.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, October 31, 2009

Food returns to childhood

ငယ်ဘ၀ကို သတိရစေတဲ့ ဟင်းကို ဂိုဏ်းတူရန်သူ မဖြစ်လိုက်ရရှာတဲ့ မေကဆုန်က ရေးခိုင်းထားတာ ကြာလွန်းလှပါပြီ။ ကြာတာမှ ရေးခိုင်းတဲ့သူ မေ့လောက်အောင် ကြာတာပါ။ ခက်ဆစ်ဖွင့်ဖို့ လိုနေတာလေးတွေ ရှိလို့ ခက်ဆစ် ဖွင့်ပါမယ်။ ဂိုဏ်းတူဆိုတာ အလုပ်ဌာနချင်းတူလို့ပါ။ ရန်သူဆိုတာက ဌာနချင်း တူပေမယ့် အလုပ်သဘာဝအရ ရန်သူတွေ ဖြစ်နေလို့ပါ။ ဒါပေမယ့် ရန်သူတွေ ဖြစ်ခွင့် မရလိုက်ပါဘူး။ သူနဲ့ ကျွန်တော်က မီးဝင် မီးထွက်ပါ။ ဒါကြောင့် အလုပ်မှာ မဆုံဖြစ်လိုက်ပါဘူး။

မေကဆုန် ရေးခိုင်းတာက ဇူလိုင်လ ၅ ရက်နေ့ကပါ။ ကျွန်တော် ရေးတာက အောက်တိုဘာ ၃၁ ရက်နေ့ပါ။ အချိန်တွေများ ကုန်သွားတာ မြန်သလိုလိုပဲ။ ဒါပေမယ့် တချို့ကိစ္စတွေမှာ အချိန်တွေက မကုန်နိုင်ပြန်ဘူး။ ဥပမာ... စောင့်ရတဲ့ အချိန်တွေပေါ့။ ငယ်ဘ၀ကို သတိရစေတဲ့ ဟင်းတွေဆိုတော့ ငယ်ဘ၀ကို ပြန်စောင်းငှဲ့ လှည့်ကြည့်မိတယ်။ အခုတော့လည်း ငယ်ဘ၀ဆိုတာ ဘယ်လို ကုန်သွားမှန်း မသိလိုက်ဘူး။ အစားအစာနဲ့ ပတ်သက်ပြီး သေချာတာ တစ်ခုကတော့ ငယ်ဘ၀ကနေ အခုချိန်ထိ ဟင်းချေးများတာပဲ။ မပြောင်းလဲတဲ့ အကြောင်းတရားပေါ့။

ဟင်းချေးများတဲ့ ကျွန်တော့်အတွက် စီစဉ်ပေးရတဲ့ မာမားတစ်ယောက် ခေါင်းခြောက်မှာ အမှန်ပါပဲ။ မစားတဲ့ ရှောင်တဲ့ အသားတွေ ရှိသလို မကြိုက်တဲ့ဟင်းတွေလည်း အများသား။ အရိုးများသလို ချေးလည်း ခါးပါတယ်။ လူကသာ တရုတ်... ကြိုက်တဲ့ဟင်းတွေက မြန်မာဟင်း ကုလားဟင်း။ ခက်တာက မာမားက အဲဒါမျိုးတွေကို ဖွယ်ဖွယ်ရာရာ မချက်တတ်ဘူး။ တနေ့လာလည်း တရုတ်ဟင်း၊ နောက်တနေ့လည်း တရုတ်ဟင်း။ တရုတ်က တရုတ်ဟင်း မကြိုက်တာ ဘာကြောင့်လဲ ဆိုတာ သိလောက်ပါပြီနော်။

ပထမဆုံး သတိရတဲ့ဟင်းက ငံပြာရည်ချက် ငါးပိချက်ပေါ့။ မြန်မာဟင်းထဲမှာ ငံပြာရည်ချက်၊ ငါးပိချက်ကို ကြိုက်တယ်။ အိမ်မှာက အစပ်လျှော့ စားတော့ မြန်မာလက်ရာ ငါးပိချက်တွေလို မစပ်ဘူး။ မြန်မာပုံစံပဲ စားချင်တယ်ဆိုလို့ ကျွန်တော့်အတွက် သီးသန့်ဆိုပြီး စပ်စပ်လေး ချက်ရတယ်။ တခြားဟင်းတွေ မပါလည်း ငါးပိချက်တစ်မျိုးတည်းနဲ့ ထမင်းစားဝင်တယ်။ သူငယ်ချင်းတွေရဲ့ အလှူမှာလည်း တခြားဟင်းတွေကို မနှိုက်ပဲ ငါးပိချက်နဲ့ သခွါးသီးပဲ စားနေလို့ စိတ်မကောင်း ဖြစ်ကြရှာတယ်။ အလှူရှင် စိတ်မကောင်း မဖြစ်ရအောင် အားနာပါးနာနဲ့ ကြက်သားဟင်း ၀က်သားဟင်း ယူစားမယ် မထင်ပါနဲ့။ ထမင်းဝိုင်းမှာ ငါးပိချက်ရှိနေရင် တခြားဟင်းတွေ မျက်နှာငယ်ရတာ အသေအချာပါပဲ။

ငယ်ငယ်တုန်းက လူကောင်ထွားအောင် ဆိုပြီး ပဲစားရတယ်။ ဆယ်တန်း ဖြေပြီးတော့ ပဲကို ရေစိမ်ပြီးတောင် စားဖြစ်တယ်။ အိမ်မှာလည်း ပဲဟင်း ခဏ ခဏ ချက်တယ်။ ကုလားပဲဟင်း ချက်တယ်။ ပဲပြုတ်ကြော်တယ်။ ပဲကတ္တီပါပြုတ် သုပ်စားတယ်။ ပဲနီလေး ဟင်းရည်ချက်တယ်။ ပဲကြီးနှပ်တယ်။ ပဲစားပေမယ့် လူကောင်က ဗေလုဝနဲ့ နင်လား ငါလား မတိမ်းမယိမ်းပဲ။ အဲဒီပဲမျိုးစုံထဲမှာ ပဲကြီးနှပ်ကို အကြိုက်ဆုံးပဲ။ ဆူးပုတ်ရွက်လေး အုပ်ထားတဲ့ ပဲကြီးနှပ်က စားလို့ အတော်ကောင်းလွန်းတယ်။ ပဲကြီးနှပ်က ပဲကြီးနဲ့ နှပ်တာကို ကြိုက်သလို ထောပတ်ပဲနဲ့ နှပ်တာလည်း ကြိုက်တယ်။ ကုလားပြည်မှာ နေခဲ့တုန်းက ပဲဟင်းမျိုးစုံ နေ့တိုင်း စားခဲ့ရလို့ ကုလားပြည်ကို လွမ်းရင် ပဲကိုလည်း လွမ်းတယ်။ ပဲစားလို့လား မသိဘူး တစ်ယောက်သောသူကို ရင်ထဲက အသည်းစကားတွေ ပြောချင်မိပြန်တယ်။

ကိုးတန်းဖြေပြီး ဆယ်တန်းမတက်ခင် ပုဂံမှာ တစ်လနီးပါးနေတော့ ထမင်းဆိုင်မှာ ဟင်းတွေ အစုံအလင် ချပေးလည်း နှိုက်တဲ့ဟင်းခွက်က တစ်မျိုးတည်း။ အဲဒါက ပုန်းရည်ကြီးသုပ်။ တစ်လနီးပါး ပုန်းရည်ကြီးသုပ် တစ်မျိုးတည်းနဲ့ ထမင်းစားလို့ ထမင်းဆိုင်ကတောင် အံ့သြတယ်။ အိမ်မှာတော့ ကျွန်တော် ဟင်းချေးများတဲ့ နေ့ဆိုရင် မာမားက ပုန်းရည်ကြီး သုပ်ပေးတယ်။ ကြက်သွန်နီကို အညှီနံ့ပျောက်အောင် ရေကြာကြာစိမ်ပြီးမှ သုပ်တော့ စားရတာ အဆင်ပြေတယ်။ ပုန်းရည်ကြီးနဲ့ဆို ထမင်းစားမြိန်တယ်။ အနည်းဆုံး နှစ်ပန်းကန်ပဲ။

ငယ်ဘ၀ကို သတိရစေတဲ့ ဟင်းတွေကတော့ ဒီလောက်လေးပါပဲ။ သူများတကာတွေလို ချက်မစားတတ်တော့ အဲဒီဟင်းတွေကို သတိရပြီး စားချင်စိတ်ရှိလည်း ချက်မစားဖြစ်ပါဘူး။ ပုန်းရည်ကြီးသုပ်ကတော့ ကြက်သွန် အခွံနွှာတတ်ပေမယ့် ကြက်သွန် မလှီးတတ်လို့ ဓါးထိမှာ ကြောက်ပြီး မစားဖြစ်ပြန်ဘူး။ မတတ်ရင် တတ်အောင် သင်ပေါ့လို့ စေတနာနဲ့ ပြောကြမှာကိုလည်း မြင်ယောင်မိပါတယ်။ အိမ်ရှင်မ မရှိသေးတဲ့ အခုလောလောဆယ် ဘ၀အနေနဲ့ ကျွန်တော့်အိမ်မှာ မီးဖိုချောင်ဆိုတာ မရှိလည်း ဖြစ်ပါတယ်ခင်ဗျာ။

18 comments:

Rita said...

အော် အညာစာတွေ ကြိုက်သလိုပဲနော်။
ပဲတို့ ပုန်းရည်ကြီးတို့။
ကိုယ်နဲ့ပြောင်းပြန်။

ဒါတောင် အညာမှာ မနေဖြစ်တော့မှ အညာစာတွေကြိုက်တတ်လာတာ။ နေတုန်းက မကြိုက်ဘူး။

PAUK said...

ဟမ်..
ဂျေဒီနဲ့ တူတာ တစ်ခုရှိသွားပြီ..
ထူးဆန်းလိုက်တာ..အခုမှ သိတယ်..။။
ကျောန်လဲ သူငယ်ချင်းအိမ်ထမင်းလိုက်စားတတ်တဲ့
အကျင့်ရှိတယ်။။
လူမျိုးခြားအိမ်တွေပေါ့။။
အသားကြီး ငါးကြီးဆို မကြိုကိဘူး။။
မြန်မာအစားအစာလေးမှ ကြိုက်တာ။။
အမေချက်တဲ့မုန့်ဟင်းခါးဆို လုံးဝမစားဘူး။။
တရုတ်နံ့ပါနေလို့..ဟီးးး

ShwunMi- said...

ကြိုက်တာက ပဲတွေချည်းပဲကိုး.. အင်း..
ကြက်သွန်နီနွှာပြီးသား ဖြတ်ပြီးသား ရယ်ဒီမိတ်တွေ ရောင်းရင် ကောင်းမှာပဲ.. ကြက်သွန်ဖြူကိုတော့ တွေ့ဖူးတယ်..

khin oo may said...

အားလုံးစားတယ် ဂျီမများဘူး ဘာမမရှိရင် ငံပြာရည်ဆမ်းပြီး ကြက်သွန်နီနဲ့စားတယ်။

ရွှေရတုမှတ်တမ်း said...

အကြိုက်ချင်း တူနေပြီ
ထမင်းတဝိုင်းထဲ အတူစားရင်တော့ ဟင်းလုနေရတော့မယ် ထင်တယ်..း)

မေကဆုန် said...

အစ်ကိုရေ ရေးပေးတာ ကျေးဇူးပါနော်..
ပဲကြီးနှပ်နဲ့ ပုန်းရေကြီးသုပ်တာ အြိကြိုက်ချင်းတူတယ်..း)
စားချင်တာတွေ အတူစားနိုင်အောင်လို့ အိမ်ရှင်မလေး မြန်မြန် အိမ်ပေါ်ရောက်ပါစေ..

Shwe Oo Khin said...

ပုန်းရည်ကြီးသုပ်တောင် စားချင်သွားပြီ။

အပြုံးပန်း

ဂျူနို said...

မအယ်လည်း ငပိချက်ကြိုက်တယ်။
ငံပြာရည်ကြော်၊ မကျီးသီးစိမ်းနဲ့ ငါးခူနဲ့ငပိချက်၊ ပဲငါးပိနဲ့ခရမ်းချဉ်သီးနဲ့ ကြော်။ ကင်ပွန်းချဉ်ရွက်ကို ငါးနဲ့ပျစ်ပျစ်လေး ငပိချက်လို ချက်၊
သီးစုံပဲကုလားဟင်းတို့ ဘာဂျီကြော်တို့ ပူရီတို့ ကြက်သား ပလာတာ ချစ်တီးထမင်း ကြိုက်တယ်။

ဟိုတုန်းကထက် ငပိချက်ကို ခု ပိုကြိုက်တယ်။တော်ရုံလည်း ချက်မစားဖြစ်တော့ သူများအိမ်မှာ တွယ်လို့ကတော့ အပြတ်စားတာပဲ။

ပဲ နှပ်တို့ ပဲကြီးဆူးပုတ်ခတ်တို့တော့ မကြိုက်ဘူး။ ပုန်းရည်ကြီး သုတ်တော့ ကြိုက်တယ်။

ဘလော့ ပိတ်တော့မှာလား။ မအယ် လာရေးတာ အလကားပေါ့။

မိန်းမကတော့ ဓါးရှရင် ရှလား။ မီးဖိုချောင်က အိမ်ရှင်မနဲ့ပဲ ဆိုင်တာလား။ ဂျစ်သူလေးရေ လာဖတ်ပါအုန်း။ :)


မအယ်

ဂျူနို said...

ကြက်သွန်လှီးလည်း မောင် မလှီးနဲ့
ဓါးရှတတ်တယ် မယ်လှီးမယ်

တမင်းစားလည်း မောင်မစားနဲ့
အာယားတတ်တယ် မယ်စားမယ်။

ြှဗဲ....:))))။

မအယ်

မင်းအိမ်ဖြူ Minn Eain Phyu said...

အော် တရုတ်ဖြစ်ပြီး မြန်မာစာတွေ ကြိုက်တက်ရင် တော့ ကုလားမလေး ရအောင် ယူထားပါ အော် ဘာမှ လည်း ဆိုင်ဘူးမပြောနဲ့ ကုလားစာလည်း ကြိုက်တယ် ဆိုလိုပါ ဒါမှ ဒါမှ

မင်းအိမ်ဖြူ


ps : ဟိုတစ်နေ့က ဂျာနယ်တစ်စောင်မှာ ကိုဂျူလိုင် ဆိုတာ တွေ့တယ် အဲဒါ ကိုဂျူလိုင်လား ၊၊ သွေးလွန် တုပ် ကွေးေ၇းထားတာ ၊၊ သွေးသံကြားရင် သတိရပါတယ် P:

khin oo may said...

Nite
ကိုယ့်ဘဝကိုယ်ဝမ်းနည်းသွားသည်။

khin oo may said...

morning!

ဧပရယ်လ်ပူး@ပူးတေ said...

ကိုဂျူလိုင်ရေ တရုတ်ဖြစ်ပြီး ငပ်ကြိုက်တာချင်း တူနေပြီ။ မြန်မာပြည်က လူကြုံရှိရင် မှာတာက ငပိရေပဲ။ စီးတီးဟောက ငပိရေတွေ စားလို့မရဘူး။ ငပိရေကျို လတ်လတ်ဆတ်ဆတ်လေးရှိရင် ကြက်သွန်ဖြူလေး ငရုတ်သီးစိမ်းလေး၊ ပုဇွန်ခြောက်လေးထောင်းထည့်ပြီး အဲဒီတခွက်ထဲနဲ့ စားတတ်တယ်။ တို့စရာတော့ ငယ်ငယ်ထဲက ထမင်းနဲ့ တူတူ မစားတတ်ဘူး။ သရက်သီးတို့ ၊ သခွားသီးတို့ကို ထမင်းပြီးမှ ဒီအတိုင်း ငပိရေနဲ့ တို့ပြီးထိုင်စားတာ။ :) ပြောရင်းနဲ့ စားချင်လာပြီ။

Vista said...

အင်း သူ့ ကောင်မလေးတော့မလွယ်ဘူး ..ဒါပေမယ့်
ပြီးမှမိန်းမရမ
မီးဖိုထဲကမထွက်ဖြစ်အုံးမယ်
“ဂျေဒီရေ“ ဆို အိမ်ရှေ့ ကခေါ်လိုက်ရင်မီးဖိုထဲကနေ
“ ဟေ ငါဒီမှာဟင်းချက်နေလို.“
့ဆိုပြီးထွက်လာမှာမြင်ယောင်သေးတော့

rose of sharon said...

ဒို့လဲပုန်းရည်ကြီးကြိုက်တယ်

Angel Shaper said...

ကိုဂျူလိုင်ရေ....
ပြည့်စုံနွေးထွေးပြီး လတ်ဆတ်တဲ့ အစာမျိုးစုံနဲ့ မီးဖိုချောင်လေး အမြန်ဆုံးပိုင်ဆိုင်ပါစေဗျိုးးးးးး

jr.lwinoo said...

ကိုဂျူလိုင်ရေ..
ကျနော်လည်း သက်သက်လွတ်စားတာတောင် ပုန်းရည်ကြီးနဲ့ စားတယ်ဗျ။ ကောင်းမှုလုပ်တာတောင် ဟင်းရွေးနေတယ် ထင်ရင်လဲ.. ကြိုက်တာကိုး..း)

ကောင်းကင်ပြာ said...

အမလဲ ငပိချက် ကြိုက်တယ်၊ ပဲတော့ မကြိုက်ဘူးတော့၊ ပဲဆို ပဲပြုတ်က လွဲရင် မစားဘူး၊