မနက်က မိုးရွာတယ်...
ရထားပေါ်ရောက်မှ မိုးစက်လေးတွေ တဖြောက်ဖြောက် ကျလာတယ်။ ရထားပြတင်းပေါက်မှာ ရေစက်တွေ တင်နေတာကို ရထားထဲကနေ ကြည့်ရတာ စိတ်ချမ်းသာတယ်။ ဘူတာကနေ ဆင်းပြီးတော့ ကားဂိတ်ကို လမ်းလျှောက်ရတယ်။ မိုးဖွဲလေးပဲဆိုတော့ မိုးရေထဲမှာ ထီးမဆောင်းပဲ ဒီအတိုင်းလေး လျှောက်လိုက်တယ်။ အ၀တ်တွေတော့ မိုးရေစိုတာပေါ့။ ရုံးနားက ကားဂိတ်ကို ရောက်တော့လည်း မိုးရွာနေတုန်းပဲ။ ဒီတော့လည်း မိုးရေထဲမှာပဲ လမ်းလျှောက်လိုက်တယ်။ ရုံးရောက်တော့ ကြွက်စုတ် မဖြစ်ပါဘူး။ ဒါပေမယ့် အ၀တ်တွေတော့ အတော်ရွှဲနေတယ်။ ရုံးရောက်တဲ့အချိန်က ၁၀ နာရီကျော်နေပြီ။
မိုးရေထဲမှာ လမ်းလျှောက်ရတာကို ဘယ်လိုကြိုက်မှန်း မသိဘူး။ မျက်နှာပေါ် မိုးရေစက်တွေ ဖျန်းပတ်ခံရတဲ့ အရသာကို သဘောကျမိတယ်။ မျက်မှန်ပေါ်ကို မိုးရေစက်တွေ လာစင်တာကို မြတ်နိုးပြန်တယ်။ မိုးနဲ့အတူ ပါလာတဲ့ လေနုအေးတွေကို ခင်မင်တယ်။ သစ်ပင်တွေမှာ ဟီးလေးခိုနေတဲ့ မိုးစက်တွေကို တွယ်တာတယ်။ အဲဒီရောဂါက ဘယ်တော့မှ ကုလို့ ပျောက်မှာ မဟုတ်ဘူး။ တမင်တကာ မွေးထားတဲ့ ရောဂါလို့ ပြောရမလားပဲ။
ရန်ကုန်မှာလည်း မိုးတွင်းဆို ထီးမပါပဲ လျှောက်သွားနေကြ။ မိုးသည်းလေ သဘောကျလေပဲ။ စိုစိုရွှဲအောင် ရွာလေ သည်းခြေကြိုက်လေပဲ။ နှုတ်ခမ်းတစ်စုံ တုန်ရီပြာနှမ်းတဲ့အထိ မိုးရေထဲမှာ စက်ဘီးစီးနေတတ်တယ်။ တခါတလေ လှိုင်မြစ်ကမ်းနားမှာ ထိုင်နေတတ်တယ်။ မိုးသည်းထဲမှာ မြစ်ပြင်ကျယ်ရင်ခွင်ထဲကို အလုအယက် ခုန်ဆင်းနေတဲ့ မိုးစက်ပွင့်တွေကို ငေးနေမိတယ်။ လှိုင်းကြားလေကြားမှာ ကူးခတ်နေတဲ့ လှေငယ်လေးတွေကို အသည်းယားမိတယ်။ မည်းမှောင်နေတဲ့ တိမ်တိုက်တွေကို မော့ကြည့်ရင်း မိုးရေစက်တွေရဲ့ အထိအတွေ့ကို သာယာမိနေတတ်တယ်။
မိုးကို သတိရမိနေတာ ကြာပြီ။ မိုးကို တမ်းတနေတာလည်း ကြာပြီ။ အလုပ်တွေ ပိနေလို့ မိုးနဲ့ ကြုံဆုံပေမယ့် ဒီနေ့လိုမျိုး ရင်မခုန်ခဲ့ရတာလည်း ကြာလှပါပေါ့။ မိုးမိပြီး ဖျားနေအုံးမယ်လို့ သတိပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မိုးကို ကျွန်တော် ချစ်သလို မိုးကလည်း ကျွန်တော့်ကို ချစ်ပါတယ်။ ဒါကြောင့် ဖျားမယ် မထင်ပါဘူး။ တခါတလေ မိုးက စိတ်ကောက်လို့ မုန်းမာန်ဖွဲ့ရင်တော့ ကျွန်တော် ဖျားချင် ဖျားသွားနိုင်ပါတယ်။ ဒါပေမယ့် မိုးက ကျွန်တော့်အပေါ် အဲဒီလောက်ထိ မရက်စက်လောက်ပါဘူး။ ချစ်ရလွန်းတဲ့ မိုးအကြောင်းကို ကျွန်တော် သိပါတယ်လေ။
ဒီကမ္ဘာလောကကြီးမှာ ကျွန်တော် ဆောင်းနှင်းမြူကို ချစ်သလို မိုးပွင့်တွေကိုလည်း မြတ်နိုးတယ်။ နွေဥသြကို တမ်းတသလို မိုးစက်တွေကိုလည်း ရင်ခုန်မျှော်လင့်တယ်။ မိုးနဲ့အတူ ပျော်စရာကောင်းတဲ့ အရသာချိုချိုကို နေရောင်အောက်မှာ မတွေ့နိုင်ပါဘူး။ ကြုံဆုံခဲ့ရင် မိုးရေစက်တွေအောက်မှာ အတူတူ ကကြရအောင်လားဗျာ။

13 comments:
မျက်နှာပေါ်ကို ရေစက်တွေစင်ပြီး အမြင်မကြည်မလင်နဲ့ ခလုတ်တိုက်မှာ အလွန်ကြောက်ပါသည်..
ဒါပေမယ့်လည်း အလကားနေရင်း မိုးရွာတာ မိုးကြိုးပစ်တာတွေကို မုန်းမနေပါဘူး.. သဘာဝမို့ ခွင့်လွှတ်ထားပါတယ်လေ..
ဟိုက် မအယ်လည်း မိုးရွာရင် အရမ်းပျော်တာ။ အဲ့လိုနေ့ ဆို ကျောင်းမသွားချင် အလုပ်မသွားချင် မိုးရေထဲ လျှောက်သွားချင်တာ။
စာကြွင်း။
ချစ်သူလေးနာမည်က မိုးပါတယ် ထင်တယ်။
ရေးထားတာက ဇူလိုင်နဲ့ မလိုက်ဖက် နုနေတယ်။
တမင်မွေးထားတဲ့ ရောဂါလို တမင် နုရွနေတာလားပဲ။
:)
ကမယ် လေ ကြုံရင်ပေါ့။
မအယ်
ဒီလိုဘဲပေါ့လေ။ နုပြနေတာ။ နုပြနေတာ.........
မိုးရေစက်တွေအောက်မှာ ကဖို့ လူစုပြီး ချီတက်လာပါတယ်။ အဟဲ
ပိုစ့်လေးက နူးညံ့နေတယ်နော်။ တစ်ခုခုပဲ။ အပေါ်မှာလဲ ပြောနေကြပြီ။ အဟိ
မိုးရွာထဲသွားတာ ကိုယ်ခံအားနည်းတဲ့ အချိန်ဆို ဖျားမှာပဲလို ယုံတယ်။
သုံးလေးည မအိပ်၊ အစားမမှန် အားနည်းအောင်နေ.... ပြီးရင် မိုးရေထဲ တစ်နေကုန်သွား..
စမ်းကြည့်။ အိမ်ပြန်ရောက်ရင် ဆေးကြိုသောက်ပြီး နွေးနွေးထွေးထွေးနေတာတို့  ဘာတို့ မလုပ်နဲ့ အုံး။
တကယ်လို့  ဖျားသွားရင် "မိုးက စိတ်ကောက်လို့ မုန်းမာန်ဖွဲ့လို့ ကျွန်တော် ဖျားသွားတယ်ဆို.... " ထပ်ရေး..
မိုးကိုချစ်တဲ့သူကို မိုးက သစ္စာရှိလို့ ဒုက္ခမပေးတတ်ပါဘူး မိုးရေ ချိုးရတဲ့ အရသာလောက် ခံစားလို့ကောင်းတာ မြန်မာပြည်မှာ မရှိတော့ပါဘူး ..
မနေ့က အမတို့ဘက် ရွာသွားတဲ့ မိုးကတော့ ခြောက်ခြားစရာပါ။ လျှပ်တွေက အဆက်မပြတ်လက်၊ မိုးခြိမ်းသံကြီးတွေကလည်း နားကတဆင့် ရင်ထဲဒိုးယိုပေါက် ၀င်နေသလားပဲ။
သားလေးကို ကျောင်းကားပေါ် ဆင်းပို့တော့ တိုက်အောက် မိုးခိုနေကြသူတွေ အားလုံး မျက်နှာငယ်လေးတွေနဲ့၊ ကျောင်းကားပေါ်က ကလေးတွေလည်း နားလေးတွေ ပိတ်ပြီး တုန်ခိုက်နေကြတာ။
အမ မိုးကြိုးပစ်ခံရပြီး သေမှာ သိပ်ကြောက်တယ်။ (ကိုယ့် အကုသိုလ်ထုတ်က ကြီးတယ်။)
ညရောက်တော့ နာဂစ်ဒဏ် ခံခဲ့ရတဲ့ကလေးတွေ သတိရပြီး မျက်ရည်ကျရသေးတယ်။ အမတို့ မိဘတွေက မြစ်ဝကျွန်းပေါ် ဇာတိတွေပါ။ အခုတော့ မြစ်ပြင်မှာ လှေကလေး သွားနေတဲ့ မြင်ကွင်းမျိုးတောင် မကြည့်ရဲအောင် ဖြစ်နေတယ်။
ပို့စ်နဲ့ ကော်မန့် မလိုက်ဖက်ပေမဲ့ ရေးလိုက်ပါတယ်။
မိုးက ကောင်းကင်ကနေ ရွာလာတုန်းက လှတယ်.. မြေပေါ်မကျခင်ထိ လှတုန်းပဲ.. မြေပေါ်ရောက်တော့လည်း နည်းနည်းတော့လှသေးတယ်.. ဗွက်ပေါက်သွားမှ ပျက်တာပဲ
မိုးသည်းရင် မိုးရေထဲ မထွက်ချင်ပါဘူး၊
စောင်ခြုံကွေးပြီး၊ သီချင်းအော်ဆိုရတာ အရသာ.. သွပ်ခေါင်မိုးပေါ် မိုးပေါက်ကျသံ တဗြုန်းဗြုန်းနဲ့လေ...
နယ်က အိမ်မှာပြောတာ..
စင်စင်နဲ့ ကိုယ်နဲ့ တူတယ်။
အညာသူနဲ့ တူတာဆိုလို့ အောက်အရပ်က မိုးတွင်းကို မကြိုက်တတ်တာပဲ ရှိတော့တယ်။
ဒါပေမဲ့ အညာမှာတော့ မိုးရွာရင် ပျော်တယ်။
ရန်ကုန်မှာ မိုးရေထဲလျှောက်ရတာပျော်တယ်
မိုးထဲမှာ အင်းယားကို သွားထိုင်တာ သတိရတယ်
ဒီမှာ တော့ မိုးသဲထဲမှာ မသွားရဲဘူး
မိုးကြိုးပစ်ပြီးသေရတဲ့  လူတွေအကြောင်း သတင်းစာမှာ
တွေ့ နေရလို့ 
စိတ်ကူးယဉ်ပြီး mp3 နားထောင် မိုးရေထဲမှာ လျှောက်လို့ မရတဲ့  အရပ်ဒေသဆိုတော့
မိုးတွင်းကို အချစ်ဆုံးပဲ။
မိုးညို့ရင်လဲ ဘာမှန်းမသိဘဲ ဘာကိုမှန်းမသိဘဲ လွမ်းနေမိပြန်ရော..
ကိုဂျူလိုင့်အရေးအသားက ကိုယ်ကိုတိုင်မိုးရေထဲ လျှောက်သွားလိုက်ရသလို..
ဒါတော့ တူသွားပြီ။ ဂျူလိုင်ဖွားချင်း တူလို့လားတော့မသိဘူး။ ကျနော်ကတော့ မိုးတွင်းမှာ မိုးရေထဲ ဘယ်လောက်သွားသွားမဖျားဘူး။ နွေမှာ နေပြင်းပြီဆိုတာနဲ့ဖျားတာပဲ။ :(
နောက်တစ်ခုက ထီးဆိုလည်း ကျနော်နဲ့ မကပ်ဘူး။ ဘယ်လောက်သတိထားထား ပျောက်တာပဲ။ မိုးနတ်မင်းကြီးက သူနဲ့ ကျနော်နဲ့ ကြားမှာ ထီးခံနေတာ မကြိုက်ဘူးထင်ပါ့။ :)
Post a Comment