.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, March 11, 2010

Sighed sadly

ဒေါ်ကျော့မြိုင်
အသက် (၅၅)နှစ်

အမည်က "ကျော့" ပေမယ့် လူကတော့ဖြင့် ကျော့ကျော့မော့မော့ကလေးထဲက မဟုတ်တာ သေချာပါသည်။ ထိုဈာပန ကိစ္စကို သဂြိုဟ်ပေးရန် သွားရောက် သယ်ဆောင်ရသော ကျွန်မတို့ပင်လျှင် စိတ်မောလူမောနှင့် ဇောချွေး ဖြိုင်ဖြိုင် ကျခဲ့ရသည့်အဖြစ်၊ သူတို့ဆက်သွယ် အကြောင်းကြားထားသော လမ်းညွှန်အတိုင်း မြို့သစ်ကလေးတစ်ခု၏ အစွန်အဖျားသို့ ရောက်သည့်တိုင်အောင် ချိန်းဆိုထားသော နာရေးရှင်နှင့် အတန်ကြာ လွဲချော်နေခဲ့ရာမှ တွေ့ကြပြန်သောအခါတွင်လည်း ထိုနေရာထက်ပိုဝေးပြီး ကားဝင်၍မရသော လမ်းရှည်ရှည် ကျဉ်းကျဉ်းကလေးထဲမှာမို့ ခေါင်းအလွတ်ကို သယ်ကာ ခြေလျင် လျှောက်ခဲ့ရသော ခရီးကလည်း မနီးလှပါ။

နေ့ချင်းသဂြိုဟ်ပေးရန် အကြောင်းကြားထားသော နာရေးအိမ်သို့ ရောက်သောအခါတွင်မူ လူရိပ်လူယောင်က ရှားပါးလှချေသည်။ ကျွန်မနှင့် အတူပါလာသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် မောင်လေးနှစ်ယောက်က ဒေါ်ကျော့မြိုင်၏ ရုပ်ကလာပ်အား ဂရုတစိုက် အောက်ခံကပ်ထဲသို့ ထည့်ပြီး အပေါ်မှ အလူမီနီယံ ခေါင်းဖုံးဖြင့် အုပ်လိုက်ပြီးသောအခါတွင်တော့ ကားဆီရောက်အောင် သယ်ယူဖို့ရန် ကျွန်မ အကူအညီ တောင်းရတော့သည်။

"ယောကျာ်းလေး သုံးလေးယောက်လောက် ကျွန်မတို့ကို ကူညီပါဦး၊ လမ်းထိပ်ရောက်တဲ့အထိ ကျွန်မတို့ချည်း နိုင်လို့ပါ။"

"ယောကျာ်းဆိုလို့ မြင်တဲ့အတိုင်းပဲ ဟိုမှာ ထိုင်နေတဲ့ မျက်မမြင် အဘိုးကြီးတစ်ယောက်ရယ်၊ ဟောဒီ ကလေးနှစ်ယောက်ရယ်၊ ကျွန်တော်ရယ်ပဲ ရှိတာ၊ ဒီအိမ်က သားအဖ နှစ်ယောက်ထဲနေတာ။ သူတို့က အိမ်နီးချင်းတွေ လာဝိုင်းကူပေးနေကြတာ၊ ဟိုမှာ ထိုင်နေတာ အဒေါ်ရဲ့ အဖေပေါ့။"

ဆယ့်ငါးနှစ်သာသာ ကလေးနှစ်ယောက်ကို ညွှန်ပြရင်း ပြောလိုက်သည့် စောစောက ကျွန်မတို့ကို လာကြိုသည့် လူရွယ်၏ စကားကြောင့်...

"ဒါဆို နာရေးရှင်က ဘယ်သူလဲ၊ ရှင်မဟုတ်ဘူးလား။ ကျွန်မတို့အသင်းကို စာရင်းပေးထားတဲ့ မိသားစုဝင် နာမည်က ရှင့်နာမည်ဆို"

"ဟုတ်ပါတယ်၊ ကျွန်တော်က ခုဆုံးသွားတဲ့ အဒေါ်ရဲ့ ယောကျာ်းဘက်က တော်တဲ့ တူပါ။ ကျွန်တော့်ဦးလေးက ပြီးခဲ့တဲ့ ခြောက်နှစ်လောက် ကတည်းက ဆုံးသွားတာမို့ အဒေါ်နဲ့ မျက်စိမမြင်တဲ့ အဘိုးအိုဆီကို တစ်ခါတစ်ခါ လာကြည့်ရင်း အဒေါ်ဆုံးတာနဲ့ ကြုံလို့ပါ။ ကျွန်တော်က စက်မှုဇုန်က တွင်ခုံမှာ အလုပ်လုပ်ပြီး အလုပ်ရှင်နဲ့ နေရတာပါ"

သူ့စကားကြောင့် ကျွန်မ စိတ်မကောင်းဖြစ်သွားသည်။

"သြော် ဟုတ်လား... တော်သေးတာပေါ့ကွာ၊ မင်းရောက်လာလို့၊ ကဲ ကဲ... သယ်ကြရအောင်။ ရှိတဲ့လူနဲ့ပဲ ဖြစ်အောင် သယ်ကြတာပေါ့။ ဒီလမ်းထဲကို ကားမှ ဝင်လို့ မရဘဲ။ သားလေးတို့လည်း ဝိုင်းကူပေးနော်"

ပြောပြောဆိုဆိုနှင့် ကျွန်မတို့ လှုပ်ရှား စ ပြုချိန်တွင် အနားမှ အသက်ငါးဆယ်ကျော် အမျိုးသမီးကြီး တစ်ယောက်က...

"ခဏ... ခဏလေးပါ ဆရာမရယ်။ တစ်ခုလောက် ပြောပါရစေ"

"ဟုတ်ကဲ့ ပြောပါ"

သူက တစ်ခုခုကို ချိန်ဆနေသလို အနည်းငယ် တုံ့ဆိုင်းနေပြီးမှ... "ဒီ ဒီအဘကိုပါ ခေါ်သွားလို့ မရဘူးလား ဟင်" တဲ့။

"ရပါတယ်၊ အဘက သူ့သမီး အသုဘကို လိုက်ပို့ချင်မှာပေါ့။ ကျွန်မတို့ကားက နောက်ခန်းမှာ မိသားစုနှစ်ဦး လိုက်ခွင့်ရှိပါတယ်" ဟု ကျွန်မဆိုတော့...

"အသုဘ ပို့ဖို့ မဟုတ်ပါဘူး၊ သူ့သမီး မရှိရင် အဘကို ဘယ်သူမှ ရှာဖွေ ကျွေးမွေး ပြုစုမယ့်လူ မရှိပါဘူး၊ ဒီကောင်လေးကလည်း သူ့ဟာသူတောင်မှ အနိုင်နိုင်ရယ်၊ ကျွန်မတို့မှာလည်း ကိုယ့်မိသားစုနဲ့ ကိုယ်မို့ လာလည်း ကြည့်မပေးနိုင်၊ ကျွေးဖို့လည်း မတတ်နိုင်လို့ တစ်ခါတည်းသာ ခေါ်သွားပေးပါလား ဆရာမရယ်"

"ရှင် ကျွန်မက ဘယ်ကို ခေါ်သွားပေးရမှာလဲ"

"တစ်နေရာရာကိုပေါ့၊ ဘယ်နေရာပဲ ဖြစ်ဖြစ်ပါ။ သူ့ကို ကြည့်မယ်လူ မရှိလို့ ကူညီပါနော်"

"ဟုတ်ပါတယ် ဆရာမရယ်၊ ကျွန်တော်လည်း တောင်းပန်ပါတယ်၊ အဒေါ်ရှိတုန်းကဆို အဘကို ထမင်းက အစ ခွံ့ကျွေးရတာပါ၊ အခု အဒေါ်က ချက်ချင်းကြီး ကောက်ခါငင်ခါ ဆုံးသွားတော့ အဘအတွက် ကျွန်တော်တို့ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ မျက်စိမမြင်တဲ့အပြင် နားကပါ မကြားတော့ သနားစရာပါ"

ဘုရားရေ..... ဒုက္ခပါပဲ။

ကျွန်မတို့ ပြောနေကြတာတွေကို ဘာမှ မမြင်ရ မကြားရဘဲ မျက်နှာငယ်လေးဖြင့် ထိုင်နေသော အဘိုးအိုကို တစ်လှည့်၊ သနားကြင်နာခြင်းမှ လွဲ၍ ဘာမှ မပေးနိုင်သော ပုဂ္ဂိုလ်များကို တစ်လှည့်ကြည့်ကာ သက်ပြင်းကိုသာ အခါခါ ချနေရုံမှတစ်ပါး၊ ကျွန်မကရော ဘာများ တတ်နိုင်ပါလိမ့်ဦးမည်နည်း။


သန်းမြင့်အောင်

~~~
ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အတွက် မေတ္တာဖြင့် ထုတ်ဝေထားတဲ့ တွယ်ရာမဲ့ရှင်သန် ကျန်ရစ်သူများ စာအုပ်လေးမှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ်။

13 comments:

သက်ဝေ said...

ဘုရားရေ...
ဆိုးလိုက်တာနော်...
ဘာဆက်လုပ်ကြလဲ သိချင်လိုက်တာ....
မျှဝေဖေါ်ပြပေးတာ ကျေးဇူးပါ...

TKLinn said...

အင်း......
ဘာပြောရမယ်တောင်မသိဘူး။း(

ဂျူနို said...

ဘိုးဘွားရိပ်သာ ပို့လိုက်လေ။ ဆွေမျိုး မရှိတော့ဘူးဆို စောင့်ရှောက်ပါတယ်။

khin oo may said...

တစ်ကယ့်အဖြစ်တွေက ဇတ်သိတ်နာတယ်။

ဆောင်း said...

ကန်တော်ကလေး ဘိုးဘွားရိပ်သာ ရှိသေးလားဟင်
အဲဒီမှာ ကျမတို့ သွားသွားလျူဖူးတယ်။

Younggun said...

လူမဆန်အောင် လျှံနေတဲ့ကောင်တွေ ဒါမျိုးတွေ.. မသိကြတာလား၊ မမြင်ချင်ယောင်ဆောင်နေကြသလားပဲ..။

Taungoo said...

အမဂျူနိုရေ
ကျွန်တော် သိသလောက် ပြောပါရစေဗျာ။

အဓိက ပြောချင်တဲ့ အကြောင်းက ဘိုးဘွားရိပ်သာတစ်ခုကို ဘဝဆည်းဆာချိန်မှာ အေးချမ်းစွာ နားခိုခွင့်ရဖို့အတွက် မည်သည့်အဘိုးအဘွားမဆို လွယ်လွယ်ကူကူ ဝင်ရောက်ဖို့ မဖြစ်နိုင်တဲ့ အချက်ပါပဲ။ ဆရာမ သန်းမြင့်အောင် သက်ပြင်းချရတယ် ဆိုတာကလည်း အဲဒီအကြောင်းတွေ သိနေလို့လဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဆက်လက်ရေးသားထားတဲ့ အချက်တွေဟာ ရိပ်သာတိုင်းလို့ မဆိုနိုင်ပေမဲ့ အချို့ရိပ်သာတွေရဲ့ သတ်မှတ်ချက်တချို့ပါ။ (လွဲကောင်း လွဲနေနိုင်ပါတယ်)။

* ဆွေမျိုးမရှိဘူးဆိုတဲ့ အချက် တစ်ခုတည်းနဲ့ ဘိုးဘွားရိပ်သာတွေက အလွယ်တကူ လက်မခံသေးပါဘူး။ ရိပ်သာအလိုက် သူ့သတ်မှတ်ချက် စည်းကမ်းတွေနဲ့ အကျုံးဝင်မှ ကိုက်ညီမှသာ လက်ခံနိုင်တာပါ။ ဒါတောင် လက်ခံဖို့ နေရာမလုံလောက် ဖြစ်နေရင် မလွယ်လောက်သေးဘူး ထင်ပါတယ်။


* ရိပ်သာမှာ နားခိုဖို့ စတင်ရောက်လာချိန်မှာ ဂီလာနပုဂ္ဂိုလ် မဖြစ်ရဘူးလို့ သိထားပါတယ်။ ရိပ်သာမှာ နားခိုနေစဉ်အတွင်းမှာ နာမကျန်းဖြစ်ရင်တော့ ဆေးဝါးကုသပေးပါတယ်။

* ရိပ်သာမှာ နားခိုမဲ့ အဘိုးအဘွားဟာ စတင်ရောက်လာချိန်မှာ မိမိတစ်ကိုယ်ရေ တစ်ကာယ ကျန်းမာသန့်ရှင်းရေးကို ကိုယ်တိုင် လုပ်ကိုင်နိုင်ရပါမယ်။

* ရိပ်သာအနေနဲ့ အသိမှတ်ပြုနိုင်လောက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဦးရဲ့ ထောက်ခံချက် ပြနိုင်ရမယ်ဆိုတာမျိုးလည်း ကြားဖူးပါသေးတယ်။ ထင်သလောက် မလွယ်ကူပါ။

* မြန်မာတစ်ပြည်လုံးက ရှိသမျှ ဘိုးဘွားရိပ်သာတွေ လက်ခံစောင့်ရှောက်ပေးနိုင်တဲ့ အဘိုးအဘွား အရေအတွက်က ပြင်ပမှာ တကယ် ခိုကိုးရာမဲ့နေတဲ့ အဘိုးအဘွားတွေရဲ့ အရေအတွက်ထက် အဆမတန်ကို နည်းပါးနေပါသေးတယ်။

အဲဒီ ခံနိုင်ရည်နဲ့ ဝန်အား မမျှသေးတာကြောင့် လမ်းတွေပေါ်မှာ သက်ကြီးဈေးသည်တွေ၊ ဘုရားတန်ဆောင်းတွေမှာ အရွယ်လွန်အလှူခံပုဂ္ဂိုလ်တွေ စိတ်မကောင်းဖွယ်ရာ မြင်တွေ့နေရတာပဲ ဖြစ်ပါတယ်။

"ရေကြည်တစ်ပေါက် ဝေမျှသောက် စောင့်ရှောက်လန်းရွှင် ကုသိုလ်စင်"

(ကွဲလွဲချက်များ ရှိနိုင်ပါသည်။ ဝင်ရောက်ထောက်ပြ ဆွေးနွေးနိုင်ပါသည်။)

Taungoo said...

ဘိုးဘွားရိပ်သာတွေ အားလုံးနီးပါးဟာ စေတနာရှင် ကုသိုလ်ရှင်တွေရဲ့ တစ်ဦးတစ်ယောက်တည်း စတင်မတည်ခြင်းဖြစ်စေ၊ စုပေါင်းခြင်းဖြင့်ဖြစ်စေ တည်ထောင်ဖွဲ့စည်းထားကြတာပါ။

ရိပ်သာတစ်ခု ထူထောင်ဖို့ဆိုတာ မလွယ်ကူသလို အခက်အခဲ အတားအဆီးတွေ အများကြီး ရင်ဆိုင်ကျော်လွှားပြီးမှ အဘိုးအဘွားတို့အတွက် နားခိုရာလေး ဖြစ်လာရတာပါ။

တစ်ရက်တစ်မနက်အတွက် မဟုတ်ဘဲ အစဉ်ထာဝရ တည်မြဲ ရှင်သန်ဖို့အတွက် ရိပ်သာအလိုက် စည်းကမ်းတွေ သတ်မှတ်ချက်တွေ ထားကြရပါတယ်။

စိတ်ဓါတ်ဘယ်လောက်ပဲ ပြင်းပြင်း သက်ရောက်မှုမပါရင် ဘာအလုပ်မှ အကောင်အထည်ပေါ်မှာ မဟုတ်ပါဘူး။

နိုင်သလောက်ဝန်ကို ရှိသလောက်အစွမ်းနဲ့
အတတ်နိုင်ဆုံး ကိုယ့်တာဝန် ကိုယ်ယူကြတာဟာ လက်ရှိပစ္စုပ္ပန်အတွက် အကောင်းဆုံးဖြစ်သလို အနာဂါတ်အတွက်လည်း လမ်းပြရာ ရောက်ပါတယ်။

ShwunMi- said...
This comment has been removed by the author.
ShwunMi- said...

heart pain

Shinlay said...

မျှဝေပေးတာကျေးဇူးပါ။
ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ လိပ်စာသိနိုင်ပါမလားရှင်။

Anonymous said...

စာဖတ်ပြီး စိတ်ထဲမကောင်းလိုက်တာဗျာ...
ဘ၀တွေများ ဆိုးချက်ကနာတယ်...
အရင်ကလည်းဒီဆောင်းပါးလေးဖတ်ဖူးပါတယ်...
ဖတ်မိတိုင်းလည်းစိတ်မကောင်းဖြစ်ရတယ်...
သက်ကြီးရွယ်အိုများအတွက်အတတ်နိုင်ဆုံးကူညီကြပါစီု့ ..

nyimuyar said...

information of donation details at
http://nyimuyar.blogspot.com/2010/03/seesaryeik-home-for-aging-people.html