.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, May 17, 2009

Shame

ဆရာကြီး လူထုစိန်ဝင်းက အရှက်ကို အတ္တအရှက်၊ အုပ်စုအရှက်၊ ယုံကြည်အရှက်နဲ့ သစ္စာအရှက်ဆိုပြီး အဆင့် ၄ မျိုး ခွဲပြဖူးပါတယ်။ ရှက်စိတ်ဆိုတဲ့ ဆောင်းပါးထဲမှာ ရေးခဲ့တာပါ။

ပုဂ္ဂလိကအတ္တ ကျိုးပဲ့ထိခိုက်တဲ့အခါမှာ ရှက်တတ်ကြတဲ့ အတ္တအရှက်ဟာ အဖြစ်အများဆုံးပါပဲ။ ခံစားမှုလည်း ပြင်းသလို အတ္တကို အဓိက ဗဟိုပြုထားတဲ့အတွက် တုံ့ပြန်မှုတွေလည်း လျှင်မြန်ပါတယ်။ အသိတရားကိုလည်း မှောင်မှိက်စေပါတယ်။

နောက်တစ်ဆင့်က ကိုယ့်အုပ်စု ထိခိုက်ခံရတဲ့အတွက် ရှက်ရတာပါ။ အုပ်စုဆိုတာ မိသားစုကနေ နိုင်ငံအဆင့်ထိ ရှိပါတယ်။ မိသားစုအတွက် ရှက်ရတာ။ မြို့အတွက် ရှက်ရတာ။ လူမျိုးအတွက် ရှက်ရတာ။ နိုင်ငံအတွက် ရှက်ရတာမျိုးပေါ့။ ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါမှာ အဲဒီလို အရှက်မျိုး ရှက်တတ်လာကြပါတယ်။

နောက်တစ်ဆင့်က ယုံကြည်မှုကို သစ္စာဖောက်ဖို့ ရှက်တာ။ ယုံကြည်မှုဆိုတာ ၀ါဒတစ်ရပ်ကို ယုံကြည်တာ။ ဘာသာတရားတစ်ခုကို ယုံကြည်တာမျိုးပေါ့။ ကိုယ့်ရဲ့ယုံကြည်မှုတစ်ခုကို သစ္စာဖောက်ဖို့ဆိုတာ ယုံကြည်မှု ဘယ်လောက် လေးနက်စူးနစ်သလဲဆိုတဲ့ အခြေအနေအပေါ်မှာ မူတည်ပါတယ်။ ယုံကြည်မှု စွဲနစ်ခိုင်မာလေ သစ္စာဖောက်ဖို့ ရှက်လေလေပါပဲ။ တချို့ဆို အသေခံသွားခဲ့ကြတယ်။

နောက်ဆုံးတစ်ဆင့်က သစ္စာတရားကို သစ္စာဖောက်ဖို့ ရှက်တာ။ မဟုတ်မမှန်တာကို နည်းနည်းကလေးမှ မလုပ်တော့တာ။ မကြံတော့တာ။ မလိုချင်တော့တာ။ ယဉ်ကျေးမှု သိပ်မြင့်မှ ဒါမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို ရှက်စိတ်တွေက အဆင့်ဆင့် အပေါ်ကို တက်လေ အဲဒီလို ရှက်တဲ့သူ နည်းသွားလေပါပဲ။

ရှက်တယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ အပြစ်ကျူးလွန်ထားမှ ရှက်တာမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင် မလုပ်လည်း သူများတကာကြောင့် အရှက်ရစေတာမျိုးလည်း ရှိတတ်ပါတယ်။ မြန်မာဖြစ်ရတာကို မရှက်ပါဘူး။ ဒါပေမယ့် မြန်မာတွေကြောင့် ရှက်ရတာမျိုး ရှိပါတယ်။ ရှက်စရာတွေကို ကျူးလွန်တဲ့သူတွေ ရှက်ရမှာပေါ့။ ဘာလို့ ကြားထဲကနေ ရှက်နေကြသလဲဆိုရင် ရှက်စိတ် ဒုတိယအတန်းအစားမှာပါတဲ့ အုပ်စုရှက်စိတ်ကြောင့်လို့ပဲ ဖြေချင်ပါတယ်။

မြန်မာတွေရဲ့ လူနေမှုဘ၀တွေထဲမှာ ကြားဖူးနားဝရှိပြီးသားဖြစ်တဲ့ ဖုံးမရဖိမရ ဗိုက်ကိစ္စတွေကြောင့် အရှက်ရပြီး ကိုယ့်ဘာသာ အဆုံးစီရင်သွားတဲ့ အဖေတွေ အစ်ကိုတွေ မိသားစုဝင်တွေ ရှိကြပါတယ်။ အဲဒီအဖေတွေ အစ်ကိုတွေ သူတို့ကျူးလွန်ထားတဲ့ အပြစ်ရှိတာ မဟုတ်ပေမယ့် သူတို့ရဲ့ မိသားစုဝင်ကြောင့် အရှက်တကွဲ အကျိုးနည်းခဲ့ရတာမျိုးပေါ့။ အဲဒီလိုပါပဲ တိုင်းပြည်နိုင်ငံနဲ့ ပါတ်သတ်ပြီး သိက္ခာကျ အရှက်နည်းရအောင် လုပ်နေကြတဲ့ ဂုဏ်သရေရှိ သက်ဆိုင်ရာ လူကြီးမင်းတွေ မရှက်တတ်ပေမယ့် အဲဒီနိုင်ငံသားဖြစ်တဲ့သူတွေက သူတို့ကိုယ်စား ရှက်ကြပါတယ်။ အရှက်ရစေပါတယ်။

ကြုံလို့ တခါတည်း ဆက်ပြောရရင်... ရှက်တာနဲ့သိမ်ငယ်တာ လုံးဝမတူပါဘူး။ နိုင်ငံတကာမှာ မြန်မာဖြစ်လို့ သိမ်ငယ်ရတယ်လို့ တစ်ခါမှ မခံစားမိပါဘူး။ ဒါပေမယ့် မြန်မာနဲ့ ပါတ်သတ်ပြီး ရှက်စရာ အကြောင်းတွေကြောင့် ရှက်မိပါတယ်ခင်ဗျာ။

The difference between guilt and shame is very clear—in theory.
We feel guilty for what we do. We feel shame for what we are.

LEWIS B. SMEDES, Shame and Grace

14 comments:

မမသီရိ said...

ဖတ်မှတ် သွားပါတယ်..

ကလူသစ် said...

ရှက်စရာများလွန်းလို့ မျက်နှာကို ဓားနဲ့တောင် မွှန်းပစ်လိုက်ချင်တယ်။ ကိုယ့်မျက်နှာ ကိုယ်တော့ မဟုတ်ပါဘူး။ အရှက်မရှိတဲ့သူတွေ မျက်နှာကိုပြောတာ။

မေငြိမ်း said...

ဟုတ်တယ်.. အဲဒါ အမစိတ်ထဲမှာလည်း ရှိနေတဲ့ အရှက်ပါပဲကိုဂျူလိုင်ရယ်..ရှက်တယ်။

ကိုရင်နော်ခင်လေးငယ် said...

ကိုဂျူလိုင်ရေ..
တန်ဖိုးရှိတဲ့ ပိုစ့်လေးပါပဲ..

Thet Oo said...

ရွာဝက်သည် မစင်ကို မရွံသကဲ့သို့ အရှက်မရှိသော သူသည် မကောင်းမှုကို မရွံ။ ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့ သြတ္တပ္ပ မရှိသူလည်း မကောင်းမှုမှ မကြောက်။ (ဋီကာကျော်)

Phyo Maw said...

ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်
ဆိုတာ မှန်သလိုလိုပဲ
ရှက်တယ်ဗျာ ပြီးပြီးရော စီးတီးဟော မြေညီထပ်မှာ သေးဝင်ပေါက်မိတာ ဒဂုန်စင်တာ ပြန်ရောက်သွားမိသလိုပဲ။

khin oo may said...

ဒါပေမဲ့ မြန်မာဖြစ်ရတာကိုတော့ဂုဏ်ယူမိတယ်။ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့။

Rita said...

အကြိမ်ပေါင်း တစ်ထောင်တိတိ ထောက်ခံသွားပါသည်။

ဂျူနို said...

ရှက်တတ်ရင်ပေါ့။
မဟုတ်တာလုပ်တာရော
မဟုတ်တာကို ထောက်ခံတာရော
ရှက်စရာတွေ များသား။

Nge Naing said...

ကျွန်မကတော့ တခါတလေသိမ်လည်း သိမ်ငယ်တယ်။ အထူးသဖြင့် သံရုံးတခုခုမှာ ဗီဇာ သွားလျှောက်ရင် ပြီးတော့ ခရီးသွားတဲ့အချိန် လေဆိပ်တွေက Passport control ဆိုတဲ့နေရာရောက်ရင် တော်တော်ကို သိမ်ငယ်ရတယ် အနောက်နိုင်ငံတွေကို သွားရင်ပိုဆိုးသေးတယ်။ ဒါကတော့ မြန်မာ ပါ့စ်ပို့စ်နဲ့ ခရီးသွားဖူးသူတိုင်း ကြုံဖူးတဲ့ အတွေ့အာကြုံ ဖြစ်လိမ့်မယ် ထင်တယ်။

ရှက်တာကတော့ ကိုဂျူလိုင်ပြောသလို ကိုယ်ဘာမှ မလုပ်ပဲနဲ့လည်း ဗမာလူမျိုး ဖြစ်နေလို့ကို ရှက်ရတာတွေ ရှိတာအမှန်ပဲ။ တခါတုန်းက မြန်မာအားကစား အဖွဲ့တဖွဲ့ စင်ကာပူမှာ သွားကစားတော့ အားကစားသမားထဲက တယောက်က စင်ကာပူက ကုန်တိုက်တခုမှာ နာရီလား ဘာလားမသိဘူး ခိုးခဲ့တာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ဖူးတယ် ခုနှစ်တော့ မမှတ်မိတော့ဘူး။ အဲဒီသတင်းကို စကြားရတော့ ကျွန်မတော်တော်ကို ရှက်ပြီး ဒေါသလည်းထွက်ခဲ့ရတယ်။ ယိုးဒယားကလည်း ဗမာကို သိပ်နှိမ်တယ်ဆိုတော့ ကျွန်မ ထိုင်းထဲသွားရင် ဗမာလို့ပြောမရဲတာ ကြောက်လို့ဆိုတာထက် ရှက်လို့ပိုများသွားတယ်။ ဒါပေမယ့် ဒီသတင်းကို စကြားတဲ့အချိန်မှာ ကျွန်မမိတ်ဆွေတဦး ပြောလိုက်ပုံက မှတ်ထား န၀တ (အဲဒီတုန်းက နအဖမဟုတ်သေးဘူး) တော့ နိုင်ငံတကာမှာ အရှက်ကွဲပြီဆိုပြီး ပြောလိုက်တာကို ကျွန်မက တအံ့တသြနဲ့ အဲဒါ ဗမာက ခိုးတာ နင်ဗမာမဟုတ်ဘူးလား နင်ကော မရှက်ဘူးလားဆိုတာ မေးတော့ သူမရှက်ဘူးတဲ့ အဲဒါန၀တကို ကိုယ့်စားပြုပြီးသွားတဲ့ အဖွဲ့မို့ ကျွန်မတို့ ရှက်စရာမလိုဘူးတဲ့။ အဲဒီမိတ်ဆွေလို သူတို့လုပ်တာ ငါနဲ့ မဆိုင်ဘူးဆိုပြီး မရှက်တဲ့သူလည်း အများကြီးရှိမှာပေါ့လို့ အခုမှ ပြန်တွေးမိတယ်။ လူဆိုတာ တယောက်နဲ့ တယောက်တော့ ခံစားမှု ဘယ်တူနိုင်မလဲ။

တောင်ပေါ်သား said...

ဖတ်သွားတယ်ဗျာ.. မြန်မာဖြစ်လို့ နိုင်ငံတကမှာ သိမ်ငယ်စရာ မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့ မတရား၊ အရှက်မရှိ လုပ်နေတဲ့ လူတစုကြောင့် အရှက်ရကြတာ၊ အပြောခံရတာကတော့ ပြည်ပရောက် မြန်မာတွေ အားလုံးပါဗျာ...


လေးစားလျက်
တောင်ပေါ်သား

MELODYMAUNG said...

တိုင်းပြည်နိုင်ငံနဲ့ ပါတ်သတ်ပြီး သိက္ခာကျ အရှက်နည်းရအောင် လုပ်နေကြတဲ့ ဂုဏ်သရေရှိ သက်ဆိုင်ရာ လူကြီးမင်းတွေ မရှက်တတ်ပေမယ့် အဲဒီနိုင်ငံသားဖြစ်တဲ့သူတွေက သူတို့ကိုယ်စား ရှက်ကြပါတယ်။ အရှက်ရစေပါတယ်။

နိုင်ငံတကာမှာ မြန်မာဖြစ်လို့ သိမ်ငယ်ရတယ်လို့ တစ်ခါမှ မခံစားမိပါဘူး။ ဒါပေမယ့် မြန်မာနဲ့ ပါတ်သတ်ပြီး ရှက်စရာ အကြောင်းတွေကြောင့် ရှက်မိပါတယ်ခင်ဗျာ။

So valuable expression! I noted and feel it clearly. :(

မိုးခါး said...

ဟုတ်တယ် .. ညီမလည်း ရှက်တာပဲ .. မြန်မာဆိုတာကြောင့်မဟုတ်ဘူး .. တချို့ မြန်မာတွေရဲ့ လုပ်ရပ်တွေကြောင့် ..

Unknown said...

Hi ko July,

Ur conclusion is so short, it however, is very valuable...Right..we alwys feel shame of them...Disgusted...Junta...

Regds,