.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, January 22, 2011

Thet Khaing by Min Din



"မင်းဒင်ရဲ့ သက်ခိုင် စာအုပ် ရှိပါသလား ခင်ဗျာ..."

"ကုန်သွားပြီ မောင်လေးရေ... အောက်ထပ်က Bata ဖိနပ်ဆိုင်နားက ရွှေပြည်စိုးမှာ သွားမေးကြည့်ပါလား... အဲဒီမှာ ရှိနိုင်သေးတယ်..."

Penisula က မော်လမြိုင် ဆိုတဲ့ ဆိုင်မှာ စာအုပ်ဝယ်ဖို့ မေးတုန်းက ရလိုက်တဲ့ အဖြေပါ။

"Penisulaမှ ရွှေပြည်စိုး၊ ရွှေအိုး၊ လဝန်းသစ်၊ မြသရဖူ၊ ပြုံးတရာဆင့်နှင့် မော်လမြိုင် တို့တွင်လည်း ဝယ်ယူအားပေး ဖတ်ရှုနိုင်ပါကြောင်း သတင်းစကားပါးအပ်ပါသည်..." လို့ ကိုမင်းဒင်ရဲ့ စီပုံးမှာ တွေ့လိုက်တဲ့ မတ်ဆေ့ခ်ျအတိုင်း စာအုပ်ရှာပုံတော် ခရီးဖွင့်လိုက်တာပေါ့။ ကျန်တဲ့ဆိုင် အမည်တွေထက် မော်လမြိုင်ဆိုတဲ့ ဆိုင်အမည်က မှတ်ရလွယ်လို့ မော်လမြိုင်ဆိုတဲ့ ဆိုင်ကို အရင်ဝင်မေးလိုက်တယ်။

စကာင်္ပူမှာ နေတာ ၄ နှစ် နီးပါး ရှိတော့ပေမယ့် ပင်နီစူလားမှာ ဘယ်ဆိုင်တွေ ဘယ်နားမှာ ရှိမှန်း အလွတ် မရပါဘူး။ အဲဒီဘက်ကို အသွားအလာ ရှိပေမယ့် အတော်လေးကို အခေါက်ရေ နည်းလှပါတယ်။ သွားရင်လည်း ကိုယ့်ကိစ္စအတွက် လိုအပ်တဲ့ ဆိုင်လောက်ပဲ သွားလေ့ရှိခဲ့တော့ တခြားဆိုင်တွေ ဘယ်အထပ်မှာ ဘယ်နားမှာ မရှိမှန်း မသိတာ မဆန်းလှပါဘူးလေ။

မော်လမြိုင်ဆိုင်က အတိအကျ နေရာညွှန်းတာနဲ့ ရွှေပြည်စိုး ဆိုတဲ့ ဆိုင်ကို ရောက်ခဲ့လိုက်တယ်။ ဖိနပ်ဆိုင်ကို ရောက်ဖူးပေမယ့် အဲဒီလို ထောင့်ကျကျနေရာမျိုးမှာ ရွှေပြည်စိုးဆိုင်က ရှိနေမှန်း တခါမှကို သတိမထားမိခဲ့ဘူး။ ရွှေပြည်စိုးဆိုင် ဆိုပေမယ့် မြန်မာပြည်ထွက်ကုန်တွေ ရောင်းတဲ့ဆိုင်မျိုး မဟုတ်ပါဘူး။ ဆယ်ပေလောက် ရှိတဲ့ အခန်းကျဉ်းကျဉ်းလေးထဲမှာ စားပွဲကြီးတစ်လုံးနဲ့ ထိုင်ခုံတွေပဲ တွေ့ရတော့ အထွေထွေဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းမျိုးပဲဖြစ်မယ်။ မှန်ဗီရိုတစ်လုံးကို အခန်းထောင့်မှာ ကပ်ထောင့်ထားတယ်။ အသေအချာ ညွှန်းတဲ့သူသာ မရှိရင် အဲဒီလိုဆိုင်မှာ မင်းဒင်ရဲ့သက်ခိုင် စာအုပ်ကို ရောင်းမယ်လို့တောင် ထင်မိမှာ မဟုတ်ဘူး။

အဲဒီဆိုင်မှာ စာအုပ်ကို ဒေါ်လာ ၃၀ ပေးပြီး ဝယ်လိုက်တယ်။ အပြင်မှာ မိုးတွေရွာလို့ စာအုပ်ထည့်ဖို့ ကျွတ်ကျွတ်အိတ် တောင်းတော့ ပေးစရာ အိတ်က အဆင်သင့် မရှိရှာဘူး။ အဲဒါနဲ့ ဦးလေးတယောက်က နောက်ဖေးခန်းထဲဝင်ပြီး ကျွတ်ကျွတ်အိတ် အဟောင်းတစ်လုံး ယူလာပေးတယ်။ ကောင်တာမှ ထိုင်နေတဲ့ အစ်မကြီးကတောင် သန့်ရဲ့လား... တော်ကြာ စာအုပ် ညစ်ပတ်သွားအုံးမယ်တဲ့။

ဆိုင်အပြင်မှာ ရပ်စောင့်နေတဲ့ ချစ်ချစ်က မေးတယ်... ဘာစာအုပ်မို့လို့ ဒေါ်လာ ၃၀ တောင် ပေးရတာလဲ... မြန်မာငွေနဲ့ဆိုရင် ကျပ်၂ သောင်းနီးပါးပဲတဲ့။ ကျွန်တော်က ပြန်ဖြေလိုက်တယ်... မြန်မာပြည်ထဲမှာ ထုတ်ဝေဖို့ အဆင်မပြေနိုင်တဲ့ အကြောင်းတွေ ရေးထားတဲ့ စာအုပ်ဖြစ်နေလို့ပဲလို့။ နိဒါန်းပိုင်းလောက်မှာ ရေးထားတဲ့ အထဲက ကျွန်တော်တို့အသိတစ်ယောက်နဲ့ ကိုသက်ခိုင် ဆုံတဲ့အကြောင်းကို ပေးဖတ်လိုက်တော့ အပျော်ဖတ် ဝတ္ထုမျိုးမဟုတ်ဘူး ဆိုတာကို ကျွန်တော့်ချစ်ချစ် နည်းနည်းလောက် သဘောပေါက်သွားပုံရတယ်။

စွဲဆောင်မှုကောင်းတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကြောင့် အိမ်အပြန်လမ်းတလျှောက် ရထားပေါ်မှာ အဆင်ပြေရင် ပြေသလို စာအုပ်ဖတ်ခဲ့တယ်။ ညဘက်မှာလည်း အချိန်ရရင် ရသလို စာအုပ် ဖတ်ဖြစ်နေတယ်။ ကုမ္ပဏီက လုပ်တဲ့ နှစ်ပတ်လည် ညစာစားပွဲကို သွားတော့လည်း ရှိုးစမိုး ဂိုက်အပြည့်နဲ့... ဒါပေမယ့် လက်ထဲမှာ အဲဒီစာအုပ်လေး ကိုင်လို့ပေါ့။ ညစာစားပွဲမှာ ဝါးတီးဆွဲဖို့က အဓိကဆိုတော့ စာဖတ်ဖို့ အချိန်မရပေမယ့်လည်း အသွားအပြန် ရထားပေါ်မှာ မတ်တပ်ရပ်ရင်း စာဖတ်ဖို့ အဆင်ပြေတယ်လေ။ အဲဒီတော့ စာအုပ်ကို အလေးခံပြီး သယ်သွားတာပေါ့ဗျာ။

သက်ခိုင်စာအုပ်က လေးသလားဆိုရင် နည်းနည်းလေးတာပေါ့ဗျာ။ စာမျက်နှာပေါင်း ၇၂၈ မျက်နှာပါတယ်။ စာရွက်အသားကလည်း ကောင်းတယ်။ စစ်တောင်းစက္ကူလို ညိုညစ်ညစ် မဟုတ်ဘူး။ အရင်လို အချိန်ပိုတဲ့ ဘဝမျိုးမှာဆို အဲဒီစာအုပ်ကို ၂ ရက် ၃ ရက်အတွင်း အပြီးကို ဖတ်ဖြစ်လိမ့်မယ်။ အခုတော့ ရုံးပိတ်ရက်နဲ့ ညပိုင်းအချိန်လောက်ပဲ စာဖတ်နိုင်တော့တယ်။ တနေကုန် ကွန်ပျူတာရှေ့ထိုင်ပြီး ညဘက်မှာ စာအုပ်ကို နင်းကန်ဖတ်နေလို့ မျက်စိ ၂လုံးကို သနားပါအုံးလို့ အပြောခံရတယ်။ ဘယ်သူက ပြောသလဲ ဆိုတာတော့ မေးမနေပါနဲ့လေ။

အဲဒီစာအုပ်ထဲမှာ ပါတဲ့ အလုံစိုးမြတ်ဆိုတာ ကျွန်တော် ၈တန်း ၉တန်း ၁၀တန်း အင်္ဂလိပ်စာကျူရှင် တက်ခဲ့တဲ့ ဆရာ့အိမ်နဲ့ အိမ်ချင်းကပ်ပဲလေ။ အဖြူရောင် လည်ကတုံးနဲ့ သပ်သပ်ရပ်ရပ် တွေ့ရတတ်တဲ့ သူ့ကို ရာဇဝင်လူမိုက်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူး။ ကိုစိုးမြတ်နေတဲ့ အောင်ဇေယျဝင်းရဲ့ မျက်စောင်းထိုးမှာ ရှိတဲ့ အလုံဘောလုံးကွင်းမှာ လုပ်တဲ့ ပွဲဈေးတွေဆိုရင် အမှုအခင်းနည်းလှတယ်။ သူက ငါတာဝန်ယူတယ်ကွာ ဆိုရင် ပွဲဈေး ဖြစ်ပြီပဲ။ သူ မရှိတော့တဲ့ နောက်ပိုင်း အဲဒီကွင်းမှာ ဘာပွဲမှ လုပ်တာ မတွေ့တော့ဘူး။ အခုတော့ ဘောလုံးကွင်းလည်း ဘောလုံးဥက္ကဌ ဦးဇော်ဇော်ဖွင့်တဲ့ ဆီဆိုင်ဘဝကို ကူးပြောင်းသွားရရှာပြီ။

စာအုပ်ထဲမှာ ပါတဲ့ တချို့အကြောင်းတွေက ကြားဖူးနားဝ ရှိတယ်။ ဒါပေမယ့် စာအုပ်ထဲမှာ ရေးပြထားသလိုမျိုး အသေးစိတ်တော့ မသိခဲ့ဘူး။ စာအုပ်အစကနေ အလည်... အလည်ကနေ အဆုံးအထိ ကိုသက်ခိုင့်ဘဝရဲ့ အတက်အကျမျိုးစုံကို ရသမျိုးစုံ ခံစားရအောင် ရေးဖွဲ့ခြယ်မှုန်းပြထားတဲ့ ကိုမင်းဒင်ရဲ့ ကလောင်စွမ်းက အတော်ထက်လှပါတယ်။ ရှေ့မှာ ဘာတွေ ဘယ်လို ဆက်ဖြစ်လာမလဲ ဆိုတာ သိချင်စိတ်တွေ တဖွားဖွား ဖြစ်လာအောင် တည်ခင်းထားတဲ့ ဇာတ်ကွက်ဇာတ်အိမ် အခင်းအကျင်းကလည်း ပညာသားပါလွန်းလှတယ်။

အဲဒီလိုမျိုး ရှေ့ဇာတ်လမ်းမှာ ဘာတွေဖြစ်မလဲဆိုတာ သိချင်စိတ်တွေ ရှိလာအောင် ရေးထားတာကြောင့်ပဲ မင်းဒင်ဆိုဒ်မှာ ရေးတင်ထားသမျှ အခန်းဆက် ဇာတ်လမ်းရှည်ကြီးကို အစအဆုံး ဖတ်ခွင့်မရသေးသရွေ့ အဲဒီဇာတ်လမ်းကို မဖတ်ဘူးကွာ ဆိုပြီး... သူ့ဆိုဒ်ကို အလည်တခေါက် လာရောက်ရုံပဲ စနည်းနာ သွားခဲ့တာ ကြာလှပါပေါ့။ စာအုပ်ထွက်ပြီ ဆိုတာ သိရတော့မှ စာအုပ်ဝယ်ပြီး ဖတ်ပါတော့တယ်။ ဆန့်ငင် ဆန့်ငင်နဲ့ ဖတ်ရတာ အားမရပါဘူး။ တခုခုကို စောင့်မျှော်ရတဲ့ အလုပ်က တကယ်တော့ ပင်ပန်းလွန်းလှတယ်လေ။

တကယ်တော့ မင်းဒင်ရဲ့သက်ခိုင်ဟာ ကျွန်တော် တကူးတက ညွှန်းစရာ မလိုလောက်အောင် လူကြိုက်များ ထင်ရှားပြီးသားပါ။ အဲဒါကို အခုလို ထပ်ညွှန်းနေတာကြောင့် ကျွန်တော်ဟာ မြင်းထိန်းငတာ ဖြစ်နေပြီလား မသိပါဘူး။ ဘာပဲဖြစ်ဖြစ်လေ... ကျွန်တော့်အမြင်မှာတော့ ရွှေပြည်ကြီးရဲ့ ခေတ်တခေတ်မှာ ရှင်သန်လှုပ်ရှား ရုန်းကန်ခဲ့တဲ့ ဘဝဇာတ်လမ်းတစ်ခုကို မြင်ခွင့်သိခွင့် ရလိုက်တာဟာ ပေးလိုက်ရတဲ့ အချိန်နဲ့ စင်္ကာပူ ၃၀ ဒေါ်လာထက် တန်ပါတယ် ခင်ဗျာ။

4 comments:

ဧပရယ်လ်ပူး@ပူးတေ said...

I also plan to buy this book when I go to peninsular. I also like this book. I can't type mm font at here.

zue said...

ဟုတ်. ဇူးလည်း ရှာဖတ်ဦးမယ်...

အင်္ဂါဟူး said...

တို့က မနက်ဖြန် သွားဝယ်မှာ.. ဒီမှာတော့ ငါးဆယ်ရယ်..

Nge Naing said...

စာအုပ်မှာဖို့ လိပ်စာတော့ စာရေးသူကိုယ်တိုင်ဆီက ရထားပြီးပြီ။ မှာတော့မမှာရသေးဘူး။