.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, May 11, 2008

Nargis Surveying - 1

နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးအလုပ်တွေ ဆက်တိုက်လုပ်နေတဲ့ အဖွဲ့ဖြစ်တဲ့ တောကျီးကန်းအဖွဲ့နဲ့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ရွာလေးတွေကို မေလ ၁၁ ရက်နေ့မှာ ရောက်ခဲ့ပါတယ်။ သွားရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ ရွာတွေမှာ အစားအစာ ရရှိမှု၊ သောက်သုံးရေသန့်ရရှိမှု အနေအထား၊ ယင်လုံအိမ်သာ ရှိမရှိ အနေအထားတွေကို သွားရောက်လေ့လာခဲ့တာပါ။ လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့အတွက် ပမာဏ သွားရောက် လေ့လာခဲ့တာပေါ့။



ကြည့်မြင်တိုင် ဗားကရာဆိပ်ကနေ လှိုင်မြစ်တစ်ဖက်ကမ်းကို လှေနဲ့ကူးရပါတယ်။ လှေဆိပ်က လှေအတော်များများလည်း မုန်တိုင်းဒဏ်ခံလိုက်ရပြီး ပျက်စီးသွားလို့ လှေတွေ သိပ်မရှိလှပါဘူး။ လှေခက တစ်ခေါက်ကို ကျပ် ၂၀၀၀ ပေးရပါတယ်။ ခရီးသည် ၇ ဦးပဲ တင်ပါတယ်။ လှေအဆင်း မြင်းအတက် ဆိုတဲ့အတိုင်း သတိထားဆင်းတာတောင် လှေက လေတိုက်ပြီး ရွေ့သွားလို့ တခြားလှေထဲကို အမြန်ခုန်ချလိုက်ရတယ်။ တခြားလှေသာ မရှိရင် ကမ်းစပ်က ဗွက်ထဲကို တန်းနေတာပါပဲ။



ဟိုဘက်ကမ်းကို ရောက်တော့ ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ နေရာတွေကို မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေရဲ့ အကူအညီနဲ့ လိုက်လံ ကြည့်ရှုခဲ့ပါတယ်။ နာဂစ်မှာ ကြက်ခြေနီတွေလည်း တကယ်ကို အလုပ်လုပ်ကြရပါတယ်။ သူတို့တွေဟာ ဘာတစ်ခုမှ အကျိုးအမြတ် မခံစားရတဲ့ အဖြူရောင်နှလုံးလှပိုင်ရှင် စေတနာဝန်ထမ်း အစစ်တွေဆိုတာ သူတို့ရဲ့လုပ်ရပ်တွေကို ကြည့်တတ်ရင် မြင်ကြမှာပါ။ ဆန်ဂိုဒေါင်မှာ ဖွင့်ထားတဲ့ စခန်းတွေ၊ ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ စခန်းတွေ၊ စာသင်ကျောင်းတွေမှာ ဖွင့်ထားတဲ့ စခန်းတွေကို နေပူကျဲကျဲအောက်မှာ တစ်ခုပြီး တစ်ခု ၀င်ထွက် သွားလာ ကြည့်ရှုခဲ့ပါတယ်။



ကြည့်မြင်တိုင်မြို့နယ် အပိုင်ဖြစ်ပေမယ့် ရွာတွေက အတော်လေး ခေါင်ပါတယ်။ တချို့ရွာတွေဆို လှည်းလမ်းတောင် မရှိပါဘူး။ ဆိုင်ကယ်လည်း မ၀ယ်နိုင်ကြပါဘူး။ တစ်ရွာနဲ့ တစ်ရွာ ၇ မိုင်လောက် ခြေကျင်လျှောက်ရပါတယ်။ လယ်ကန်သင်းရိုးပေါ်ကနေ သွားလာရတာ များပါတယ်။ ရွာတွေမှာ ရှိတဲ့ ရေတွင်းရေကန်များဟာ သန့်ရှင်းမှု မရှိပါဘူး။ ရေထွက် ညံ့တာလည်း ပါပါတယ်။ ရွာအများစုကတော့ ကန်ကြီးတွေ တူးထားပြီး မိုးရာသီမှာ ရွာတဲ့မိုးရေတွေကိုပဲ လှောင်ထားပြီး သောက်ရေအဖြစ် သုံးကြပါတယ်။ သုံးရေကိုတော့ အများစုက မြစ်ထဲကနေ ယူကြပါတယ်။ မြို့နယ်ထွေအုပ်ရုံးကတော့ သောက်ရေသန့် တိုင်ကီတွေကို စက်လှေတွေနဲ့ သယ်ပြီး ရွာတွေကို ပေးပို့ထောက်ပံ့နေတာလည်း ရှိပါတယ်။



လက်ရှိသုံးနေတဲ့ အိမ်သာတွေကတော့ လောက်တဖွားဖွားပါပဲ။ ကျင်းတွေကလည်း ပြည့်လျှံနေပါတယ်။ အနံ့အသက်ကတော့ ပြောမနေပါနဲ့တော့။ လှုပ်လီလှုပ်လဲ့ အိမ်သာတွေပေါ်ကို တက်ကြည့်ရတာလည်း အသဲယားစရာပါပဲ။ မတော်လို့ ပြုတ်ကျရင် ချီးတွင်းကြီးထဲကို တန်းနေတာပါပဲ။ အိမ်သာအများစုကတော့ ပျက်ဆီးနေပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ လောလောဆယ် ၀မ်းရောဂါဖြစ်နေသူက ၁၇ ယောက် ရှိနေပါပြီ။ ဒါကြောင့် ယင်လုံအိမ်သာတွေ ပြန်ဆောက်ပေးဖို့ လိုအပ်နေတဲ့ ရွာတွေပါလို့ မှတ်ချက်ပြုမိပါတယ်။



ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာ ရွာတွေက စုစုပေါင်း ၁၁ ရွာရှိပါတယ်။ ဦးမြ၊ ငဇင်၊ ဆိပ်ကြီး၊ အလတ်ချောင်း၊ စက်ဆန်း၊ အောက်ရုံ၊ အေးရွာ (အရှေ့)၊ အေးရွာ (အနောက်)၊ ဗလုတ်ညွှန့်နဲ့ ၀ါးရုံဆိပ်တို့ပါ။ လူဦးရေကတော့ ၃၈၀၀၀ ကျော်ပါတယ်။ တောကျီးကန်းအဖွဲ့အနေနဲ့ လောလောဆယ် ရွာတစ်ရွာမှာ အများသုံးအိမ်သာ ၄ လုံးလောက် ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ အိမ်သာတွေကိုတော့ သွပ်မိုး ပျဉ်ကာဆောက်ဖို့ မှန်းထားတယ်။ ဒါတောင် စရိတ်က မသေးပါဘူး။ အိမ်သာ ၁ လုံးကို ၃ သိန်းလောက် ကုန်ကျပါတယ်။ လက်သမားခ၊ ကျင်းတူးခတွေ ပေါင်းလိုက်ရင်တော့ ဒီထက်မက များသွားနိုင်ပါတယ်။ သိကြတဲ့အတိုင်း ကုန်ဈေးနှုန်းက ဒုံးပျံနဲ့ အပြိုင် မိုးပေါ်ကို ထောင်တက်နေကြတယ်လေ။



ဒီလိုနဲ့ တနေကုန် ရွာရိုးကိုးပေါက် သွားလာပြီး ညနေစောင်းလောက်မှာ ဒီဘက်ကမ်းကို ပြန်ကူးလာခဲ့ပါတယ်။ လူလည်း ပူပြင်းလှတဲ့နေရောင်အောက်မှာ အတော်လေးကို နှုံးချိနေပါပြီ။ ဒါပေမယ့် ကိုယ့်ထက် ဆိုးဝါးတဲ့ ဘ၀တွေကို ရင်ဆိုင်နေရတဲ့သူတွေနဲ့ ယှဉ်ရင် အခုခံစားရတာလေးတွေက အသေးအဖွဲလေးဖြစ်သွားပါတယ်။ ခရီးစဉ် အစအဆုံးကို လိုက်ပို့ပေးတဲ့ ကြည့်မြင်တိုင် ကြက်ခြေနီတပ်ရင်းက ပြန်ဆက်အရာရှိ အပါအ၀င် ရဲဘော်များအားလုံးကို အထူးကျေးဇူးတင်မိကြောင်း မှတ်တမ်းတင်ခဲ့ပါရစေဗျာ။



No comments: