သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ
သူတယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလဲစံ
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည့်၊ ရေပွက်ပမာ
တသက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကျည်
အတည်မမြဲ၊ ဖောက်လွဲတတ်သည်
မချွတ်စသာ၊ သတ္တ၀ါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်
သံသာစက်၌၊ ကြိုက်လတ်တွန်မူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မွန်ကို၊ ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေးသည်
သွေးသည် အနိစ္စာ၊ ငါ့ခန္ဓာတည်း ... ။
အဲဒီကဗျာကို ပုဂံခေတ် နရပတိစည်သူမင်း လက်ထက်တုန်းက အနန္တသူရိယ အမတ်ကြီး ရေးသားခဲ့တယ်လို့ သိထားရပါတယ်။ ကဗျာက မှန်နန်းရာဇ၀င်ကြီး ပထမတွဲမှာ ပါပါတယ်။
နရပတိစည်သူမင်းက မြန်မာသက္ကရာဇ် ၅၃၆ ခုနှစ်မှာ သူ့နောင်တော် ဘုရင်မင်းယဉ်နရသိင်္ခကို လုပ်ကြံပြီး နန်းတက်တယ်။ မင်းယဉ်နရသိင်္ခက နရပတိစည်သူရဲ့ မိဖုရား ဝေဠုဝတီကို အတင်းအဓမ္မ သိမ်းယူခဲ့ဖူးတယ်။ နရပတိ နန်းတက်တော့ သူ့နောင်တော်နဲ့ ပတ်သက်တဲ့သူတွေထဲက မကျေနပ်တဲ့သူတွေကို ကွပ်မျက်တယ်။ အနန္တသူရိယအမတ်ကြီးက မင်းယဉ်နရသိင်္ခရဲ့ အထိန်းတော်သားပါ။ သူ့ကိုလည်း ဘုရင်က အမျက်တော်ရှလို့ ကွပ်မျက်ဖို့ အမိန့်ပေးလိုက်တယ်။
လူသတ်ကုန်းမှာ မကွပ်မျက်ခင် အမတ်ကြီးက သူတည်းတယောက်... အစချီတဲ့ ကဗျာတစ်ပုဒ် ရေးခဲ့ပါတယ်။ အဲဒီကဗျာရေးပြီးတော့ အမတ်ကြီး ကွပ်မျက်ခံရပါတယ်။ ကွပ်မျက်ခံပြီးမှ ဘုရင်ကို ကဗျာဆက်သလေတော့ ဘုရင်က ဖတ်ပြီးတဲ့နောက် အမျက်ပြေသွားလို့ မသတ်ဖို့တားပါတယ်။ ဒါပေမယ် မမီတော့ဘူး။ အမတ်ကြီးကို သတ်ပြီးနေပြီလေ။ ဒါကြောင့် မျက်ဖြေလင်္ကာလို့လည်း ခေါ်ပါတယ်။
အဲဒီ မျက်ဖြေလင်္ကာထဲမှာ သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ... သူတယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း... ဆိုတဲ့ စာသား... ခဏတက်သည့် ရေပွက်ပမာ ဆိုတဲ့ စာသား... တုံ့မယူလို ဆိုတဲ့ စာသား အဲဒီသုံးခုကို နှစ်ခြိုက်မိပါတယ်။ တုံ့မယူလို ဆိုတာလေးက ပြောရတာ အလွန်လွယ်ပါတယ်။ လုပ်ဖို့ကတော့ အတော်ခက်ပါတယ်။ သေခါနီးအချိန်မှာတောင် တုံ့မယူလိုတဲ့ အမတ်ကြီးကို လေးစားမိတာ အမှန်ပါပဲ။ သူ့လို လုပ်နိုင်ဖို့ဆိုတာ မလွယ်သေးပါဘူး။
ကဗျာအပြည့်အစုံနဲ့ နောက်ခံသမိုင်းကြောင်းကို ပြောပြပေးတဲ့ အစ်မမေဓာဝီကို အထူးကျေးဇူးတင်ကြောင်း တပါတည်း ပြောလိုပါတယ် ခင်ဗျာ။

21 comments:
ကိုယ်လဲ တုံ့မယူလို
ဘာဖြစ်လို့လဲ ဆိုတော့ တုံ့လှည့်ယူနေရင် မပြီးနိုင်တော့လို့။
သောက်မြင်ကပ်ရင် တခွန်းပဲ ထိအောင်ပြောပြီး နောက်ထပ် လှည့်ကို မကြည့်တော့ဘူး။ ပြီးရော။
ဓာတ်ပုံကြည့်ပြီး တော်တော်ခံစားလိုက်ရတယ်။ စိတ်မကောင်းဘူး။
ကဗျာကို သူငယ်ချင်း ရေးတယ် ထင်လို့ အထင်အရမ်းကြီးနေတာ.. စာလုံးတွေ နဲနဲလေးနက်လို့ နှစ်ခေါက်ပြန်ဖတ်လိုက်ရတယ် အဟတ်
ရှေးခေတ်ကတော့ ဒီလိုပါပဲ၊ နန်းလုလိုက် သူများမယား မိဖုရားကောက်လိုက်.. ထုံးစံလိုပဲ ထင်တယ်
အရှုံးပေးရင် နှလုံးအေးတယ်တဲ့၊ တရားပေါက်သွားလို့ ဝမ်းသာပါ၏
ဒါ့ပုံက ဘယ်က သွားရိုက်လာတာလဲ? တော်တီးတီးတော်
ဓာတ်ပုံကြိုက်တယ်ဗျာ
အဲဒီလင်္ကာကို ငယ်ငယ်ကတည်းက ကြိုက်ခဲ့တယ်...
အမတ်ကြီးကိုလည်း လေးစားခဲ့တယ်...
ဒါကြောင့်လည်း "ဘဝတပါး" ဝတ္ထုကို ဒီကဗျာနဲ့ စခဲ့တာပေါ့...
းဝ)
ဒီကဗျာလေးဟာ ဘ၀အတွက် အင်မတန်မှ တန်ဖိုးရှိတဲ့ ကဗျာလေးပါပဲ .. တုံ့မယူ ဆိုတာတော့ လက်ရှိကာလနဲ့ အဖြစ်အပျက်အပေါ်မူတည်ပြီး ဒီဘက်ခေတ်မှာ အပြောင်းအလဲလေးတွေ ဖြစ်နိုင်ပါတယ်...
ပညာရှိ အမတ်ဆိုတော့ ဟုတ်ပေမပေါ့ ကိုဇူလိုင်ရယ်
မအယ်ကတော့ သာမန်လူဆိုတော့ အရာရာကိုတော့ ဓမ္မတာပါပဲလို့ လက်မခံနိုင်ပါဘူး။
ဒီဓါတ်ပုံက ဘယ်လိုရိုက်လာတာလည်း။
ငယ်ငယ်တုန်းက အရမ်းကြိုက်လို့ မှတ်ခဲ့ဖူးတဲ့ လင်္ကာလေးပဲ။ အဲဒီအမှတ်ကြီးကိုလဲ လေးစားခဲ့တယ်။
အဲဒီ တုံ့ မယူလိုဆိုတဲ့စာသားလေး အကိုပြောသလိုပဲ ပြောရတာလွယ်သလောက် လုပ်ဖို့က အင်မတန် ခက်တာနော်။ တန်ဖိုးရှိတဲ့ ပိုစ့်လေးအတွက် ကျေးဇူးတင်တယ် အကိုရေ......
အဲဒါ တရာ ရလို့ရေးတာမဟုတ်ဘူး ခက်လိုက်တာ…
မမပြောသလိုပဲ..
အဲဒါ တရာ ရလို့ရေးတာမဟုတ်ဘူး ခက်လိုက်တာ…
(နောက်တစ်ခု တိုးတိုးလေး ပြောလိုတာက..
အားလုံးအတွက် ငဲ့ပါ..(ဂျေဒီကို ပြောတာ မဟုတ်) )
ကြိုက်တယ်ဗျာ။
ဒီကဗျာလေးက အရင်တည်းကကြိုက်တာ..
အခုထပ်ဖတ်လည်း ကြိုက်နေတာပါပဲ..
ဘယ်အတန်းမှာလည်း မသိဘူး ဒီကဗျာလေးကို ငယ်ငယ်က သင်ဖူးသလိုပဲ။ ကဗျာရှင်ရဲ့ ခွင့်လွတ်တတ်တဲ့ နှလုံးသား အသက်တခုလုံးကို ဖျက်ဆီးခံရတာတောင်မှ သေအံ့ဆဲဆဲ ကာလမှာ ဒီလို အာဂါတာမထားတတ်တဲ့ ပါရမီရှိတဲ့ နှလုံးသားကို ချီးလည်း ချီးကျူးတယ် အားလည်းကျပါတယ်။ ဒါပေမဲ့ အများအတွက်တော့ ကျွန်မလည်း မအယ်ပြောသလိုပဲ ဒီတယောက်ကောင်းဖို့အတွက် တခြားတယောက်ရဲ့ ဘ၀ပျက်စီးရမယ်ဆိုတဲ့ တယောက်သေမှ တယောက် ကောင်းစားရမယ်ဆိုတဲ့ သဘောထားကိုတော့ အတွေးအခေါ်အရ လက်မခံနိုင်ပါဘူး။
scapegoat နဲ့ ဒီကဗျာဆက်နွယ်မှုကို သဘောကျတယ်။
တူများ တယောက်တည်း အိပ်ရမှာမို့လို့ ဘလော့ဂ်လည်ပါတယ်.. ဓါတ်ပုံမြင်ပြီး ပိုကြောက်လာပီနော်.. :(
ကဗျာလေးတော့ သေချာဖတ်သွားပါတယ်..
သူတည်းတယောက် ကောင်းဖို့ရောက်မူ ...တဲ့။
ငယ်ငယ်တည်းက အမေပြောပြောနေကြစကားလေးပေါ့..။
ခဏတက်သည့်ရေပွက်ပမာ...ဆိုတာလေးကိုလည်း တရားသဘော ဖြင့်မြင်အောင်ကြည့်သွားပါသည်။
တုံ့မယူလို ...ဆိုတာလေးကိုလည်း ကျင့်ကြံနိုင်အောင် ကြိုးစားကြည့်ပါဦးမည်..။ ဒီနေ့ဒါလေးဖတ်လိုက်ရတာ အတော်ကိုအကျိုးရှိသွားလို့ ကျေးဇူးတင်ပါသည်...:)။
စော်ကားခံရသူတွေက "တုံ့မယူလို"ပေမယ့် မိမိ အကုသိုလ်က မိမိနောက် ထပ်ချပ်မကွာ လိုက်နေမှာပါပဲ။
(အရိပ်ပမာ မခွဲခွာ ဆိုတဲ့သီချင်းလိုပေါ့) :P
ဓာတ်ပုံကတော့ ရှားပါးဓာတ်ပုံပဲအေ..။
အဲဒါ့ပုံကတော့ မိုက်ချက်ကွာ
အင်း... ကဗျာ ဘယ်သူရေးမှန်း အစက မသိဘူးဗျ။ ခုတော့ ပုံနဲ့ စာနဲ့ အသေအချာလေး တင်ပြလိုက်တော့ ရှင်းကနဲ၊ လင်းကနဲပါပဲ။
မသာတခေါက် ကျောင်းဆယ်ခေါက်တဲ့ အခုတော့ မသာလဲပို့စရာမလို၊ ကျောင်းလဲ သွားစရာမလိုပဲ ဒီဘလော့မှာတင် သံဝေဂတရား ရမိပါတယ်ဗျာ.....။
သူတည်းတယောက် ကောင်းမှုရောက်ဖို့ သူတပါးတွေ မပျက်စီးကြပါစေနဲ့လို့ပဲ ဆုတောင်းပေးပါတယ်ဗျာ.....။
ဟုတ်တယ် ကိုဂျူလိုင် .. အသက်ရလာတာတောင် တုံ့မယူလို ဆိုတာက တချို့နေရာတွေမှာ မကျင့်သုံးနိုင်သေးဘူး။
Post a Comment