အခြေအနေက အရင်လို မဟုတ်တော့ပါဘူး။ အခုတော့ မပေါ့မပါး ဘ၀ဖြစ်နေပြီ။ မပေါ့မပါးဆိုလို့ ကျွန်တော့်မှာ ကိုယ်ဝန်ရှိနေတယ်လို့ မထင်ကြပါနဲ့။ ဗလကြီးအာနိုး ကလေးမွေးတယ်ဆိုတာ ရုပ်ရှင်ထဲမှာပါ။ သိပ္ပံပညာ ထွန်းကားလို့ ဒါမျိုးတွေ ဖြစ်နိုင်ပြီဆိုရင်တောင်မှ ကျွန်တော်ဘက်က အဆင်သင့် မဖြစ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ခဏ ခဏ ပျို့အန်တတ်ပါတယ်။
ဘာလိုလိုနဲ့ ညောင်ညိုပင် လမ်းခွဲကတော့ မြင်နေရပြီ။ ၂၀၀၈ တုန်းကလည်း ဒီလိုအချိန်မှာ လမ်းခွဲခဲ့တယ်။ နှစ်ပေါင်းများစွာ ပျော်ရွှင်ကြည်နူး ခံစားဝေမျှခဲ့တဲ့ နေရာလေးကို နာကျည်းချက်တွေနဲ့ တိတ်တဆိတ်လေး ထားရစ်ခဲ့တယ်။ လူမသိ သူမသိ အသံတိတ်လေးပေါ့။ အခိုင်အမာ ဆုံးဖြတ်ပြီးရင် ပြန်မပြင်တတ်တဲ့ အကျင့်ကို တမင်မွေးယူထားတဲ့ ကျွန်တော့်အဖို့ သမင်လည်ပြန်ဆိုတာ မရှိစေရပါဘူး။ ဒီလိုနဲ့ အချိန်တွေ များစွာပိုခဲ့တယ်။ ပိုနေတဲ့အချိန်တွေကို တခြားနေရာမှာ ဖြုန်းတီးပစ်ခဲ့သလိုလိုပဲ။ လောက် ဆိုတဲ့ အကောင်မျိုးက ချီးထဲမှာပဲ ပျော်တတ်တာမျိုးပေါ့။ အကျိုးရှိတဲ့နေရာမှာ သုံးခဲ့တာတွေလည်း ရှိခဲ့ပါမယ်။ သုညနောက်မှာ ဒဿမကိန်းနဲ့ ပြရမယ့် အကျိုးပြု လုပ်ငန်းတွေပေါ့။ နိုင်သလောက် ကြယ်ငါးကောက်တယ်လို့ နှစ်သိမ့်လိုက်တယ်။
အရင်ကလို အချိန်တွေ မပိုတော့ဘူး။ ရုံးချိန်မှာဆိုလည်း အချိန် ရှားလာတယ်။ ဒီနေရာ ဒီအလုပ် ဆိုပေမယ့် အချိန်တွေ ဘယ်ရောက်ကုန်လဲ မသိဘူး။ ရုန်းဟ ရုန်းဟ ဆိုပြီး ဘယ်သူမှတော့ ကြိမ် မတို့ပါဘူး။ ဒါပေမယ့် ပခုံးသားမှာ ထမ်းပိုးရာတွေ အပြည့်ပဲ။ လူဟောင်းဆိုတာ လူသစ်တွေအတွက် အထင်ကြီးစရာပဲ။ ဒါပေမယ့် လူဟောင်းတွေ ထမ်းထားရတဲ့ ၀န်ထုပ်ဝန်ပိုးတွေက တိုးပြီးရင်း တိုးနေတယ်။ တာဝန်ဆိုတဲ့ လက်ပတ်ကြောင့် လက်မောင်းတွေတောင် ဖုထစ်ကြီးလာသလိုပဲ။ ချစ်သူလေးအတွက်တော့ ခေါင်းလေးအုံးဖို့ ကောင်းတာပေါ့။
ကျန်းမာရေးအတွက်လည်း အချိန်က ပေးရအုံးမယ်။ ငယ်သေးတယ် ဆိုပေမယ့် ရှင်သေမင်းက ငဲ့ညှာမှာ မဟုတ်ဘူး။ အသက်အာမခံတော့ ၀ယ်ထားပါတယ်။ ကိုယ်ဖြစ် ကိုယ်ခံရတာ ကိစ္စမရှိပေမယ့် တခြားသူတွေကို စိတ်မညစ်စေချင်ဘူး။ ခေါင်းထဲမှာလည်း အသိတွေ တိုးမလာသေးဘူး။ ပုံစံခွက်ထဲမှာပဲ အသားကျနေတယ်။ ပုစွန်ဦးနှောက်ကမှ ချီးရှိအုံးမယ်။ နှလုံးသား အာဟာရအတွက် အချိန်တွေ လိုနေပြန်ပြီ။ စာတွေ မဖတ်ဖြစ်တာ ကြာပြီ။ ရန်ကုန်မှာ စာကြမ်းပိုးလို့ အထင်ခံခဲ့ရတဲ့သူက စကာင်္ပူမှာ လူ့ပေါက်ပန်းဖြစ်နေပြီ။ ပေါက်ပန်းကမှ အဆင်းလှပါသေးတယ်။ ပေါက်ပန်းဘ၀က တက်ဖို့ ပြင်ဆင်ရတော့မယ်။
နောက်တစ်ခုက အရင်ကလောက် အကြည်ဓါတ်တွေ မရှိတော့ဘူး။ လူပါးစပ်က တစ်ပေါက်တည်း ရှိလို့ပေပဲ။ လူအများက ကျွဲဆိုတော့လည်း ဤလည်း ကျွဲဖြစ်သွားတာ သဘောပေါက်ပါတယ်။ အများကြီး မမျှော်လင့်ဖို့ ဟိုးအရင်ကတည်းက ပြောခဲ့ဖူးတယ်။ ဝေဖန်တာနဲ့ ကဲ့ရဲ့တာ မတူဘူးဆိုတာလည်း သိပါတယ်။ တိုက်ပွဲတွေမှာ ကျောမလုံအောင် လုပ်တတ်တဲ့သူတွေလည်း ရှိတယ်။ အရိပ်စစ်လို့ ရှိနေတဲ့သူလည်း ရှိပါတယ်။ နောက်ဆုံး ရလဒ်ကတော့ လူဆိုး လူကြမ်း လူရမ်းကားပေါ့။ ကိုယ်ရပ်နေတဲ့ မြေက မမာတော့လည်း ခုန်လို့ မကောင်းဘူး။ မိတ်ဆွေတွေတောင် ရန်သူဖြစ်ကုန်တယ်။ ကိစ္စတော့ မရှိပါဘူး။ ရန်သူစစ်တွေက ပိုချစ်ဖို့ ကောင်းပါတယ်။
ကဲ... လိုရင်း မရောက်ပဲ ပေရှည်နေပြီ။ အချုပ်ကတော့ နောက်ဆို သိပ်မမြင်ရတော့ဘူးလို့ ပြောချင်ပါတယ်။ နှုတ်ဆက်လက်ပြနေတာ မဟုတ်ပေမယ့် ပေးစရာအချိန်တွေ မကျန်တော့လို့ပါ။ အချိန်ပေးနိုင်ရင် ပေးနိုင်သလို ကံဇာတ်ဆရာအလိုကျ အသုံးတော်ခံပါမယ်လေ။ ဒါကြောင့် မြင်ရင် မြင်တယ်လို့ပဲ မှတ်လိုက်ကြပါတော့ဗျာ။

14 comments:
အမြဲမြင်ချင်ပါတယ်။ ဘာဘဲဖြစ်ဖြစ်
စာရေးတာ စကားပြောတာ တာဝန်တစ်ရပ်မှ မဟုတ်တာ၊ ကိုယ့်စိတ်ဆန္ဒနဲ့ပဲ ဆိုင်တယ်လို့ မြင်တယ်၊
ပျော်သလိုနေပါ၊ ကိုယ့်ကိုယ်ကိုပဲ ဦးစားပေးပါ၊ သေမင်းကိုတော့ သွားမရှာပါနဲ့ဦး၊ ချစ်သူလေးကို ဘယ်သူဆေးသောက်ခိုင်းမလဲ? :P
ကျွန်မ ကျောင်းပိတ်လို့ ဘလော့ဂ်တွေပေါ် ပြန်ရောက်တာတာနဲ့ မအားတော့တဲ့သူတွေက တယောက်ပြီးတယောက် ပေါ်လာတာ တွေ့တယ်။
mae ပြောသလိုပါပဲ
တာဝန်မှမဟုတ်တာ .. ဆန္ဒရှိသလိုပေါ့ ..း))
ပျော်ရွှင်ပါစေ ...း)
(ရန်သူစစ်တွေက ပိုချစ်ဖို့ ကောင်းပါတယ်။)
မှန်လိုက်တာ။
သိပ်လဲ မစိမ်းကားပါနဲ့လေ။
ဖတ်မိတဲ့ ဘလော့က ဘယ်လောက်မှ ရှိတာ မဟုတ်ဘူး။ မအားတာတွေ များနေကြတယ်။
တယ်မိုက်တဲ့ စာစီချက်...း).. ပြောချင်တာကို ရောက်အောင်ကို ပြောပြသွားတယ်.. သဘောကျသဗျာ.. ဒါပေမယ့် ဘလော့ခ်မှာတော့ အားရင် ရေးပါ... ကျွန်တော်က အစ်ကို့လင့်ခ်ယူထားတာမကြာသေးဘူး... ဆက်ဖတ်ချင်သေးသည်။း)
ဘယ်လိုဖြစ်တာလဲ...မအားတာတော့..လူတိုင်းပါပဲ..
ဖတ်နေကြစာမျက်နှာတွေ..တခုပြီးတခုလျော့လို့မဖြစ်သေးပါဘူး
ကိုဂျူလိုင်ကလဲ တုံးတိ ကြီးပါလားဗျ ... မကြာခဏ မြင်နေရရင် ကျေနပ်ပါပြီဗျာ ...
မြင်တယ်မှတ်ပါတယ်။ ပဟေလိတွေ များနေလို့ နားမလည်ဘူးဖြစ်နေတယ်။
ဂွတိုက်လှည့်ပါဦး... ဘုကျလှည့်ပါဦးလား.. ကိုဂျူလိုင်ဒွင်းရဲ့... အဲ့..အဲ့....။
သိပ်မရေးဖြစ်တော့ဘူးဆိုရင်..ကျော်ခွလာနေရတဲ့ ကျနော်အဖို့ ဖတ်လို့ ကောင်းတဲ့၊ ဖတ်သင့်ဖတ်ထိုက်တဲ့ ၊ ယူစရာရှိတဲ့ ဘလော့ဂ်တစ်ခု ..ကို လွမ်းရဦးမှာပေါ့။ အမြဲမလာဖြစ်ခဲ့တာတောင် ဖတ်ပြီဟေ့ဆို ထိပ်ဆုံးကနေ ဖတ်ဖြစ်တဲ့ ဘလော့လို့ ရဲရဲကြီးပြောနိုင်ပါတယ်။ ဓာတ်ပုံဆိုဒ်အကြီးစားကို တင်ပြီး ခံစားမှုစာစုတိုလေးတွေနဲ့ ရေးပြတတ်တဲ့ ပို့စ်တွေကိုလည်း ..နောင် ဖတ်ခွင့်နည်းသွားမှာ စိတ်မကောင်းဘူးဗျာ။ ဖြစ်နိုင်ရင်တော့ နှစ်ပတ်တစ်ပို့စ်လောက် ဖြစ်ဖြစ် ရေးဖို့ အားနာနာနဲ့ တိုက်တွန်းပါရစေ အစ်ကိုရေ။
လူကြမ်းကြီးကို ခဏခဏ မြင်ချင်ပါတယ်။
လူကြမ်းကြီးကို ခဏခဏ မြင်ချင်ပါတယ်။
နားလည်ပါတယ် ကိုဂျူလိုင်ရေ။ အစစ အဆင်ပြေပါစေ... ဘလော့အတွက် အချိန်လေးတွေ ထွက်လာပါစေလို့ပဲ ဆုတောင်းပေးပါတယ်။
Post a Comment