နိုင်ငံခြားပြန်... ငယ်ငယ်တုန်းကတော့ တော်တော့်ကို အထင်ကြီးမိတဲ့ စာလုံးတစ်ခုပေါ့။ အဲဒီအချိန်မှာက နိုင်ငံခြားဆိုတာ တော်ရုံ သွားနိုင်ကြတာ မဟုတ်ဘူးလေ။ ပတ်စ်ပို့ဆိုတာကလည်း အခုခေတ်လို လွယ်တဲ့အရာ မဟုတ်ဘူး။ ဘိလပ်ပြန်တို့၊ ဂျာမဏီပြန်တို့၊ ဆိုဗီယက်ပြန်တို့ ဆိုပြီး အမည်နဲ့ တွဲရေးထားတွေလည်း ဖတ်ရတော့ ဘွဲ့ထူးတစ်ခုလို ထင်မှတ်နေမိတယ်။
နိုင်ငံခြားပြန်ဆိုတဲ့ စာလုံးကို အင်္ဂလိပ်လို လိုက်ရှာမိသေးတယ်။ ရှာကြည့်သလောက် မတွေ့မိဘူး။ ကျွန်တော့် အင်္ဂလိပ်စာကလည်း အတော်ညံ့ပါတယ်။ ကြည့်ရတာ တတိယနိုင်ငံတွေမှာပဲ အဲဒါကို အရေးလုပ်ပုံပဲ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ နိုင်ငံရပ်ခြား သွားတယ် လာတယ်ဆိုတာ ထမင်းစား ရေသောက်သလို ဖြစ်နေတာကိုး။ အဲဒီတော့ အိမ်ဦးနဲ့ကြမ်းပြင်လို ဖြစ်နေတဲ့အရာဆိုတော့ တကူးတက အလေးထားနေပုံ မရှိတော့တာ မဆန်းလှပါဘူး။ ကလေးဘ၀တုန်းက ကျွန်တော်မှာ နိုင်ငံခြားသွားဖို့ စိတ်ကူး မရှိခဲ့ပါဘူး။ အိပ်မက်လည်း မမက်ဖူးဘူး။ ကျောင်းစာမှာ တော်အောင်လုပ်၊ ဆယ်တန်းမှာ ဂုဏ်ထူးနဲ့အောင်၊ စက်မှုတက္ကသိုလ် တက်၊ အင်ဂျင်နီယာကြီး ဖြစ်အောင် လုပ်ဖို့ပဲ ရည်ရွယ်ထားခဲ့တယ်။ ပြီးရင် မြန်မာပြည်မှာပဲ အိုးမကွာ အိမ်မကွာ အသက်မွေးမယ်ပေါ့။ နိုင်ငံခြား သွားပြီး ကျောင်းတက်မယ် အလုပ်လုပ်မယ် ဆိုတာ တွေးတောင် မတွေးမိဘူး။
ဒါပေမယ့်လည်း... ကံဇာတ်ဆရာအလိုကျ ကပြရတဲ့ ကျွန်တော့်ဘ၀ဆိုတော့လည်း မထင်မှတ်ထားတာတွေ ဖြစ်လာရတာပဲလေ။ ဆယ်တန်းအောင်တော့ မြင်သာမြင် မကြင်ရတဲ့ဘ၀လိုပဲ တက်စရာ ကျောင်းက မရှိသေး။ နိုင်ငံတော်ရဲ့ စေတနာတွေနဲ့ ကျောင်းသားတွေကို ကျောင်းပိတ်ရက်ရှည်တွေ ပေးထားတာပေါ့။ အချိန်တွေ အားနေရင် ဝေလေလေ ဖြစ်မှာစိုးလို့ အမျှော်အမြင်ကြီးရှာတဲ့ ကျောင်းအုပ်ဆရာကြီးက သင်တန်းတွေ တက်ခိုင်းပါလေရော။ အဲဒါနဲ့ ကျွန်တော်ဇူလိုင် အိုင်တီနယ်ထဲ မယောင်မလည် ရောက်လာတော့တယ်။ ဒီလိုနဲ့ မြန်မာပြည်မှာ ပထမဆုံးစစ်တဲ့ အိုင်တီစာမေးပွဲတစ်ခုကို လက်တည့်စမ်း ၀င်ဖြေလိုက်တာ ပထမဆုံး အောင်တဲ့ ၁၂ ယောက်ထဲမှာ ပါသွားမိတယ်။ အဲဒီစာမေးပွဲ အောင်ရင် ဂျပန်ကို ပညာတော်သင် လွှတ်မယ်ဆိုပဲ။ ဒါပေမယ့် အသက်ငယ်သေးလို့ မလွှတ်နိုင်ဘူးဆိုပြီး ချန်ခဲ့လို့ မသွားခဲ့လိုက်ရဘူး။ အသက်ငယ်တာ ကြီးတာ ဘာမှ မသတ်မှတ်ပဲ စာမေးပွဲအောင်ရင် ပညာတော်သင် လွှတ်ပေးမယ်ပြောပြီး တကယ်တမ်းကျတော့ ဘကြီးအောင် ညာတယ်။ ဘကြီးအောင်ဆိုတာ စာမေးပွဲကို ကမကထပြု စစ်ဆေးနေတဲ့ အသင်းအမှူဆောင် လူကြီးတွေပေါ့။
ဂတိမတည် စကားမတည်ရင် သောက်မြင်ကပ်မိတော့ လူကြီးတွေကို ပြဿနာတွေ လိမ့်ရှာနေလိုက်တယ်။ အဲဒီလိုနဲ့ ကျွန်တော့်ကို ၂၀၀၂ စက်တင်ဘာမှာ ကုလားပြည်ကို သွားမလားဆိုပြီး မျက်နှာချို လာသွေးပါတယ်။ ကုလားပြည် သွားရင် ၃ လ၊ ဂျပန်သွားရင် ၁၅ ရက်ဆိုတော့ ကုလားစာကြိုက်တဲ့ ကျွန်တော် ကုလားပြည်ပဲ သွားမယ်ကွာဆိုပြီး သဘောတူလိုက်တယ်။ ဂျပန်ဆိုတာက မသေချာ မရေရာလှဘူး။ အသက်ကိုလည်း ငယ်သေးတယ် လုပ်နေအုံးမှာလေ။ တကယ်တမ်းကျတော့ ၂၀၀၂ စက်တင်ဘာလမှာ မသွားရပဲ ၂၀၀၃ ဇန်န၀ါရီလမှ ကုလားပြည် ထွက်ဖြစ်လိုက်တယ်။ ကုလားပြည်ဘက်က သင်တန်း အချိန်ရွှေ့လိုက်တယ်လို့ ပြောတာပါပဲ။
ဒီလိုနဲ့ ကုလားပြည် နယူးဒေလီမှာ ၃ လနီးပါး ကြာခဲ့ပါတယ်။ ပညာတော်သင်ဆိုပြီး လွှတ်လိုက်ပေမယ့် သူတို့ သင်တဲ့စာတွေက ကိုယ်တွေ သိပြီးတတ်ပြီးသားတွေ။ သချာင်္ဆိုတာကလည်း စိတ်တွက်နဲ့တင်၊ ဂရပ်အကြမ်း ခြစ်တာနဲ့တင် အဖြေထွက်နေပြီ။ တခြားနိုင်ငံက သူတွေအတွက်တော့ ဒါတွေဟာ အသစ်အဆန်းပေမယ့် ကိုယ်တွေမှာတော့ ထူးမခြားနား ပတ်ပျိုးဖြစ်နေတယ်။ ထူးခြားစရာဆိုလို့ အင်တာနက်ကို နဖူးတွေ့ ဒူးတွေ့ ပထမဆုံး စသုံးဖူးတာပါပဲ။ အီးမေးလ်ဆိုတာကို အဲဒီရောက်မှ ပို့ဖူးတယ်။
အဲဒီမှာတော့ စာသင်တာ နည်းနည်း လျှောက်လည်တာ များများပါ။ သင်တန်းတက်ရတဲ့ နယူးဒေလီမြို့အနှံ့ ခြေဆန့်သလို ကမ္ဘာ့အံချီးဖွယ် တခ်ျမဟာလ်ဆီကိုလည်း ခရီးထွက်လိုက်သေးတယ်။ မြောက်ဘက်ခြမ်းက နှင်းတွေဖုံးနေတဲ့ ဟိမ၀န္တာတောင်တန်းတွေဘက်ကိုလည်း သွားခဲ့သလို ဆရာမြသန်းတင့် ဘာသာပြန်စာအုပ် သုခမြို့တော်ဖြစ်တဲ့ ကာလာကတ္တားမြို့ကိုလည်း ရောက်ခဲ့သေးတယ်။ နွေခေါင်ခေါင် အပူရှိန် ပြင်းတဲ့ကာလမှာ ဗုဒ္ဓဂယာကိုလည်း မရောက် ရောက်အောင်လည်း သွားခဲ့သေးတယ်။
ဒီလိုနဲ့ ပြန်ချိန်မတန်ပေမယ့် ၀ိုင်တီယူ စတုတ္ထနှစ် စာမေးပွဲကြီး ရှိနေလို့ ၂ ပတ် စောပြီး ပြန်လာခဲ့လိုက်တယ်။ လေဆိပ်မှာ အိမ်ကပဲ လာကြိုပါတယ်။ အသွားအပြန် လေဆိပ်မှာ ဘာမှ ပြဿနာ မရှိခဲ့ပါဘူး။ စစ်တာ မေးတာ ရစ်တာလည်း မရှိပါဘူး။ ဘယ်ရှိမလဲ သတင်းတပ်ဖွဲ့မှူး လက်မှတ်ကြီးနဲ့ ရုံးစာကြီး ထိုးပေးလိုက်တာကိုး။ ဒုဝန်ကြီး လက်မှတ်ထိုးထားတဲ့ စာရွက်လည်း ပါသေးတယ်။
နိုင်ငံခြားပြန်ကြီး ဘာတွေများ ပါလာသလဲဆိုပြီး စပ်စုချင်တဲ့သူတွေကို အားတောင် နာမိတယ်။ အများဆုံး ပါလာတာက တံဆိပ်ခေါင်းတွေပါ။ နယူးဒေလီမှာ အားရင် အားသလို တံဆိပ်ခေါင်းအဟောင်းတွေ ရောင်းတဲ့ လမ်းတွေဘက်ကို ဘတ်စ်ကားစီးသွားပြီး တံဆိပ်ခေါင်းတွေ လိုက်ဝယ်ပါတယ်။ ကာလာကတ္တားမှာလည်း မာသာထရီဇာ တံဆိပ်ခေါင်းကို ဈေးကြီးကြီး ပေးပြီး ၀ယ်ခဲ့သေးတယ်။ ဒုတိယ အများဆုံးက စာအုပ်တွေပါပဲ။ စာအုပ်တွေ ဈေးပေါသလို ရွေးချယ်စရာ အများကြီး တွေ့ရတော့ မြန်မာပြည်မှာ မရှိတဲ့ ကွန်ပျူတာစာအုပ်တွေ ၀ယ်ခဲ့တယ်။ အဲဒီစာအုပ်တွေကို ဆင့်လိုက်ရင် လူ့တစ်ရပ်နီးပါး ရှိတယ်။ တတိယ အများဆုံးက ဓါတ်ပုံတွေပါ။ ကုလားပြည်မှာတင် ဓါတ်ပုံ ကူးခဲ့ပါတယ်။ စုစုပေါင်း ဖလင် ၇ လိပ်ကုန်ခဲ့ပါတယ်။ ဓါတ်ပုံရိုက်တာ ၀ါသနာ မပါရှာဘူးလေ။
ဗုဒ္ဓဂယာက ဗောဓိညောင်ရွက်တွေ ပါလာသလို ဘုရားပုံတော်တွေလည်း ၀ယ်လာခဲ့သေးတယ်။ အဲဒီလိုပဲ ဟိမ၀န္တာတောင်တန်းတွေဘက် အလည်ခရီးထွက်တုန်း ရောက်ခဲ့တဲ့ တိဘက်ဘုန်းကြီးကျောင်းတွေကနေ ရွှေခြည်ထိုး ဘုရားပုံတော်ကားချပ်တွေနဲ့ တိဘက်ဘုန်းကြီးတွေ ဘုရားစာရွတ်တဲ့အခါ လှည့်တဲ့ခေါင်းလောင်း ၀ယ်လာခဲ့တယ်။ ဟိန္ဒူဘုရားကျောင်းတွေ ရောက်ခဲ့တော့ မဟာပိန္နဲနဲ့ ဟာနုမာန်ကြေးရုပ်လေး ၀ယ်လာခဲ့တယ်။ နယူးဒေလီမှာ ဈေးဝယ်ထွက်တော့ ကက်ရှ်မီးယားက လာတဲ့ ပိုးထည်ပုဝါတွေ အရမ်းလှပြီး အရည်အသွေး ရှယ်ကောင်းတာနဲ့ အားပေးခဲ့သေးတယ်။ အဲဒီလိုပဲ အိပ်ယာခင်းကြီးတွေလည်း လှလွန်းလို့ ၂ စုံတောင် ၀ယ်လာခဲ့တယ်။ သားရေထည်တွေလည်း ကောင်းလို့ သားရေပိုက်ဆံအိတ်နဲ့ ခါးပတ်တွေ ၀ယ်ခဲ့တယ်။ အဲဒီပိုက်ဆံအိတ်က အခုချိန်ထိ သုံးနေတုန်းပဲ။ ဒါတောင် ပိုက်ဆံ အချိန်မှီ မရလိုက်လို့ ကုလားတွေ ၀တ်တဲ့ ပွဲတက်ဝတ်စုံ မ၀ယ်ဖြစ်လိုက်တာ။
ဘ၀မှာ အမှတ်တရ ဖြစ်စေတဲ့ အိမ်အပြန် လက်ဆောင်ကတော့ Microsoft Certified Professional ဆိုတဲ့ လက်မှတ်ကို ပါအောင် ယူလာခဲ့တာပါပဲ။ အဲဒီတုန်းက မြန်မာပြည်မှာ အဲဒီ စာမေးပွဲတွေ ဖြေလို့ မရသေးပါဘူး။ အများစုက ထိုင်းမှာ သွားဖြေကြပါတယ်။ အဲဒီစာမေးပွဲ ကုလားပြည်မှာ ဖြေဖို့ ညဘက်ပိုင်း အချိန်ရရင် ရသလို စာဖတ်ခဲ့ရပါတယ်။ လုပ်သက်ရှိပေမယ့် စာမေးပွဲအတွက် စာအုပ်အထူကြီး ၃ အုပ်ကို ၂ လခွဲအတွင်းမှာ အသေအကြေ ဖတ်မှတ်ခဲ့ရပါတယ်။ အိမ်အပြန် မျက်နှာပန်းလှအောင် သေချာဖြေနိုင်ခဲ့လို့ တော်ပါသေးရဲ့ဗျာ။
အိမ်က ပေးလိုက်တဲ့ ပိုက်ဆံလည်း မပိုသလို အိန္ဒိယအစိုးရက ပေးတဲ့ စရိတ်လည်း အကုန် သုံးခဲ့ပါတယ်။ ပါလာတဲ့ ပစ္စည်းတွေကို မာမားလက်ထဲ အကုန်ထည့်ပေးလိုက်တယ်။ အဲဒီအချိန်မှာ လက်ဆောင်ပေးတဲ့ ကိစ္စကို ခေါင်းထဲ မထည့်နိုင်ခဲ့ဘူး။ တနလာင်္နေ့ စာမေးပွဲကို သောကြာနေ့မှ ရန်ကုန် ပြန်ရောက်တာဆိုတော့ ဆရာဆရာမတွေ သူငယ်ချင်းတွေဆီ အပူကပ်ပြီး နေ့ရောညပါ စာရှင်းခိုင်းနေရတယ်။ အဲဒီတော့ ပါလာတဲ့ လက်ဆောင်ကိစ္စကို မာမားတစ်ယောက် အဆင်ပြေသလို ဝေခြမ်းပေးလိမ့်မယ်။ ဘယ်သူဘယ်ဝှါအတွက် တမင်ရည်စူးပြီး ၀ယ်ခဲ့တာမျိုး မရှိခဲ့လို့ အဝေမတည့်လည်း ကိစ္စမရှိပါဘူး။ ကျွန်တော့်အကြောင်း တစ်မျိုးလုံး သိကြပါတယ်။ အခုချိန်ထိ လက်ဆောင်တွေ ဘယ်လိုပေးလိုက်မှန်း ကျွန်တော်လည်း မသိဘူး။ သိအောင်လည်း မလုပ်ထားခဲ့ပါဘူး။
ဘာပဲဖြစ်ဖြစ် နိုင်ငံခြားပြန်တော့ ဖြစ်သွားပြီပေါ့။ ဒါပေမယ့် ကုလားပြည်ပြန် ကိုဇူလိုင်လို့ ရေးမထားပါဘူး။ အခုခေတ်မှာ နိုင်ငံခြားသွားတယ်ဆိုတာ အထူးအဆန်းမှ မဟုတ်တော့တာလေ။ ကျွန်တော်တို့ရဲ့ ချစ်စရာ တိုင်းပြည်ထဲမှာ နေနိုင်တဲ့သူ အတော်ကို ရှားကုန်ပြီ။ ကျားရောမပါ အဆင်ပြေရင် ပြေသလို အပြင်ထွက် ရုန်းကန်နေကြတာ မြင်နေရပြီပဲလေ။ ဦးနှောက်ယိုစီးနေတာလို့ ပြောလို့ရသလို... နိုင်ငံတကာ အတွေ့အကြုံ ယူနေတယ်လို့ အကောင်းဘက်က မြင်လည်း ရပါသေးတယ်။ ဒါပေမယ့် အဲဒီဦးနှောက်တွေ ဘယ်အချိန် ဘယ်ကာလမှာ မြန်မာပြည်ထဲ ပြန်စီးဝင်ခွင့် ရမလဲဆိုတာကို ရင်ခုန်မျှော်လင့် အိပ်မက်ရှည်ကြီးမက်ရင်း... ကျွန်တော်တို့ အသက်တွေလည်း တဖြည်းဖြည်း ကြီးလှပါပြီလေ။
နိုင်ငံခြားပြန်ဆိုပြီး ကြွားချင်ဝါချင်တာ မရှိပေမယ့် နှစ်ကျောင်းတူသူငယ်ချင်း ပုလုကွေးက ရေးပေးပါဆိုလို့ ခင်မင်မှုကို အကြောင်းပြုပြီး ရေးလိုက်ပါတယ်။
ထုံးစံအရ... ဟောင်ကောင်ပြန် စိုင်းခမ်းထွန်းကို လက်ဆင့်ကမ်းလိုက်ပါမယ်။

20 comments:
ရေးပေးတဲ့ အတွက် သိုင်းခရု သိုင်းလိပ် သိုင်းပုရွက်ဆိပ်။ နင်တံဆိပ်ခေါင်း ရူးမှန်း ငါသိသားပဲ။ ဘာတဲ့ ချစ်စရာတိုင်းပြည်ထဲမှာနေနိုင်တဲ့ သူ အတော်ရှားပဲ...စကားလုံးလေးကတော့ ကြိုက်တယ်ဗျာ...။ ကုလားမလေးတွေ ချောလားဟ။ ဒါလဲ နင်သိမှာမဟုတ်ပါဘူး။ :) :)။ နင်က ကုလားပြည်အကြောင်းတော့ရေးတယ်။ စလုံးက အပြန် အကြောင်းတော့ရေဘူး..စလုံးအကြောင်းရေးရင် အသီးကွဲတာတွေ ပါမှာဆိုးလို့လား၊၊၊၊
31 May 09, 01:30
kom: တို့တံဆိပ်ခေါင်ေးတွက တော့ရန်ကုန်မှာကျန်ခဲကတာ ပျေက်ပျက်ကုန်ပြီ။ ကိုမဆာလာ သဘော်လိုက်တိုင်း ရောက်လေရာအရပ်ကနေ ပို့စကဒ်ထည့်ခိုင်းပြီးစုထားတာ။ ကီးချိန်းလည်းစုတယ်။
31 May 09, 01:29
kom: စိုင်းခမ်းထွန်းသဘောတူရဲ့လားမေးပြီးပလား
31 May 09, 01:28
kom: ကုလားဝတ်စုံလေးနဲ့ အတော်ကြည့်လိုကကောင်းမယ်
31 May 09, 01:27
kom: အဲဒီကတည်းက အိပ်ရာခမ်းနားစုနေတာကိုး။
31 May 09, 01:27
kom: ဘယ်သူ့အရပ်လည်းပြောပါ။
31 May 09, 01:27
kom: မြတ်စွာဘုရား စာအုပ်က လူ့တရပ်။
31 May 09, 01:26
kom: အတော်ရောက်ခဲ့တာဘဲ။
31 May 09, 01:26
kom: တို့လည်း တိုရှည်ကြိုက်တယ်။ ချာပတီလေည်းကြိုက်တယ်
31 May 09, 01:25
kom: စာစီစာကုန်ေးတွေမှာဆုရနဲ့မဲ့ပုံဘဲ။
31 May 09, 01:25
kom: အစကလေးကိုကဖတ်လို့ကောင်းတယ် ကိုယ့်မောင်ရေးတာမို့လို့ပြောတာမဟုတ်။
တံဆိပ်ခေါင်းဆိုလို့
ဒီထွက်မလာခင်ကျောင်းဆရာကိုပေးထားခဲ့တဲ့
ရှားပါး ရှေးဟောင်း တံဆိပ်ခေါင်းတွေကို
သတိရသွားတယ် အိမ်မှာဒီတိုင်းထားခဲ့ရင်ပျက်စီးကုန်မှာ
မို့..နာဂစ်နဲ့လည်းတံဆိပ်ခေါင်း ၁၆အိတ်လောက်ပျက်စီး
သွားတယ်(စာအိတ်နဲ့နော် ဂုံနီအိတ်ထင်နေမှာစိုးလို့ )
တကယ်တန်ဖိုးထားတဲ့သူတွေလက်ထဲထည့်ခဲ့တာ
စိတ်ချရမယ်ထင်လို့ စိတ်နှလုံးဒုံးဒုံးချပြီးထားခဲ့လိုက်တာ
........
ဒါနဲ့ အဲဒီကျွန်းကနေရော မပြန်ဖြစ်သေးဘူးလား
............
အဲဒီသွားတုန်းက ဗိသုကာ စာအုပ်တွေလည်း ဝယ်ခဲ့တယ်မဟုတ်လား။
ဓာတ်ပုံလေးတွေ တင်ပေးဦးလေ။ ကုလားပြည်ဆင်းရဲတယ်ဘယ်သူပြောလည်း ဗိသုကာအဆောက်အအုံတွေကတော့ အမိုက်ပဲလို့  ပြလို့ ရတာပေါ့။
မယ်ကိုးလည်း အမောင်ဂျူလိုင် ဓာတ်ပုံတွေ ပြမှ မြင်ဖူးတာလေ။
နှစ်ကျောင်းတူ သူငယ်ချင်း ဆိုတာ ဘာပါလိမ့်။ မြန်မာပြည်မှာရော စင်ကာပူမှာရော ကျောင်းတူတာလား။ ဒါမှမဟုတ် ဘုန်းကြီးကျောင်းလား။ ပုလုကွေးထက် ကို July ကို Sr ကျတယ် ထင်နေတာ။
ပုလုကွေးနဲ့က ၂ ကျောင်းတူ
ဝိုင်တီယူမှာ တူခဲ့တယ်။
ဘုန်းကြီးကျောင်းမှာ တူခဲ့တယ်။
အဲဒီလိုပဲ မိုးခါးနဲ့က ဘုန်းကြီးကျောင်းတူတယ်။
နိုင်ဂံဂျားပြန်အတွေ့အကြုံကြီးတွေကို ဖတ်သွားပါတယ်.
း)))ပုလုကွေးနဲ့ ကျောင်းတစ်နှစ်တည်းလား.. ဒါဆို
ညီမလေး ငယ်ငယ်နဲ့လည်းတူမှာပေါ့နော်.း)
ရေးပြထားတာ စိတ်ဝင်စားစရာပဲ...
ကိုဂျူလိုင်ကလဲ ကိုရွာသားလို အန်ချင်စရာကြီးပေါ့...
IT စာမေးပွဲတွေကို ထူးထူးချွန်ချွန်အောင်ခဲ့တဲ့သူမို့ လေးစားပါတယ်...
ဒါပေမယ့် "ကုလားပြည်" ဆိုပြီး သုံးနှုံးထားတာက ဖတ်ရတာ ထောက်နေသလားပဲ...
(အန်ချင်စရာ = အင်ဂျင်နီယာ)
ဒီပို့စ်လေးက ပေါ့ပေါ့ပါးပါးရေးထားပေမယ့် ဗဟုသုတရော..။ စဉ်းစားစရာလေးတွေရော..။ တော်တော်ရလိုက်တယ် အစ်ကိုရေ...။
စတော်ကြီး ပဲ။
မရောက်တာ တော်တော်ကြာပြီ။
ဖတ်မိတာလေးတွေထဲက တချို့ အရာတွေ စိတ်မကောင်းဘူး။
သေချာတာက ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်ရင် အပြင်ရောက်တဲ့အချိန်မှာ မြင်တဲ့ အမြင်တွေ၊ အတွေးတွေက ပိုကျယ်ပြန့်လာတယ် ပိုမြင်တတ်လာတယ်လို့ ခံစားရတယ်။
အဲဒီအချိန်မှာ အခြေအနေကြောင့် မမြင်တတ်တာတွေ၊ မမြင်နိုင်တာတွေကိုလဲ နားလည်ပေးနိုင်ဖို့လဲ လိုအပ်တယ်လို့ ယူဆမိတယ်။
ကျွန်မ စကားမဟုတ်ပါဘူး။
လေးစားရတဲ့ အစ်မတစ်ဦးက ပြောတဲ့ စကားလေးပါ။
" ဦးနှောက်ကို လိုအပ်တာတွေ ဖြည့်မပေးနိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တောင်းဆိုမှု နောက်ကို လိုက်တတ်ကြတယ်" တဲ့။
ကျွန်မကိုယ်တိုင်မှာလဲ မမြင်နိုင်သေးတာတွေ အများကြီး ရှိမှာပါ။
တောင်းပန်ချင်တာ တစ်ခုက အချင်းချင်း အပြစ်တင် နေကြမယ့်အစား နားလည်ပေးနိုင်အောင် ကြိုးစားကြပါ။
ပြီးတော့ ကိုယ်က ပိုမြင်နိုင်ပြီဆိုရင် ကိုယ် မြင်တာလေးတွေကို သူများတွေပါ မြင်တတ်အောင် မျက်စိဖွင့်ပေးတဲ့ အလုပ်တွေကို လုပ်ပေးကြပါ။
ကိုယ်တတ်ထား သိထားတာလေးတွေကို တတ်နိုင်သမျှ မျှဝေပေးကြပါ။
စိတ်ဓာတ်ကျပြီး အနာဂတ်ပျောက်သလို ခံစားရတဲ့အခါ စာရိတ္တတွေကို ထိန်းသိမ်းထားရတာ အလွန်ကို ခက်ခဲပါတယ်။
ကြိုးစားချင်စိတ်တွေလဲ မရှိတော့ပါဘူး။
အဲဒီသူတွေအတွက် " role model" တွေ လိုပါတယ်။
Everybody can be a role model လို့ ယုံကြည်ပါတယ်။
အခြေအနေကြောင့် ဆိုးနေတဲ့သူတွေအားလုံးရဲ့ ရင်ထဲမှာ ငွေရောင် အနားသတ်လေးတွေ ရှိနေဆဲလို့ ကျွန်မ ယုံကြည်ပါတယ်။
ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် မြန်မာ လူမျိုးတွေ အားလုံးကို ကျွန်မ ချစ်ခင်ယုံကြည်နေဆဲပါ။
မကျွန်းရေ...
ဘယ်ပို့စ်ကို ဘယ်လို ခံစားသုံးသပ်သွားသလဲတော့ ကျွန်တော် မသိပါဘူး။ သေချာတာ တစ်ခုက ဒီကွန့်မန့်မှာ အစ်မပြောသွားတဲ့ အရာတွေဟာ အခုပို့စ်နဲ့ တိုက်ရိုက် သက်ဆိုင်ခြင်း မရှိဘူးလို့ ထင်မိပါတယ်။ ရှေ့ကပို့စ်တွေကိုပဲ ရည်ညွှန်းသလားပေါ့။
အစ်မပြောတာတွေကို ကျွန်တော် လက်ခံပါတယ်။ နိုင်သလောက်လေး လုပ်နေကြတဲ့သူတွေ အများကြီးပါပဲ။ ရွက်ပုန်းသီးတွေပေါ့။ ဒါပေမယ့်... ???
အဲဒီလိုပဲ စင်ပေါ်တက်မယ့် လူစားတွေ မဟုတ်တဲ့ Everyday Heroes တွေလည်း အများသားပဲ။ တိုက်ပုံကြီး တကားကား ၀တ်ပြီး အလံဝင်ထူတဲ့ ကောင်တွေကို ကျွန်တော် မုန်းတာ ကြာခဲ့ပါပြီ။
မင်းလည်း လုပ် ငါလည်း လုပ်... တန်းတူ လုပ်... အချိန်တန်လို့ တိုက်ပုံဝတ် လာတဲ့အခါ လက်ခုပ်တီးပေးပါမယ်။ အခုဟာက... မင်းတို့လုပ် ငါတို့ စင်ပေါ်တက်မယ် ဆိုတဲ့ အချိုးတွေလည်း ကြုံဖူးပါတယ်။
တိမ်တွေမှာ ငွေရောင် အနားသတ်တွေ ရှိတယ်ဆိုတာကို ကျွန်တော် ၂၀၀၈ ဇူလိုင် ၆ ရက်နေ့မှာ ရေးဖူးပါတယ်။ အချိန်ရရင် သွားဖတ်ကြည့်လိုက်ပါအုံး။ သေချာတာက အစ်မ ပြောချင်တဲ့ ငွေရောင် အနားကွပ်နဲ့တော့ မတူပါဘူးလေ။
အစ်မရဲ့ ငွေရောင် အနားကွပ်တွေကိုလည်း ကျွန်တော် ယုံကြည်နေပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ ကျွန်တော်အနေနဲ့ ရှေ့ဆက်သွားနေတာပေါ့။ =)
ဟာ.. ပါတ်စ်စပို့တွေ ခုခေတ်မှာလွယ်တယ် ဟုတ်ရား... ဘယ်နှစ်ပုံးကုန်မှလွယ်တာလဲ ဟင်
မသိလို့ပါနော်...။ကိုဂျုတို့လို သတင်းတပ်ဖွဲ့မှူး လက်မှတ်ကြီးနဲ့ ရုံးစာကြီး ဆိုရင်တော့ အလကားတောင်ရမှာသေချာတယ်ဗျ။ Microsoft Certified Professional ဒါကို အောင်မြင်အောင် ဖြေဆိုလာတာကိုတော့ လေးစားတယ်ဗျာ။ ဦးနှောက်ယိုစီးတာလဲ မပြောနဲ့လေဗျာ ရတဲ့လခ၊ နေရထိုင်ရတာ၊ လွတ်လပ်မှု၊ စသည်ဖြင့်ပေါ့ အကုန်လုံးက မကောင်းတော့ ဦးနှောက် ယိုစီးတာတောင် နဲသေးတယ်။ အမှန်က ရွာမှာရှီသမျှလူတွေ အကုန် နိုင်ငံခြားထွက်ချင်နေကြတာ အခြေအနေနဲ့ ပိုက်ဆံမရှိလို့သာ ကြိတ်မှိတ်လုပ်နေရတာဗျ ဒါက ကျနော်သိသလောက်ပေါ့ဗျာ.... ဆရာလုပ်တာတော့ မဟုတ်ဘူးနော်.. ဟီး
ဖုန်တွေ ဗွက်တွေ အကြောင်းရော ထည့်မရေးထားဘူးလား။ :D
ကိုပုလုကွေးပြောတာ ဟုတ်လားဟင် .. :D
တနေ့နေ့ တချိန်ချိန် မျှော်လင့်သလိုလေးများ ယောင်ယမ်းဖြစ်လာလေမလား မရဲတရဲ မျှော်လင့်မိပါတယ် ..
ဂျူလိုင်ငယ်
ဟိမဝန္တာဖက် သွားတုန်းက ပုံတွေတင်ပေးရင် ကောင်းမယ်။
ဖတ်ပြီး ကိုယ့်ဘာသာသဘောကျလို့ ပြုံးရယ်သွားပါတယ် ဓါတ်ပုံတွေလဲမြင်ချင်သေးတယ်း)
ပိုစ့်ကိုရော ကော့မန်.တွေရော ဖတ်သွားပါတယ်
အရေးအသားနဲ. အကြောင်းအရာတစ်ခု ကို ပါအောင် ဆွဲခေါ်သွားနိုင်တယ်
ကျွန်တော်လည်း အဲဒီလိုရေးတက်ချင်မိပါရဲ့
( စက်မှုတက္ကသိုလ်ကျောင်းဆင်းကြီးမို.ထင်ပ P:)
ကျွန်တော်တွေးမိတယ် နောက်ဆိုရင် ရွှေပြည်မှာ ကျန်ခဲ့သူတွေက ရှေ.ကနေ ဘွဲထူးအနေနဲ့ တပ်ရမယ်ထင်ပ ဥပမာ မြန်မာပြည်-ညိုညိုလှ တို.ဘာတို.ပေါ့ P:
ကော့မန်.လေးတွေ ကောင်းတယ်ဗျ ထူးထူးခြားခြား Tune ဆိုတဲ့တစ်ယောက်ရေးတာ သူလည်းတော်တော် ခံစားသွားရတယ်ထင်ပါတယ်ဗျာ..
ကြုံလို.တစ်ခုပြောပြအုံးမယ် အရင် ၁လခွဲလောက် ကပေါ့ သူငယ်ချင်း ဘလော့ဂါ တစ်ယောက် (ကျောင်းကပါပဲ ) ရေးတဲ့ပိုစ့်လေး မြန်မာပြည်မှာ လာဘ်စားတဲ့ အကြောင်း ရေးထားတာ ကျွန်တော့်ကို မြန်မာပြည်က သူငယ်ချင်းကလှမ်း ပြော တယ် ၊ မြန်မာပြည်ကို ပြန်လာပြီး အဲဒီပိုစ့် ကို ရေးရင် ပိုလေးစားမိပါမယ်တဲ့ သူကဆိုတယ် ......
ဘယ်လိုပြောရမလဲ ဒီကသူငယ်ချင်းလည်း အမှန်ကို ရေးတာပါ ........
အဲဒီကတည်းက စဉ်းစားမိတယ် စာရေးတဲ့အခါမှာပေါ့ မှန်တယ်ဆိုပေမယ့် ၊ ဟိုမှာ အခြေနေအမျိုးမျိုးကြောင့်
ကျန်နေခဲ့ရတဲ့ ကျွန်တော်တို.သူငယ်ချင်းတွေ အတွက်
ခံစားရစေမယ့် စာမျိုး မရေးမိအောင်.... ကျွန်တော်မြန်မာပြည်မှာ လုပ်နေတဲ့အချိန်မှာ ဒီကကျွန်တော့် သူငယ်ချင်းအရင်းကြီးက ကျွန်တော် ရှာတဲ့ငွေ မစင်ကြယ်ဘူးဆိုတဲ့အခါ ပြန်ပြောစရာ စကားမရှိသလို ရင်နင့်အောင်ခံစားဖူးပါတယ် .....
ဘာရယ်မဟုတ် ကြုံလို.ပါ
တကယ်လို.အချိန်ရရင်
"မြန်မာပြည်ကိုချစ်ပါသည်" ဆိုတဲ့ ပိုစ့်လေးရယ်
"မြန်မာပြည်မှာနေစေချင်ပါသည် " ဆိုတဲ့ ပိုစ့်လေး ရယ် အားရင် လာပြီးဖတ်စေချင်ပါတယ် တစ်ခုခုတော့ ခံစားလို.ရမယ်လို.ထင်ပါတယ်....
ကိုJuly Dream ကျောင်းရောအလုပ်ရော အဆင်ပြေပါစေဗျာ .....
(ကိုJuly ရေ ပိုစ့်ကိုဖတ်ပြီးဘယ်လိုမှ မတွေးစေချင် ဘူးနော် အခုရေးပြီး Publish လုပ်ဖို.ချိန်နေတာ ကြာ သွားတယ် နောက်တော့ထူးပါဘူးဆိုပြီး တင်လိုက် ပါတယ် ဗျာ )
Blog မှာ ရေးထားတဲ့ပို့စ်တွေက ထိခိုက်ပါစေဆိုတဲ့ ရည်ရွယ်ချက် မပါပဲ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း ရေးလိုက်တာပါ။ ဘယ်သူ ဘယ်ဝှါကို တိုက်ရိုက်ကြီး ထိခိုက်ပါစေ ဆိုတာမျိုး မရှိပါဘူး။
နေ့စဉ်ဘ၀မှာ မြင်နေ ကြားနေ တွေ့နေရတာကို အခြေခံပြီး ခံစားချက်တွေကနေ ပေါက်ဖွားလာတဲ့ စကားလုံးတွေကို အခိုက်အတန့်လေး တည်မြဲနေမယ့် နေရာတစ်ခုမှ မှတ်တမ်းယူထားတာပါ။
အမြင်တွေ ရှူထောင့်တွေကတော့ ဖြတ်သန်းနေကြတဲ့ ဘ၀တွေ မတူမှုအပေါ်မှာ အခြေခံပြီး ကောက်ချက်ချတာတွေလည်း ကွဲပြားသွားတတ်ပါတယ်။ ဒါကြောင့် အမြင်တွေ မတူတိုင်း ရန်သူ မဟုတ်တဲ့အတွက် ကျွန်တော် အထွေအထူး မခံစားမိအောင် နေကြည့်နေပါတယ်။ =)
ဘလိပ်ဒါးရဲ့ camera ကို သတိရစေပါသည်။
Post a Comment