တခဏတာ မဟုတ်တဲ့ အလှု
နားဂစ်(စ်)မုန်တိုင်းကြောင့် ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ အခုဆို မြန်မာပြည်မှာ လူပေါင်း ၂သန်း လေးသိန်းနီးပါး အိုးအိမ်မဲ့ စားဝတ်နေရေးမဲ့ အခြေအနေမဲ့ ဖြစ်နေကြရပါပြီ။ ဒီတော့ ဒီလူသန်းချီပြီးတော့ အစားအစာမဲ့ အိမ်မဲ့ ဖြစ်နေကြတာဟာ တခဏတာ လှုလိုက်တဲ့ အလှုနဲ့ သူတို့ တနှစ်စာ စားနိုင် သောက်နိုင် သွားနိုင်ပါမလား။ နောက်ဆုံး ကျနော်သိရသလောက် စင်္ကာပူမှာဆိုရင် လမ်းပြကြယ်စာကြည့်တိုက်နဲ့ အစုအဖွဲ့များက ဒေါ်လာ တစ်သိန်းလေးသောင်းသုံးထောင့်ခုနစ်ရာလေးဆယ့်တစ်ကျပ်နဲ့ ပြား ၆၀ ကောက်ခံရရှိခဲ့ပြီး ဒေါ်လာ ၉ သောင်း ဖိုး မြန်ပြည်တွင်းမှ ဒုက္ခသည်များအား ကိုယ်တိုင်ကိုယ်ကျ လှုဒါန်းနိုင်ခဲ့ပါတယ်။ ဒါဟာ အင်မတန်ကောင်းမွန်တဲ့ ရလဒ်ပါ။ ဒီ လမ်းပြကြယ်နဲ့ အစုအဖွဲ့များအပြင် တခြား တသီးပုဂ္ဂလ ကောက်ခံနေသူများနဲ့ အာအိုင်တီ စင်္ကာပူ၊ မြန်မာကလပ် စသဖြင့် ရှိကြပါသေးတယ်။ သူတို့တွေတင်မက တကမ္ဘာလုံးကလဲ အလှုတွေ အလှုတွေ လေယာဉ်နဲ့ ဆိုက်ဆိုက်နေတာ နေ့တိုင်ပါပဲကလား။ ဒီလိုဆိုရင်ဖြင့် ကျနော်တို့ တခေါက်လှုရုံနဲ့ လုံလောက်ရောပေါ့နော်လို့ တွေးစရာလေးတွေ ဖြစ်လာလို့ ကျနော် တွေးမိတာလေးတွေကို ရေးမိလိုက်ပါတော့တယ်။
အခု နာဂစ်ဒဏ် ဒုက္ခသည်တွေကို ကူညီနေတာဟာ အန်ဂျီအိုတွေ၊ ယူအန်က World Food Program၊ သြစတြေးလျက World Vision လို အသင်းမျိုးတွေနဲ့ ပုဂ္ဂလိက ကူညီသူတွေဟာ အဓိကကျတဲ့ ကယ်ဆယ်ရေးတွေ ဖြစ်ကြပါတယ်။ ဒီလောက် ကယ်ဆယ်နေတဲ့ ကြားကနေ ဒုက္ခသည်တွေရဲ့ ၂၅ ရာနှုန်းလောက်သာ ရောက်သေးတာကို ကြည့်ရင်ဖြင့် အချိန်ပိုမိုကြာမြင့်အောင် လှုရဦးမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်ရဲ့ ပြောစကားအရ အခုအချိန်မှာ တကမ္ဘာလုံးဟာ ဒုက္ခသည်တိုင်းကို ကူညီဖို့ အလေးစိုက်ရမယ်လို့ ပြောပါတယ်။ အာဆီယံ ဦးဆောင်တဲ့ နိုင်ငံတကာအကူအညီတွေဟာ မြန်မာပြည်ထဲကို ဖြည်းညှင်းစွာ စိမ့်ဝင်တော့မှာ ဖြစ်ပေမဲ့ အခုလောလောဆယ် ဒုက္ခသည်တွေဟာ တနေ့ပြီးတနေ့ အငတ်ဘေးကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာကို စဉ်းစားနေရပါတယ်။ ပုတ်ပွနေတဲ့ အလောင်းတွေ ရေမျောနေတဲ့ အလောင်းတွေ ဒီလို အလောင်းကောင်တွေကို ရှင်းလင်းဖို့၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပေါက်လာဖို့ ဒါတွေဟာ အချိန်အတော်ကြာဦးမှာပါ။
ဒီတော့ ကျနော်တို့ကနေပြီး တခေါက်ပဲ အလှုကို ထည့်လိုက်တယ်ဆိုပါစို့။ ကျနော်တို့ ပေးလိုက်တဲ့ အလှုတွေအကုန်လုံးကို ရန်ကုန်က အန်ဂျီအိုတွေက လှုလိုက်ကြပြီးပြီဆိုရင် နောက်ထပ် ဒုက္ခသည်တွေရဲ့ အနာဂတ်နေ့ရက်ပေါင်းများစွာအတွက် အလှုတွေ ရှိတော့မှာ မဟုတ်ပါဘူး။ ကြည့်ပါ။ အလှုကောက်ခံသူတွေကို မေးကြည့်ပါ။ အလှုငွေ ကောက်ခံရရှိမှုဟာ တစတစ နည်းပါးလာတာကို တွေ့ရမှာ ဖြစ်သလို ကျနော်တို့တွေအနေနဲ့လဲ ကိုယ့်အပူနဲ့ ကိုယ်၊ ကိုယ့်ဘ၀နဲ့ ကိုယ် ရုန်းကန်နေကြရင်းနဲ့ ဒုက္ခသည်တွေရဲ့ ဘ၀ကို မေ့လျော့လာမှာ ဖြစ်ပါတယ်။ စဉ်းစားကြည့်ပါ။ နာဂစ်ကြောင့် အိုးအိမ်ကလဲမဲ့၊ အဓိက ပင်ရင်းဖြစ်တဲ့ အသက်မွေးဝမ်းကျောင်းလဲ မရှိတော့တဲ့အခါ ဒီ ဒုက္ခသည်တွေဟာ ဘာနဲ့ သွားပြီး စားသောက် နေထိုင်ရပါမလဲ။ သူတို့ဟာ မြို့တွေနဲ့ နီးရင် မြို့တက်လာနိုင်ရင်တောင်မှ အလုပ်အကိုင် ရှားပါးတဲ့ နေရာဒေသမှာ ဘယ်လို အလုပ်မျိုးနဲ့ အသက်မွေးနိုင်ပါမလဲ။ မြို့နဲ့ မနီးတဲ့ ကျေးလက်တွေမှာ အိမ်ကလဲ မရှိ၊ မိုးကလဲရွာ၊ ဒုက္ခသည်စခန်းဆိုတာမှာ မနေရတဲ့ သူတွေအတွက် ဘယ်လို ရှင်သန်ကြပါမလဲ။ အထူးသဖြင့် အသက် ၁၀ နှစ်ဝန်းကျင်လေးတွေ ဘယ်လို အသက်ရှင်ပါမလဲ။ ကျနော့် မိတ်ဆွေတွေ ပြောပြချက်အရ ဆယ်ကျော်သက် ကလေးငယ်တွေ၊ မိန်းကလေးတွေ ယောက်ျားလေးတွေ သူတို့ဟာ ထမင်းကျွေးမယ်ဆိုရင် ဘယ်သူခေါ်ခေါ် လိုက်မယ့် ကလေးတွေပါ။ သူတို့တွေရဲ့ ဘ၀ကို ဘယ်လို ကယ်တင်ကြမှာလဲ။
နာဂစ်ဟာ အတော်ကို ဒုက္ခကြီးပါတယ်။ သူဟာ ဧရာဝတီတစ်တိုင်းလုံးနီးပါးကို မွှေနောက်ခဲ့သူပါ။ လယ်သမားတွေအကုန်သေ၊ လယ်ကွင်းတွေပျက်၊ ငါးဖမ်းသူတွေ သေ၊ လှေတွေ ပျက်၊ အဓိကကျတဲ့ အလုပ်အကိုင်တွေ အကုန်ပျက်စီးခဲ့ပါတယ်။ ကျန်ရစ်ခဲ့သူတွေ အတွက် တနေ့တာ တနေ့ အသက်ရှင်ရေးဆိုတာ အရေးကြီးပါတယ်။ ကျနော်တို့မှ မပံ့ပိုးရင် ဘယ်သူတွေက ပံ့ပိုးမှာလဲ။ နိုင်ငံတကာရောက် တရုတ်တွေကတောင် တရုတ်ပြည်မကြီးကို အလေးထား အလှုတွေ ပေးနေတယ်ဆိုရင် ကျနော်တို့ မြန်မာတွေကရော ဘာတွေ တွေးနေကြမှာလဲ။
ကျန်ရစ်တဲ့ ဒုက္ခသည်အားလုံးကို ကျနော်တို့ ကယ်ဆယ်နိုင်ရပါမယ်။ သူတို့ကို ကယ်ဆယ်ပြီးရင် နေရာချထားရပါမယ်။ နောက် အသက်မွေးဝမ်းကျောင်းတွေ ဖန်တီးပေးရပါဦးမယ်။ ဒါတွေအကုန်လုံး ကျနော်တို့ချည်း မတတ်နိုင်ပါ။ နိုင်ငံတကာ အကူအညီ လိုပါတယ်။ အစိုးရရဲ့ ဖန်တီးပေးမှုတွေ လိုပါတယ်။ အခုလောလောဆယ် ကယ်ဆယ်ရေးကိုတောင် ပြီးဆုံးအောင် မလုပ်နိုင်သေးတဲ့အတွက် ကယ်ဆယ်ရေးတွေ မပြီးခင် အလှုငွေတွေ ပြတ်သွားမှာ စိုးရိမ်ပါတယ်။ ကယ်ဆယ်ရေးတွေ ပြီးတော့ကော အလှုတွေ ရပ်လိုက်မှာလား။ ဒါဆို နေရာချထားရေးအတွက် အန်ဂျီအိုတွေဆောက်ပေးမဲ့ အိမ်ရာ အကူအညီတွေအတွက် အလှုတွေ လိုပါတယ်။ ကယ်ဆယ်ပြီးတာနဲ့ ဒီဒုက္ခသည်တွေကို မကြည့်တော့ဘူးဆိုရင် သူတို့ကို မကယ်ဆယ်ဘဲ ပစ်ထားလိုက်တာကမှ တော်ကာကြပါဦးမယ်။ ကယ်ဆယ်ပြီးတာနဲ့ သူတို့ကို ထမင်း တနပ်လောက် ကျွေးနိုင်တယ်ပဲထား၊ ဒုက္ခသည်တွေမှာ အနာဂတ် လက်ချိုးရေလို့ ရတဲ့ နေ့ရက်တွေအတွက် ထမင်းဝတယ်ပဲထား။ သူတို့အတွက် အသက်မွေးဝမ်းကျောင်းဆိုတာ မရှိရင် သူတို့ တောင်းစားရမှာပါပဲ။ ဒီလို တောင်းစားတာတောင်မှ မတောင်းစားခိုင်းရင်တော့ အတော့်ကို မသိသား ဆိုးရွားတယ်လို့ ပြောချင်ပါတယ်။
ဒီတော့ ကျနော်တို့ မပြီးပြတ်သေးတဲ့ ကယ်ဆယ်ရေးတွေအတွက်၊ ကယ်ဆယ်ပြီးတဲ့ ဒုက္ခသည်တွေရဲ့ တနေ့ပြီး တနေ့ ဒုက္ခတွေအတွက်၊ ကယ်ဆယ်ပြီးတဲ့ ဒုက္ခသည်တွေရဲ့ နေထိုင်စရာတွေအတွက်၊ ဒုက္ခသည်တွေ မှီခိုနေရတဲ့ ဘုန်းကြီးကျောင်းတွေ ပြုပြင်ရေးအတွက်၊ နောက်ဆုံး ဒုက္ခသည်တွေရဲ့ အသက်မွေးဝမ်းကျောင်း ဖန်တီးရေးတွေအတွက် လပေါင်းများစွာ ကျနော်တို့ အလှုတွေ မပြတ်လိုနေပါဦးမယ်။ ဒီအလှုတွေဟာ နိုင်ငံတကာကနေ ရရှိတဲ့ အလှုတွေနဲ့တင် မလုံလောက်ပါဘူး။ ကျနော်တို့ မြန်မာတွေဆိုတာ အလှုတောင်မှ တာရှည်ခံအောင် လှုနိုင်တဲ့အလှုမျိုးအဖြစ် မှတ်ကျောက်တင်ခံနိုင်ရပါမယ်။ တခဏတာ လှုပြီး မေ့သွားတာထက် လအတော်ကြာ အလှုငွေတွေထည့်ပြီး တစ်ဘ၀စာ ကိုယ့်အလှုကို မှတ်မိသွားမယ့်အဖြစ်မျိုး၊ တစ်ဘ၀စာ ကြည်နူးရမယ့် အလှုမျိုးအတွက် စဉ်းစားကြပါလို့ ပြောလိုပါတယ်။
ဒီလို လအတော်ကြာ လှုရမယ့်အလှုမျိုးဟာ အတော် စည်းကမ်းရှိဖို့ လိုပါတယ်။ အလှုရှင်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ ငွေပမာဏကို လစဉ် လှုဖို့ မပျက်ကွက်ရပါဘူး။ လစဉ်ဆိုတဲ့နေရာမှာ နောက်ဆုံး ဒုက္ခသည်တွေ ကိုယ့်အလှုကို မလိုအပ်တော့တဲ့အထိ တနည်းအားဖြင့် ဒုက္ခသည်တွေဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အခြေအနေအထိ လှုဖို့ လိုအပ်ပါတယ်။ ဒီလစဉ်ဟာ တသက်လုံး မဖြစ်နိုင်ပါ။ အနည်းဆုံးတော့ ၁ နှစ်လောက်တော့ ကြာကောင်း ကြာနိုင်ပါတယ်။ ဒီတော့ ကိုယ်လှုရမယ့်ငွေဟာ ကိုယ် လတိုင်း လှုနိုင်မယ့် ငွေမျိုးဖြစ်ဖို့ လိုပါတယ်။ လှုဖို့ မပျက်ကွက်ဖို့ ဆိုတာကတော့ ကိုယ့်ဘက်က တလကို ဒေါ်လာ ၁၀ လှုတယ်ဆိုရင် ဒုက္ခသည်တယောက်ဟာ အဲဒီလအတွက် ဖြတ်ကျော်နိုင်မယ်လို့ မှတ်ယူထားစေချင်ပါတယ်။
ထို့အတူ အလှုလက်ခံသူများဘက်ကလဲ လကြာလာတဲ့နဲ့အမျှ ပေါ့လျော့လာတာမျိုး၊ စီမံခန့်ခွဲမှု လျော့နည်းလာတာမျိုး မဖြစ်သင့်ပါ။ ဘယ်နည်းနဲ့မှ အဖြစ်မခံနိုင်ပါ။ အချိန်ကြာလာတာနဲ့အမျှ အလှုလက်ခံသူများအနေနဲ့ ပြဿနာဆိုတာလေးတွေ ရှိလာတတ်ပါတယ်။ ဒီပြဿနာတွေဟာ အလှုရှင်တွေကို စိတ်ပျက်စေသလို ဒုက္ခသည်တွေကို ပိုပြီး ဒုက္ခရောက်စေပါတယ်။ ဒါကြောင့် ဖြစ်လာသမျှကို အေးချမ်းစွာ တည်ငြိမ်စွာ ဖြေရှင်းသင့်ပါတယ်။ ဒီလိုပါပဲ အလှုလက်ခံသူတွေကနေ အန်ဂျီအိုတွေကို ပေးတဲ့အခါ အန်ဂျီအိုတွေအနေနဲ့လဲ ရတဲ့ ရန်ပုံငွေတွေကို စနစ်တကျနဲ့ လှုဒါန်းရပါမယ်။ ပြီးပြီးရော ဆိုပြီး မလုပ်ဘဲ အချိန်ကြာမြင့်လာတာနဲ့အမျှ လျော့တိလျော့ရဲ မဖြစ်လာဖို့ အရေးကြီးပါတယ်။
ဒီတော့ အလှုကောက်ခံရာမှာလဲ အမျိုးမျိုး ရှိနိုင်ပါတယ်။ နီးစပ်ရာ သူငယ်ချင်းတွေ စုပြီး တလ ဘယ်လောက် စုမယ်၊ ပြီးရင် ဘယ်မှာ အလှုထည့်မယ်ဆိုတာ ဆုံးဖြတ်ရပါမယ်။ တကယ်လို့ မြန်မာပြည်က အန်ဂျီအိုတွေနဲ့ နီးစပ်တယ်ဆိုရင် ဘယ်အန်ဂျီအိုကို တိုက်ရိုက်လှုမယ်။ အဲဒီ ဆုံးဖြတ်ထားတဲ့ အန်ဂျီအိုကိုပဲ လစဉ်လှုမှာလား။ အန်ဂျီအိုတွေကို ရွေးပြီး တလ အန်ဂျီအိုတခု ပြောင်းပြီး လှုမှာလား ဆုံးဖြတ်ရပါမယ်။ အလှုရှင်တွေဘက်ကကော အန်ဂျီအိုတွေဘက်ကပါ အလှုငွေတွေကို တတ်နိုင်သမျှ အကျယ်ပြန့်ဆုံး maximize လုပ်ရပါမယ်။ ဒီတော့ ဆုံးဖြတ်ကြပါ။ ကိုယ့်နီးစပ်ရာ သူငယ်ချင်းတွေ ဖြစ်စေ၊ မိသားစုအချင်းချင်းပဲဖြစ်စေ တလကို ဘယ်လောက် လှုမယ်ဟဲ့လို့ ရည်မှန်းပြီး ကိုယ် သန်ရာ သန်ရာ တကယ် အလှုဖြစ်နိုင်မယ့် အလှုခံဌာနမျိုး၊ အန်ဂျီအိုမျိုးကို လှုဒါန်းကြပါလို့ တိုက်တွန်းအကြံပေးရင်း မြန်မာပြည်အတွက် ဆုမွန်ကောင်းများ လှိုက်လှိုက်လှဲလှဲ တောင်းလိုက်ပါတယ်ခင်ဗျာ။
No comments:
Post a Comment