.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, January 27, 2011

Cartoons reflect the time




အီးမေးလ်ထဲ ရောက်လာတဲ့ နိုင်ငံကျော် ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ ကာတွန်းလက်ရာမွန်လေးတွေပါ။ တကူးတက Scan ဖတ်ပြီး မှတ်တမ်းယူထားတဲ့ သူက ဘယ်သူလဲဆိုတာတော့ ကျွန်တော် မသိပါ။ ဒါကြောင့် သူရဲ့ အားထုတ်မှုကို ကျေးဇူးတင်မိလို့ တလေးတစား မှတ်တမ်းတင် ဂုဏ်ပြုမိပါတယ်။ မူရင်း ရေးဆွဲသူဖြစ်တဲ့ ဆရာကြီး ဦးဘဂျမ်းကိုလည်း လေးစားမိပါတယ်။

ခေတ်တခေတ်ရဲ့ အခြေအနေကို ဖော်ပြနိုင်တဲ့ ဦးဘဂျမ်းရဲ့ ကာတွန်းလေးတွေက အခုခေတ်အတွက်လည်း အဆင်ပြေနေပြန်တာကို တွေးမိပြုံးမိလို့ ကျွန်တော့်ဘလော့မှာ အမှတ်တရ သိမ်းထားလိုက်ပါရစေ...

Saturday, January 22, 2011

Thet Khaing by Min Din



"မင်းဒင်ရဲ့ သက်ခိုင် စာအုပ် ရှိပါသလား ခင်ဗျာ..."

"ကုန်သွားပြီ မောင်လေးရေ... အောက်ထပ်က Bata ဖိနပ်ဆိုင်နားက ရွှေပြည်စိုးမှာ သွားမေးကြည့်ပါလား... အဲဒီမှာ ရှိနိုင်သေးတယ်..."

Penisula က မော်လမြိုင် ဆိုတဲ့ ဆိုင်မှာ စာအုပ်ဝယ်ဖို့ မေးတုန်းက ရလိုက်တဲ့ အဖြေပါ။

"Penisulaမှ ရွှေပြည်စိုး၊ ရွှေအိုး၊ လဝန်းသစ်၊ မြသရဖူ၊ ပြုံးတရာဆင့်နှင့် မော်လမြိုင် တို့တွင်လည်း ဝယ်ယူအားပေး ဖတ်ရှုနိုင်ပါကြောင်း သတင်းစကားပါးအပ်ပါသည်..." လို့ ကိုမင်းဒင်ရဲ့ စီပုံးမှာ တွေ့လိုက်တဲ့ မတ်ဆေ့ခ်ျအတိုင်း စာအုပ်ရှာပုံတော် ခရီးဖွင့်လိုက်တာပေါ့။ ကျန်တဲ့ဆိုင် အမည်တွေထက် မော်လမြိုင်ဆိုတဲ့ ဆိုင်အမည်က မှတ်ရလွယ်လို့ မော်လမြိုင်ဆိုတဲ့ ဆိုင်ကို အရင်ဝင်မေးလိုက်တယ်။

စကာင်္ပူမှာ နေတာ ၄ နှစ် နီးပါး ရှိတော့ပေမယ့် ပင်နီစူလားမှာ ဘယ်ဆိုင်တွေ ဘယ်နားမှာ ရှိမှန်း အလွတ် မရပါဘူး။ အဲဒီဘက်ကို အသွားအလာ ရှိပေမယ့် အတော်လေးကို အခေါက်ရေ နည်းလှပါတယ်။ သွားရင်လည်း ကိုယ့်ကိစ္စအတွက် လိုအပ်တဲ့ ဆိုင်လောက်ပဲ သွားလေ့ရှိခဲ့တော့ တခြားဆိုင်တွေ ဘယ်အထပ်မှာ ဘယ်နားမှာ မရှိမှန်း မသိတာ မဆန်းလှပါဘူးလေ။

မော်လမြိုင်ဆိုင်က အတိအကျ နေရာညွှန်းတာနဲ့ ရွှေပြည်စိုး ဆိုတဲ့ ဆိုင်ကို ရောက်ခဲ့လိုက်တယ်။ ဖိနပ်ဆိုင်ကို ရောက်ဖူးပေမယ့် အဲဒီလို ထောင့်ကျကျနေရာမျိုးမှာ ရွှေပြည်စိုးဆိုင်က ရှိနေမှန်း တခါမှကို သတိမထားမိခဲ့ဘူး။ ရွှေပြည်စိုးဆိုင် ဆိုပေမယ့် မြန်မာပြည်ထွက်ကုန်တွေ ရောင်းတဲ့ဆိုင်မျိုး မဟုတ်ပါဘူး။ ဆယ်ပေလောက် ရှိတဲ့ အခန်းကျဉ်းကျဉ်းလေးထဲမှာ စားပွဲကြီးတစ်လုံးနဲ့ ထိုင်ခုံတွေပဲ တွေ့ရတော့ အထွေထွေဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းမျိုးပဲဖြစ်မယ်။ မှန်ဗီရိုတစ်လုံးကို အခန်းထောင့်မှာ ကပ်ထောင့်ထားတယ်။ အသေအချာ ညွှန်းတဲ့သူသာ မရှိရင် အဲဒီလိုဆိုင်မှာ မင်းဒင်ရဲ့သက်ခိုင် စာအုပ်ကို ရောင်းမယ်လို့တောင် ထင်မိမှာ မဟုတ်ဘူး။

အဲဒီဆိုင်မှာ စာအုပ်ကို ဒေါ်လာ ၃၀ ပေးပြီး ဝယ်လိုက်တယ်။ အပြင်မှာ မိုးတွေရွာလို့ စာအုပ်ထည့်ဖို့ ကျွတ်ကျွတ်အိတ် တောင်းတော့ ပေးစရာ အိတ်က အဆင်သင့် မရှိရှာဘူး။ အဲဒါနဲ့ ဦးလေးတယောက်က နောက်ဖေးခန်းထဲဝင်ပြီး ကျွတ်ကျွတ်အိတ် အဟောင်းတစ်လုံး ယူလာပေးတယ်။ ကောင်တာမှ ထိုင်နေတဲ့ အစ်မကြီးကတောင် သန့်ရဲ့လား... တော်ကြာ စာအုပ် ညစ်ပတ်သွားအုံးမယ်တဲ့။

ဆိုင်အပြင်မှာ ရပ်စောင့်နေတဲ့ ချစ်ချစ်က မေးတယ်... ဘာစာအုပ်မို့လို့ ဒေါ်လာ ၃၀ တောင် ပေးရတာလဲ... မြန်မာငွေနဲ့ဆိုရင် ကျပ်၂ သောင်းနီးပါးပဲတဲ့။ ကျွန်တော်က ပြန်ဖြေလိုက်တယ်... မြန်မာပြည်ထဲမှာ ထုတ်ဝေဖို့ အဆင်မပြေနိုင်တဲ့ အကြောင်းတွေ ရေးထားတဲ့ စာအုပ်ဖြစ်နေလို့ပဲလို့။ နိဒါန်းပိုင်းလောက်မှာ ရေးထားတဲ့ အထဲက ကျွန်တော်တို့အသိတစ်ယောက်နဲ့ ကိုသက်ခိုင် ဆုံတဲ့အကြောင်းကို ပေးဖတ်လိုက်တော့ အပျော်ဖတ် ဝတ္ထုမျိုးမဟုတ်ဘူး ဆိုတာကို ကျွန်တော့်ချစ်ချစ် နည်းနည်းလောက် သဘောပေါက်သွားပုံရတယ်။

စွဲဆောင်မှုကောင်းတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကြောင့် အိမ်အပြန်လမ်းတလျှောက် ရထားပေါ်မှာ အဆင်ပြေရင် ပြေသလို စာအုပ်ဖတ်ခဲ့တယ်။ ညဘက်မှာလည်း အချိန်ရရင် ရသလို စာအုပ် ဖတ်ဖြစ်နေတယ်။ ကုမ္ပဏီက လုပ်တဲ့ နှစ်ပတ်လည် ညစာစားပွဲကို သွားတော့လည်း ရှိုးစမိုး ဂိုက်အပြည့်နဲ့... ဒါပေမယ့် လက်ထဲမှာ အဲဒီစာအုပ်လေး ကိုင်လို့ပေါ့။ ညစာစားပွဲမှာ ဝါးတီးဆွဲဖို့က အဓိကဆိုတော့ စာဖတ်ဖို့ အချိန်မရပေမယ့်လည်း အသွားအပြန် ရထားပေါ်မှာ မတ်တပ်ရပ်ရင်း စာဖတ်ဖို့ အဆင်ပြေတယ်လေ။ အဲဒီတော့ စာအုပ်ကို အလေးခံပြီး သယ်သွားတာပေါ့ဗျာ။

သက်ခိုင်စာအုပ်က လေးသလားဆိုရင် နည်းနည်းလေးတာပေါ့ဗျာ။ စာမျက်နှာပေါင်း ၇၂၈ မျက်နှာပါတယ်။ စာရွက်အသားကလည်း ကောင်းတယ်။ စစ်တောင်းစက္ကူလို ညိုညစ်ညစ် မဟုတ်ဘူး။ အရင်လို အချိန်ပိုတဲ့ ဘဝမျိုးမှာဆို အဲဒီစာအုပ်ကို ၂ ရက် ၃ ရက်အတွင်း အပြီးကို ဖတ်ဖြစ်လိမ့်မယ်။ အခုတော့ ရုံးပိတ်ရက်နဲ့ ညပိုင်းအချိန်လောက်ပဲ စာဖတ်နိုင်တော့တယ်။ တနေကုန် ကွန်ပျူတာရှေ့ထိုင်ပြီး ညဘက်မှာ စာအုပ်ကို နင်းကန်ဖတ်နေလို့ မျက်စိ ၂လုံးကို သနားပါအုံးလို့ အပြောခံရတယ်။ ဘယ်သူက ပြောသလဲ ဆိုတာတော့ မေးမနေပါနဲ့လေ။

အဲဒီစာအုပ်ထဲမှာ ပါတဲ့ အလုံစိုးမြတ်ဆိုတာ ကျွန်တော် ၈တန်း ၉တန်း ၁၀တန်း အင်္ဂလိပ်စာကျူရှင် တက်ခဲ့တဲ့ ဆရာ့အိမ်နဲ့ အိမ်ချင်းကပ်ပဲလေ။ အဖြူရောင် လည်ကတုံးနဲ့ သပ်သပ်ရပ်ရပ် တွေ့ရတတ်တဲ့ သူ့ကို ရာဇဝင်လူမိုက်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူး။ ကိုစိုးမြတ်နေတဲ့ အောင်ဇေယျဝင်းရဲ့ မျက်စောင်းထိုးမှာ ရှိတဲ့ အလုံဘောလုံးကွင်းမှာ လုပ်တဲ့ ပွဲဈေးတွေဆိုရင် အမှုအခင်းနည်းလှတယ်။ သူက ငါတာဝန်ယူတယ်ကွာ ဆိုရင် ပွဲဈေး ဖြစ်ပြီပဲ။ သူ မရှိတော့တဲ့ နောက်ပိုင်း အဲဒီကွင်းမှာ ဘာပွဲမှ လုပ်တာ မတွေ့တော့ဘူး။ အခုတော့ ဘောလုံးကွင်းလည်း ဘောလုံးဥက္ကဌ ဦးဇော်ဇော်ဖွင့်တဲ့ ဆီဆိုင်ဘဝကို ကူးပြောင်းသွားရရှာပြီ။

စာအုပ်ထဲမှာ ပါတဲ့ တချို့အကြောင်းတွေက ကြားဖူးနားဝ ရှိတယ်။ ဒါပေမယ့် စာအုပ်ထဲမှာ ရေးပြထားသလိုမျိုး အသေးစိတ်တော့ မသိခဲ့ဘူး။ စာအုပ်အစကနေ အလည်... အလည်ကနေ အဆုံးအထိ ကိုသက်ခိုင့်ဘဝရဲ့ အတက်အကျမျိုးစုံကို ရသမျိုးစုံ ခံစားရအောင် ရေးဖွဲ့ခြယ်မှုန်းပြထားတဲ့ ကိုမင်းဒင်ရဲ့ ကလောင်စွမ်းက အတော်ထက်လှပါတယ်။ ရှေ့မှာ ဘာတွေ ဘယ်လို ဆက်ဖြစ်လာမလဲ ဆိုတာ သိချင်စိတ်တွေ တဖွားဖွား ဖြစ်လာအောင် တည်ခင်းထားတဲ့ ဇာတ်ကွက်ဇာတ်အိမ် အခင်းအကျင်းကလည်း ပညာသားပါလွန်းလှတယ်။

အဲဒီလိုမျိုး ရှေ့ဇာတ်လမ်းမှာ ဘာတွေဖြစ်မလဲဆိုတာ သိချင်စိတ်တွေ ရှိလာအောင် ရေးထားတာကြောင့်ပဲ မင်းဒင်ဆိုဒ်မှာ ရေးတင်ထားသမျှ အခန်းဆက် ဇာတ်လမ်းရှည်ကြီးကို အစအဆုံး ဖတ်ခွင့်မရသေးသရွေ့ အဲဒီဇာတ်လမ်းကို မဖတ်ဘူးကွာ ဆိုပြီး... သူ့ဆိုဒ်ကို အလည်တခေါက် လာရောက်ရုံပဲ စနည်းနာ သွားခဲ့တာ ကြာလှပါပေါ့။ စာအုပ်ထွက်ပြီ ဆိုတာ သိရတော့မှ စာအုပ်ဝယ်ပြီး ဖတ်ပါတော့တယ်။ ဆန့်ငင် ဆန့်ငင်နဲ့ ဖတ်ရတာ အားမရပါဘူး။ တခုခုကို စောင့်မျှော်ရတဲ့ အလုပ်က တကယ်တော့ ပင်ပန်းလွန်းလှတယ်လေ။

တကယ်တော့ မင်းဒင်ရဲ့သက်ခိုင်ဟာ ကျွန်တော် တကူးတက ညွှန်းစရာ မလိုလောက်အောင် လူကြိုက်များ ထင်ရှားပြီးသားပါ။ အဲဒါကို အခုလို ထပ်ညွှန်းနေတာကြောင့် ကျွန်တော်ဟာ မြင်းထိန်းငတာ ဖြစ်နေပြီလား မသိပါဘူး။ ဘာပဲဖြစ်ဖြစ်လေ... ကျွန်တော့်အမြင်မှာတော့ ရွှေပြည်ကြီးရဲ့ ခေတ်တခေတ်မှာ ရှင်သန်လှုပ်ရှား ရုန်းကန်ခဲ့တဲ့ ဘဝဇာတ်လမ်းတစ်ခုကို မြင်ခွင့်သိခွင့် ရလိုက်တာဟာ ပေးလိုက်ရတဲ့ အချိန်နဲ့ စင်္ကာပူ ၃၀ ဒေါ်လာထက် တန်ပါတယ် ခင်ဗျာ။

Monday, January 17, 2011

If this was vice versa

ဟယ်လို... သွေးလှူရှင်အသင်းကလား...
ဂျပန်ဆေးရုံကြီးကို အိုသွေးတစ်လုံး လာပို့ပေးပါ..
ဘယ်လောက်ပေးရမလဲဆိုတာ တခါတည်း ပြောပါ...
တန်ရာတန်ကြေး ပေးပါမယ်...

ဖုန်းထဲက အသံကြားလိုက်ရတာနဲ့ ရင်ဝကို ခြေစုံကန်ခံလိုက်ရသလိုပဲ အောင့်တက်သွားတယ်။ ဘယ်နဲ့ဗျာ သွေးလှူရှင်အသင်းကလား... လို့ မေးပြီး ဘယ်လောက်ပေးရမလဲ ဆိုတာ တခါတည်း ပြောပါ... လို့ ဆက်မေးရတာတုန်း။ ဒါတင်မကသေးဘူး... တန်ရာတန်ကြေး ပေးပါမယ်တဲ့။ သွေးဆိုတာ တန်ဖိုးဖြတ်လို့ ရပြီပေါ့။ အဟက်...

မြန်မာပြည်မှာ သွေးလှူရှင်အသင်းတွေက စေတနာနဲ့ သွေးလှူပေးနေတာပါဆိုတာ တချို့သောလူနာရှင်တွေ မသိကြသေးတာလား။ သိရဲ့သားနဲ့ကို ငွေဂုဏ်မောက်ကြတာလား။ ဒါမှမဟုတ် တချို့သော စုန်းပြူးတွေကများ သွေးလှူရှင်ရဲ့ သွေးတွေကို တဖက်လှည့်နဲ့ ရောင်းစားနေကြတာလား။ သွေးလှူရှင်အစစ်အမှန်နဲ့ မတွေ့ရပဲ ကိုယ်ထဲက သွေးကို စီးပွါးရှာတဲ့အနေနဲ့ ထုတ်ရောင်းကြတဲ့ လူတွေနဲ့ပဲ ကြုံဆုံဖူးလို့ မျက်မမြင် ပုဏ္ဍားတွေ ဆင်စမ်းသလိုမျိုး ဆင်ဆိုတာ ယပ်တောင်ကြီးပါဆိုတဲ့ လှေနံဓါးထစ် လူနာရှင်တွေများလား။

မြင်မိသလောက် သွေးဘဏ်ဘက်မှာလည်း ပြင်သင့်တာတွေ အများကြီးပါ။ သွေးလှူရှင် ရှာဖွေစုဆောင်းရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ဘူး။ မီဒီယာပိုင်းမှာ အားနည်းတယ်ပေါ့။ ကိုယ်တိုင် သေချာမလုပ်နိုင်ရင် တခြား လုပ်နိုင်တဲ့သူကို တာဝန်ဝေမျှသင့်တယ်။ လုပ်ပိုင်ခွင့်ပေးသင့်တယ်။ လှူဒါန်းသမျှ သွေးတွေကိုလည်း အများကြီး မထိန်းသိမ်းနိုင်ဘူး။ သွေးဘဏ်ကနေ တခြားဆေးရုံတွေကို သွေးဝေမျှခွဲခြမ်းတဲ့ အပိုင်းကတော့ အတိအကျ မသိလို့ မပြောတော့ပါဘူး။ အဲဒီဘက်မှာလည်း အားနည်းချက်တွေ ရှိနေလို့ တခြားဆေးရုံတွေမှာ သွေးအလုံအလောက် မရှိတာ ကြားသိနေရပါတယ်။

နိုင်ငံတော်အဆင့် လူမှုရေးအဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှာလည်း သွေးလှူရှင် ရှာဖွေ စုဆောင်းတဲ့ လုပ်ငန်းဌာနတွေ ရှိပါတယ်။ စီမံချက်တွေ ဆွဲ... အစည်းအဝေးတွေ ထိုင်ပြီး... တက္ကသိုလ်တွေ ကျောင်းတွေမှာ သွေးလှူရှင်အဖွဲ့တွေ လုပ်ကြပါတယ်။ ကြီးကြပ် ပံ့ပိုးမှု အားနည်းတော့ ကောက်ရိုးမီးတွေပဲ ဖြစ်လိုက်တယ်။ အင်အားစာရင်းပဲ စာအုပ်ထဲမှာ ရှိပြီး တကယ် လှုပ်ရှားနေတဲ့လူတွေ အပြင်မှာ သိပ်မမြင်ရဘူး။ နိုင်ငံတကာမှာလည်း ကြက်ခြေနီအသင်းတွေကပဲ သွေးလှူရှင် ရှာဖွေစုဆောင်းတဲ့ အလုပ်ကို အဓိက အခန်းကဏ္ဍကနေ ဦးဆောင်နေတာပါ။ ဘယ်နဲ့ ကိုယ့်အလှည့်ကျမှ ရာဇဝင် အရိုင်းခံကြသလဲ။

ဆေးရုံဝန်ထမ်းတွေ တဝမ်းတခါး မလှတဲ့ဘဝကို စာနာနားလည်ပါတယ်။ ပေးထားတဲ့ လခ နှစ်ပဲခြောက်ပြားက လမ်းစရိတ်နဲ့တင် ကုန်နေပြီ။ ဘယ်မှာလည်း စားဖို့ သောက်ဖို့။ မိသားစုကို ဘာနဲ့ ကျွေးမလဲ။ ဆေးရုံမှာ ဂွင်ဖန်နိုင်မှ အိမ်အပြန် မျက်နှာပန်း လှမယ်လေ။ သွေးအလုံအလောက် မရှိတဲ့ ဆေးရုံနဲ့ ပိုက်ဆံလိုနေတဲ့ ဝန်ထမ်း၊ သွေးလိုနေတဲ့ လူနာရှင်နဲ့သာ ဆုံကြပြီဆိုရင် ရေကန်အသင့် ကြာအသင့်ပဲလေ။ ၃ ခုထဲမှာ ၁ ခုခု ပြည့်စုံနေရင် ဒီလို နောက်ပိုင်းဇာတ်ထုပ်မျိုး မြင်ရဖို့ မလွယ်ရေးချ မလွယ်ပါ။

ပိုက်ဆံတတ်နိုင်တဲ့ လူနာရှင်တွေကလည်း တမှောင့်။ အရာရာကို ငွေနဲ့ ပိုင်းဖြတ်ချင်တယ်။ ပေးဖို့ မလိုတဲ့ နေရာမှာလည်း ပေးနိုင်တယ် ဆိုတာ သိရအောင် ဖတ်ခနဲ ပစ်ပေးလိုက်တယ်။ စေတနာနဲ့ လာလှူတာပါလို့ ပြောပေမယ့်လည်း လူမြင်ကွင်းမှာ တနင့်တပိုး ပေးကြတယ်။ လက်ဆောင်တွေရော ငွေသားတွေရောပေါ့။ နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်လာမလဲ ဆိုတာ မတွေးဘူး။ သူတိုရဲ့ လုပ်ရပ်က လူတွေရဲ့ အသိတရားကို မသိမသာလေး ယိမ်းယိုင်စေတာ သူတို့ မမြင်လိုက်ဘူး။ မချောင်လည်တဲ့ ဘဝထဲမှာ မြိုးမြိုးမြက်မြက် ရချင်လာတယ်။ ပီတိကို စားမလား မိုင်လို သောက်မလား။ ခဏခဏ တွန်းတိုက်တာ ခံရပါ များလာတော့ စိတ်ဓါတ်တွေ ယိုင်နဲ့လာပြီပေါ့။

အဲဒါမျိုးကို ဘယ်လိုဖြေရှင်းမလဲ။ အဖြေရှာဖို့က လွယ်မလိုနဲ့ ခက်ပါတယ်။ မုန့်လုံးကို စက္ကူကပ်တဲ့ ဂျာအေးကို သူ့အမေရိုက် ဇာတ်လမ်းမျိုးပေါ့။ အဖြေ ရှာလို့ ရရင်တောင် ပြင်ဖို့ မကြိုးစားကြဘူး။ စနစ်ကြီး မကောင်းလို့ပဲ လွယ်လွယ်ပြောပြီး ခေတ်ကြီးကို လက်ညိုး ထိုး လွှဲချလိုက်ကြတာပဲလေ။ ရေလိုက်ငါးလိုက်ပုံစံ မလုပ် မရှုပ်ပဲ နေနေကြတယ်။

ချီးမှာပဲ လောက်က ပျော်ကြတယ်တဲ့။ လောက်တွေ များသထက် ပိုပြီး များလာတာ နှစ် ၂၀ တောင် ကျော်ပြီပဲ။ လောက်တွေ များလာသလို ချီးတွေလည်း များပြီးရင် ပိုများလာရပြီပေါ့။ ဒီလိုနဲ့ပဲ မိတ်ကပ်လိမ်းထားတဲ့ ချီးတွင်းထဲမှာ ပျော်ရွှင်ခြင်းနိုင်ငံ တည်ထောင်ရင်း တစစီ ကျိုးပဲ့နေကြရပြီဗျာ။

Sunday, January 9, 2011

View from Waterfront





ကလူသစ် ရိုက်ထားတဲ့ ဓါတ်သေကို အားကျလို့ ဒီနေ့ညနေပိုင်း ဒူးရင်းသီးဘက်ကို ရောက်တုန်းရောက်ခိုက် ငါးချောင်းထောက်နဲ့ ကြိုးစားပမ်းစား ရိုက်ခဲ့တာပါ။ ငါးချောင်းထောက်မှာ အရေးကြီးတဲ့ ကျောက်ချစရာ ဗိုက်ကြီးဖြစ်ဖို့ကို အခုလတွေမှာ အတော်ကြိုးစားထားရပါတယ်။

မမှောင်တမှောင် အချိန်လေး ညဦးပိုင်း ၇ နာရီကျော်လောက် ရိုက်ထားတဲ့ ဓါတ်ပုံတွေပါ။ ကောင်းကင်မှာ မိုးတွေအုံနေလို့ တိမ်မည်းညိုတွေပဲ အုပ်စိုးနေတယ်။ အဲဒီအတွက် ကောင်းကင်ဘက်ကို အလေး မပေးတော့ပဲ ရေပြင်ဘက်ကို အာရုံစိုက်လိုက်တယ်။ ရေငြိမ်နေရင်တော့ ရေမျက်နှာပြင်မှာ ထင်ဟပ်နေမယ့် ပုံရိပ်တွေက ရှင်းလင်း ပြတ်သားမှာပါ။ အခုတော့ အပျော်စီးလှေတွေက ဟိုဟိုဒီဒီ ဖြတ်သွားလိုက်... လေပြေအေးလေးက ကျီစယ်ပြေးလိုက်နဲ့ လှိုင်းတွန့်နေတဲ့ ရေမျက်နှာပြင်က လှုပ်လီလှုပ်လဲ့ ပုံတွေပဲ ရလိုက်တယ်ဗျာ။

Tuesday, January 4, 2011

Shwe Dagon Pagoda


မြတ်ဘုရား ရွှေတိဂုံ


ရာဟုထောင့် အောင်မြေ


နောင်တော်ကြီးစေတီ


ဘုရားစောင်းတန်း

ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်မှာ ရွှေတိဂုံဘုရားကို ဘုရားဖူးရောက်တုန်း ရိုက်ခဲ့တဲ့ဓါတ်ပုံတွေပါ။ သူငယ်ချင်း လင်မယား အသစ်စက်စက်နဲ့ ချောင်းသာသွားပြီး ရန်ကုန်ပြန်ရောက်တော့ ရွှေတိဂုံဘုရားကို ရောက်အောင် သွားဖူးပါအုံးမယ် ဆိုပြီး မနက် ၈ နာရီလောက် ချစ်ချစ်နဲ့အတူ ထွက်လာခဲ့ဖြစ်တယ်။ ဘုရားမှာ ဆုံမယ်လို့ ချိန်းထားတဲ့ အဲဒီ လင်မယားကတော့ ရောက်မလာဘူး။ ချောင်းသာပြန်လက်ဆောင် ကိုယ်လက်တွေကိုက် ဖျားနေလို့တဲ့။

အဲဒီနေ့က ဘုရားမှာ ရာသီဥတု သာယာတယ်။ နေထွက်ချိန်ပေမယ့် အပူရှိန် မပြင်းဘူး။ ကောင်းကင်မှာ တိမ်တွေတော့ မထူဘူး။ တိမ်တွေ ထူနေရင် ရှူခင်းတွေ ပိုပြီးလှနေမယ်လို့ ထင်မိတာပဲ။ မွေးနံထောင့်တွေမှာ ရေသပ္ပါယ်တယ်။ ဆုံးသွားရှာပြီ ဖြစ်တဲ့ ဆရာဦးဝင့်ကျော်ရဲ့ စကားကိုတောင် သတိရမိတယ်။ စောစောစီးစီး ရေသပ္ပါယ်တော့ ဘုရား ချမ်းနေမှာပေါ့ကွာတဲ့။

ချစ်ချစ်လည်း သူ့မွေးနံထောင့်မှာ ရေသပ္ပါယ်နေတုန်း စေတီပေါ်မှာ နားနေတဲ့ ကျီးကန်းကြီးတစ်ကောင်က ပျံဆင်းလာပြီး သူ့ခေါင်းကို နင်းသွားသေးတယ်။ အဲဒီကျီးကန်းကြီးက ချစ်ချစ်ခေါင်းကို နင်းပြီး ရင်ပြင်ပေါ်ကို ခပ်တည်တည်နဲ့ ဆင်းသွားတာ သူ မဟုတ်သလိုပဲ။ အောင်မြေလည်း နင်းခဲ့သေးတယ်။ ဘုရားစောင်းတန်းမှာ ချစ်ချစ်က ပုတီးဝယ်ရင်း ရုံးက လူတွေကို ပေးဖို့အတွက် လက်ဆောင်တွေ ဝယ်ဖြစ်ခဲ့သေးတယ်။

ဒါနဲ့ ဘုရားရင်ပြင်ပေါ်မှာ ထီးဆောင်းလို့ ရ မရ သိချင်မိတယ်။ ကြားဖူးနားဝကတော့ ဘုရားရင်ပြင်မှာ ထီး မဆောင်းကောင်းဘူးတဲ့။ အဲဒါ မှန်လား မှားလား အသေအချာ မသိလို့ ဂဃဏန သိသူများ အလင်းပေး ညွှန်ပြ ရှင်းလင်းပေးပါလို့ တောင်းဆိုချင်ပါတယ်။

မြန်မာပြည်သားအားလုံး လွတ်လပ်ပျော်ရွှင် သာယာအေးချမ်းနိုင်ကြပါစေ...

Monday, January 3, 2011

Interview by The Voice

me: Hi မနေ့က ပြောနေရင်းနဲ့ offline ဖြစ်သွားတယ်နော်။

MHA: ဟုတ်... အင်တာနက်ကော်နက်ရှင် မကောင်းတာပါ။

me: အင်တာဗျူးက ဘယ်လိုအကြောင်းအရာကို ဗျူးမှာလဲ ခင်ဗျ။

MHA: ပေါ့ပေါ့ပါးပါးလေးပါပဲ။ နှစ်သစ်ကူး ရင်ခုန်သံ သဘောပေါ့။

me: ဘယ်လိုမျိုးလေးလဲ ခင်ဗျ။ အမြည်းအစမ်းလေး ပြောပြပါလား။

MHA: ဟုတ်။ ဒီဇင်ဘာ ၃၁ ရက်နေ့ကျရင် ဘာလုပ်ဖို့အစီအစဉ်ရှိလဲရှင့်။

me: ~ နှစ်ချုပ် အလုပ်လေးတွေ လုပ်ရင်း Marina Bay မှာ ကျင်းပမယ့် New Year Count Down ကို တိုက်ရိုက်လွှင့်မယ့် Channel - 5 ကို ထိုင်ကြည့်ဖြစ်မယ် ထင်ပါတယ်။ ဟိုမှာ သွားကြည့်တာက လူများပြီး အကုန်မြင်ရမှာ မဟုတ်ပါဘူး။ အိမ်ကနေ ကြည့်ရင်တော့ အကုန်မြင်ရမှာလေ။

MHA: ဟုတ်။ တချို့တွေက ပြောကြတယ် ဒီ New year က မြန်မာတွေနဲ့ မဆိုင်ဘူးလို့လေ။ သင်္ကြန် နှစ်ဆန်းတစ်ရက်နေ့မှ မြန်မာတွေနဲ့ ဆိုင်တာ။ အဲဒါကို ရောယောင် ပျော်နေကြတယ်လို့ ပြောကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကိုဂျူလိုင့်အမြင်ကို သိချင်ပါတယ်။

me: မြန်မာပြည်သားတွေက ပွဲလမ်းသဘင်ကို ခုံမင်တတ်ကြပါတယ်။ ၁၂ လ ရာသီပွဲတွေကိုပဲ ကြည့်ပါတော့။ ကိုယ့်ရိုးရာ ပွဲလမ်းသဘင်တွေမှာ ပျော်ပျော်ပါးပါး ဆင်နွှဲကြသလို တခြားပွဲလမ်းသဘင်ကိုလည်း အလွတ် မပေးလိုတာ သဘာဝကျပါတယ်။ ခရစ်စမတ်တို့ New Year တို့ဆိုတာ တကမ္ဘာလုံးမှာ ကျင်းပတဲ့ ပွဲပဲလေ။ အဲဒီလိုပွဲမျိုးကို ဆင်နွှဲတာ မသင့်တော်ဘူးလို့ မမြင်မိပါဘူး။ ဒါပေမယ့် ကိုယ့်ရိုးရာယဉ်ကျေးမှုနဲ့ မသင့်တော်တဲ့ သရုပ်ပျက် ဆင်နွှဲမှုမျိုး၊ မူးယစ်ရမ်းကား ဆူပူနှောင့်ယှက်တာမျိုးတော့ မဖြစ်စေချင်ပါဘူး။ ကိုယ့်စည်း ကိုယ့်ကမ်းလေးနဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲသင့်ပါတယ်။

MHA: တချို့တွေ(လူငယ်)က new year မှာ အပျော်လွန်ကြတာမျိုးရှိတယ်။ ပြောချင်တာက ကောင်လေးတွေ၊ ကောင်မလေးတွေ အရက်တွေသောက် မူးကြတာမျိုး၊ ပတ်ဝန်းကျင်ကို ညသန်းခေါင် အနှောင့်အယှက် ပေးသလို ဖြစ်တာမျိုး အဲလိုကိစ္စမျိုးတွေကိုကော ကိုဂျူလိုင် ကြုံဖူးပါလား။ အမြင် သိချင်ပါတယ်။

me: လူငယ်တွေ အပျော်ကြူးတာ မြင်ဖူးပါတယ်။ ကြုံဖူးတာလေးက... လမ်းထဲမှာ အဖေက ခရီးသွားနေတယ်။ အမေက မရှိတော့ဘူး။ အမဖြစ်တဲ့သူက သူ့ ယောကျာ်းလေး သူငယ်ချင်းတွေနဲ့ မူးရူးနေတဲ့အချိန် သူရဲ့ ၁၀ နှစ်အောက် မောင်လေးနဲ့ ညီမလေးက လမ်းပေါ်မှာ ယောင်ချာချာ ဖြစ်နေလို့ ကလေးတွေနဲ့ အဖော်လုပ်ပြီး နေခဲ့ဖူးတယ်။ နှစ်သစ်ကူးပွဲကို အကြောင်းပြပြီး စည်းလွတ်ဝါးလွတ် သောက်စားမူးရူးတာကတော့ မကောင်းဘူးလို့ မြင်မိပါတယ်။

MHA: နှစ်သစ်ကူးနေ့မှာ ကိုယ့်ကိုယ်ကိုယ်ရော ပြန်သုံးသပ်မိတာ ရှိပါလား။ အရင် နှစ်ဟောင်းတုန်းက ငါဘယ်လိုမျိုး လုပ်ခဲ့တယ်။ နှစ်သစ်မှာ ဘယ်လိုတွေ လုပ်မယ် ဆိုတာမျိုးကို ဆိုလိုချင်တာပါ။

me: New year resolution တွေကတော့ Blog မှာ ရေးဖြစ်ပါတယ်။ ဘာတွေ ဖြစ်ခဲ့ လုပ်ခဲ့တယ်ပေါ့။ လာမယ့်နှစ်မှာ ဘာတွေ ဆက်လုပ်မယ်ဆိုတာတော့ စိတ်ထဲမှာပဲ ရေးပါတယ်။ အပြင်ကိုတော့ ချမပြတော့ပါဘူး။ ဘာလုပ်မယ် ညာလုပ်မယ် ဆိုတာမျိုး ပြောပြမိရင် တချို့တွေက လေကြီးတယ်လို့ ကြွားတယ်လို့ မြင်တတ်ကြပါတယ်။ အသံကြောင့် ဖား မသေရအောင်... လုပ်မယ့်အရာတွေကို စိတ်ထဲမှာပဲ ထားလိုက်ပါတယ်။

MHA: ဒီနှစ်၂၀၁၀ ဟာ တခြားကုန်ခဲ့တဲ့ နှစ်ဟောင်းတွေနဲ့စာရင် နည်းနည်း ထူးခြားတယ်ပေါ့။ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပတာတို့၊ မုန်တိုင်းတိုက်တာ၊ ရေရှားပါးတာတို့ဖြစ်ခဲ့တယ်။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် မဟုတ်ဘဲ ဒီနှစ်ဟောင်း(၂၀၁၀)ကို ကိုဂျူလိုင့်အနေနဲ့ ဘယ်လို သုံးသပ် ထင်မြင်မိပါသလဲ။

me: နှစ်တိုင်း နှစ်တိုင်းကတော့ ထူးခြားချက် ကိုယ်စီ ရှိကြပါတယ်။ မုန်တိုင်းဝင်တာတို့ ရေရှားတာတို့ ဆိုတာကတော့ သဘာဝ ပတ်ဝန်းကျင် ပျက်ဆီး ယိုယွင်းမှုရဲ့ ရလဒ်ကို နဖူးတွေ့ ဒူးတွေ့ ခံစားရတာပါ။ မြန်မာနိုင်ငံအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို အချိန်မှီ ထိန်းသိမ်းနိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်။ ဒီနှစ် ၂၀၁၀ မှာတော့ ရွေးကောက်ပွဲ လုပ်ဖြစ်တယ်။ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတဲ့ နိုင်ငံရေးရဲ့ အလှည့်အပြောင်း တစ်ခုအနေနဲ့ အကောင်းမြင်ချင်မိခဲ့တယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ ရှေ့ခရီးလမ်းကို ရိုးသားစွာနဲ့ လျှောက်လှမ်းနိုင်ရင် သိပ်ကောင်းမှာပေါ့ဗျာ။

MHA: ပြီးတော့ နှစ်သစ်မှာကော ဘယ်လိုမျိုး ကောင်းမွန်တဲ့ကိစ္စတွေ မျှော်လင့်မိပါသလဲ။ ကိုဂျူလိုင့်ဆန္ဒတွေကို သိချင်ပါတယ်ရှင့်။ ကိုယ့်နိုင်ငံအတွက်ပေါ့။ ပြီးတော့ ကိုယ့်အတွက်ကောပေါ့။

me: မြန်မာပြည်သားတွေ ဝါးလုံးခေါင်းထဲ လသာနေတဲ့ အမြင်တွေ ပြောင်းလဲသင့်ပါပြီ။ တိုင်းပြည်ကို ချစ်တယ်ဆိုရင် စိတ်ဓါတ်တွေ အရင်ပြင်ကြပါ။ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကို လက်ခံပါ။ ပြုပြင်သင့်တာတွေကို ပြုပြင်ပါ။ မကောင်းဘူးဆိုတာ သိရဲ့သားနဲ့ ရေလိုက်ငါးလိုက် လုပ်နေမယ်ဆိုရင် တိုင်းပြည် နစ်နာပါတယ်။ ဟိုတချိန်က ရွှေထီးဆောင်းခဲ့တာကို တမ်းတနေပြီး စိတ်ကူးတွေ ယဉ်နေရင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေးပါမယ်။ အဲဒီလို ပြောင်းလဲမှုတွေ လုပ်နိုင်မယ်ဆိုရင် တိုင်းပြည်အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ မြင်လာမယ်လို့ မျှော်လင့်မိပါတယ်။ နောက်ကျနေပြီ ဆိုပေမယ့် အခုချိန်ထိ မလိုက်လာသေးရင် အမြဲတမ်း ကျန်ရစ် ဖြစ်နေမှာ ဆိုတော့ ကျွန်တော်တို့တိုင်းပြည် ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဆိုင်ရာအလုပ်တာဝန်ကို ကျေပွန်အောင် ထကြ ရုန်းကြ နှိုးကြားကြပါလို့ ဆန္ဒပြုမိပါတယ်။ သင်္ကြန်အမြောက် ဘဝကနေ ရုန်းထွက်နိုင်ကြပါစေ...

MHA: နောက်ဆုံးအနေနဲ့ ဘာများ ထပ်ပြီးပြောချင်သေးလဲ။ နှစ်သစ်ကူးမှာ ပျော်ချင်တဲ့လူငယ်တွေ အတွက်ပေါ့။

me: လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပါ။ ဒါကြောင့် ဘဝရည်မှန်းချက် ရှိကြပါ။ မျှော်လင့်ချက် ထားကြပါ။ ပျော်သင့်တဲ့အချိန် ပျော်ပါ။ အလုပ် လုပ်သင့်တဲ့အချိန် အားကြိုးမာန်တက် လုပ်ကြပါ။ ကိုယ့်မိသားစု၊ ကိုယ့်မြို့ကိုယ့်ရွာ၊ ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်ကို မဖျက်ဆီးပါနဲ့လို့ ပြောချင်ပါတယ်။ အဲဒီလိုပဲ လူငယ်တွေအနေနဲ့ ဘဝခရီးလမ်းမှာ အတ္တဟိတနဲ့ ပရဟိတလည်း မျှစေချင်ပါတယ်။ ကိုယ့်ကျိုး သူ့ကျိုး နှစ်ဘက်မျှအောင် လုပ်စေချင်ပါတယ်။ သူလည်း အကျိုးရှိ ကိုယ်လည်း အကျိုးရှိတော့ ကောင်းတာပေါ့ဗျာ။

MHA: အဖြေတွေက ကောင်းလိုက်တာ။ ကိုဂျူလိုင့်ကို ကျေးဇူးတင်ပါတယ်နော်။

me: ဟုတ် ကျေးဇူးတင်ပါတယ်။ ရင်ထဲ ရှိတာလေးတွေ ပြောခွင့်ရတဲ့အတွက်ပေါ့။

~~~
The Voice Weekly Journal - Vol. 7 No 4, Jan 3- 9 2011 Issue. ရဲ့ နှစ်သစ်ကူး ရင်ခုန်သံ ဆိုတဲ့ ကဏ္ဍမှာ ပါလာတဲ့ အင်တာဗျူးလေးပါ။ စာပေစိစစ်ရေးရဲ့ မူတွေကြောင့် အယ်ဒီတာ စားပွဲပေါ်မှာတင် ဆင်ဆာမိသွားတဲ့ စာသားတွေ ရှိတဲ့အတွက် ဂျာနယ်မှာတော့ ပြောခဲ့သမျှ မပါလိုက်ပါဘူး။ စာပေလောကရဲ့ အခက်အခဲတွေကို အထိုက်အလျောက် နားလည်မိတဲ့အတွက် ဘယ်သူ့ကိုမှ အပြစ်မမြင်မိပါဘူးဗျာ။