အရင်တုန်းက အိမ်ပတ်ဝန်းကျင်မှာ ညောင်ပင်ကြီးရယ် ဗာဒံပင် ၃ ပင်ရယ် သရက်ပင်ရယ် ရှိခဲ့တယ်။ ဗာဒံပင် ၂ ပင်က အိမ်ရှေ့တည့်တည့်မှာ ရှိတယ်။ ညောင်ပင်က အိမ်ရှေ့ထောင့်မှာ ရှိတယ်။ အိမ်နောက်ဘက်မှာက သရက်ပင်ရယ် ဗာဒံပင်ရယ် ရှိတယ်။ ဝါးလုံးတွေ ဝါးခြမ်းပြားတွေနဲ့ ပေါင်းမိုးလေးတွေ လုပ်ပြီး အဲဒီအပေါ်မှာ ဆောင်တော်ကူးပန်းတွေလည်း စိုက်ထားသေးတယ်။ စံပါယ်ခြုံကလည်း အကြီးကြီးပဲ။
မနက်ဘက် နေထိုးရင် အိမ်ရှေ့က ဗာဒံပင်တွေက အရိပ် အပြည့်ပေးထားတယ်။ ညနေခင်း ကျနေထိုးရင် အိမ်နောက်ဘက်က သရက်ပင်နဲ့ ဗာဒံပင်က ကာပေးထားတယ်။ အိမ်ထောင့်က ညောင်ပင်ကြီးကလည်း အရိပ်ရတယ်။ နေခင်းပိုင်းဆို ဆောင်တော်ကူးပန်းခြုံထဲမှာ ဝင်ဆော့လို့တောင် ရသေးတယ်။ ညနေဘက်ဆို လူကြီးတွေ အိမ်ဘေးမှာ ခွေးခြေပုလေးတွေနဲ့ ထိုင်ပြီး စကားပြောကြတယ်။ ကလေးတွေ ဆော့နေတာကို ကြည့်ရင်း ထိန်းရင်းပေါ့။
လမ်းဟိုဘက်ခြမ်းမှာလည်း ကုက္ကိုလ်ပင်ကြီးတွေ အစီစီ အရီရီ။ ပိတောက်ပင်တွေလည်း ရှိတယ်။ ဗာဒံပင်လည်း လက်ညိုးထိုး မလွဲဘူး။ မလေးရှားပိတောက်လို့ ခေါ်တဲ့ အပင်တွေလည်း ရှိတယ်။ အပင်တွေက တစ်ပင်နဲ့ တစ်ပင် ၁၀ ပေတောင် မကွာတော့ အကိုင်းအခက်တွေ ထိမတတ်ပဲ။ အဲဒီတော့ မနက်ဘက် ကျောင်းသွားရင် အရိပ်ထဲက အေးအေးလူလူ သွားရုံပဲ။ ညနေ ကျောင်းပြန်ရင်လည်း အရိပ်ထဲကပဲ ဖြတ်လျှောက်ရုံပဲ။
မနက်ဘက် နေထိုးရင် အိမ်ရှေ့က ဗာဒံပင်တွေက အရိပ် အပြည့်ပေးထားတယ်။ ညနေခင်း ကျနေထိုးရင် အိမ်နောက်ဘက်က သရက်ပင်နဲ့ ဗာဒံပင်က ကာပေးထားတယ်။ အိမ်ထောင့်က ညောင်ပင်ကြီးကလည်း အရိပ်ရတယ်။ နေခင်းပိုင်းဆို ဆောင်တော်ကူးပန်းခြုံထဲမှာ ဝင်ဆော့လို့တောင် ရသေးတယ်။ ညနေဘက်ဆို လူကြီးတွေ အိမ်ဘေးမှာ ခွေးခြေပုလေးတွေနဲ့ ထိုင်ပြီး စကားပြောကြတယ်။ ကလေးတွေ ဆော့နေတာကို ကြည့်ရင်း ထိန်းရင်းပေါ့။
လမ်းဟိုဘက်ခြမ်းမှာလည်း ကုက္ကိုလ်ပင်ကြီးတွေ အစီစီ အရီရီ။ ပိတောက်ပင်တွေလည်း ရှိတယ်။ ဗာဒံပင်လည်း လက်ညိုးထိုး မလွဲဘူး။ မလေးရှားပိတောက်လို့ ခေါ်တဲ့ အပင်တွေလည်း ရှိတယ်။ အပင်တွေက တစ်ပင်နဲ့ တစ်ပင် ၁၀ ပေတောင် မကွာတော့ အကိုင်းအခက်တွေ ထိမတတ်ပဲ။ အဲဒီတော့ မနက်ဘက် ကျောင်းသွားရင် အရိပ်ထဲက အေးအေးလူလူ သွားရုံပဲ။ ညနေ ကျောင်းပြန်ရင်လည်း အရိပ်ထဲကပဲ ဖြတ်လျှောက်ရုံပဲ။
တစ်နေ့မှာတော့ အိမ်ရှေ့က လမ်းမကြီးတွေ ချဲ့ကြပါတယ်။ လူသွားဖို့ ပလက်ဖောင်းတွေ ရှိလာတယ်။ ကွန်ကရစ်အထူကြီးတွေ ခင်းလို့ လမ်းကြီးတွေက ဖြောင့်ဖြူးခိုင်ခံ့သွားတယ်။ ၄ လမ်းသွား လမ်းမကြီးတွေ ဖြစ်ကုန်တယ်။ ညအခါ လသာသာမှာ ဆော့ကစားဖို့ လမ်းကျယ်ကျယ် ရလိုက်တော့ ကလေးသဘာဝ ပျော်တာပေါ့။ သတိ မထားမိတာက လမ်းဘေးက ကုက္ကိုလ်ပင်ကြီးတွေနဲ့ ပိတောက်ပင်တွေ မရှိတော့ဘူး ဆိုတာပဲ။
တစ်ရက်မှာလည်း စည်ပင်သာယာဝန်ထမ်းက လာပြောပါတယ်။ အိမ်ရှေ့က စည်ပင်ပိုင်မြေမှာ အပင်စိုက်ခွင့် မရှိဘူးတဲ့။ အခုရှိနေတဲ့ အပင်တွေအတွက် ကျူးကျော်ခ အခွန်ဆောင်ရမယ်တဲ့။ ဓါတ်ကြိုးနဲ့ မလွတ်တဲ့ အကိုင်းတွေကို ပုံမှန် ခုတ်ပေးရမယ်လို့လည်း ပြောလာတယ်။ အေးဆေးနေချင်တဲ့ လူကြီးတွေက သူတို့နဲ့ စကားမပြောချင်ဘူး။ မပတ်သက်ချင်ဘူး။ အဲဒီရလဒ်ကတော့ အိမ်ရှေ့က ဗာဒံပင်နှစ်ပင် ပျောက်သွားတယ်။ လမ်းတလျှောက်မှာလည်း အပင်တွေ တဖြည်းဖြည်း ပျောက်ကုန်တယ်။ ကလေးဘဝထဲကိုလည်း တီဗွီတွေ ဂိမ်းတွေ ဗီဒီယိုတွေ ဝင်လာတော့ အရင်ကလို လမ်းပေါ်မှာ မဆော့ဖြစ်တော့ဘူး။ အဲဒီတော့ အပင်တွေ ပျောက်ကုန်တာလည်း အေးဆေးပါပဲ။
ဒီလိုနဲ့ နာဂစ် ဝင်လာခဲ့ပါတယ်။ နာဂစ်မွေလို့ ရန်ကုန်မြို့တခွင်က အပင်အကြီးကြီးတွေ အလဲလဲ အပြိုပြိုနဲ့ ဘဝနိဂုံးချုပ်ခဲ့ရတယ်။ စုံတွဲတွေရဲ့ အထင်ကရ ခရေပင်လမ်းလည်း ပြုတ်ပြုတ်ပြုန်းပြီး ကုန်သလောက်နီးပါးပဲ။ ကန်တော်ကြီးထဲက အပင်ကြီးတွေလည်း ပြိုလဲကုန်တယ်။ မြကျွန်းညိုညို ကွန်းခိုရာ တက္ကသိုလ်မှာလည်း သစ်ပုတ်ပင်ကြီးတောင် ကံကောင်းလို့ ကျန်ခဲ့တာ။ ရပ်ကွက်ထဲက လမ်းတွေ လမ်းတွေ ဟာလာဟင်းလင်းပဲ။ အရင်က လမ်းဘေးဝဲယာမှာ အပင်တွေရှားတယ် ဆိုပေမယ့် နာဂစ်ဝင်ပြီးတဲ့နောက်ပိုင်း အပင်တွေ လုံးဝကို မရှိတော့တာပါ။ ရပ်ကွက်ထဲမှာတောင် အပင်ရှားတယ် ဆိုရင် လမ်းမကြီးတွေမှာ အပင်တွေ မြင်ရဖို့ သိပ်ကို ခက်သွားပါပြီ။
မရှိတော့တဲ့ အပင်တွေကို ပြန်စိုက်ပျိုးဖို့ အကြံပေးခဲ့ဖူးတဲ့သူတွေ ရှိပါတယ်။ အပင်တွေ ရှိမှ ရာသီဥတု ကောင်းမယ် အပူဒဏ် သက်သာမယ်ဆိုတာ ထောက်ပြခဲ့ကြတယ်။ ဒါပေမယ့် ဒီဘက်နားက ဝင် ဟိုဘက်နားက ထွက် ဆိုသလိုမျိုးပါပဲ။ နောင်ခါလာ နောင်ခါဈေးဆိုပြီး နေနေကြတဲ့ ဘဝပုံစံဟာ အကျင့်တစ်ခုလို စွဲကပ်နေပြီ။ ဒါဟာ အဆန်းတော့ မဟုတ်ပါဘူး။ နာဂစ်မှာ ပြိုလဲခဲ့တဲ့ အပင်ကြီးတွေကနေ ထုလုပ်ထားတဲ့ ပန်းပုရုပ်တွေကို စိတ်ဝင်စားကြတာတော့ ဆန်းလှပါတယ်။
ဒီလိုနဲ့ပဲ ရေလိုက်ငါးလိုက် နေလာခဲ့လိုက်တာ အခုနှစ် ၂၀၁၀မှာ အပင်တွေရဲ့ တန်ဖိုးကို နားလည်လာကြမယ် ထင်ပါတယ်။ ရာသီဥတုတွေ ဖောက်ပြန်တယ်။ မိုးရွာသင့်ပေမယ့် မရွာဘူး။ အပူချိန် အလွန်မြင့်တယ်။ ရေတွင်း ရေကန်တွေ ခမ်းခြောက်ကုန်တယ်။ ဒါတွေဟာ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်ဆိုးတွေတော့ မဟုတ်လောက်ပါဘူး။ မင်းကျင့်တရားနဲ့ သက်ဆိုင်တယ် ဆိုရင်လည်း လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက ဒါမျိုးတွေ ဖြစ်ရမှာပါ။ ပြောမယ့်သာ ပြောတာ ရှေးအရင်ကလည်း အပင်တွေ အတော်နည်းနေပါပြီ။
အနာသိရင် ဆေးရှိပြီပေါ့။ အပင်တွေ မရှိလို့ အခုလို ဖြစ်ခဲ့ရတာကို သိရှိနားလည်ပြီဆိုရင် အပင်တွေ ရှိဖို့ ကြိုးစားသင့်တယ်။ အဖြေက တကယ်ကို ရိုးရှင်းပါတယ်။ လုပ်ဖို့လည်း လွယ်ပါတယ်။ အပင်ရှိဖို့ ဘာတွေ လုပ်ရမလဲဆိုရင် အပင်ရှိဖို့ အပင်စိုက်ကြတာပေါ့။ စိုက်တာ တစ်ဖွဲ့ ခုတ်တာ တစ်ဖွဲ့ကို တွေးမိပြီး အဝေးကြီးကို စိတ်မပူနေပါနဲ့။ စိုက်ဖို့လိုတဲ့အချိန် စိုက်လိုက်ကြရအောင်။ ခုတ်တဲ့အဖွဲ့တွေလည်း နားလည်သင့်ပါပြီ။ ခုတ်သင့်သလောက် ခုတ်ပါ။ ဒါပေမယ့် များများချန်ထားပါ။ ရေရှည်အတွက် ကြည့်ပေးပါ။ နောက်မျိုးဆက် သားစဉ်မြေးဆက်ကို ကြည့်ကြပါ။
အခု မိုးဝင်လာပါပြီ။ မြို့ကတုံးကို သျှောင်ထုံးကြဖို့ ရပ်ကွက်အလိုက် လမ်းဘေးဝဲယာမှာ အရိပ်ရ အပင်ကြီးတွေ စနစ်တကျ စိုက်စေချင်ပါတယ်။ လမ်းမပေါ်တော့ တက်မစိုက်နဲ့ပေါ့။ ဘယ်အဖွဲ့အစည်းက ဘယ်အပင်စိုက်စိုက် စည်းဘောင်ထဲက ခွင့်ပြုသင့်တယ်လို့ ရိုးရှင်းစွာ မြင်မိပါတယ်။ အပင်စိုက်တာဟာ နိုင်ငံရေး လုပ်တာလည်း မဟုတ်ပါဘူး။ နိုင်ငံရေး အမြတ်ထုတ် နိုင်စရာအကွက်လည်း မမြင်မိပါဘူး။ ဒါကြောင့် မြန်မာပြည်သားတွေ ကုက္ကိုလ်၊ ပိတောက်၊ မန်ကျည်း၊ ကံကော်၊ ခရေပင်တွေ နိုင်သလောက် စိုက်စေချင်ပါတယ်။
ကဲ... အစိမ်းရောင်ခြယ်ဖို့ အပင်စိုက်ကြရအောင်...