ်။
အမုန်းတရားတွေ မပြန့်ပွါးအောင် သတိထား ဆင်ခြင်နိုင်ပါစေ လို့ ဆန္ဒပြုပါတယ်။
တပည့်မရှား တပြားမရှိတဲ့ ကျွန်တော့်ရဲ့ တောကျောင်းလေးက ဆရာ ဆရာမများကို ဦးထိပ်ထား လေးစားလျှက်...
Sunday, March 5, 2017
Tuesday, January 10, 2017
Golden Hour
ကျောင်းတုန်းက စာစီစာကုံး ရေးရတဲ့အခါ ညနေဆည်းဆာကို စာမျက်နှာ ၇
မျက်နှာလောက် ရေးဖြစ်တယ်။ အဲဒီတုန်းက ညနေဆည်းဆာကို အကျည်းတန်လှချိန်လို့
တင်စားဖွဲ့ဆို ရေးခဲ့တာကို မှတ်မိတယ်။ တခြား ကဗျာတွေ စာတွေလည်း
ကိုးကားရေးသား ရတာပေါ့။
ညနေဆည်းဆာ အချိန်... တနေကုန် ပူရှိန်ပြင်းခဲ့တဲ့ နေမင်းကြီး အနောက်ဂေါယာကျွန်းကို ခေါင်းဝင်တိုးပြီး အနားယူတော့မယ် အချိန်။ အဲဒီအချိန်မှာ နေရောင်ဟာ ရွှေအိုရောင်အလား ထွန်းပဝင်းတယ်။ အကျည်းတန်တဲ့လူတောင် ရွှေအိုရောင် ဖျန်းပတ်လို့ ကိုယ်ရောင်ကိုယ်ဝါတွေနဲ့ လှပတင့်တယ်စေတယ်။ အဲဒီအချိန်ကို အင်္ဂလိပ်လိုကျတော့ Golden Hour လို့ ခေါ်ကြပြန်တယ်။

အဲဒီအချိန်မှာ ရိုက်တဲ့ဓါတ်ပုံအချို့မှာ ရွှေရောင်ဝင်းပတာကို မြင်နိုင်တယ်။
နေရဲ့ အလင်းရောင်ဟာ အဲဒီအချိန်မှာ အနီရောင်ဘက်ကို ပိုကဲပြီး အလင်းရဲ့
ပြင်းအားလည်း ဖျော့တော့သွားတယ်။ နေရဲ့ အလင်းရောင်ကြောင့် ကျတဲ့ အရိပ်ဟာလည်း
ဖျော့တော့တော့ပဲ။
အဲဒီအကြောင်းအချက်တွေကြောင့် အဲဒီ Golden Hour မှာ ရွှေအိုရောင်တောက်နေတဲ့ ဘုရားစေတီတွေ၊ အဆောက်အဦးတွေ၊ မျှော်စင်တွေ၊ တောင်တွေ၊ မြစ်ရေပြင်တွေ၊ ပင်လယ်တွေကို မြင်ရပြန်တယ်။ ပကတိမျက်စိနဲ့ ကြည့်ရင်ပဲ ရွှေအိုရောင် တောက်ပနေတာကို မြင်ရသလိုပဲ ကင်မရာ မှန်ဘီလူးက တဆင့် ရိုက်ထားတဲ့ ဓါတ်ပုံထဲမှာတော့ ရွှေအိုရောင်ဟာ ပိုပြီး ထင်ရှားပြန်တယ်။ ကင်မရာရဲ့ အလင်းအမှောင် ချိန်ဆမှုပေါ် မူတည်ပြီး ရွှေရောင်တောက်ပမှုဟာ အပြောင်းအလဲ ရှိနိုင်ပြန်တယ်။
အဲဒီရွှေအိုရောင် တောက်ပတဲ့ အကျည်းတန်လှချိန်ဟာ နေရာဒေသနဲ့ ရာသီဥတုပေါ် မူတည်ပြီး အချိန် မတူညီနိုင်ပါဘူး။ အများစုကတော့ နေမဝင်ခင် ၁ နာရီအလိုကို Golden Hour လို့ သတ်မှတ်ကြပါတယ်။
ကိုယ်တွေလည်း အဲဒီလို ရွှေအိုရောင် တောက်တဲ့အချိန်တွေကို ညနေ ရုံးဆင်းချိန်မှာ မကြာခဏ တွေ့ဖူးတယ်။ အိမ်ကို လမ်းလျှောက်ပြန်လာရင်း ကိုယ့်ရှေ့က တိုက်တွေဟာ ရွှေရောင်ဝင်းပနေတာကို မြင်ဖူးတယ်။ UNICEF ရဲ့ သင်တန်းကိစ္စနဲ့ မင်းဘူး၊ ငဖဲဘက်ကို ရောက်တုန်းက မုန်းချောင်းဘက်ကို ညနေခင်းရဲ့ ဆည်းဆာရှုခင်း သွားကြည့်မိတော့ ရွှေအိုရောင် တောက်နေတဲ့ လယ်ကွင်းတွေနဲ့ မြက်ရိုင်းပင်တွေကို မြင်ခဲ့ရဖူးတယ်။ ပတ္တရားကမ်းခြေမှာ အလုပ်ကိစ္စနဲ့ ရက်ရှည် တည်းခဲ့တုန်းကလည်း ရွှေအိုရောင် တောက်ပနေတဲ့ ပင်လယ်ပြင်နဲ့ ကမ်းစပ်ကို ကိုယ်ရဲ့ဟိုတယ် ပြတင်းပေါက်ကနေ မြင်ဖူးတယ်။
ဘာရယ်တော့မဟုတ်ပါဘူး။ Golden Hour ရွှေအိုရောင်အချိန်ဟာ သိပ်လှပါတယ်လို့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေ ကြုံတွေ့ဖူးပေမယ့် တချို့တွေ့ဟာ သတိမထားမိတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညနေဆည်းဆာရဲ့ အကျည်းတန်လှချိန် ရွှေအိုရောင်အချိန်ကို မျက်စိတံခါးတွေ ဖွင့်ထားပြီး သတိတရ ရှုစားခံစားနိုင်ကြပါစေလို့ ကောင်းမွန်တဲ့စေတနာ အရင်းခံနဲ့ ဆန္ဒပြုလိုက်ပါတယ်။

Sunday, January 8, 2017
Way to office
ကိုယ်တွေရဲ့ အရင်အလုပ်က စင်္ကာပူရဲ့ အရှေ့ဘက်အခြမ်းမှာ ရှိတယ်။ ကိုယ်နေတာက
အနောက်ဘက်အခြမ်း။ အဲဒီတော့ တနေ့တနေ့ ရုံးသွားမယ်ဆိုရင် ကား ၁ ဆင့်၊ ရထား ၃
ဆင့် စီးပြီး လမ်းကို ၁၀ မိနစ်လောက် လျှောက်ရတယ်။ အချိန်က ၁ နာရီခွဲလောက်
ကုန်တယ်။
အခုရုံးကတော့ အနောက်ဘက်မှာ ရှိပေမယ့် ကား ၂ ဆင့်၊ ရထား ၂ ဆင့် စီးရတယ်။ ၄၅ မိနစ်လောက် အချိန်ကုန်တယ်။ ကိုယ့်ဘာသာ ကားမောင်းမယ် ဒါမှမဟုတ် အငှားကား ငှားစီးမယ်ဆိုရင်တော့ ၁၅ မိနစ်လောက်နဲ့ ရုံးကို ရောက်တယ်။ ဒါပေမယ့် အဲဒီလို ၁၅ မိနစ်နဲ့ ရောက်မယ့် လမ်းကြောင်းမျိုးမှာ ဘတ်စ်ကားလိုင်း ရထားလိုင်း သီးသန့် ရှိမနေဘူး။ အဲဒီတော့ အကုန်အကျ သက်သာချင်ရင်တော့ ၄၅ မိနစ်ကြာတဲ့ လမ်းကြောင်းကနေပဲ သွားရတာပေါ့။

ဒီလအတွင်းမှာ ရုံးအသစ်ကြီးကို ပြောင်းရတော့မယ်။ အဲဒီကို အိမ်ကနေ ကား ၁
ဆင့်တည်းနဲ့ တန်းရောက်ပေမယ့် အိမ်ကနေ ကားဂိတ်ကို ၇ မိနစ်လောက်၊ ဆင်းရမယ့်
ကားဂိတ်ကနေ ရုံးကို ၁၅ မိနစ်လောက် လမ်းလျှောက်ရမယ်။ အဲဒီလိုမျိုး
လမ်းမလျှောက်ချင်ရင် ကား ၂ ဆင့်၊ ရထား ၂ ဆင့် စီးရမယ်။
ပြောချင်တာက စင်္ကာပူမှာလည်း လူတဦးတယောက်အတွက် အကုန်လုံး အစစအရာရာ အဆင်ပြေတဲ့ လမ်းကြောင်းမျိုး မရှိပါဘူး။ ရွေးချယ်စရာတွေ များတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီရွေးချယ်စရာတွေထဲကမှ ကိုယ်နဲ့ အဆင်ပြေမယ့် လမ်းကြောင်းကိုပဲ အဓိက ရွေးချယ် အသုံးပြုရတာမျိုးပါ။
ရန်ကုန်မြို့ကြီးမှာလည်း ယာဉ်လိုင်းအသစ်တွေနဲ့ စစချင်းမှာ အဆင်မပြေတာတွေ အသားမကျတာတွေ ရှိနေနိုင်ပေမယ့် အချိန်နဲ့အမျှ ရွေးချယ်စရာတွေ ပေါများလာပြီး ကိုယ်နဲ့ အသင့်တော်ဆုံး လမ်းကြောင်းတွေကို ရွေးချယ် အသုံးပြုစီးနင်းနိုင်မှာပါ။
ရန်ကုန်သားတွေ အဆင်ပြေကြပါစေ...

Wednesday, December 21, 2016
Complaint Master
တခါတလေ ကိုယ်တွေ မြန်မာအချင်းချင်း သိပ်ခက်တယ်။ ဘာမှ မဟုတ်တာတွေကို ရစ်ကြတယ်။
ရန်ကုန်ဘက်ကို လေယာဉ်စီးတုန်းကပေါ့... လေယာဉ်မယ် လေယာဉ်မောင်တွေက မြန်မာတွေ။ လေယာဉ်ပေါ်မှာ ထမင်းကျွေးတဲ့အချိန် ရောက်တော့... လေယာဉ်မောင်က ကြက်သားနဲ့ ထမင်း စားမလား.... ငါးသားနဲ့ ခေါက်ဆွဲကြော် စားမလား တယောက်ချင်းကို မေးပြီး ဝန်ဆောင်မှုတွေ ပေးတယ်။ တနေရာကို ရောက်တော့ အဲဒီခုံတန်းက ကိုရွှေမြန်မာက ရစ်ပါလေရော။
ကြက်သားက ဟာလာ လုပ်ထားသလားတဲ့။ မေးတဲ့သူက အသံအကျယ်ကြီးနဲ့ မေးပေမယ့် ဖြေတဲ့သူကတော့ တိုးတိုးတိတ်တိတ်ပဲ ဖြေတော့ လေယာဉ်မောင်က ဘာဖြေလိုက်သလဲတော့ မကြားလိုက်ရဘူး။ အဲဒီကနေ ရစ်နေတာ ဖြေရှင်းလို့ မရတော့ ရှေ့ခေါင်းခန်းက ပိုပြီး စီနီယာကျတဲ့ လေယာဉ်မယ်က အဲဒီခုံကို ရောက်လာပြီး ဖြေရှင်းပေးပါတယ်။

သူ စားချင်တာက ငါးထမင်းနယ်တဲ့။ လေယာဉ်မယ်က ပြန်ဖြေပါတယ်။ အဲဒါမျိုးက
သီးသန့်ကြိုတင်မှာထားမှ ရပါတယ်ပေါ့။ အခုအခေါက်မှာတော့ ကြက်သားနဲ့ ငါးပဲ
ပါတယ် ဆိုတာကို သေချာ ပြန်ရှင်းပြပါတယ်။ အဲဒီအခါ ကိုယ်တော်ချောက အဲဒါဆို
သူက Seafood ပင်လယ်စာနဲ့ စားချင်ပါတယ် ဆိုပြီး ပြန်ပြောင်းပြောပြန်ရော။
ကြက်သား မစားတဲ့သူတွေအတွက် ပင်လယ်စာတော့ ရှိသင့်ပါတယ် ဆိုပြီး ထပ်ရစ်တယ်။
သူဟာ Singapore Airlines, Silk Air, Jet Star, Air Asia အကုန်စီးဖူးတယ်။
အဲဒီလေယာဉ်တွေမှာ Seafood ပင်လယ်စာ သီးသန့် လုပ်ပေးထားတယ် ဘာညာတွေ ဆက်ပြီး
ရွှီးပြန်လေတယ်။ သူစီးဖူးသမျှ ကိုယ်လည်း စီးဖူးတော့ ရွှီးနေမှန်း
သိပ်သိသာလွန်းတယ်။
ဟာလာ မလုပ်ထားတဲ့ ကြက်သားဆိုရင် အဲဒါဟာ ဘာသာရေးကို စော်ကားရာ ရောက်တယ်။ ပင်လယ်စာတွေ ရှိသင့်တယ် ဘာညာတွေ ထပ်ပြောလေရော။ အဲဒီစကားအရ ကိုယ်တွေ ထင်တာက သူက မွတ်စလင် ဘာသာဝင်များလာပေါ့။ နောက်ဆုံး သူ ထပ်ပြောလိုက်မှပဲ ရှင်းသွားတယ်။ သူက မွတ်စလင်ဘာသာဝင် မဟုတ်ပါဘူးတဲ့။ သူများ ဘာသာအတွက် စဉ်းစားမိလို့ အခုလို အကြံပေးရတာပါတဲ့။
လေယာဉ်ပေါ်က လူတွေလည်း သူ့ရဲ့ ဟောင်ဖွာဖွာ အသံကြားမှာပဲ မကြားချင်လည်း ကြားနေရတယ်။ လေယာဉ်မယ်ကတော့ အတော်လေး သည်းခံပြီး တောင်းပန်နေတာကို တွေ့ရတယ်။ သူ ဘယ်တော့ ပြန်မလဲ။ ဘယ်အချိန် လေယာဉ်လဲ ဆိုတာကို မေးပြီး ငါးထမင်းနယ် ရအောင် လုပ်ထားပေးပါမယ် ဆိုတာတွေလည်း ပြောနေတာ ကြားရတယ်။
အဲဒီနေရာမှာ မြန်မာမဟုတ်ပဲ တခြား လူမျိုးတွေဆိုရင် အဲဒီလို ရစ်ချင်မှ ရစ်မယ်လို့ ကိုယ်ကတော့ မြင်မိတယ်။ ကိုယ့်မြန်မာအချင်းချင်းမို့လို့ပဲ သတ္တိတွေ ကောင်းပြနေသလားပဲ။ တကယ်ကို တလွဲပါပဲ။ ရှင်းရှင်းပြရရင် အဲဒီသူဟာ သောက်တလွဲကောင်ပါပဲ။

Monday, December 12, 2016
Say something about Vietnam
လက်ရှိအလုပ်မှာ ကိုယ့်ဘေးက တယောက်က ဗီယက်နမ်။ သူနဲ့ ထမင်းစားချိန် အတူတူ
သွားစားဖြစ်ရင်း ဗီယက်နမ်အကြောင်းတွေ သူ ပြောပြလို့ ဟိုနည်းနည်း
ဒီနည်းနည်း သိခွင့်ရလိုက်တယ်။
ဗီယက်နမ်မှာက အခုထိ တောင်ပိုင်းနဲ့ မြောက်ပိုင်း ကွဲနေသေးတယ်။ မြောက်ပိုင်းက တရုတ်နဲ့ရုရှဘက် ယိမ်းတဲ့ ကွန်မြူနစ်တွေ တောင်ပိုင်းကတော့ အမေရိကန်ဘက် ယိမ်းတဲ့လူတွေပေါ့။ တောင်ပိုင်းဆိုတာ အရင်တုန်းက ဆိုင်ဂုံ အခု ဟိုချီမင်းစီးတီး ရှိတဲ့အခြမ်း။ မြောက်ပိုင်းကတော့ ဟနွိုင်းမြို့ ရှိတဲ့အခြမ်း။ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်း လုပ်လို့ အဆင်ပြေတဲ့ တောင်ပိုင်းက ချမ်းသာပြီး ကုန်သည်ပွဲစား များတယ်။ တောင်ထူထပ်တဲ့ မြောက်ပိုင်းက ဆင်းရဲပြီး စစ်သားများတယ်။
တောင်ပိုင်းက လူတွေ မြောက်ပိုင်းက လူနဲ့ အိမ်ထောင်ပြုမယ်ဆိုရင်လည်း မိဘအသိုင်းအဝိုင်းက သဘောမတူကြဘူး။ မြောက်ပိုင်းမှာက ချွေးမကို ကျွန်လို ခိုင်းကြတယ်။ သားနဲ့ ပတ်သက်လို့ ရလာတဲ့ သမီးတယောက်လို့ သဘောမထားဘူး။ တောင်ပိုင်းမှာက ချွေးမကို မြောက်ပိုင်းလောက် မနှိပ်ကွပ်ဘူး။ မြောက်ပိုင်းမှာက မိဘရဲ့ အမွေကို သားအကြီးဆုံးက ဆက်ခံရတယ်။ ကျန်တဲ့သူတွေက ဘာမှ မရကြဘူး။ တောင်ပိုင်းမှာက သားအငယ်ဆုံးကို အမွေပေးတယ်။ ငယ်သေးလို့ ရှာဖွေစားသောက်ရ ခက်ခဲမှာ စိုးလို့ ဆိုပြီး မိဘအမွေကို ပေးကြတယ်။ ထုံးစံအတိုင်း သမီးတွေကတော့ အိမ်ထောင်ပြုတဲ့အချိန် ပေးလိုက်တဲ့ ခန်းဝင်ပစ္စည်းက လွဲလို့ မိဘဆီက ဘာအမွေမှ မရကြဘူး။ မြောက်ပိုင်းက လူတွေက သန်မာတယ်။ ကြမ်းတမ်းတယ်။ တောင်ပိုင်းက လူတွေက လူရည်လည်တယ်။
ဗီယက်နမ် ပြည်တွင်းစစ် ပြီးသွားလို့ မြောက်ပိုင်းသားတွေ စစ်နိုင်သွားတဲ့အခါ တောင်ပိုင်းသားတွေရဲ့ စစ်တပ်တွေကို ဖျက်သိမ်းသလို အစိုးရအလုပ်ထဲမှာလည်း သားစဉ်မြေးဆက် ဝန်ထမ်းလုပ်ခွင့် မပေးပါဘူး။ တောင်ပိုင်းသားအချို့ကို ထောင်ချတယ်။ ကွန်မြူနစ်ဝါဒကို လက်ခံယုံကြည်ပါတယ်လို့ လက်မှတ်ထိုးရင် ထောင်က လွှတ်ပေးတယ်။ အဲဒီလိုမျိုး ထောင်ထဲမှာ ၃ နှစ်အထက် ထောင်ကျဖူးရင် အမေရိကန်က နိုင်ငံရေးခိုလှုံခွင့်ပေးတော့ တောင်ပိုင်းသားအများစုက ထောင်ကြာကြာ ကျအောင် အဲဒီကွန်မြူနစ်ဝါဒကို လက်မခံကြောင်းပဲ လုပ်ကြတယ်။ အဲဒီလိုနဲ့ ထောင် ၄ နှစ် ၅ နှစ်ကျပြီးလို့ လွှတ်လာရင် အမေရိကားကို ရောက်အောင် ပြေးကြတာပါပဲ။ အမေရိကားမှာ စစ်ပြေးဗီယက်နမ် အသိုင်းအဝိုင်းက မနည်းမနောပါပဲ။
ဗီယက်နမ်မှာက ကွန်မြူနစ်အစိုးရ အုပ်ချုပ်တယ် ဆိုပေမယ့် အကျင့်ပျက် လာဘ်စားမှုက ရာထူးအဆင့်ဆင့်တိုင်းမှာ ရှိတယ်။ တိုင်းပြည်မှာ ရဲနဲ့ စစ်သား အင်အားကလည်း အများကြီးပဲ။ လာဘ်စားလွန်းလို့ ရဲတွေကို လူထုက အဝါရောင်ခွေး အစိမ်းရောင်ခွေးလို့တောင် ခေါ်ကြတယ်။ သူတို့ ရဲဝတ်စုံက အစိမ်းရောင်ဖြစ်ပြီး ယာဉ်ထိန်းရဲဝတ်စုံက ကာကီရောင် ဖြစ်နေလို့။ စစ်တပ်က ဗိုလ်ချုပ်တွေရဲ့ လစာဟာ စင်္ကာပူဒေါ်လာ ၁ ထောင်လောက်ပဲ ရှိနေပေမယ့် သူတို့မှာ ဒေါ်လာသိန်းချီတန်တဲ့ ကားတွေ အိမ်တွေ ပိုင်ဆိုင်နေကြတယ်။
ဗီယက်နမ်မှာ ကားပိုင်ရင် အကောင်ပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကားက ဈေးကြီးလွန်းတယ်။ ကားတစီးရဲ့ တန်ဖိုးဟာ မူရင်းစက်ရုံထုတ်ဈေးအပြင် အခွန် ၂၈၅ ဆ ထပ်ဆောင်မှ ကားပိုင်ဆိုင်ခွင့်ရတယ်။ ဥပမာ ကားတစီးကို သိန်း ၁၀၀ တန်တယ်ဆိုရင် အခွန် ၂၈၅ သိန်း ထပ်ပေါင်းပြီး ၃၈၅ သိန်းပေးနိုင်မှ ကားဝယ်နိုင်မယ်။ အဲဒါကြောင့် ဗီယက်နမ်မှာ လူနေမှုအဆင့်အတန်းကို ပြချင်လို့ ကားဝယ်စီးကြတယ်။ ကားခေါင်းခန်းမှာ စစ်ဦးထုပ်တွေ တင်ထားတာမျိုး၊ စစ်တပ် ရဲဌာနချုပ်ရဲ့ တံဆိပ်တွေ ကပ်ထားတာမျိုးလည်း လုပ်ကြပြန်တယ်။
ဘာရယ်တော့ မဟုတ်ပါဘူး။ သူများ ပြောပြလို့ ဗီယက်နမ်အကြောင်း တိုတိုထွာထွာ သိထားတာလေးတွေကို ကိုယ့်မိတ်ဆွေလည်း သိရအောင် ပြန်လည်ဝေမျှတာပါ။ အလွတ်သဘောမျိုး ပြောတဲ့စကားကနေ သိထားရတာတွေမှာ ရာနှုန်းပြည့် အမှန်မဖြစ်နိုင်သလို အမှားတွေလည်း ပါနိုင်ပါတယ်။

Subscribe to:
Posts (Atom)