.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, March 9, 2010

Is it Escaping?

ပြောင်းလဲခြင်းများဖြင့် ထာဝရတည်မြဲနေသော လူမှုဘဝ လူ့အဖွဲ့အစည်းကြားမှာ အနေကြာလာတာနဲ့အမျှ ကျွန်မရဲ့ခြေလှမ်းတွေက မှန်းဆလို့ မရသေးတဲ့ လမ်းသစ်တွေဆီ ဦးတည်နေချင်စိတ်ကို မနည်းဖိသိပ် ချိုးနှိမ်ရင်း ဘဝအမောတွေကြားမှာ သက်ပြင်းကို အခါခါချနေရပေသည်။

ဒုလ္လဘတစ်ပါးဟု တင်စားရလေသော ရခဲလှသည့် လူ့ဘဝတစ်လျှောက်မှ လူသားတို့၏ အို၊ နာ၊ သေ၊ ဝဋ်ဒုက္ခသည်ကား ဘဝ၏ နောက်ဆုံးကာလများတွင် မည်သူမျှ ရှောင်လွဲ၍ မရလေသော အကြောင်းတရားများ ပင်တည်း။

ထိုရှောင်လွဲ၍ မရလေသော အကြောင်းတရားများနှင့် ရင်ဆိုင်နေကြသော သူတို့အတွက် ၄င်းတို့၏ ဘဝတစ်လျှောက်လုံး ကျင်လည်၊ ရှင်သန်၊ သာယာခဲ့သော မိသားစုပတ်ဝန်ကျင်း အသိုင်းအဝန်းတို့ ပျောက်ကွယ် ပျက်သုဉ်း၍ ပျော်ရွှင်မှုမဲ့ခဲ့လေသော အထီးကျန်ဘဝသို့ ရောက်ကြရလေသောအခါ...

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် (၇)နှစ်တာ ကာလအတွင်း ဆင်းရဲချမ်းသာ လူမျိုးဘာသာ အသက်အရွယ်မရွေး နာရေးကိစ္စများ လိုက်လံသယ်ယူ ပို့ဆောင်ကုသိုလ်ယူခဲ့ကြသော ကျွန်မနှင့်တကွ လုပ်ဖော်ကိုင်ဖက် ပရဟိတ ညီအစ်ကို မောင်နှမများအတွက် လူသားတစ်ယောက်၏ ဘဝနိဂုံး အဆုံးသတ်ချိန်တွင် အကြောင်းတရား အမျိုးမျိုးနှင့် လူ့ဘဝထဲမှ ထွက်ခွာသွားကြသူပေါင်းများစွာကို တွေ့မြင်ခဲ့ကြရသလို၊ ကျန်ရစ်သူတို့၏ ဘဝရှင်သန်မှုများစွာကိုလည်း မျက်မြင် ကြုံတွေ့ခဲ့ရခြင်းမှ တစ်ဖန် ပဟေဠိပေါင်းများစွာနှင့်လည်း ရင်ဆိုင်ခဲ့ရပြန်သေး၏။

မိသားစုပေါင်းများစွာထဲက ထွက်ခွာနေကြသည့် တစ်ယောက်ချင်းသော ဘဝကူးကောင်းသည့် မကောင်းသည့် သူတို့၏ နောက်မှာ.....

"ကျွန်မတို့ ဘယ်သူ့ကို အားကိုးရတော့မှာလဲ..."

"သမီးတို့ကို ပစ်ထားခဲ့ပြီလား အမေရဲ့..."

"ကျုပ်တို့ရဲ့ဒုက္ခတွေကို ဘယ်သူလာကယ်တော့မှာလဲ ကျေးဇူးရှင်ကြီးရဲ့..." စသည့် အသံပေါင်းများစွာက ဘဝကို ဆက်လက်ရုန်းကန် ရင်ဆိုင်နိုင်ရန်ကိုတော့ ဘယ်နည်းနှင့်မဆို အင်အား တစ်စုံတစ်ရာကို ဆုပ်ကိုင်မိဖို့ ကြိုးစားနိုင်ကြဦးမည်ပင်။ တစ်သက်တာ ချစ်မြတ်နိုးစွာ အတူတကွ နေထိုင်လာကြရသော မိသားစု၏ ပျော်ရွှင်မှု၊ သံယောဇဉ်၊ ကျေးဇူးတရားနှင့် ခိုင်မြဲသော မေတ္တာနှောင်ကြိုးကြားမှ ရုန်းထွက်သွားသူအတွက် ယူကြုံးမရသည့် သောက ဗျာပါဒတွေကိုလည်း ကြားရသူတိုင်း စာနာ နားလည်နိုင်ကြပါသည်။

ကျွန်မအတွက် တကယ်တမ်း ရင်ထဲမှာ တမြေ့မြေ့လောင်ကျွမ်းပြီး မေ့ပစ်၍ မရနိုင်သည့် ထွက်ခွာ သွားကြသူတို့နှင့် ကျန်ရစ်ခဲ့ကြသူ အချို့၏ ဘ၀များသည်ကား...

အချိန်ကာလကို အတိအကျ ပြောမပြလိုပေမယ့် မကြာခဏ တွေ့ကြုံရသော အဖြစ်အပျက်များပင် ဖြစ်သည်။

ပထမဦးဆုံး ကျွန်မရင်ထဲကို ဝင်ရောက်ခဲ့ဖူးသည့် သက်ကြီးရွယ်အိုတစ်ဦးကား ....... ရန်ကုန်မြို့ထဲမှ သူကိုယ်တိုင်ပင် အမေ့မေ့ အလျော့လျော့ ဖြစ်နေပြီဖြစ်သော သူပိုင်တိုက်ခန်းတစ်ခန်း၏ အတွင်းမှာဖြစ်သည်။ ၆ ပေ ၉ ပေခန့် နောက်ဘက်ကျကျ မှောင်မိုက်နံစော်နေသော အခန်းကျဉ်းကလေးထဲတွင် သူ့ကို ကျွန်မ မကြာခဏ သွားရောက် တွေ့ဆုံခဲ့ရဖူးခြင်းကြောင့်ဖြစ်သည်။

တင်ပဆုံရိုးကျိုးပြီး အောက်ပိုင်းချိနေသော ထိုအမေအိုသည် မိဘဘိုးဘွား အစဉ်အဆက် ဆွေမရှိမျိုးမရှိ မောင်နှမနှစ်ယောက် ကိုယ်ပိုင်တိုက်ခန်းကလေးဖြင့် အဖော်ရအောင် ဆွေနီးမျိုးစပ်တော်သူ မွေးစားသားက အိမ်ထောင်ကျ၊ ကလေးဘုစုခရုနှင့် အဘိုးကြီး အဘွားကြီး မောင်နှမအတွက် အဖော်မရဘဲ အစ်ကိုကြီး (ရ၈)နှစ်က ညီမ(၇၅)နှစ်အား မုန့်ထွက်ဝယ်ပေးပြီး ပြင်ကျွေးရသည့် အခြေအနေ ရောက်လာသည်။ တစ်နေ့ ထိုအစ်ကိုကြီး ဆုံးသွားသောအခါ ညီမအမယ်အိုအတွက် အခက်တွေ့ရသည်ကား အားကိုးစရာ ကောက်ရိုး တစ်မျှင်ပင် လက်လှမ်း၍ မမီနိုင်လောက်အောင် သောကရောက်ရတော့သည်။

မွေးစားသားအမည်နှင့် လွှဲပေးထားခဲ့သော တိုက်ခန်းကလေး၏ နောက်ဘက်ကျကျ အခန်းကလေးဆီသို့ သီးသန့် လွတ်လွတ်လပ်လပ် နေရအောင်ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ပြောင်းခံလိုက်ရပြီးနောက် နောင်တွင်မူ အဘွားအိုခမျာ လူသူအရိပ်အယောင်ကိုပင် မြင်တွေ့ရခွင့် နည်းပါးသွားရပြန်ပါသည်။

အကွက်အပေါ် နံစော်မာခေါက်နေသော ခန်းဆီးလိုက်ကာ၏ နောက်မှ မှောင်မိုက်မိုက် အခန်းကလေးထဲတွင် ရေမိုးချိုးပေးမည့်သူမရှိ၊ ဆံပင်ဖြီးသင်ပေးမည့်သူမရှိ၊ ထမင်းစားချိန်တွင် ထမင်းနှင့် ဟင်းကို သူ့အတွက် သတ်မှတ်ပေးထားသော ပန်းကန်ထဲတွင် တစ်ခါပြင်စာကလေး ပုံ၍ လိုက်ကာအောက်မှ ထိုးသွင်းပေး လိုက်သည့်အတွက် ထမင်းကလေးတော့ဖြင့် ဟင်းကောင်းကောင်းနှင့် မဟုတ်တောင် ကျွေးဖော်ရ၍ ကျေးဇူးတင်ရပေသေးသည်။ သည်အဘွားအိုနှင့် အသိအကျွမ်း ဖြစ်ခဲ့ဖူးသော စာပေနယ်မှ ကျွန်မ၏ အစ်မကဲ့သို့သော ဆရာမကြီးတစ်ယောက်ကြောင့် ထိုဒုက္ခိတအဘွားအိုနှင့် ကျွန်မ ကာလအတန်ကြာ ဆက်သွယ် ပတ်သက်ခဲ့ရဖူးခြင်း ဖြစ်သည်။

"မမတို့ သွားလာဝင်ထွက်ရင် သူ့အိမ်က မိသားစုက မကြိုက်ချင်ဘူး ညီမရေ၊ သူတို့သိက္ခာ ကျတယ်လို့ ယူဆတယ် ထင်ပါရဲ့၊ အဘွားကြီးခမျာ ကလေးတစ်ယောက်လိုပဲ အပေါ့အလေး စွန့်ချင်ရင်လည်း လက်နှစ်ဖက်ကို အားပြုပြီး ဖင်ဒရွတ်ဆွဲနဲ့ လိုက်ကာကြားက ထွက်ပြီး မနီးမဝေးရှိ အိမ်သာလေးဆီ ရောက်အောင် သွားရတာ။ လမ်းမှာ ထွက်ကျလို့ ပေကျံရင်လည်း ငြိုငြင် ငေါက်ငမ်းခံရသေးတော့ အန္တရာယ်ကို မလွယ်နိုင်မှာ စိုးလို့ သူ့ခမျာ အစားအသောက်တောင် သိပ်မစားရဲရှာပါဘူး။ အဲဒီအဘွားကြီးအတွက် မရှိမဖြစ် အရေးကြီးတာက ဖယောင်းတိုင်နဲ့ မီးခြစ်ပဲ၊ မမက တစ်လတစ်ခါ ဖယောင်းတိုင် အသေးကလေးတွေရယ် မီးခြစ်နဲ့ အဝတ်အစားတစ်စုံ၊ ပြီးတော့ မုန့်ကလေးနည်းနည်း ဒါမှမဟုတ် သူစားချင်တာ စားရအောင် ပိုက်ဆံကို အကြွေကလေးတွေ အမ်းပြီး အဲဒီအိမ်သားတွေ ငြိုငြင်နေတဲ့ကြားပဲ သွားသွားပို့ပေးနေရတယ်။ သူ့အခန်းကလေးထဲမှာက နေ့ညမပြတ် ဖယောင်းတိုင် ထွန်းထားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြွက်တွင်းပေါက်တွေ ပြည့်နှက်ပြီး မြေကြီးတွေ အမှိုက်တွေ ပွစာကြဲနေတဲ့အတွက် အလင်းရောင်ကလေး နည်းနည်းမှ မရှိရင် မြေကြွက်တွေက လူကို လာလာကိုက်နေလို့ပဲ။"

အို... ဖြစ်မှ ဖြစ်ရလေနော်။ ကျွန်မရင်ထဲ ကျင်ခနဲဖြစ်သွားခဲ့သည့် ထိုခံစားချက်က ခုချိန်ထိ မပြေနိုင်သေးပါ။

"ချေးညှော်အထပ်ထပ်နဲ့ ဖြစ်သလိုနေရတဲ့ သူ့အတွက် တစ်လတစ်ကြိမ် ပို့ပေးတဲ့ တစ်ပတ်ရစ် ဝတ်စုံတစ်စုံက တစ်လလုံးအတွက် တစ်ခါသုံးပစ္စည်းပေါ့။ မုန့်ဖိုးပေးရင် အိမ်က ကလေးတွေက မုန့်ဝယ်ပေးတယ်။ ဒါပေမဲ့ မုန့်ဝယ်မယ့် ပိုက်ဆံရော၊ သူတို့ကို မုန့်ဝယ်ခ ပေးရတဲ့ ပိုက်ဆံပါ အတိအကျ ပေးလိုက်မှ၊ နို့မဟုတ်လို့ ပြန်အမ်းရမယ့် ငွေစက္ကူ ပေးလိုက်လို့ကတော့ ဘယ်တော့မှ ပြန်မရဘူးဆိုပဲ။ ကိုယ့်မလဲ ခေါ်ထားစရာ နေရာကမရှိ၊ သူ့နဲ့ အတူနေသူတွေကလည်း လူမှုရေးအသိနဲ့ စေတနာက ခေါင်းပါးတော့ အရင်တုန်းက သူ့ကို မြင်ဖူးသိခဲ့ဖူးတဲ့ လူအချို့ အဲဒီပတ်ဝန်းကျင်မှာ ရှိနေသေးရင်တောင် ဒီတိုက်ခန်းလေးရဲ့ နောက်ဘက် အမှောင်ထဲမှာ ဒုက္ခိတ အမေအိုကြီးတစ်ယောက် ရှိနေတယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ကြတော့ဘူး၊ သူ့ကို မေ့ကုန်ကြရောပေါ့လို့ သတိရတဲ့အခါ ပြောလေ့ရှိတယ်။"

နောက်ဆုံးတော့ ထိုအစ်မပေးသော အလုပ်တာဝန်ကို ကျွန်မ လိုလိုလားလားပင် လွှဲယူလက်ခံလိုက်ပြီး အလိုမကျသော မှုန်ကုပ်ကုပ် မျက်နှာတွေကြားမှာ တစ်လတစ်ကြိမ် မျက်နှာပြောင်တိုက်ကာ ကျွန်မ ထိုအဘွားအိုထံ သွားရပါတော့သည်။

ချေးအထပ်ထပ်နှင့် ဂျပ်ခဲလိန်ကျစ်နေသော ဆံပင်များ၊ နံစော်ပေပွနေသော အဝတ်အစားများနှင့် ပိန်လှီလှီ ချိနဲ့နဲ့ ခန္ဓာကိုယ်ပိုင်ရှင်၏ အရောင်မိန်မွဲနေသော မျက်ဝန်းများကိုတော့ ကျွန်မ ဘယ်အချိန်အခါတွင်မှ မေ့ပျောက်နိုင်လိမ့်မည် မထင်မိပါ။

ကျွန်မနှင့် အခါများစွာ တွေ့ပြီးသော တစ်နေ့တွင် ထိုအဘွားအိုမှာ လူ့လောကကြီးထဲမှ ထွက်ခွာခွင့် ရသွားရှာလေသည်။

ထိုအခါ ကျွန်မသည် သံယောဇဉ် ကြိုးတစ်မျှင်ကြားမှပင် ဝမ်းပမ်းတသာ ရေရွတ်လိုက်မိသည်မှာ...

"ဝဋ်ကျွတ်သွားပြီပေါ့ အဘွားရယ်" ဟုသာ...။


သန်းမြင့်အောင်

~~~
ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အတွက် မေတ္တာဖြင့် ထုတ်ဝေထားတဲ့ တွယ်ရာမဲ့ရှင်သန် ကျန်ရစ်သူများ စာအုပ်လေးမှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ်။

5 comments:

ဖိုးစိန် said...

ဖတ်ရတာ စိတ် မကောင်း..

ဘဝ ဆိုတာ ဒီလိုပဲ

ကံမကောင်းရှာတဲ့ အသက်ကြီးရွယ်အိုတွေရဲ့ ဒုက္ခ...

Rita said...

ခုတလော သိပ်စိတ်ခိုင်တာ မဟုတ်ဘူး။

Nge Naing said...

ဖတ်ရတာ စိတ်မကောင်းလိုက်တာ။ ဒီလို သားသမီးကျောထောက်နောက်ခံ မရှိတဲ့ အဖိုးအဖွါားတွေကို စောင့်ရှောက်တဲ့ ဌာနတခုတော့ မြန်မာပြည်မှာ ရှိသင့်ပါတယ်။

PAUK said...

စိတ်မကောင်းဘူး..
တစ်ချို့ခံစားချက်တွေ..ရင်းနှီးနေသလို..

ဂျူနို said...

ဆောင်းပါး မျှဝေ ပေးတာ ကျေးဇူးပါ ကိုဇူလှိုင်။
တကယ်တော့ သားသမီး ဆွေမျိုးတွေ ရှိလည်း လုပ်ကိုင် ကူညီချင်တဲ့သူရှိလည်း
အဆင်မပြေတာတွေ အများကြီးပါပဲ။

မွေးတာကနေ ကြွင်းထဲ ရောက်တဲ့ထိ ဘယ်ဟာမှ မအေးချမ်း မလွယ်ကူပါဘူး။

သီလရင်ပဲ ၀တ်ချင်တော့တယ်။