ရန်ကုန်မှာ ရှိနေတုန်း မနက်ပိုင်းမှာ မာမား ဈေးဝယ်ထွက်ဖြစ်ရင် ဈေးခြင်းတောင်း ကူဆွဲဖို့ လိုက်ဖြစ်တဲ့ရက်က များပါတယ်။ လမ်းလျှောက်ရင်း စကားလည်း ပြောဖြစ်သလို မိဘကို ကူညီရာလည်း ရောက်တယ်လေ။ ရန်ကုန်မှာ ရှိတဲ့အချိန် ဝတ်လိုက်ရင်လည်း လည်ကတုံးနဲ့ ပုဆိုး၊ ပြီးတော့ ကင်မရာကြီး လွယ်သွားသေးတယ်။ ကိုယ်ကတော့ ဘာရယ်မဟုတ် ဓါတ်ပုံတွေ ဟိုရိုက် ဒီရိုက်ပေါ့။ ဒါပေမယ့် စည်ပင်က ဆင်းလာတယ်များ မှတ်ပြီး ဈေးသည်တွေ အလေးမခိုးရဲရှာဘူး။ ကျွန်တော်တို့သားအမိ ဝယ်တဲ့ဆိုင်တွေမှာဆို တခြားဈေးဝယ်တွေကို အသာဘေးချိတ်၊ ကျွန်တော်တို့ သားအမိကိုပဲ ဦးစားပေး ရောင်းကြရှာတယ်။ အလေး လုံးဝ မခိုးတဲ့အပြင် အပိုထပ်ဆောင်း ထည့်ပေးသေးတယ်။ ချိန်ခွင် လျှာကြီးဆို ဇောက်ထိုးမိုးမျှော်ကို ဖြစ်လို့။
ဈေးဝယ်ထွက်တုန်း သတိထားမိတာက ဈေးဝမှာ အသက်ကြီးကြီး အဖိုးအိုတစ်ယောက် မြေကြီးပေါ်မှာ ထိုင်ပြီး ကြက်ဥခေါင်းမုန့်တွေ ရောင်းနေရှာတာပဲ။ ဒီအသက်အရွယ်နဲ့ဆို ဈေးရောင်းစားဖို့ မကောင်းတာ အမှန်ပါပဲ။ လူက တုန်ချိတုန်ချိ ဖြစ်နေရှာပြီလေ။ တစ်ရက်တော့ အဖိုးအိုဆီမှာ ကြက်ဥခေါင်းမုန့် သွားဝယ်လိုက်ပါတယ်။ တစ်ထုပ်ကို ၃၅၀ ကျပ်တဲ့။ နှစ်ထုပ် ယူမယ်ဆိုပြီး တစ်ထောင်တန် ပေးလိုက်တယ်။ တစ်ထောင်ဖိုး သုံးထုပ် ယူသွားပါ လူလေးရယ်တဲ့။ ရပါတယ် အဖိုး.. ဆိုပြီး နှစ်ထုပ်ပဲ ယူပြီး ငွေ ပြန်မအမ်းခိုင်းတော့ဘူး။ ဒီအတိုင်း ပိုက်ဆံ သွားပေးလိုက်ရင် သူ့ရဲ့မာန်ကို စော်ကားရာ ရောက်မှာလည်း စိုးရသေးတယ်လေ။ အဲဒီတော့ သူ့ရဲ့ သမ္မာအာဇီဝလုပ်ငန်းကို မုန့်ဝယ်တဲ့အနေနဲ့ပဲ အားပေးဖြစ်လိုက်တယ်။ ဘဝဆည်းဆာချိန်ကို လှစေချင်တဲ့ ဆန္ဒလေးနဲ့ပေါ့။
တာမွေ၊ ကျောက်မြောင်းဘက်က သူငယ်ချင်းအိမ်ကိုလည်း သွားလည်ဖြစ်သေးတယ်။ သူတို့ လင်မယားက ပုံနှိပ်လုပ်ငန်း လုပ်နေတာပေါ့။ ယောကျာ်းက ပုံနှိပ်လုပ်ငန်းကို ကျွမ်းကျင်တယ်။ ပြီးတော့ ဂရပ်ဖစ်ဒီဇိုင်းလည်း ဆွဲတယ်။ မိန်းမက စီမံခန့်ခွဲတယ်။ ဝန်ထမ်းက ၅ ယောက်လောက်ပဲ ရှိပါတယ်။ သူတို့ အလုပ်ခန်းလေးကို ရောက်တော့ မြေပဲလှော်ထုပ်တွေ ချကျွေးတယ်။ ဆူးလေနားမှာ မြေပဲတွေ လှော်ရောင်းနေတဲ့ အဖွားကြီးဆီက ဝယ်လာတာတဲ့။ မြေပဲလှော်တစ်ထုပ်ကို ၄၀၀ကျပ် တဲ့။ အဲဒါ အဖွားကြီးကို သနားလို့ဆိုပြီး နှစ်ထောင်ဖိုး ဝယ်လာခဲ့တာ ဆိုတော့ မြေပဲလှော်တွေ အများကြီး ဖြစ်နေတာပေါ့။ ကျွန်တော် ဆယ်တန်းကျောင်းသား ကျူရှင် တက်ကတည်းက ဆူးလေတဝိုက်မှာ ဈေးရောင်းနေတဲ့ အဖွားကြီးများလားပေါ့။ နားနားနေနေ ဘဝမျိုးမှာ ရှိသင့်ပါပြီ အဖွားရယ်။
တိုးတက်လှပါတယ်ဆိုတဲ့ စင်္ကာပူမှာလည်း သက်ကြီးရွယ်အိုတွေ အလုပ် လုပ်နေရတာ တွေ့နေရတာပါပဲ။ စားသောက်ဆိုင်တွေမှာ၊ ကုန်တိုက်တွေမှာ၊ ရုံးတွေမှာ သန့်ရှင်းရေး၊ စားပွဲထိုး၊ လုံခြုံရေး နေရာမျိုးစုံမှာ အလုပ်လုပ်နေတာ တွေ့ရမှာပါ။ လမ်းဘေးမှာ ဘူတာရုံမှာ တစ်ရှူးစက္ကူထုပ်လေးတွေ၊ ရောင်းနေတာကိုလည်း တွေ့နိုင်သေးတယ်။ ကျောထောက်နောက်ခံ အားနည်းမှုပဲလား။ ဆင်းရဲမွဲတေမှုလို့ ခေါင်းစဉ်တပ်ရမလားပဲ။ သေချာတာကတော့ တတိယအရွယ်ရဲ့ ရုန်းမရတဲ့ ဒုက္ခဝေဒနာတွေပေါ့။ ဘဝနေညိုချိန်မှာ ဆည်းဆာအလှကို ခံစားသင့်ပေမယ့် တစ်ဝမ်းတစ်ခါးအတွက် ရုန်းကန်နေရဆဲ။
မြန်မာပြည်က သက်ကြီးရွယ်အိုတွေနဲ့ နှိုင်းယှဉ်ရင် စင်္ကာပူက သက်ကြီးရွယ်အိုတွေရဲ့ ဘဝက အများကြီး သာပါသေးတယ်လေ။ လမ်းဘေး အိပ်ရတာချင်း အတူတူ ဒီမှာက မိုးလုံလေလုံ အိပ်လို့ရတဲ့ နေရာတွေ အများကြီးပါပဲ။ အပေါ့အပါး သွားဖို့ကလည်း နေရာတိုင်းလိုလိုမှာ အများသုံးအိမ်သာတွေ ရှိနေတော့ ခြုံတိုးဖို့ မလိုပဲ အဆင်ပြေပြန်ရော။ အလုပ်အကိုင် အခွင့်အလမ်းလည်း ပိုပြီး များသေးတယ်။ ဟိုဟောက် ဒီဟောက် ကြောက်ရမယ့်သူလည်း သိပ်မရှိဘူး။ ဒါပေမယ့် ဆင်လည်း ဆင့်အထွာ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာ ဒုက္ခတွေတော့ ကိုယ်စီ ရှိကြမှာပါ။
အသက်အရွယ် ကြီးရင့်နေတဲ့ အဖိုး အဖွားတွေ အေးချမ်းတဲ့ ဘဝကိုယ်စီ ဖြစ်သင့်တာကတော့ အမှန်ပဲလေ။ နေဝင်ချိန်တွေ မလှတဲ့အခါ ဘုရားသခင်ကို မတရားဘူးလို့ ကျွန်တော် လက်ညိုးထိုးနေလည်း အလကားပါပဲ။ အစိုးရ မကောင်းတာလို့ ပြောရင် စင်္ကာပူအစိုးရလည်း အသုံးမကျရာ ရောက်မှာပေါ့။ လူတွေ အတ္တကြီးတာပါ ဆိုရင်လည်း ဆိုရှယ်လစ်ခေတ်ကို ပြန်ရောက်ချင်သလိုလို။ ဒီလိုနဲ့ပဲ ဆည်းဆာအချိန်တွေ လှပေစေချင်တဲ့ ဆန္ဒတစ်စုံနဲ့ ဘာတွေများ လုပ်ပေးနိုင်မလဲဆိုတာကို အတွေးများနေတဲ့ ဦးနှောက်ကြားမှာ ကျွန်တော့် ရင်တွေ ကော်ဖီ မသောက်ပဲ တလှပ်လှပ် ခုန်နေတာ ဘယ်သူမှ မသိနိုင်ပါဘူးလေ။

10 comments:
ဘတ်စကားဂိတ်မှာ ရေကိုမောမောနဲ့မော့သောက်နေတဲ့ လူကြီးကြီး ဘတ်စကား နံပါတ်မှတ်တဲ့ သူကိုမြင်တော့စိတ်မကောင်းဘူး။ ဒါပေမဲ့သူကျန်းမာနေသေး တာကိုကြည့်ပြီးဝမ်းသာမိတယ်။ ကိုယ်တွေ အလှည့်ကြရင် အဲသလောက်အသက်ကြီးရင် ကျန်းမာ ပါ့မ လားလဲစဉ်းစားမိတယ်။ အလုပ်လုပ်နိုင်သေးတယ်ဆိုရင်မဆိုးပါဘူး ။ကိုယ်သုံးဘို့ ပိုက်ဆံကိုယ်ရှာနိုင်သေးတာပေါ့။ သူများမျက်နာကြည့်စရာမလိုဘူး. ငယ်စဉ်ကတည်းက သေချာစုဆောင်းရင်းနှီးမြှပ်နံ ခဲ့ရင်ကော ရှေံခရီးဖြောင့်ဖြူိးနိုင်မလား။ ဘိုးဘွားရိပ်သာ လှူရင်ကော..။ ကျောထောက်နောက်ခံဆိုတာ ဘာလဲ .သားသမီးများလဲ မိဘကိုပြန်မကြည့်နိုင်တဲ့သူတွေ တောတော်တွေ့ဘူးတယ်။ ဒီကိစ္စက သိတ်ကျယ်ပြန့်ပါတယ်။
ကြက်ဥခေါက်မုန့် ရောင်းတဲ့ အဖိုးအို..မြင်တယ် ခဏခဏ မြင်ဖူးတယ်။ မြင်တိုင်း ခေါက်မုန့်ရောင်းတဲ့ တစ်ဗုံးလုံး ဝယ်အားပေးလိုက်ချင်တယ်။ ကိုယ်ကလဲ ပြေးပြေးလွှားလွှား.. တခါမှ အဆင်မပြေခဲ့ဘူး။ ဒီလို နေဝင်ချိန်မျိုးမှာ အထောက်အပံ့မဲ့နေရှာတဲ့ သက်ကြီးရွယ်အိုတွေအတွက် ဘိုးဘွားရိပ်သာဆိုတာ ဘယ်လို ခေါင်းစဉ်နဲ့ ဖွင့်ထားတာလဲ။ သိချင်တယ်ဗျာ။
လွန်ခဲ့တဲ့ ၁၄၊ ၅ နှစ်လောက်က ပင်စင်စားအဖိုးကြီးအဖွားကြီးတွေ ဘိုကလေးဈေးနားကလမ်းဘေးမှာ ရှိစုမဲ့စု အိမ်သုံးပစ္စည်းအဟောင်းလေးတွေချရောင်းနေတာတွေ့တော့စိတ်က်ုမကောင်းဘူး၊ အလုပ်လုပ်နေရတဲ့သက်ကြီးရွယ်အိုတွေမြင်ရတိုင်းမိဘခြင်းစာနာမိလို့ အမြဲစိတ်မကောင်းဖြစ်ရတယ်
အလုပ်လုပ်နေရတဲ့သက်ကြီးရွယ်အိုတွေမြင်ရတိုင်းမိဘခြင်းစာနာမိလို့ အမြဲစိတ်မကောင်းဖြစ်ရတယ်..
When I was in MM, we (I and my unty) always buy the oldies who sell anything even though we don't necessary or not.
:((
Try to support ur way. Don't blame and point out.
If u blame, u can see all r blaming and pointing cases.
So,.. don't blame and try to do our best way.
:hee hee.. i am mistake...
:P
we bought vegetables from the oldies seller.
:)
ကိုဂျူလိုင်ကလည်း ဆိုရှယ်လစ်ခေတ်က ဘာဖြစ်နေလို့လဲ။ ကောင်းတောပဲဟာ မြန်မာပြည်မှာ မဆလခေတ်က ကျင့်သုံးခဲ့တာ ဆိုရှယ်လစ်စနစ်မှ မဟုတ်တာ။ ဆိုရှယ်လစ်ကို စနစ်တကျ ကျင့်သုံးနေတဲ့ စကင်ဒီနေဗီးယားနိုင်ငံတွေက ကမ္ဘာမှာ အဖွံ့ဖြိုးဆုံးပဲမဟုတ်လား။
ကိုဇူလှိုင်ရေ စာလည်း ဖတ်သွားတယ် ကော့မန့်တွေလည်း ဖတ်သွားတယ်။
ပေးကမ်းချင်ပေမယ့် ရှိအုန်းမှ
ရှိပေမယ့် ပေးကမ်းချင်အုန်းမှ
ပေးပေမယ့် ရအုန်းမှ
ရပေမယ့်လည်း ရစေချင်သူ ဖြစ်အုန်းမှ..
မအယ်
ဘိုးဘွားရိပ်သာ ဆိုတာ ၀င်ဖို့တောင် ပိုက်ဆံပေးရသေးတယ် တဲ့။ သားသမီး ရှိရင် မ၀င်ရဘူး လို့ သတ်မှတ်ထားသေးတယ်။ သူတို့လက်ခံချင်ရင်လဲ သားသမီး ရှိလဲ လက်ခံတာပါပဲ။ အဓိက အဲဒီမှာ နေဖို့ ငွေပေးရတယ် ... ဒါ ဘာ့ကြောင့်လို့ ထင်လဲ... နိဂုံးချုပ်ပေးရရင်.....(အဆုံးမှာ လက်ညှိုးက အဲဒီတနေရာပဲ ထိုးရဦးမယ်... )
မြန်မာပြည်က ဘိုးဘွားတွေရဲ့ လိုအပ်ချက် အများကြီးပါပဲ။ တောင်းစားနေတဲ့ အဘိုးအဘွားတွေ မြို့လယ်မှာ မြင်နေရတာလည်း စိတ်မချမ်းသာပါဘူး။ ခက်တာက ကိုယ်လည်း ဘာမှမလုပ်ပေးနိုင်။ အဲဒီတော့ မေးခွန်းက ဘယ်သူတွေ ဘယ်လို ဖြည့်ဆည်းပေးကြမလဲ။ ဘယ်လို အဖြေထုတ်ကြမလဲ။ သူများကို လက်ညိုးတွေ ထိုးနေလည်း အရာမထင်ဘူး မဟုတ်လား။ အစိုးရ မကောင်းတာ သိခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူးလေ။
ကိုယ်ဘာလုပ်ပေးနိုင်သလဲ
လုပ်ပေးနိုင်သလောက်လုပ်ပေးလိုက်တာပဲ
ကောင်းပါလိမ့်မယ်ကွယ်...
Post a Comment