.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, September 9, 2009

Myths about blood donation

သွေးလှူတာနဲ့ ပတ်သက်ပြီး အယူအဆအမှားတွေ အတွေးအမှားတွေ အများကြီး ကြုံဖူးကြားဖူးခဲ့ပါတယ်။ ကျွန်တော့်မှာလည်း အတွေးမှား အမြင်မှားတွေ ဟိုတချိန်တုန်းက ရှိခဲ့ဖူးပါတယ်။ အဲဒီလို အယူအဆအမှား အမြင်အမှားတွေကြောင့် သွေးလှူနိုင်ရဲ့သားနဲ့ သွေးမလှူဖြစ်တဲ့လူတွေ အများကြီးပါပဲ။ မွန်မြတ်ဖြူစင်လှတဲ့ လှူဒါန်းမှုတစ်ခုကို လူတွေက လုပ်ချင်ပေမယ့် ဘယ်လိုအချက်တွေက တားဆီးထားသလဲ။

၁။ သွေးလှူပြီးရင် ၀ လာမယ်။
တကယ်တော့ သွေးလှူတာကြောင့် ခန္ဓာကိုယ်အလေးချိန် တိုးလာပြီး ၀ လာတာမျိုး မရှိပါဘူး။ အသားအရည် စိုပြေပြီး အလှတိုးတာပဲ ရှိပါတယ်။ သွေးလှူထားတာကြောင့် အားပြန်ဖြည့်ဖို့ဆိုပြီး ပုံမှန် စားသောက်တာထက် ပိုပြီး စားဖို့သောက်ဖို့လည်း မလိုပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်းပဲ စားသောက်နေထိုင်ပါ။ အဲဒီလိုဆို အရင်ကထက် ပိုပြီး ၀ လာစရာ မရှိပါဘူး။

၂။ သွေးလှူတာကြောင့် ရောဂါကူးမယ်။
တကယ်တော့ သွေးဖောက်ယူတဲ့နေရာမှာ အသုံးပြုတဲ့ အပ်တွေ၊ သွေးအိတ်တွေ၊ ပစ္စည်းကိရိယာတွေဟာ သန့်ရှင်းပါတယ်။ သွေးဖောက်တဲ့အခါမှာ တစ်ခါသုံးအပ်တွေကို သုံးထားပါတယ်။ သွေးဖောက်ပေးတဲ့ သူနာပြုတွေကလည်း တစ်ခါသုံး လက်အိတ်တွေကို အသုံးပြုပါတယ်။ အစအဆုံး စနစ်တကျ ရှိလှတဲ့အတွက် သွေးလှူရှင်တွေအနေနဲ့ ရောဂါပိုး ကူးစက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

၃။ သွေးလှူပြီးရင် ကျန်းမာရေး ထိခိုက်မယ်။
တကယ်တော့ သွေးမလှူခင်မှာတင် ဆရာဝန်က သွေးလှူရှင်ရဲ့ ကျန်းမာရေးကို အရင်စစ်ဆေးပေးပါတယ်။ သွေးလှူဒါန်းဖို့ သင့် မသင့်ကို ဆုံးဖြတ်ပေးပါတယ်။ ကျန်းမာရေး ကောင်းမွန်မှ သွေးပေးလှူတာပါ။ ဒါပေမယ့် သွေးလှူပြီးရင်တော့ ကုတင်ပေါ်မှာ မိနစ် အနည်းငယ်လောက်တော့ အနားယူသင့်ပါတယ်။

၎။ သွေးဖောက်တဲ့အခါ အပ်ကြီးကြီးကြောင့် နာမယ်။
တကယ်တော့ နာတယ်ဆိုတာ အရမ်းနာတာ မဟုတ်ပါဘူး။ နားဖောက်တာလောက် သွားနှုတ်တာလောက် မနာပါဘူး။ ပုရွတ်ဆိတ် ကိုက်ရင်တောင် ဒီထက်ပိုနာပါတယ်။ တစ်ခုလောက် သတိရစေချင်တာက သွေးလှူဖို့ အပ်ထိုးတဲ့အချိန် နာတဲ့ နာကျင်မှုဒုက္ခက သွေးလိုနေတဲ့ လူနာရဲ့ သွေးမရရင် ခံစားရမယ့် နာကျင်မှုဒုက္ခနဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်ဘူး ဆိုတာပါပဲ။

၅။ သွေးလှူရတာ အချိန်ကုန်မယ်။
တကယ်တော့ သွေးလှူတာ အစအဆုံးက အလွန်ဆုံး တစ်နာရီ ပတ်ဝန်းကျင်ပဲ ကြာပါတယ်။ အဲဒီ တစ်နာရီမှာ လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်ရတာတွေ၊ မေးခွန်းတွေ ဖြေရတာတွေ၊ ကျန်းမာရေး စစ်ဆေးမှု ခံယူရတာတွေက အချိန်အများဆုံး ယူသွားပါတယ်။ သွေးလှူတဲ့အချိန်က ၁၀မိနစ် ပတ်ဝန်းကျင်ပဲ ရှိပါတယ်။

၆။ သွေးလှူတဲ့အခါ သွေးအများကြီး ဖောက်ယူခံရမယ်။
တကယ်တော့ သွေးအများကြီး ဖောက်မယူပါဘူး။ သွေးလှူရှင်ရဲ့ ကိုယ်အလေးချိန်အပေါ် မူတည်ပြီး ၄၀၀ မီလီလီတာကနေ ၄၅၀ မီလီလီတာကြားပဲ ယူပါတယ်။ အဲဒီထုတ်ယူလိုက်တဲ့ သွေးပမာဏကို ခန္ဓာကိုယ်က အချိန်ပိုင်းအတွင်း ပြန်လည် ဖြည့်ဆည်းပေးပါတယ်။

၇။ ကျွန်တော် သွေးလှူဖို့ မလိုဘူး။ သွေးလှူရှင်တွေက အများကြီးပဲလေ။
တကယ်တော့ လူနာတွေအတွက် သွေးလှူရှင် လိုနေပါတယ်။ သွေးလှူလို့ရနိုင်တဲ့ လူဦးရေ စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းကပဲ သွေးလှူနေကြတာပါ။ မြန်မာနိုင်ငံမှာဆို ဒီထက်နည်းပါတယ်။ သွေးကို အစားထိုးဖို့အရာ မပေါ်သေးပါဘူး။ သက်ရှိလူသားဆီကပဲ ရနိုင်တဲ့အတွက် သွေးလှူရှင်တွေ အများကြီး လိုနေပါတယ်။

၈။ သွေးဆိုတာ အကြာကြီး အထားခံတယ်။ တစ်ခါ လှူပြီးရင် လုံလောက်တယ်။
တကယ်တော့ အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ သိမ်းထားလို့ရပါတယ်။ သွေးနီဥကို သာမာန် အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်နိုင်ပါတယ်။ သွေးဥမွှားကတော့ ၅ ရက်ပဲ အထားခံပါတယ်။ အဲဒီလို အထားခံပေမယ့် လူနာတွေရဲ့ သွေးလိုအပ်ချက်က များလွန်းတဲ့အတွက် လှူထားတဲ့သွေးတွေ သွေးဘဏ်မှာ အဲဒီလောက်တောင် ကြာကြာမထားလိုက်ရပဲ လူနာတွေဆီကို သွေးသွင်းကုသပေးလိုက်ရတာ များပါတယ်။ ဒါကြောင့် သွေးဘဏ်မှာ သွေးအိတ်တစ်ခုကို အကြာကြီး မမြင်ရပါဘူး။

၉။ ဘာသာတရားကြောင့် သွေးလှူလို့မရဘူး။
တကယ်တော့ ကိုးကွယ်တဲ့ ဘာသာတရားတိုင်းလိုလို ကုသိုလ်ဒါနပြုမှုကို အားပေးချီးမြှောက်ထားပါတယ်။ သွေးလှူတယ်ဆိုတာ ထပ်ခါတလဲလဲ ပြုလုပ်လို့ရတဲ့ မွန်မြတ်ဖြုစင် ဇီဝတဒါန လှူဒါန်းမှုတစ်ခုပါ။

အခုပြောသွားတဲ့ အချက်တွေကြောင့် သွေးမလှူဖြစ်ခဲ့တာပါဆိုရင် နောက်ရက်တွေက စပြီး လူ့အသက်တွေကို ကယ်ဖို့အတွက် ဒီစာကို တစ်ခါလောက် အစအဆုံး ပြန်ဖတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

11 comments:

Anonymous said...

သွေးလှူခြင်းကြောင့် အလှူရှင်မှာ သွေးအားနည်းစေတယ်။ ရောဂါတွေ ကူးစက်လွယ်စေတယ်ဆိုတဲ့ အသိတွေလည်း စွဲဝင်နေတုန်းပါပဲ။
သွေးတစ်ခါလှူပြီးရင် နောက်တစ်ခါ သွေးမလှူမရ မနေနိုင်အောင် ဖြစ်တတ်တယ်ဆိုတဲ့ အယူမျိုးတွေလည်း ရှိနေတုန်းပါပဲ။
သွေးလှူမယ်လို့ပြောတိုင်းအံအားတသင့်နဲ့ ကြည့်တဲ့ မျက်ဝန်းတွေကိုလည်း ရင်ဆိုင်နေရတုန်းပါပဲ။
မိမိရဲ့ သွေးနဲ့ သူတစ်ပါးရဲ့ အသက်ကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အသိနဲ့ ကျနော်တော့ ဆက်လက်လှူဒါန်းနေဦးမှာပါ။
အခုလို ဆောင်းပါးလေးတွေများများရေးပေးပါခင်ဗျာ....

ခြေလှမ်းသစ် said...

သွေးလှုခြင်းဟာ တကယ်မွန်မြတ်တဲ့ အလှုဒါန ပါ ... ဘယ်ဘာသာတရားကမှ မတားမြစ်ထားပါဘူးနော် .. အခုလို ဖတ်ရလို့လဲ ကျေးဇူးတင်ရှိပါကြောင်း

Linn Zaw Win said...

သွေးလှူချင်သော်လည်း Hepatitis B Carrier ဖြစ်နေသောကြောင့်................................................................

သုခုမလေဒီ said...

ဒီပိုစ့်အတွက် အထူးကျေးဇူးပါ July Dream
ကူးယူသွားပါရစေနော်။ အလျင်းသင့်ရင်လည်း ဘလော့မှာတင်ချင်ပါတယ်။ ခွင့်ပြု မပြုပြောပေးပါ။
အရမ်းအကျိုးရှိပါတယ်။ တင်ပြတဲ့အချက်တွေလည်း ကောင်းပါတယ်။

Younggun said...

တခါပြောဖူးတဲ့အတိုင်း အိပ်ချိန်ကနည်း၊ လူက ပိန်ညောင်၊ အစားအသောက်က မမှန်နဲ့ကို လူရုပ်မပေါက်အောင် ဖြစ်နေလို့ ဘယ်ခါမှများ သွေးလှူနိုင်ပါလိမ့်လို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် သွေးမလှူဖြစ်ရင်တောင် ခန္ဒာအစိတ်အပိုင်း လှူနိုင်တဲ့သူ ဖြစ်ချင်ပါရဲ့ အစ်ကိုရေ။ ဒီပို့စ်လေးကို ခွင့်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ..ဖော်ဝက်ဒ် လုပ်ချင်ပါသည်။ လုပ်လိုက်ပြီ။

မမသီရိ said...

မွန်မြတ်တဲ့ အလှူဒါန တခု အတွက် ကောင်းမွန်လှတဲ့
ပို့စ်လေးပါ မောင်လေး ရေ
ဒီခောတ်ကြီးမှာ
သွေးလှူခွင့်ဆိုတာ လူတိုင်းရနိုင်တာ
မဟုတ်တော့ဘူးလေ
သွေးက တဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကင်းစင်နေမှ လှူခွင့်ရတော့မှာ

သွေးဘဏ်တွေ နေရာတကာ မှာ အလွယ်တကူ ရှိတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ သွေးလှူဖှို နဲ့ သွေးရဖို့ ဆိုတာ အခက်အခဲ မရှိလှပေမဲ့

မြန်မာနိုင်ငံကျေးလက်ဒေသတွေ နဲ့ နယ်မြို့လေးပေါင်း မြောက်များစွာမှာတော့ သွေးလိုတဲ့ လူနာတွေ ဟာ ပြသနာပေါင်းစုံနဲ့ ရင်ဆိုင်နေရရှာတယ်

အခက်အခဲပေါင်းစုံတွေ ရှိနေတယ်

၁။ မြန်မာနိုင်ငံက လူအများစု က ကိုယ့်သွေးအုပ်စု က ဘာလဲ ဆိုတာ စစ်ထားတဲ့ အလေ့အထ နည်းတဲ့အတွက် တိုက်နယ်ဆေးရုံတေ ဒါမှ မဟုတ်လဲ မြို့နယ်သေးသေး လေးတွေမှာ သွေးလိုတဲ့လူနာ ရှိနေရင် လှူမဲ့လူ လဲ ရှိနေရက်နဲ့ လိုအပ်တဲ့ သွေး အမျိုးအစား ရနိုင်ဖို့ ခက်ပြန်တယ်။

၂။ သွေးကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကလဲ ကျေးလက်ဒေသတွေနဲ့ မြို့ငယ်လေးတွေဆီမှာ ပြန့်နေပြီ ဖြစ်လို့ သွေးအမျိုးအစား ရပြန်တော့လဲ ရောဂါတွေ မစစ်နိုင်ခဲ့လို့ သွေးသွင်းခံ လူနာတွေ ရောဂါ ကူးစက်ခံရတာ ဒုနဲ့ ဒေးဖြစ်ကုန်ပြီ။

၃။ သွေးအမျိုးအစားလဲ သိ၊ ရောဂါတွေလဲ စစ်နိုင်တယ် ထားအုံး ကိုယ်လျူချင်တဲ့ အချိန်လှူလို့ မရနိုင်ပြန်ဘူး၊ လျှပ်စစ်မီးဆိုတာ နတ်သမီးမစင်လောက်ရှားပါးနေတာမို့ သွေးတွေ ထိမ်းထားမဲ့ နေရာက ခက်ပြန်ရော..း(

Myagreen said...

Thanks a lot. I have to donate second time in this month.

purplemay said...

ကျေးဇူးပါအစ်ကို...ဗဟုသုတအများကြီးရပါတယ်...

Rita said...

cheers July!

rose of sharon said...

ဗဟုသုတရပါတယ်.... သွေးတစ်ခါမှ မလှုဖူးဘူး

ကောင်းကင်ပြာ said...

အမ သွေးလှူ ချင်ပေမဲ့ သွေးပေါင် အမြဲ ကျနေလို့ သွားတိုင်းမ လှူရဘူး ၊ ဟိုမှာတုန်းကပေါ့၊ ဒီမှာတော့ တခါမှ မလှူဖူးဘူး၊